← Chapters

တိတ်ဆိတ်သွားသော လန့်

Vol. 6 Ch. 585

တိတ်ဆိတ်သွားသော လန့်

Vol. 6 Ch. 585

"တောင်းပန်ပါတယ် ရှင် ... ကျွန်မတို့ စီအီးအိုက မသောက်တတ်လို့ပါ"

အန်ရာ၏ အတွင်းရေးမှူး အိကျင့်ချီက ဝင်ပြောလိုက်သည်။

"မိန်းကလေး အန်ရာ ... မြောက်ပိုင်းချုံး အနေနဲ့ ဥရောပနဲ့ အမေရိက ဈေးကွက်ကို ဝင်ချင်တယ် ဆိုရင် ဒီကလူတွေနဲ့ လိုက်လျောညီထွေ နေသင့်တယ် ဆိုတာ နားလည်သင့်တယ် ... ကျွန်တော်က ခင်ဗျားနဲ့ ဝိုင်တစ်ခွက် အတူ သောက်ချင်ရုံတင်ပါ ... ဒါပေမဲ့ အခြားလူတွေကတော့ မြောက်ပိုင်းချုံး လုပ်ငန်းစု တစ်ခုလုံးကို ဝါးမျိုချင် နေကြတာနော် "

အက်ဒီက ဝိုင်ခွက်ကို ကိုင်ရင်း အန်ရာအား စိုက်ကြည့်လိုက်သည်။

အက်ဒီ၏ စကားကြောင့် အန်ရာ၏ မျက်လုံးများ အတွင်း၌ အတွေးများ လွန်ဆွဲသွား၏။

ဝိုင်ခွက် တစ်ခွက်သည် မြောက်ပိုင်းချုံး လုပ်ငန်းစု၏ အနာဂတ် လမ်းကြောင်းနှင့် ယှဉ်ပါက အသေးအဖွဲလောက်သာ ဖြစ်သည်။ ထို့အပြင် သူမသည် အထွတ်အထိပ် အဆင့် ဖြစ်ရာ ဝိုင်တစ်ခွက်လောက်က ပြောပလောက်သော အရာ မဟုတ်ချေ။

"ကောင်းပြီလေ ..."

အန်ရာက ဝိုင်ခွက်ကို လှမ်းယူရန် ဟန်ပြင်လိုက်စဉ်မှာပင် ဘေးနားရှိ ချန်းဖန်က ဝင်ရောက်ကာ ပြောလိုက်သည်။

"ကိစ္စ မရှိဘူး ... ငါတို့ ထုတ်ကုန်ကို ဥရောပမှာ ရောင်းဖို့ သူတို့ကပဲ လာပြီး တောင်းပန်လိမ့်မယ်"

ချန်းဖန်၏ အသံက ယုံကြည်ချက် ရှိခြင်းများနှင့် ပြည့်နှက်နေ၏။

သူနှင့် ချားလ်၏ သဘောတူညီချက် အရ ဥရောပ ယူနီယံသည် သူတို့၏ အလုပ်ကို အကောင်းဆုံး လုပ်လိမ့်မည် ဖြစ်ကြောင်း ချန်းဖန် ယုံကြည်သည်။

"မင်းက ဘယ်သူလဲ ..."

အက်ဒီက ချန်းဖန်အား စူးစိုက်ကြည့်ကာ မေးလိုက်သည်။

လန့်မိသားစုသည် "ရှင်သန်ခြင်းရေစင်" ဈေးကွက်အတွင်း စတင် ရောက်လာသည့် အချိန်မှ စ၍ အထူး စိတ်ဝင်စားခဲ့သည်။

ထို့ကြောင့် သူတို့သည် ဆေးဝါး ကျွမ်းကျင်သူများကို ငှားရမ်းကာ ရှင်သန့်ခြင်းရေစင်အား သုတေသနပြု လေ့လာစေခဲ့သည်။ သို့သော်လည်း နှစ်နှစ်ခန့် ကြာသည့်တိုင် ရှင်သန်ခြင်း ရေစင်၏ ဖော်မြူလာကို မဖော်ထုတ် နိုင်ခဲ့ချေ။

သို့သော်လည်း ထိုကာလများ အတွင်း ရှင်သန်ခြင်း ရေစင်၏ ဈေးကွက် ဝယ်လိုမှုအားမှာ  ကြောက်မက်ဖွယ် ကောင်းအောင်ပင် တိုးတက် နေခဲ့သည်။ လန့်မိသားစု အနေဖြင့် ထိုဖော်မြူလာကို ရရှိရန် လက်လျှော့မည် မဟုတ်ချေ။

