သားရဲတွင်း
Vol. 23 Ch. 222
ကာင်ကင်ပေါ်ရှိ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်မီးလျံများသည် မိုးရွာချသည့်နှယ် အောက်သို့ တဖြည်းဖြည်း ပြုတ်ကျလာ၏။ ပြုတ်ကျနေသော မီးလျံများအကြားမှ အနီရောင်အလင်းတန်းတခုသည် စုချန်း၏ လက်ပေါ်သို့ ပျံသန်းရောက်ရှိလာသည်။
၎င်းမှာ မီးလျံသလင်း ရုပ်တုငယ်ပေတည်း။ အားကောင်းလှသော စွမ်းအင်လှိုင်းများကို ဖွင့်ထုတ်လိုက်ရသောကြောင့် ၎င်း၏ တကိုယ်လုံး သိသိသာသာပင် ရှုံ့တွလျက်ရှိခဲ့လေပြီ။
ကြောက်စရာ တိုက်ခိုက်မှုနောက်တွင်တော့ အကောင်းပကတိဟူ၍ ဘာမှမကျန်တော့။ မြေကြီးပေါ်တွင် အသားများ အတုံးလိုက် အတစ်လိုက် ပြုတ်ကျနေပြီး လေထဲတွင် သွေးညှီနံ့များ ဖုံးလွှမ်းနေ၏။ အကောင်းပကတိ ကျန်ရှိသည့် တခုတည်းသော ပစ္စည်းဟူ၍ ကျန်းချန်းအန်၏ လက်စွဲတော် လေးကြီးသာ ကျန်တော့သည်။ စုချန်းသည် မြေကြီးပေါ်တွင် ပြုတ်ကျနေသည့် သစ်ပင်နတ်ဆိုးလေးကို ကောက်ယူလိုက်၏။
လေးသည် အသက်ရှိနေဟန်ပေါ်သည်။ ပိုင်ရှင်ပြောင်းလဲသွားမှန်း သိသည်နှင့် လေးကိုင်းပေါ်ရှိ သစ်ပင်နတ်ဆိုးသည် စုချန်းကို ကိုက်ခဲရန် ကြို းစားလာ၏။
"မိုက်ရူးရဲဆန်လှချည်လားကွ"
ပြောပြောဆိုဆို စုချန်းက လက်ကိုဆန့်ထုတ်ပြီး သစ်ပင်နတ်ဆိုး၏ နဖူးကို ဖျစ်ညှစ်လိုက်သည်။ သစ်ပင်နတ်ဆိုး၏ သနားစဖွယ် နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာ၏။ ထိုအချိန်မှာပင် စုချန်း၏ မျက်လုံးများ ပြာဝေသွားပြီး မရေမတွက်နိုင်သော နတ်ဆိုးများ သူ့ဆီသို့ ပြေးဝင်လာသကဲ့သို့ မြင်တွေ့လိုက်ရသည်။ လေးကို ဘေးသို့ ကပျာကယာ ပစ်ချလိုက်မှ နတ်ဆိုးများ ပျောက်ကွယ်သွား၏။
"ဟင် ဒါကြီးက ပုံရိပ်ယောင်တွေကိုလည်း ဖန်တီးနိုင်တာလား"
စုချန်း အံ့သြသွား၏။ အတန်ကြာ စမ်းသပ်ပြီးနောက် အနီ လေးတွင် ဝိညာဉ်လွှမ်းမိုးနိုင်သည့် စွမ်းရည်တချိူ့ကို ပိုင်ဆိုင်ထားကြောင်း စုချန်း သဘောပေါက်လာသည်။ လေးသည် အသုံးပြုသူကို ပုံရိပ်ယောင်နယ်မြေတခုအတွင်း နစ်မြုပ်သွားစေနိုင်၏။ ဤအတိုင်းဆိုလျင် ကျိန်စာ သစ်ပင်နတ်ဆိုးလေး ဟူသောအမည်မှာ အံ့သြစရာမဟုတ်တော့။ ဤလက်နက်ကို ကျန်းချန်းအန် မည်သို့မည်ပုံ ထိန်းချူ ပ်ထားမှန်း စုချန်း မတွေးတတ်တော့။
