ဝန်းရံခြင်း
Vol. 6 Ch. 586
"ဘယ်လို ဖြစ်ရတာလဲ ..."
မစ္စတာ ကာကယ်မှာ နားမလည်နိုင်အောင် ဖြစ်နေတော့သည်။ သူသည် ဥရောပ ယူနီယံ စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဌာန၏ လက်ထောက် ဒါရိုက်တာ ဖြစ်သည်။ သို့သော်လည်း ထိုဆုံးဖြတ်ချက်ကို သူပင်လျှင် မသိလိုက်ရချေ။
"ဥရောပ ယူနီယံရဲ့ ခေါင်းဆောင်တွေ အထူး အစည်းအဝေး လုပ်ပြီး ဆုံးဖြတ်ချက် ချလိုက်တာတဲ့"
အက်ဒီက ဖုန်းကို ချရင်း ဆိုလိုက်၏။
"အထူး အစည်းအဝေး ..."
အခြားလူများကား ဆွံ့အ သွားကြသည်။
"အထူး အစည်းအဝေး" ဆိုသည်မှာ ဥရောပ အတွင်း အရေး အကြီဆုံးသော ဆုံးဖြတ်ချက်များကို ချမှတ်သည့် အစည်းအဝေးပွဲ ဖြစ်သည်။ ထိုအစည်းအဝေးပွဲသို့ ဥရောပ၏ အမြင့်ဆုံး အဆင့်အတန်း ရှိသော လူများသာ တက်ရောက်ရ၏။ အစည်းအဝေးမှ ချမှတ်သော ဆုံးဖြတ်ချက်ကို မည်သူမျှ ကန့်ကွက်၍ မရချေ။
"ခေါင်းဆောင်ကြီးတွေ ဘာလို့ သဘောတူ လိုက်ရတာလဲ ... မဖြစ်နိုင်ပါဘူး ... မြောက်ပိုင်းချုံးက တရုတ် ကုမ္ပဏီလေး တစ်ခုပဲဟာ ... တရုတ် အစိုးရက ထောက်ခံလို့ များလား"
တစ်ယောက်က နားမလည်စွာ မေးသည်။
"ဥရောပ ယူနီယံ အတွက် တရုတ်က စိုးရိမ်စရာ မဟုတ်ပါဘူး ... ဒီကိစ္စမှာ အခြား တစ်ခုခု ရှိရမယ်"
မစ္စတာ ကာကယ်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။
"သူပြောတော့ မြောက်ပိုင်းချုံးရဲ့ နောက်မှာ ချန်းပေ့ရွှမ်း ရှိနေတယ်တဲ့ ... အဲဒီ ချန်းပေ့ရွှမ်း ဆိုတာက ဘာထူးခြား နေလို့လဲ"
အက်ဒီက နားမလည်စွာဖြင့် ရေရွတ်လိုက်သည်။
"ချန်းပေ့ရွှမ်း ... သူက မြေထဲပင်လယ် ရေတပ်ကို ဖျက်ဆီးခဲ့တဲ့ တရုတ် ပညာရှင် မလား ..."