ယခုလည်း အက်ဒီသည် ရှင်သန်ခြင်း ရေစင် ဖော်မြူလာ ရရှိရန် အန်ရာကို ချဉ်းကပ်၍ ဖိအားပေးကာ ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော်လည်း ချန်းဖန်က သူ၏ လမ်းကို ဝင်ကာ ပိတ်နေ၏။

"အဲဒါက ... ဝိုင်ခွက် တစ်ခွက်ပါ ရှောင်ဖန်ရဲ့ ... အစ်မ ဘာမဖြစ်ပါဘူး"

အန်ရာက ချန်းဖန်ဘက်သို့ လှည့်ကာ ဖျောင်းဖျလိုက်သည်။

"မရဘူး ... သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာ အစ်မ သိလို့လား"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း အခန်း အတွင်းရှိ လူများအား တစ်ချက် ဝှေ့ကြည့်လိုက်သည်။

"ဟမ့် ... ရှင်သန်ခြင်း ရေစင်ရဲ့ ဖော်မြူလာကို လိုချင်တယ် ဆိုရင် မူယာမာယာ မများပဲ ငါ့ရှေ့မှာ ဒူးထောက် တောင်းပန်တာကမှ အသုံးဝင်ဦးမယ်"

ကမ္ဘာကား ဂြိုဟ်သေတစ်ခု ဖြစ်သည်။ ဤနေရာသည် ကျင့်ကြံသူများ အတွက် ငရဲခန်း တစ်ခုနှင့် မခြားပေ။ ရှင်သန်ခြင်း ရေစင်သာလျှင် လူသားမျိုးဆက်၏ သက်တမ်း တိုးတက်ရန် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်သည်။

"ကောင်လေး ... စကားပြောတာ ဆင်ခြင်စမ်း ..."

မစ္စတာဒိုနေက ချန်းဖန်အား ဝင်ရောက်ကာ အော်ငေါက်လိုက်၏။

"မင်း စကားပြောနေတဲ့သူက လန့်မိသားစုရဲ့ မျိုးဆက် ဆိုတာ သတိရဦး ... မင်း အနေနဲ့ မလေးမစား လုပ်ခွင့် မရှိဘူး"

အခြားလူများမှာမူ ချန်းဖန်အား ကြည့်ရင်း ဆွံ့အ နေမိသည်။ သူတို့သည် ချန်းဖန်မှာ ယခုကဲ့သို့ ရိုင်းရိုင်စိုင်းစိုင်း ပြောလိမ့်မည်ဟု ထင်မထားကြချေ။

အမေရိကန်သည် ကမ္ဘာ၏ အင်အား အကြီးဆုံး နိုင်ငံ ဖြစ်ကာ လန့်မိသားစုမှာ အမေရိကန်၏ အဓိက မိသားစုကြီး တစ်ခု ဖြစ်သည်။ သူတို့သည် ထရီလျံနှင့် ချီသော လုပ်ငန်းများကို ပိုင်ဆိုင်သည့် အပြင် နိုင်ငံရေးတွင်လည်း ထဲထဲဝင်ဝင် ရှိသည်။ လန့် မိသားစု၏ လူငယ်များ ဆိုလျှင်  နိုင်ငံများစွာ၏ မင်းသား၊ မင်းသမီးများထက်ပင် ပိုမို မြင့်မားသော အဆင့်အတန်း ရှိသည်။

"ငါ ဘယ်သူလဲ ဆိုတာ မင်းသိလား ..."

ချန်းဖန်က အက်ဒီလန့်ကို ကြည့်ရင်း မေးလိုက်၏။

"မင်း ဘယ်သူလဲ ဆိုတာ သိစရာ မလိုဘူး ... ဒါပေမဲ့ ဂျပန်ရဲ့ မင်းသားတောင် ငါ့ကို လေးလေးစားစား ဆက်ဆံရတယ် ဆိုတာတော့ မင်းသိသင့်တယ်"

အက်ဒီလန့်က မောက်မာစွာ ဆိုလိုက်၏။

ထိုအရာကား လန့်မိသားစု၏ ယုံကြည်ချက် ဖြစ်သည်။

ထို့နောက် အက်ဒီက ချန်းဖန်အား လျစ်လျူရင်း အန်ရာအား ကြည့်လိုက်၏။

"မိန်းကလေး အန်ရာ ... ကျွန်တော် ခင်ဗျားနဲ့ ထပ်တွေ့ချင်ပါသေးတယ် ... တကယ်လို့ ခင်ဗျားသာ စိတ်ပြောင်းရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်"