ထို့နောက် သူသည် မြေကြီးပေါ်တွင် ပြန့်ကျဲနေသည့် အသားစများအကြား တစုံတခု တွေ့နိုးနိုးဖြင့် လိုက်လံရှာဖွေလိုက်သည်။ သို့သော် ထူးထူးခြားခြား ပစ္စည်းဟူ၍ ဘာမှမတွေ့။ ကြည့်ရသည်မှာ ထိုပစ္စည်းသည် တိုက်ပွဲအကြား ပျက်စီးသွား၍ပင် ဖြစ်မည်။ သို့တည်းမဟုတ် ဝိညာဉ်ထိန်းချူ ပ်မှုကို တွန်းလှန်နိုင်သည့် မူလစွမ်းရည်တမျိူ းမျိူ းကို ကျန်းချန်းအန် လေ့ကျင့်ထား၍လည်း ဖြစ်နိုင်သည်။ သို့သော် အတန်ကြာ စဉ်းစားပြီးနောက် သူ၏ ဝိညာဉ်မျက်လုံးနှင့် ဝိညာဉ်အမြစ်တွယ်ခြင်း မူလစွမ်းရည်များ ကျန်းချန်းအန်အပေါ် အကျိူ းသက်ရောက်ကြောင်း စုချန်း ပြန်လည်သတိရလာ၏။ ထိုအခါ ပထမအချက်က ပို၍ ဖြစ်နိုင်ကြောင်း သူ တွေးတောမိလာသည်။
ဤအတိုင်းဆိုလျင် ထိုပစ္စည်းသည် ပေါက်ကွဲမှုအကြား ပျက်စီးသွားခဲ့ခြင်းသာ ဖြစ်ရပေလိမ့်မည်။
သစ်ပင်နတ်ဆိုးလေးမှအပ သိုလှောင်ရေးလက်စွပ်တကွင်းကိုလည်း စုချန်း ထပ်မံတွေ့လိုက်ရသည်။ ထိုအထဲတွင် မူလကျောက်တုံး အလုံး ၃၀၀၀တိတိ ရှိနေ၏။ ကျောင်းသားတယောက်အနေနှင့် အထင်ကြီးလောက်စရာ ပိုင်ဆိုင်မှုဖြစ်သည်။ ကံဆိုးသည်မှာ ကျန်းချန်းအန် ပိုင်ဆိုင်သည့် အခြား ရတနာပစ္စည်းများအားလုံး ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့လေပြီ။ မည်သို့ဆိုစေ သစ်ပင်နတ်ဆိုးလေးကို ရလိုက်၍ စုချန်း အတော်ကြီး ကျေနပ်သွားသည်။
ထို့နောက် သူက လေးကို လက်စွပ်အတွင်း ပစ်ထည့်လိုက်ပြီး ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် ထူးခြားသော အာရုံသိကြောင့် ပတ်ဝန်းကျင်တခုလုံးကို သူ စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။ ထိုအခါ သူသည် ကြီးမားသော လှိုဏ်ဂူကြီးတခု၏ ရှေ့တွင် မတ်တပ်ရပ်မိနေကြောင်း တွေ့လိုက်ရသည်။
သို့သော် သူ့ စိတ်အာရုံကို ဆွဲဆောင်နေသည်မှာ လှိုဏ်ဂူမဟုတ်။ ဂူအတွင်းရှိ သေးငယ်ပြီး မီးတောက်ကဲ့သို့ ရဲရဲနီနေသည့် ပန်းလေးတပွင့် ဖြစ်သည်။
နေသုံးစင်းပန်းပေတကား။
အဆင့်နိမ့်အုပ်စုထဲ ပါဝင်နေသော်လည်း ထိုပန်းသည် အလွန်ရှား၏။ ထိုပန်းမျိူ းကို တွေ့ရှိခြင်းဟူသည် သာမာန်ဖြစ်ရပ် မဟုတ်ပေ။ စုချန်းသည် ပတ်ဝန်းကျင်ကို ဂရုတစိုက်နှင့် လေ့လာအကဲခတ်ပြီးနောက် ပန်းပင်ကို ငြင်သာစွာ ခူးယူလိုက်သည်။ မည်သည့် ခြုံခိုတိုက်ခိုမှုမှ မရှိသလို မည်သည့် ထောင်ခြောက်မှလည်း မရှိ။
ဤမျှ တန်ဖိုးကြီးသော ဆေးပင်ကို အလွယ်တကူ ရလိုက်သတဲ့လား...