ချန်းပေ့ရွှမ်း ဆိုသော နာမည်ကြောင့် အခြားလူများ၏ မျက်နှာများကား ဖြူရော် နေချေပြီ ဖြစ်သည်။
သို့သော်လည်း အက်ဒီက သတိမထားမိပဲ ဆက်ကာ ပြောလိုက်၏။
"ချန်းပေ့ရွှမ်းက မြောက်ပိုင်းချုံး လုပ်ငန်းစုကို ဥရောပ ဈေးကွက် အတွင်း ဝင်ခွင့်ပြုရင် မပြန်အလှန် အနေနဲ့ သူ ဥရောပက ထွက်ခွာသွားပေးမယ်လို့ ပြောတယ်တဲ့ ... ဒါကြောင့်ပဲ ဥရောပ ယူနီယံက သဘောတူလိုက်တာ ... နောက်ပြီး ငါ့ကိုလည်း မြောက်ပိုင်းချုံးကို သွားမရှုပ်ဖို့ သတိပေးသွားတယ် ... မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ဥရောပ ယူနီယံဘက်က တာဝန်ယူမှာ မဟုတ်ဘူးတဲ့"
အက်ဒီ၏ မျက်နှာကား မည်းမှောင် နေချေပြီ ဖြစ်သည်။ သူကား အမေရိကန် လန့်မိသားစု၏ မျိုးဆက် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ဥရောပ ယူနီယံက ချန်းပေ့ရွှမ်း ဆိုသော လူအတွက် သူ့အား ဂရုမစိုက်ခဲ့ချေ။ ထိုအရာကား သူ့အတွက် အကြီးမားဆုံးသော အရှက်ရမှု တစ်ခုပင် ဖြစ်သည်။
"ချန်းပေ့ရွှမ်း ဆိုတဲ့သူက တကယ်ပဲ အစွမ်းထက်တာလား ..."
အက်ဒီက မေးလိုက်၏။
သူကား အမေရိကတွင်သာ နေထိုင်သူ ဖြစ်သည်။ ထို့ကြောင့် သူသည် ချန်းပေ့ရွှမ်း ဆိုသော နာမည်အား ကြားဖူးသော်လည်း အသေးစိတ် သိရှိထားခြင်းမျိုး မရှိပေ။
"သူက ရိုးရိုးတန်းတန်း အစွမ်းထက်ရုံတင် မဟုတ်ဘူး ... နတ်ဆိုး တစ်ကောင်လို ကြောက်ဖို့ကောင်းတာ"
မစ္စတာ ဒိုနေက ကြောက်လန့်စွာ အဖြေပေးလိုက်၏။
ထိုအချိန်မှာပင် မစ္စတာ ဘရက်က ရုတ်တရက် ထကာ နှုတ်ဆက်လိုက်၏။
"မစ္စတာလန့် ... ကျွန်တော့်မှာ အရေးတကြီး လုပ်စရာ တစ်ခု ပေါ်လာလို့ပါ"
ထို့နောက် မစ္စတာဘရက် နည်းတူပင် အခြားလူများကလည်း လျင်မြန်စွာ သူ့အား နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာသွားကြတော့သည်။
တစ်ခဏ အတွင်းမှာပင် ထိုနေရာ၌ မစ္စတာ ဒိုနေနှင့် အက်ဒီတို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။
မစ္စတာ ဒိုနေကလည်း ထိုင်ရာမှ ထရပ်ကာ အက်ဒီလန့်အား နှုတ်ဆက်ရန် ပြင်လိုက်သည်။ သို့သော်လည်း အက်ဒီက သူ့ထက် ဦးအောင် မေးလိုက်၏။
"ချန်းပေ့ရွှမ်းက ဘယ်လို လူမျိုးလဲဆိုတာ ငါ့ကို ပြောပြ ... မင်းတို့တွေ ဘာလို့ သူ့ကို အခုလောက် ကြောက်နေရတာလဲ"
"ဒီလိုပါ ..."
မစ္စတာ ဒိုနေက အစချီရင်း ချန်းဖန် ဥရောပတွင် လုပ်ဆောင်ခဲ့သည့် အရာအားလုံးအား ရှင်းပြလိုက်သည်။
ချန်းဖန် အကြောင်းအား အလုံးစုံ ကြားပြီးနောက် အက်ဒီ၏ မျက်နှာက အလွန်တရာ လေးနက်သွား၏။
"သူက လူသား တစ်ယောက်လား ... ဒါမှမဟုတ် ကောင်းကင်က လာတဲ့ တမန်တော် တစ်ယောက်များလား ..."