ပြောပြီးသည်နှင့် အက်ဒီက ဒိုနေ၊ ဘရက်တို့ကို ခေါ်ယူကာ ချန်းဖန်တို့ အနားမှ ထွက်ခွာသွား၏။

"မစ္စအန်ရာ ... လန့်မိသားစုက ဥရောပနဲ့ အမေရိကမှာ လွှမ်းမိုးမှု တော်တော်လေး ရှိတယ် ... သူတို့ ခွင့်ပြုချက်သာ မရရင် မြောက်ပိုင်းချုံး အနေနဲ့ ဥရောပ ဈေးကွက်ကို ဖြန့်နိုင်မှာ မဟုတ်ဘူး"

ဗိုက်ကောင့်ရော့ခ်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။

အန်ရာမှာမူ ဒွိဟ ဖြစ်နေဟန် ရသည်။ ထိုအရာကား အမှန်တကယ်ပင် ရွှေရောင် အခွင့်အရေးကြီး ဖြစ်သည်။

သို့သော်လည်း နောက်ဆုံး၌ သူမက သက်ပြင်း တစ်ချက်သာ ချလိုက်၏။

"အနောက်တိုင်းက ကျွန်မတို့ကို မကြိုဆိုဘူး ဆိုရင်လည်း မြောက်ပိုင်းချုံး အနေနဲ့ မလာရုံပဲပေါ့ရှင် ..."

"ဘယ်လို ..."

အန်ရာ၏ စကားကြောင့် ဗိုက်ကောင့်ရော့ခ်မှာ အံ့ဩသွား၏။

ဥရောပနှင့် အမေရိကတို့သည် ကမ္ဘာ၏ GDP တစ်ဝက်လောက်ကို သိမ်းပိုက်ထားပြီး အကြီးမားဆုံး ဈေးကွက်များ တည်ရှိသည့် နေရာ ဖြစ်သည်။ ထိုသို့သော ဈေးကွက်ကို မထိုးဖောက်ပဲနှင့် မြောက်ပိုင်းချုံး အတွက် အကြီးအကျယ် အောင်မြင်ရန် မဖြစ်နိုင်ပေ။

"မစ္စ အနေနဲ့  ... လုပ်ငန်းစုက အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းကြည့်တာပဲ ဖြစ်ဖြစ် လုပ်ကြည့်ပါလား"

ဗိုက်ကောင့်ရော့ခ်က ကြားဝင် ညှိနှိုင်းပေးရန် ကြိုးစားလိုက်၏။

စကော့တလန် တော်ဝင်ဘဏ်သည် မြောက်ပိုင်းချုံးအား ဥရောပ၌ ရင်းနှီးမြှုပ်နှံ နိုင်ရန် အဓိက ကူညီပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။ အကယ်၍ မြောက်ပိုင်းချုံးသာ နောက်ဆုတ်ပါက သူတို့၏ အကျိုးအမြတ်များလည်း အငွေ့ပျံ သွားပေလိမ့်မည်။

"မလိုတော့ပါဘူး ... ကျွန်မတို့ရဲ့ ပိုင်ရှင်က ဆုံးဖြတ်ပြီးသွားပါပြီ"

အန်ရာက ချန်းဖန်အား တစ်ချက် ကြည့်ရင်း ဆိုလိုက်၏။

အန်ရာသည် သူမ လုပ်ရမည့် အလုပ်ကို ကောင်းစွာ သိသူ ဖြစ်သည်။ ချန်းဖန်က သူမကို တားနေရာ သူ့တွင် အစီအစဉ် တစ်ခု ရှိမည်မှာ သေချာသည်။

ထို့နောက် အန်ရာက စားသောက်ပွဲမှ ပြန်ရန် ပြင်လိုက်သည်။ ဗိုက်ကောင့်ရော့လ်က အန်ရာအား လုပ်ငန်းကိစ္စကို အကြိမ်ကြိမ် ပြန်လည် စဉ်းစားရန် ဖျောင်းဖျရင်း အပြင် အထိ လိုက်ပို့သည်။ သို့သော်လည်း အန်ရာကမူ သူမ၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့ချေ။

"အစ်မအန် ... ကျွန်မတို့ တကယ်ပဲ အနောက်တိုင်း ဈေးကွက်ကို မဖြန့်တော့ဘူးလား"

အပြင်သို့ ရောက်သည်နှင့် အိကျင့်ချီက မေးသည်။

အနောက်တိုင်း ဈေးကွက်သို့ ဝင်ရောက်ရန်မှာ မြောက်ပိုင်းချုံး၏ အဓိက ရည်ရွယ်ချက် ဖြစ်ကြောင်း သူမ ကောင်းစွာ သိ၏။ ထိုကိစ္စ အတွက် မြောက်ပိုင်းချုံး၏ အကြီးအကဲများ အကြိမ်ကြိမ် ဆေးနွေးခဲ့သည်ကို သူမ တွေ့ရှိခဲ့ပြီး ဖြစ်သည်။

"အင်းပေါ့ ..."