စုချန်း နည်းနည်းတော့ အံ့သြလာ၏။ ကြည့်ရသည်မှာ သူ ခုတလော ကံထနေပုံရသည်။ သို့သော် ပတ်ဝန်းကျင်သည် အနည်းငယ်တော့ ထူးဆန်းသလိုရှိကြောင်း သူ တဖြည်းဖြည်း သဘောပေါက်လာ၏။
လှိုဏ်ဂူသည် ထူးဆန်းလှ၏။ သဘာဝအတိုင်း ဖြစ်ပေါ်နေသည်နှင့် လုံးဝမတူပဲ လူသားတို့ တည်ဆောက်ထားသည်နှင့် ပို၍ တူနေလေသည်။ သို့သော် ဤမျှ ကြီးမားသော လှိုဏ်ဂူကို မည်သူ တည်ဆောက်လေသနည်း။ လှိုဏ်ဂူအတွင်း ပေါက်ရောက်နေသော တန်ဖိုးကြီးမားလှသည့် ဆေးပင်ကို ဘာအတွက် ဂရုမစိုက်လေသနည်း။
စဉ်းစားရင်းနှင့်ပင် တစုံတရာကို စုချန်း နားလည်သဘောပေါက်လာ၏။
လက်စသတ်တော့ သူရောက်ရှိနေသော လှိုဏ်ဂူသည် ရွှံံ့ဘီလူးကြီး၏ သားရဲတွင်းပေတကား။ ကျန်းချန်းအန်နောက်လိုက်ရင်းနှင့် ရွှံ့ဘီလူး နေထိုင်ရာ လှိုဏ်ဂူသို့ သူရောက်ရှိလာခြင်း ဖြစ်သည်။ ရွှံ့ဘီလူးကား ယခုအချိန်ထိ ပြန်ရောက်သေးဟန်မတူ။
ထိုအချိန်တွင် စုချန်း၏ စိတ်အာရုံအတွင်း ဆန္ဒတခု ပေါ်ပေါက်လာ၏။ ထိုဆန္ဒကို သူ ဖိနှိပ်နိုင်စွမ်း မရှိ။ ၎င်းမှာ ရွှံ့ဘီလူးကြီး၏ သားရဲတွင်း အတွင်းသို့ ဝင်ကြည့်လိုသော ဆန္ဒပေတည်း။ ဤအခွင့်အရေးသည် ရှားပါး အခွင့်အရေးဖြစ်သည်။ ရွှံ့ဘီလူး နေထိုင်ရာ လှိုဏ်ဂူအတွင်း မည်သည့် ရတနာပစ္စည်းများ ရှိနေကြောင်း မည်သူမှမသိ။ အကယ်၍ ဤနေရာသို့ ရောက်နေပြီးမှ ဝင်မကြည့်မိလျင် စုချန်းအဖို့ ဘဝတလျှောက်လုံး နောင်တရစရာ ဖြစ်နေပေတော့မည်။
ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချပြီးသည်နှင့် စုချန်းသည် လှိုဏ်ဂူအတွင်းသို့ လှမ်းဝင်လိုက်၏။ လှိုဏ်ဂူသည် မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားပြီး ဥမင်လှိုဏ်ခေါင်းများမှာ အကွေ့အကောက်များစွာနှင့် ရှုပ်ထွေးလှကြောင်း စုချန်း မြင်တွေ့ရသည်။ ထိုအခါကျမှ ရွှံ့ဘီလူးသည် လှိုဏ်ခေါင်းများကို မိမိဖာသာ တူးဖော်နိုင်သည့် စွမ်းရည်ရှိကြောင်း စုချန်း သဘောပေါက်လာသည်။ မယုံနိုင်စရာကောင်းလောက်အောင်ပင် သတ္တဝါကြီးသည် တောင်ကြီးကို ဝင်္ကပါတခုအဖြစ် အသွင်ပြောင်းလိုက်ချေသည်တကား။ သူ မည်သည့်နေရာသို့ ဦးတည်နေကြောင်း စုချန်း မှန်းဆနိုင်စွမ်းမရှိတော့။
သေစမ်း...ဒီနေရာကို ဒီလောက်ကြီးအောင် ဘာကြောင့်များ လုပ်ထားတာတုန်းကွ...