ရုတ်တရက် အက်ဒီ၏ မျက်လုံးထဲ၌ အလင်းတချို့ ဖြတ်ပြေးသွားသည်။
"ဟမ့် ... ချန်းပေ့ရွှမ်း မင်းဘာသာမင်း ဘာပဲ ဖြစ်ဖြစ် ... ကမ္ဘာရဲ့ အုပ်စိုးသူတွေကိုတော့ မင်းမယှဉ်နိုင်ပါဘူး"
***
ဥရောပ ယူနီယံနှင့် မြောက်ပိုင်းချုံး အကြား သဘောတူညီမှု လက်မှတ်များ ရေးထိုးပြီးနောက် ချန်းဖန်သည် လန်ဒန်မှ ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ မထွက်ခွာရသေးခင်မှာပင် မမျှော်လင့်သော ဧည့်သည် တစ်ယောက် ရောက်ရှိလာခဲ့၏။
"မစ္စတာချန်း ... ကျွန်တော့်ရဲ့ အပြုအမူတွေ အတွက် လာရောက် တောင်းပန်တာပါ"
အက်ဒီ၏ အမူအရာက အလွန်ပင် ယဉ်ကျေးနေပုံ ပေါ်သည်။
"ရတယ် ... ကိစ္စမရှိဘူး"
ချန်းဖန်က အက်ဒီ၏ အပြုအမူများအား စိတ်ထဲတွင်ပင် ထည့်ထားပုံ မရချေ။
"မဟုတ်တာ ခင်ဗျာ ... ကျွန်တော့်အနေနဲ့ မစ္စတာချန်းကို မလေးမစား လုပ်မိတဲ့ မိန်းကလေး အန်ရာကိုပါ စော်ကားမိသလို ဖြစ်သွားခဲ့ပါတယ် ... အဲဒီ အပြုအမူတွေ အတွက် ပြန်ပြီး ပြင်ဆင်ဖို့ အခွင့်အရေးလေး တစ်ခုတော့ ပေးပါ ခင်ဗျာ ..."
အက်ဒီက ချန်းဖန် ငြင်းဆိုနေသည့် ကြားမှပင် အကြိမ်ကြိမ် တောင်းဆိုနေခဲ့၏။
ထိုအရာက မူမမှန်ပေ။ အက်ဒီကား ဘဝင်မြင့်ပြီး မောက်မာသော လူတစ်ယောက် ဖြစ်ကြောင်း ချန်းဖန် ကောင်းစွာ သိသည်။
ထိုလူဖြူမှာ အဘယ်ကြောင့် ယခုလောက် အထိ ယဉ်ကျေးသွားရ သနည်း။
"မင်းက ဘာလုပ်စေချင်တာလဲ ..."
ချန်းဖန်က မေးလိုက်သည်။
"ဒီလိုပါ ခင်ဗျာ ... ကျွန်တော် မစ္စတာချန်းကို ဗစ်တိုးရီးယား ဟိုတယ်မှာ ဧည့်ခံချင်တာပါ ... မစ္စတာချန်း အနေနဲ့ ကြွရောက်ပေးပါ ခင်ဗျာ"
အက်ဒီက ခေါင်းကို အကြိမ်ကြိမ် ညွှတ်ရင်း ဆိုလိုက်သည်။
ဗစ်တိုးရီးယား ဟိုတယ်သည် လန်ဒန်မြို့ပြင် သိမ်းမြစ် နံဘေး၌ တည်ရှိသော ဟိုတယ် တစ်ခု ဖြစ်သည်။
ဗစ်တိုးရီးယား ဟိုတယ်သည် အထူးသဖြင့် နိုင်ငံခြားများ အကြားတွင် အထူးကျော်ကြားကာ လန်ဒန်မြို့သို့ အလည် လာရောက်သည့် နိုင်ငံခြားသားတိုင်းက ထို ဟိုတယ်တွင်သာ တည်းခိုကြသည်။
"ကောင်းပြီလေ ..."
