ယွဲ့လောင်ရှ
Vol. 23 Ch. 225
အတန်ကြာ စစ်ဆေးမေးမြန်းပြီးနောက် သူတို့နှစ်ယောက်အကြား တင်းမာမှုများ အတော်လေး လျော့ပါးသွားသည်။ သူမသည် ကိုယ်ကျိူ းအတွက် တခြားလူများကို ထိခိုက်စေခြင်းမဟုတ်မှန်း သိသွားသောအခါ စုချန်း၏ သူမအပေါ် အမြင်မှာ ပြောင်းလဲသွားတော့သည်။
သူခိုးလက်မှ သူဝှက်လုသည်ဆိုရာဝယ် တဖက်လူ သူခိုးစစ်စစ် ဖြစ်နေမှသာ ကောင်းသည်။ ယခုကဲ့သို့ သူမ၏ စိတ်ရင်းကို သိလိုက်ရသောအခါ ထိုလုပ်ရပ်မျိူ းကို ကျူ းလွန်ရမည်ကို စုချန်း စိတ်မသက်မသာ ဖြစ်လာ၏။
သို့သော်ငြားလည်း တဖက်တွင် စုချန်းအဖို့ အလွယ်တကူ လက်လွှတ်ပစ်၍မရသော ကိစ္စတချိူ့ ရှိနေသည်ကတော့ အမှန်ပင်။
ထိုအခါ သူက မေးလိုက်သည်။
"မင်းနာမည် ဘယ်လိုခေါ်သလဲ"
"ကျွန်မနာမည် ယွဲ့လောင်ရှ ရှင့်နာမည်ကကော"
သူမက ပြန်မေးလိုက်သည်။
သူမ၏ နာမည်ကို ကြားလိုက်သောအခါ စုချန်း အံ့သြသင့်သွား၏။
"ယွဲ့လောင်ရှဟုတ်လား လက်စသတ်တော့ မင်းက ယွဲ့လောင်ရှကိုး"
"ရှင်က ကျွန်မကို သိနေတာလား"
"မင်းဟာ အကြိမ်တရာ ပြန်လည်စစ်ဆေးခြင်းခန်းမမှာ အဆင့်မြင့်မြင့် ရထားတာပဲ မဟုတ်ရင် ကျူ ပ်က မင်းကို ဘယ်သိနိုင်ပါ့မလဲ ဒီအတိုင်းဆိုရင် မင်း အင်အားကောင်းတာ သိပ်အံ့သြစရာမရှိတော့ဘူး ဒါကြောင့်မို့လို့လည်း ကျူ ပ် အလစ်ဝင်တိုက်တာကိုတောင် အနိုင်ရလုနီးပါး ပြန်တိုက်စစ်ဆင်နိုင်တာကိုး"
ရွှံ့ဘီလူး၏ သားရဲတွင်း၌ သူတို့တိုက်ခိုက်ခဲ့ကြရာတွင် ယွဲ့လောင်ရှ၏ တိုက်ကွက်များသည် အင်အားကြီးမားသလောက် အလွန် တိကျ၏။ ခြုံခိုတိုက်ခိုက်ခံရသော်လည်း ပျာယာခတ်မသွားပဲ အချက်ကျကျ ပြန်လည် တိုက်စစ်ဆင်နိုင်ခဲ့သည်။ စုချန်း၏ တိုက်ကွက်များက မြန်ဆန်လွန်း၍သာ မတတ်သာပဲ ရှုံးနိမ့်သွားရခြင်းဖြစ်သည်။ ထို့ကြောင့် သူမအနေနှင့် စုချန်းကို အနိုင်ရလုနီးပါး ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်ဟူသော စကားမှာ မှားသည်ဟုတော့ မဆိုသာ။
ထို့ကြောင့် သူမ မည်သူမည်ဝါမှန်း တိတိကျကျ သိလိုက်ရသောအခါ စုချန်းအနေနှင့် အထူးတလည် အံ့သြသင့်နေခြင်း မရှိတော့။ အကြောင်းမှာ သူမသည် ဂျီဟန်းယင်ထက် အနည်းငယ်မျှသာ အားနည်းသူ ဖြစ်နေသောကြောင့်ပင်တည်း။
"ဘာပဲပြောပြော နောက်ဆုံး ရှုံးနိမ့်သွားတဲ့လူက ကျွန်မပဲလေ"
ယွဲ့လောင်ရှက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
"ရှင် ကျွန်မကို ဘာနည်းစနစ်သုံးပြီး တိုက်ခိုက်လိုက်တာလဲ ကျွန်မ မြင်တောင်မမြင်လိုက်ရဘူး"
"ဒီမှာလေကွာ"
စုချန်းက မိုးကြိုးမီးလျံစက်လုံးကို ဆွဲထုတ်ပြီး သူမကို ပြလိုက်သည်။ စက်လုံး၏ အသုံးပြုပုံကို ရှင်းပြလိုက်သောအခါ သူမ၏ မျက်နှာတွင် နားလည်သဘောပေါက်ဟန် ပေါ်လာသည်။