စုချန်း ကြိတ်၍ ကျိန်ဆဲလိုက်သည်။ ကျိန်သာကျိန်ဆဲနေသည်။ သိချင်စိတ်ကိုတော့ စုချန်း ထိန်းချူ ပ်နိုင်စွမ်းမရှိ။ အတန်ကြာ လမ်းလျှောက်ပြီးနောက် နက်ရှိုင်းသောအရိပ်မြက်ပင်များကို သူ မြင်တွေ့လိုက်ရသည်။
နက်ရှိုင်းသောအရိပ်မြက်ပင်သည် မှောင်မဲသော နေရာများတွင်သာ ပေါက်ရောက်လေ့ရှိပြီး လှိုဏ်ဂူများတွင် အတွေ့များသည့် မြက်ပင်တမျိူ း ဖြစ်သည်။ နေသုံစင်းပန်းပင်နှင့် နှိုင်းယှဉ်လျင် နေသုံးစင်းပန်းသည် နေရောင်ခြည်ကို နှစ်သက်သည့် ပန်းမျိူ းဖြစ်၍ လှိုဏ်ဂူအဝတွင်သာ ပေါက်ရောက်လေ့ရှိသည်။ ဤနေရာတွင် နက်ရှိုင်းသောအရိပ် မြက်ပင်တပင်တွေ့လျင် အထဲတွင် ထိုထက်ပို၍ ရှိနေမည်မှာ သေချာသလောက် ဖြစ်နေပြီ။ ရှားပါးသော အခွင်အြရေးဖြစ်၍ စုချန်း လက်လွတ်မခံနိုင်တော့။
အတန်ကြာ လမ်းလျှောက်ပြီးနောက် လမ်းခွဲတခုသို့ စုချန်း ရောက်ရှိလာ၏။ ထိုလမ်းခွဲတွင် လမ်းသုံးသွယ်ရှိသည်။ မည်သည့်လမ်းကို လိုက်ရမည်နည်း။ စုချန်း ဝေခွဲမရ ဖြစ်နေ၏။
ခေတ္တစဉ်းစားပြီး ညာဖက်အစွန်ဆုံးလမ်းကိုလိုက်ရန် စုချန်း ဆုံးဖြတ်လိုက်သည်။ ထိုလမ်း၏ အဝင်ပေါက်နံရံပေါ်တွင် နွယ်ပင်များ တွဲလောင်းကျနေ၏။ ထိုနွယ်ပင်များကို စုချန်း ကောင်းကောင်းသိသည်။ ငွေခေါင်းလောင်းသစ်သီး နွယ်ပင်များပေတည်း။ ငွေခေါင်းလောင်းသစ်သီးများကို ရုပ်ပိုင်းဆိုင်ရာ ခွန်အားတိုးပွားစေသည့် ဆေးဝါးဖော်စပ်ရာတွင် အသုံးပြုနိုင်သည်။ ထိုဆေးကို သုံးစွဲလိုက်ပါက တစုံတယောက်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို တိုးပွားလာနိုင်စေ၏။
ထူးဆန်းသည်မှာ နွယ်ပင်များသာရှိနေပြီး ငွေခေါင်းလောင်းသစ်သီး တလုံးတလေမျှပင် ရှိမနေခြင်းပင်။
သစ်သီးများအားလုံး ခူးဆွတ်ခံထားရ၏။ ထိုအခါ စုချန်းက နွယ်ပင်များကို အနီးကပ် စစ်ဆေးကြည့်ရှုလိုက်သည်။ မှန်၏။ သစ်သီးများအားလုံး အမှန်တကယ် ခူးဆွတ်ခံထားရခြင်း ဖြစ်သည်။
ဤအတိုင်းဆိုလျင် တယောက်ယောက်တော့ ဤနေရာကို သူ့ထက်အရင် ရောက်လာခဲ့ပြီးလေပြီ။