ချန်းဖန်က ခဏမျှ စဉ်းစားရင်း ခေါင်းညိတ် လိုက်သည်။
"မောင်လေး ... သူ့ပုံစံကို ကြည့်ရတာ မူမမှန်ဘူးနော် ... ငါတို့ မသွားသင့်ဘူး"
အက်ဒီ ထွက်ခွာသွားပြီးနောက် အန်ရာက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။
"ကျွန်တော်တို့ သွားပြီးရင် သူ ဘာစီစဉ်နေလဲ ဆိုတာ သိရမှာပေါ့ ..."
ချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။
***
ညနေစောင်းသို့ ရောက်သည်နှင့် ချန်းဖန်က ငွေရောင် Rolls-royce ကားလေးကို ကိုယ်တိုင် မောင်းရင်း ဗစ်တိုးရီးယား ဟိုတယ်သို့ ထွက်လာခဲ့သည်။
ထိုခရီးမှာ အန္တရာယ် အငွေ့အသက်များနှင့် ပြည့်နှက်နေရာ ချန်းဖန်က အန်ရာကို ဆောင်းရာသီ နန်းတော်တွင်သာ ကျန်ရစ်စေခဲ့သည်။
ဗစ်တိုးရီးယား ဟိုတယ်သည် လန်ဒန်မြို့မှ ကီလိုမီတာ သုံးဆယ်ခန့် အကွာ သိမ်းမြစ် အရှေ့ဘက်ကမ်း၌ တည်ရှိသည်။ ထိုအရာကို အဝေးမှ ကြည့်ပါက အဖြူရောင် မျှော်စင် တစ်ခုဟုပင် ထင်မှတ်ရသည်။
ဟိုတယ်သို့ လမ်းမြင်ရသည့် နေရာအထိ ရောက်လာချိန်၌ ရုတ်တရက် လောင်ချာ တစ်ခုက ချန်းဖန်၏ ကားဆီသို့ တိုးဝင်လာ၏။
"ဘုန်း ..."
ထိုလောင်ချာက ဒုံးကျည် တစ်စင်းလိုပင် လျင်မြန်ရာ ချန်းဖန်၏ ကားအား တိုက်ရိုက် ထိသည်။
ဒုံးကျည်၏ ပေါက်ကွဲမှုတွင် ဒေါ်လာ မီလျံချီသော ကားသည် မီးလုံးအဖြစ်သို့ ပြောင်းလဲကာ ပေါက်ကွဲရတော့၏။
"သူ သေပြီလား ..."
အနီးရှိ တောင်ကုန်း တစ်ခု၌ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသော အစိမ်းရောင် ဆံပင် ပိုင်ရှင် မိန်းကလေး တစ်ယောက် ရှိ၏။
သူမ၏ ဘေးတွင်မူ နှစ်မီတာခန့် အရှည်ရှိသည့် လူဖြူကြီး တစ်ဦး ရှိသည်။ သူက ပခုံးဖြင့် လောင်ချာတစ်ခုကို ထမ်းထားသည်။
"ဒါက အထူးစနစ်နဲ့ လုပ်ထားတဲ့ နတ်ဘုရားသတ် လောင်ချာလေ ... တန်ခိုးရှင် အဆင့် တစ်ယောက်တောင် ပြေးလွတ်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ ချန်းပေ့ရွှမ်းက ရိုးရိုး တန်ခိုးရှင် တစ်ယောက် မဟုတ်ဘူးနော် ... ငါတို့ နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့ မရောက်လာခင် မတိုက်ခိုက်သင့်ဘူး"
အစိမ်းရောင် ဆံပင် ပိုင်ရှင် မိန်းကလေးက ခေါင်းကို ခါလိုက်သည်။
"နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့ ... အဲဒါက မင်းတို့ရဲ့ အဖွဲ့လား ..."