စုချန်းသည် အဖြူ ရောင်မျှော်စင်ပို့ဆောင်ခြင်း နည်းစနစ်ကို အသုံးပြုစဉ်မှာပင် မိုးကြို းမီလျံစက်လုံးကို ယွဲ့လောင်ရှ၏ နောက်ကျောသို့ ပစ်ချထားခဲ့ခြင်း ဖြစ်သည်။ ထိုစက်လုံးများကို ချက်ချင်း မပေါက်ကွဲပဲ စက္ကန့်အနည်းငယ်ကြာမှ ပေါက်ကွဲစေရန် စုချန်းက စီမံထား၏။ ထို့ကြောင့်ပင် ယွဲ့လောင်ရှ လုံးဝ အငိုက်မိသွားခြင်းဖြစ်သည်။ ထို့ပြင် သူမ၏ လမင်းအလင်းရောင်ဖုံးကွယ်ခြင်းနည်းစနစ်သည် အလွန်အားကောင်းသော်လည်း ၎င်းသည် သူမကိုယ်ခန္ဓာ၏ ပတ်ပတ်လည်တဝိုက်တွင်သာ အားကောင်းခြင်း ဖြစ်သည်။ တဖန် သူမသည် ကနဦးကတည်းက ဒဏ်ရာတချိူ့ရရှိထားလေရာ မိုးကြို းမီးလျံစက်လုံး၏ ပေါက်ကွဲမှုကို မခံနိုင်တော့ပဲ ယခုကဲ့သို့ စုချန်း၏ လက်ဝယ် ကျရောက်သွားရခြင်းပင်။
သူမ မည်သို့မည်ပုံ ရှုံးနိမ့်သွားကြောင်း နားလည်သဘောပေါက်သွားသောအခါ ယွဲ့လောင်ရှ၏ မျက်နှာပေါ်တွင် စိတ်သက်သာရသွားဟန် ပေါ်လာသည်။ ထို့နောက် သူမက ပြောလိုက်၏။
"ဒီအတိုင်းဆိုရင် ကျွန်မရှုံးသွားတာ ရှင့်ထက် ညံ့လို့မှ မဟုတ်ပဲ ရှင် လက်သီးပုန်းထိုးလို့ ရှုံးသွားတာကိုး"
"........."
စုချန်း ဘာမှ ပြန်မပြောပဲ နေလိုက်၏။ သို့သော် သူ့ခံယူချက်ကတော့ ရှင်းသည်။ အနိုင်သည် အနိုင်ဖြစ်၍ အရှုံးသည် အရှုူံးသာ ဖြစ်သည်။ တိုက်ပွဲတပွဲတွင် အသက်ရှင်သန်ရန် အာမခံချက်ပေးနိုင်သည့် မည်သည့်နည်းလမ်းမဆို ကောင်းသည်သာ။ ထို့ပြင် သူသည် မီးလျံစက်လုံးကို ဖန်တီးရန် အချိန်အများကြီး ပေးခဲ့ရ၏။ အင်အား အများကြီး စိုက်ထုတ်ခဲ့ရ၏။ ၎င်းတို့ကိုလည်း အင်အား၏ တစိတ်တပိုင်းအဖြစ် သတ်မှတ်သင့်သည် မဟုတ်ပါလား။
သိုသော် စုချန်းသည် ထိုကိစ္စနှင့်ပတ်သက်၍ သူမနှင့် အငြင်းအခုန် လုပ်နေရန် စိတ်မဝင်စား။
ထိုစဉ် သူမက စုချန်းကို မေးခွန်းထုတ်လိုက်သည်။
"ရှင့်နာမည် ဘယ်လိုခေါ်သလဲ"
"စုချန်း"
"လက်စသတ်တော့ စုချန်းဆိုတာ ရှင်ပဲကိုး"
"မင်းက ကျူ ပ်ကို သိလို့လား"
"စုချန်းဆိုတာ တောင်သုံးလုံးနယ်မြေပြိုင်ပွဲမှာ သွေးဗီဇမပါပဲ အဆင့်ငါးအတွင်း ဝင်နိုင်ခဲ့တဲ့ ပါရမီရှင် ဒါပေမဲ့ နဂါးကျောင်းတော်ထဲ ရောက်ပြီးကတည်းက ဘာသတင်းအစအနမှ မကြားရတော့ပဲ ပျောက်သွားခဲ့တယ် ကုန်ကုန်ပြောရရင် နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲကိုတောင် ဝင်မပြိုင်ပဲ ကျဆုံးသွားတဲ့ သူရဲကောင်းတယောက်"
စုချန်းက မေးစေ့ကို ပွတ်ရင်း ပြောလိုက်သည်။
"လူတွေက ကျူ ပ်အပေါ် အဲဒီလို မြင်နေကြတာလား"