ခေါင်းညိတ်ပြသော အန်ရာကို ကြည့်၍ အိကျင့်ချီက မကျေမနပ် တွေးလိုက်မိ၏။

"အစ်မအန်က သူ့စကား တစ်ခွန်းတည်းကြောင့် ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို လက်လျှော့ လိုက်တာပဲ ... အစ်မကို ကြည့်ရတာ သူ့ကို တော်တော် ကြွေနေပုံ ရတယ် ... ဒါပေမဲ့ အဲဒီကောင်မှာက ဒီလောက် မိန်းကလေးတွေ ဝိုင်းဝိုင်းလည် နေတာ ...  သူက အစ်မကို တကယ် ချစ်တာ မဟုတ်ဘူး"

အိကျင့်ချီမှာ ပို၍ တွေးလေ ပို၍ ဒေါသထွက်လေ ဖြစ်နေခဲ့သည်။

"စိတ်မပူနဲ့ အစ်မ ... သူတို့ မကြာခင် ရောက်လာလိမ့်မယ်"

ချန်းဖန်က အန်ရာ၏ မသာမယာ ဖြစ်နေသော မျက်နှာကို ကြည့်၍ ဆိုလိုက်၏။

"အဲလိုပဲ ဖြစ်ပါစေကွယ် ..."

အန်ရာက အနည်းငယ် ပြုံးရင်း ခေါင်းညိတ် လိုက်သည်။

မျှော်လင့်ထားသည့် အတိုင်း သိပ်ကြာကြာ မစောင့်လိုက်ရချေ။

ထိုညတွင်ပင် ဥရောပ ယူနီယံ၏ ကိုယ်စားလှယ် ချားလ်နှင့် အင်္ဂလန် နိုင်ငံခြားရေး ဝန်ကြီး ခရစ်တို့ ရောက်ရှိလာခဲ့သည်။

သူတို့က ဥရောပ ယူနီယံ အနေဖြင့် ချန်းဖန်၏ တောင်းဆိုမှုကို သဘော တူညီကြောင်းနှင့် မြောက်ပိုင်းချုံး လုပ်ငန်းစုကို ဥရောပ ဈေးကွက် အတွင်း ဝင်ရောင်ခွင့် ပြုကြောင်း စသဖြင့် ဆိုကြသည်။

"ဥရောပ ယူနီယံနဲ့ ဆုံးဖြတ်ချက်ကို သဘော မတူတဲ့ ဆေးဝါး ကုမ္ပဏီတွေရော ရှိလား ..."

ချန်းဖန်က အနည်းငယ် စဉ်းစားရင်း မေးလိုက်၏။

"ကုမ္ပဏီလေးတွေပဲ ရှိပါတယ် ... ဒါပေမဲ့ ဥရောပ ယူနီယံရဲ့ ဆုံးဖြတ်ချက်ကို သူတို့ မပြောင်းလဲ နိုင်ပါဘူး"

ချားလ်က အဖြေပေးလိုက်၏။

မည်မျှပင် ကြီးမားသည့် ဆေးဝါးကုမ္ပဏီ ကြီးများ ဖြစ်ပါစေ ဥရောပ ယူနီယံ၏ ထိန်းချုပ်မှု အောက်တွင်သာ တည်ရှိသည်။

အခြား တစ်ဖက်၌ ချန်းဖန်ကမူ နျူကလိယနှင့် တန်းညီသော လက်နက်ကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ အကယ်၍ ချန်းဖန်ဘက်မှ အကြမ်းဖက်မည် ဆိုလျှင် အများဆုံး ဆုံးရှုံးရမည်က ဥရောပ ယူနီယံသာ ဖြစ်သည်။

ချန်းဖန်ဘက်မှ ဥရောပ အတွင်း နိုင်ငံငယ်တစ်ခုကို ထိန်းချုပ်ခွင့် တောင်းလျှင်ပင် ဥရောပ ယူနီယံဘက်မှ ခွင့်ပြုမည် ဖြစ်သည်။

"ဒါပေမဲ့ လန့်မိသားစုရဲ့ လူငယ် တစ်ယောက်က သဘောမတူဘူးလို့ ငါ သိထားတယ်"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။