စုချန်း မျက်မှောင်ကုတ်၍ စဉ်းစားလိုက်သည်။ သိပ်ကြာကြာ မစဉ်းစားလိုက်ရ။ ချက်ချင်းပင် သူ နားလည်သဘောပေါက်လာ၏။ ရွှံ့ဘီလူး ကျန်းချန်းအန်တို့နောက် မဲလိုက်နေတုန်း တစုံတယောက်က လှိုဏ်ဂူအတွင်း တိတ်တဆိတ်ဝင်ကာ ဤသစ်သီးများကို ခူးသွားခြင်းပင်။
လက်စသတ်တော့ ကသောင်းကနင်းဖြစ်ရပ်များကို တစုံတယောက်က အကွက်ချစီစဉ်ထားခြင်းပေတကား။
ကျန်းချန်းအန်နှင့် ရင်ဆိုင်တွေ့တုန်း စုချန်း၏ နှာခေါင်းဝတွင် ထူးခြားသော အနံ့တမျိူ းကို ရလိုက်သည်။ သို့သော် အခြေအနေမှာ သေရေးရှင်ရေးဖြစ်နေ၍ ထိုအနံ့ကို စုချန်း အာရုံမစိုက်နိုင်ခဲ့။ ယခုတော့ ထိုအနံ့သည် ကျောက်တုံးဝိညာဉ်ဆေးဝါး၏ ရနံ့မှန်း စုချန်း သေသေချာချာ သိသွားလေပြီ။
ကျောက်တုံးဝိညာဉ်ဆေးဝါး၏ အဓိကပါဝင်ပစ္စည်းမှာ ကျောက်တုံးဝိညာဉ်သတ္တဝါဆိုးကြီး ဖြစ်သည်။ ကျောက်တုံးဝိညာဉ်သတ္တဝါဆိုးဟူသည်ကလည်း ပထဝီအမျိူ းအစား သဘာဝသက်ရှိများကိုသာ အစားအစာအဖြစ် စားသုံးတတ်သည့် နတ်ဆိုးသတ္တဝါကြီး ဖြစ်သည်။ တနည်းအားဖြင့် ကျောက်တုံးဝိညာဉ် နတ်ဆိုးသတ္တဝါသည် ရွှံ့ဘီလူးကဲ့သို့ ပထဝီအမျိူ းအစား သက်ရှိများအားလုံး၏ အဓိက ရန်သူဟု ဆိုနိုင်သည်။
ရွှံ့ဘီလူး ထိုအနံ့ကို ရှုမိသွားမည်မှာ ယုံမှားသံသယဖြစ်စရာ မလိုတော့။ ထိုအတွက်ကြောင့်ပင် အနီးအနားတွင် ကျောက်တုံးဝိညာဉ်နတ်ဆိုးသတ္တဝါတကောင်ကောင် ရောက်ရှိနေသည်ဟု ယူဆပြီး အရူးပမာ ကျန်းချန်းအန်နှင့် တခြားလူများကို လိုက်လံသတ်ဖြတ်နေခြင်းပင်တည်း။
ဤအတိုင်းဆိုလျင် ကျန်းချန်းအန်တို့လူစု တစုံတယောက်၏ ထောင်ချောက်အတွင်း လှလှပပကြီး ကျရောက်သွားခြင်းသာ ဖြစ်သည်ဟု ဆိုရပေတော့မည်။ ထောင်ချောက်ပိုင်ရှင်လုပ်ရပ်မှာ လက်စားချေခြင်းဟုတော့ စုချန်း မထင်။ ထိုသူ၏ ရည်ရွယ်ချက်အစစ်အမှန်မှာ ကျန်းချန်းအန်တို့အုပ်စုကို တည်ကြက်အဖြစ် အသုံးချပြီး ရွှံ့ဘီလူးကို ဝေးရာသို့ မျှားခေါ်ကာ လှိုဏ်ဂူအတွင်း ရတနာများ ဝင်ရှာရန်သာ ဖြစ်ဖို့များသည်။
တယ်လည်းကောင်းမွန်တဲ့ အစီအစဉ်ပါကလား...