"အပြင်ပန်းက ကြည့်ရင် အဲဒီလို မြင်ကြတယ်ပဲ ဆိုပါတော့ ဒါပေမဲ့ ဒီလိုမြင်တာ မှားမှန်း ဒီကနေ့မှာ ကျွန်မသိသွားပြီ ရှင့်အင်အားဟာ အနည်းဆုံး ကျွန်မတို့နှစ်ရဲ့ နဂါးအသွင်ပြောင်းခြင်းစာရင်းမှာ ထိပ်ဆုံးဆယ်ယောက် ဝင်နိုင်လောက်တယ်"
"မင်းရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်ကွာ"
ထို့နောက် သူသည် တံ့စို့ကို ဟိုလှည့်သည်လှည့်နှင့် အသားကို ဆက်ကင်နေ၏။ အသားကင်ကျက်သောအခါ သူက ယွဲ့လောင်ရှကို ကမ်းပေးလိုက်သည်။ ယွဲ့လောင်ရှသည် အသားကင်ကို စားရသော်လည်း စုချန်းကို အနည်းငယ်မျှ ကျေးဇူးတင်ဟန်မပြ။ စားရင်းသောက်ရင်းနှင့်ပင် သူမက မေးပြန်သည်။
"ဒါနဲ့ ကျွန်မ တခုမေးအုံးမယ် ရှင်နဲ့ ရှင်သန်ခြင်းကျောင်းတော်အကြား ဆက်နွယ်မှုက ဘာလဲ ရှင်က ဘာဖြစ်လို့ သူတို့ကို ကူညီချင်ရတာလဲ"
ထိုအခါ စုချန်းက ရှင်သန်ခြင်းကျောင်းတော်၏ လျှိူ့ဝှက်ချက်များအား သူ မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပုံ၊ ထို့နောက် သူ့အား သတ်ဖြတ်ရန် ရှင်သန်ခြင်းကျောင်းတော်မှ ညတစ္ဆေကို စေလွှတ်ခဲ့ပုံ၊ ထိုလျှိူ့ဝှက်ချက်များကို အသုံးချ၍ သူက ရှင်သန်ခြင်းကျောင်းတော်အား ထပ်ခါထပ်ခါ ငွေညှစ်ခဲ့ပုံတို့ကို ယွဲ့လောင်ရှအား တလုံးမကျန် ရှင်းပြလိုက်သည်။ သို့သော် ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်နှင့် ပတ်သက်သည့် ကိစ္စတို့ကိုတော့ ချန်လှပ်ထားခဲ့၏။
သို့တိုင်အောင် ယွဲ့လောင်ရှသည် စုချန်း၏ စကားကို နားထောင်ရင်း အထူးပင် အံ့သြသင့်နေရှာ၏။
ဤလူငယ်သည် မျက်မမြင်တယောက်သာ ဖြစ်သည်။ မိမိမျိူ းနွယ်စု၏ စွန့်ပစ်ခြင်းကိုလည်း ခံထားရ၏။ သို့သော် ဤလူငယ်သည် မိမိကိုယ်ကို အားကိုးကာ ရှင်သန်ခြင်းကျောင်းတော်ကို သတ္တိရှိရှိ ခုခံတွန်းလှန်နိင်ခဲ့ရုံသာမက ၎င်းတို့ကို မိမိကိုယ်ကျိူ းအတွက် ပြန်လည်အသုံးချနိုင်ခဲ့သည်။ ထူးခြားလှသည့် လူငယ်ပေတကား။
"မယုံနိုင်စရာပဲ ရှင်ဟာ ရှင်သန်ခြင်းကျေုာင်းတော်ကို အရုပ်တရုပ်လို ကစားနိုင်ခဲ့တာကိုး"
ယွဲ့လောင်ရှက အံ့သြတကြီးနှင့် ပြောလိုက်သည်။
"ဒါကို လှည့်ဖျားတယ် ကစားတယ်လို့ မခေါ်ဘူးဗျ တယောက်နဲ့တယောက် အကူအညီပေးတယ်လို့ ခေါ်တယ်"
စုချန်းက ယွဲ့လောင်ရှ၏ စကားကို ငြင်းပယ်လိုက်သည်။
"သူတို့ကို ကျူ ပ်အလိုရှိသမျှ လှည့်ဖျားလို့ရတယ်လို့ ကျူ ပ်တော့မထင်ဘူး သူတို့ရဲ့ အားနည်းချက်တွေကို ကျူ ပ်သိထားတဲ့အတွက် သူတို့က ကျူ ပ်ကို လိုက်လိုက်လျောလျော ဆက်ဆံရတယ် တဖက်မှာလည်း ကျူ ပ်ဘက်က သူတို့ကို မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်ပေးထားရတယ်"