"ဒီနေရာက ဥရောပပါ အမေရိက မဟုတ်ပါဘူး ... လန့်မိသားစုက လူငယ် တစ်ယောက် မပြောနဲ့ အမေရိကန် သမ္မတတောင် ဥရောပ ယူနီယံကို ဘာလုပ်လို့ ပြောလို့မရပါဘူး ... ဘာမှ စိတ်မပူပါနဲ့ မစ္စတာချန်း ... ဥရောပ ယူနီယံဘက်က ကတိတည်စေရပါမယ်"

ချားလ်က ယုံကြည်ချက် ရှိစွာ ဆိုလိုက်သည်။

"ကောင်းပြီလေ ... ဥရောပ ယူနီယံ အနေနဲ့ ပြောထားတဲ့ စကားအတိုင်း လုပ်ဖို့ ငါမျှော်လင့်တယ် ... မဟုတ်ရင်တော့ ..."

ချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။

ချားလ်တို့ ထွက်ခွာ သွားပြီးနောက် အိကျင့်ချီမှာ အိပ်မက်မှ လန့်နိုးလာသည့် လူတစ်ယောက် အလား အူကြောင်ကြောင်ပင် ဖြစ်နေခဲ့၏။

"သူတို့က တကယ်ပဲ သဘောတူလိုက်တာလား ... ငါ အိပ်မက် မက်နေတာလား"

"သူတို့ လာလိမ့်မယ်လို့ ငါပြောသားပဲ ..."

ချန်းဖန်က အနည်းငယ် ပြုံးရင်း အန်ရာဘက်သို့ လှည့်လိုက်၏။

"ဥရောပကို တင်ပို့မယ့် ရှင်သန်ခြင်းရေစင် အာနိသင်ကို နည်းနည်း လျှော့လိုက် ... နောက်ပြီး ဈေးကိုလည်း ဆယ်ဆအထိ မြှင့်လိုက်"

"အင်း ... အကြံကောင်းပဲ"

အန်ရာ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက် နေတော့သည်။

***

လန်ဒန်မြို့တော်၊ အဆင့်မြင့် ခြံဝင်းတစ်ခု အတွင်း ...

အက်ဒီလန့်သည် ဝိုင်တစ်ခွက်ကို ကိုင်ကာ ထိုင်ရင်း မစ္စတာ ဒိုနေတို့ လူစုနှင့် စကားစမြည် ပြောနေခဲ့သည်။

"အာရှသားတွေက တကယ် လွယ်လွယ်နဲ့ လက်လျှော့ကြတာပဲ ... အနောက်တိုင်း ဈေးကွက်ကို ဆုံးရှုံးရတာက အနာဂတ်ကို ဆုံးရှုံးရတာနဲ့ အတူတူပဲ ဆိုတာ မသိတာလား"

အက်ဒီလန့်က မကျေမနပ် ဆိုလိုက်သည်။

"မစ္စတာလန့်က ဖော်မြူလာနဲ့ မိန်းကလေး နှစ်ခု စလုံးကို လိုချင်နေတာ မလား ... တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလိုလေ"

မစ္စတာ ဒိုနေက ရယ်မောရင်း ဝင်ရောက် ပြောလိုက်သည်။

"ဟားဟား ..."

အက်ဒီ အပါအဝင် အခြားလူများက သူ၏ စကားအား သဘောကျစွာ ရယ်မော လိုက်ကြသည်။

"မြောက်ပိုင်းချုံးက အရှေ့တိုင်းမှာ ထိပ်တန်း ဆိုပေမဲ့လည်း လန့်မိသားစု အတွက်တော့ ကစားစရာလို ပါပဲလား ..."

ဗိုက်ကောင့်ရော့ခ် တစ်ယောက်မှာ စိတ်ပျက် လက်ပျက်ဖြင့် ခေါင်းကိုသာ ခါနေမိတော့သည်။

ထိုအချိန်မှာပင် အက်ဒီ၏ ဖုန်း ဝင်ရောက်လာခဲ့၏။ ဖုန်းကို ကောက်ကိုင်ပြီး မကြာခင်မှာပင် အက်ဒီ၏ မျက်နှာက မည်းမှောင် လာတော့၏။

"ဘာ ... ဥရောပ ယူနီယံက မြောက်ပိုင်းချုံးကို ဥရောပ ဈေးကွက်အတွင်း ဝင်ခွင့်ပြုလိုက်တယ် ... ဟုတ်လား"

အက်ဒီ၏ ဒေါသတကြီး အော်ဟစ်သံကြောင့် အားလုံး တိတ်ဆိတ် သွားကြတော့သည်။

***

All Chapters