ရုတ်တရက် အသံတစ်ခု သူတို့ နောက်မှ ထွက်ပေါ်လာ၏။
"ဟမ် ..."
အသံအား ကြားသည်နှင့် အစိမ်းရောင် ဆံပင် ပိုင်ရှင် မိန်းကလေးက ဓားမြှောင် နှစ်ချောင်းကို ဆွဲကိုင်ကာ အဆင်သင့် တိုက်ခိုက်လိုက်သည်။ သူမ နည်းတူပင် လူဖြူကြီးကလည်း လောင်ချာအား လှည့်ကာ ပစ်ခတ်ရန် ကြိုးစားလိုက်၏။
"မင်းတို့က ဒီလောက် အင်အားလေးနဲ့ ငါ့ကို တိုက်ခိုက်ချင်တယ်ပေါ့"
ချန်းဖန်က ခေါင်းခါလိုက်သည်။
ထိုနှစ်ယောက်သည် အထွတ်အထိပ် အဆင့်တွင် ရှိသော်လည်း ချန်းဖန် အတွက်မူ လက်တစ်ချောင်းတည်းနှင့်ပင် သတ်ဖြတ်၍ ရသည်။
"မင်းတို့ နှစ်ယောက်ကိုပဲ လွှတ်လိုက်တာလား ... ငါက ဒီထက်ပိုပြီး မျှော်လင့်ထားတာ"
"ဟမ့် ..."
အစိမ်းရောင် ဆံပင် ပိုင်ရှင် မိန်းကလေးက နှာခေါင်းရှုံ့ရင်း မူလ နေရာမှ ပျောက်ကွယ် သွား၏။
ထို့နောက် ရုတ်တရက်ပင် ချန်းဖန်၏ အရှေ့၌ ပြန်ပေါ်လာကာ ဓားဖြင့် ဆယ့်သုံးချက် တိတိ တိုက်ခိုက်လိုက်သည်။
သူမ နည်းတူပင် အရပ် နှစ်မီတာရှိ လူသန်ကြီးကလည်း လောင်ချာဖြင့် ချန်းဖန်အား လှည့်ကာ ပစ်ခတ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူတို့၏ လှုပ်ရှားမှုက ချန်းဖန် အတွက် နှေးကွေးလွန်း၏။
"ကလန့် ..."
"ဘုန်း ..."
ချန်းဖန်က တစ်ချိန်တည်းတွင်ပင် အစိမ်းရောင် ဆံပင် ပိုင်ရှင် မိန်းကလေး၏ ဓားကို ချိုးကာ လူသန်ကြီးကို လက်သီးဖြင့် ထိုးလိုက်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့မှ လူနှစ်ယောက်ကား ချန်းဖန်၏ ရှေ့မှောက်၌ မှောက်နေခဲ့ရပြီ ဖြစ်သည်။
"မင်းတို့ နှစ်ယောက်တည်းတော့ မလာရဲလောက်ပါဘူး ... အခြားလူတွေရော ဘယ်မှာလဲ"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း မေးလိုက်သည်။
"ဟဟ ... မကြာခင် ရှင် တွေ့ရမှာပါ"
အစိမ်းရောင် ဆံပင် ပိုင်ရှင် မိန်းကလေးက ပြုံးလိုက်၏။
ထို့နောက် ရုတ်တရက်ပင် သူမ၏ ခန္ဓာကိုယ်က ရေအဖြစ် ပြောင်းလဲကာ မြေကြီး အတွင်း စိမ့်ဝင်သွားသည်။
ထိုခဏတွင်ပင် လေတိုးသံ တစ်ခုအား ချန်းဖန် အာရုံခံလိုက်လိုက်မိ၏။ သူ၏ နတ်ဘုရား စိတ်အာရုံကမူ ထိုလေတိုးသံမှာ အသံထက် ဆယ်ဆအထိ မြန်သော အရာ တစ်ခုဖြစ်ကြောင်း သတိပေးနေသည်။
***