အပြင်ပန်းမှကြည့်လျင် စုချန်းဘက်ကသာ ရှင်သန်ခြင်းကျောင်းတော်အား တသမတ်တည်း ငွေညှစ်နေသည်ဟု ယူဆစရာရှိသည်။ သို့သော် သူ့ဆီက ဘာမှမျှော်လင့်စရာမရှိပဲ ရှင်သန်ခြင်းကျောင်းတော်လို့ အဖွဲ့မျိူ းက စုချန်းနှင့် ပူးပေါင်းလုပ်ဆောင်ပါမည်နည်း။
"ဘာပဲဖြစ်ဖြစ် ရှင်လုပ်ခဲ့တာမျိူ း ဘယ်သူမှ လုပ်နိုင်မယ်မထင်ဘူးရှင့်"
ယွဲ့လောင်ရှကား စုချန်းကို ယခုတိုင် အထင်ကြီးလျက်ရှိနေသေးလေသည်။
"ကျူ ပ် ကံကောင်းသွားတာလည်း ပါတယ်ဗျ ပြီးတော့ ပိုပြီး အရေးကြီးတာက သူတို့အဖွဲ့ရဲ့ လုပ်နည်းလုပ်ဟန်ဟာ ပြောင်းလဲသွားကြပြီ သူတို့ဟာ ကိုယ်လိုချင်တာရဖို့ လူသတ်တဲ့ အဖွဲ့မျိူ း မဟုတ်တော့ဘူး ဘယ်လိုညှိုနှိုင်းရမယ် ဘယ်လို အပေးအယူလုပ်ရမယ်ဆိုတာ ကောင်းကောင်းကြီး သိသွားကြပြီ"
"ဒါကတော့ သူတို့ရဲ့ သွေးအေးအေးနဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို ရှင် မမြင်သေးလို့ပါ"
ယွဲ့လောင်ရှက အေးစက်သော လေသံနှင့် ပြောလိုက်သည်။
သူမ၏ စကားကိ ကြားလိုက်ရသောအခါ စုချန်း၏ စိတ်ထဲတွင် တစုံတရာကို နားလည်လိုက်သလိုရှိသည်။ ထို့နောက် သူက မေးလိုက်၏။
"ဒါနဲ့ မင်းနဲ့ ရှင်သန်ခြင်းကျောင်းတော်အကြား ဘယ်လိုရန်ညိုးရှိသလဲဆိုတာ ကျူ ပ်ကို မပြောရသေးဘူးနော်"
စုချန်း၏ မေးခွန်းကို ကြားလိုက်သည်နှင့် ယွဲ့လောင်ရှ၏ မျက်လုံးတွင် မျက်ရည်ဝိုင်းလာ၏။ တခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်သည်။ အတန်ကြာမှ ယွဲ့လောင်ရှက အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုလိုက်လေသည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတို့ ကျွန်မအဖေကို သတ်လိုက်ကြတယ်လေ"
"....."
ရုတ်တရက် ပါးချခံလိုက်ရသလို စုချန်း ခံစားလိုက်ရသည်။ တခြားလူများကို ပါးရိုက်ရသည်မှာ ပျော်စရာကောင်းသည်။ သို့သော် ကိုယ်တိုင် ပါးရိုက်ခံရသည်မှာကား စိတ်ပျက်စရာပင်။
ရှင်သန်ခြင်းကျောင်းတော်နှင့် ပတ်သက်၍ ဂုဏ်တင်ကာ ပြာဆိုနေသော စုချန်း ဘာပြောရမှန်းမသိ ဖြစ်သွား၏။ သို့သော် ချက်ချင်းပင် အတွေးတခုပေါက်ကာ စုချန်းက ယွဲ့လောင်ရှကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ ထူးဆန်းသော အရိပ်အယောင်များ ယှက်သန်းနေ၏။
စုချန်း၏ ထူးဆန်းသောအကြည့်ကြောင့် ယွဲ့လောင်ရှတယောက် စိတ်မသက်မသာ ဖြစ်သွားဟန်ပေါ်သည်။ သူမက ဖြတ်ခနဲ မေးမြန်းလိုက်၏။
"ရှင်က ဘာလို့ ကျွန်မကို ကြည့်နေတာတုန်း"
စုချန်း ဘာမှပြန်မပြောသေးပဲ ခေတ္တ စဉ်းစားနေ၏။ အတန်ကြာမှ သူက မေးလိုက်သည်။
"မင်းအဖေက ...ယွဲ့ဝူချိလား"
ယွဲ့လောင်ရှ အတော်လေး အံ့သြသွား၏။
"ဟင် ရှင်က ဘယ်လိုလုပ် သိနေတာလဲ"