စီမံကိန်းသည် အတော်ပင်ကောင်းမွန်ပြီး အပြည့်အဝ အကောင်အထည်ဖော်နိုင်ခဲ့သည်ဟု စုချန်း ဝန်ခံရပေလိမ့်မည်။ ရွှံ့ဘီလူးကို ကျန်းချန်းအန်နှင့် မျှားခေါ်ပြီး လှိုဏ်ဂူအတွင်း ရတနာများ ဝင်ရှာရန်ဟူသော စိတ်ကူးမှာ အမှန်တကယ် ဆန်းသစ်လှပါပေ၏။
အကယ်၍ ကျန်းချန်းအန်ကြောင့်သာ မဟုတ်လျင် စုချန်းအနေနှင့် ဤနေရာကို ရှာတွေ့လိမ့်မည်မဟုတ်။ သာမာန်အခြေအနေတွင်ဆိုလျင်လည်း ဤကိစ္စသည် သူများကိစ္စဖြစ်၍ စုချန်းက အာရုံစိုက်လိမ့်မည်မဟုတ်။ သို့သော် ကျန်းချန်းအန်က သူတို့အဖွဲ့ကို ဒုက္ခပေးခဲ့၏။ ပြသနာအတွင်းသို့ ဆွဲခေါ်ခဲ့၏။ ထို့ကြောင့် အရာရာတိုင်းသည် စုချန်းနှင့် သက်ဆိုင်နေခဲ့လေပြီ။ သူ့အနေနှင့် အစီအစဉ်၏ ပဲ့ကိုင်ရှင်ကို ဘာအကျိူ းသက်ရောက်မှုမှမရှိပဲ အလွယ်တကူ သွားခွင့်ပြုလိုက်လျင် အလွန်အမင်း သက်ညှာရာရောက်သွားပေလိမ့်မည်။
အထက်ပါအတိုင်း စဉ်းစားပြီး စုချန်းက ပတ်ဝန်းကျင်ကို သေသေချာချာ လေ့လာအကဲခတ်လိုက်သည်။ လှိုဏ်ဂူမှာ အလွန်ကြီးမားနေ၏။ အကယ်၍ သူ့အနေနှင့် ထိုလူကို လိုက်ရှာနေပါက တနေရာရာတွင် လမ်းလွဲသွားနိုင်ကြောင်း စုချန်း တွေးတောမိသည်။ ထို့နောက်သူသည် လှိုဏ်ဂူ၏ ထောင့်တထောင့်တွင် ပုန်းခိုရင်း စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေတော့သည်။
သူ သိပ်ကြာကြာ မစောင့်လိုက်ရ။ ခြေသံတချိူ့ကို ပီပီသသ ကြားလိုက်ရသည်။
လှိုဏ်ခေါင်းအတွင်းမှ လူတယောက် ထွက်လာ၏။ ထိုလူမှာ အဖြူ ရောက်အစက်အပျောက်များပါသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်လှပသည် အမျိူ းသမီးငယ်လေး တဦးဖြစ်ကြောင်း စုချန်း မြင်တွေ့လိုက်ရသည်။ သူမ၏ မဲနက်နေသော ဆံပင်များသည် လည်ကုပ်ပေါ်သို့ ဖွာကျလျက်ရှိသည်။ ဖြူဖွေးလှသော အသားအရေကြောင့် သူမ၏ နှင်းဆီရောင်နှုတ်ခမ်းနှစ်လွှာမှာ ထင်းခနဲ ပေါ်လွင်နေ၏။