← Chapters

အက်ဒမန်တင်း စစ်သုံး ကိုယ်ခန္ဓာ

Vol. 23 Ch. 227

အက်ဒမန်တင်း စစ်သုံး ကိုယ်ခန္ဓာ

Vol. 23 Ch. 227

အနာဂတ်တွင် ဘာတွေပဲ ဖြစ်လာဖြစ်လာ သူတို့အနေနှင့် အသက်မသေအောင်တော့ အတတ်နိုင်ဆုံး နေထိုင်ရမည်သာ။

တညအနားယူပြီးသည်နှင့် တောက်ပခြင်းအဖွဲ့သည် အပြန်ခရီးကို စတင်လိုက်ကြ၏။ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ရပြီး မည်သူမှ ဤနေရာတွင် ဆက်လက်နေထိုင်ရန် ဆန္ဒမရှိတော့။ ထို့ပြင် ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများကို သတင်းပို့ရန် သူတို့အနေနှင့် ကျောင်းတော်ကို မဖြစ်မနေ ပြန်ရပေလိမ့်မည်။

သေဆုံးမှုများအားလုံးသည် ရွှံံ့ဘီလူးလက်ချက်ဟု ပြောဆိုရန် လမ်းခရီးတွင် သူတို့အားလုံး သဘောတူညီမှု ယူထားလိုက်ကြသည်။ ယုတ်စွအဆုံး ချင်းလင်အာကိုယ်တိုင် ထိုကိစ္စကို သဘောတူညီခဲ့လေသည်။ သို့သော် ထိုလိမ်ညာမှုသည် မည်မျှ ထိရောက်မည်၊ မည်မျှ တာရှည်ခံမည်ကိုတော့ မည်သူမျှ မသိကြ။

တရက်မျှ ခရီးနှင်ပြီးနောက် သူတို့အားလုံး နဂါးကျောင်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြ၏။ ထို့နောက် သူတို့အားလုံး လမ်းခွဲလိုက်ကြလေသည်။

မူလစွမ်းအင်မျှော်စင်ဆီသို့ အတူတကွ လမ်းလျှောက်လာရင်း လမ်းခုလတ်မှာပင် တိမ်တိုက်ကျားသစ်က စုချန်းကို မေးလိုက်သည်။

"ဒီပြသနာကို ဦးလေးဟွမ်ကို ပြောပြထားချင်သလား"

တိမ်တိုက်ကျားသစ်သည် ရှီကိုင်းဟွမ်၏ အမွေခံတပည့်မဟုတ်။ ထို့ကြောင့် သူက ရှီကိုင်းဟွမ်ကို စုချန်းကဲ့သို့ ဆရာဟု မခေါ်ပဲ ဦးလေးဟွမ်ဟုသာ ခေါ်လေသည်။

တိမ်တိုက်ကျားသစ်၏ မေးခွန်းကို စုချန်းက ပြန်ဖြေလိုက်သည်။

"ပြောပြနေစရာ မလိုဘူး ဆရာတွေဟာ ငါတို့ကို သင်ပဲသင်ကြားပေးနိုင်မယ် အမြဲတစေ မစောင့်ရှောက်ပေးနိုင်ဘူး ကြုံတွေ့လာသမျှ အခက်အခဲတွေ အန္တရာယ်တွေကို ကိုယ့်ဟာကိုယ်ဖြေရှင်းတာဟာ အကောင်းဆုံးနည်းလမ်းပဲကွ"

အကယ်၍ ဝမ်တောက်ရှန်းသာ ဤနေရာတွင် ရှိခဲ့လျင် "ဒီကိစ္စကို မင်း ကိုင်တွယ်နိုင်ပါ့မလားဆိုတာ ငါ စိတ်ပူတယ်ကွ" ဟုသေချာပေါက် ပြောပေလိမ့်မည်။ သို့သော် တိမ်တိုက်ကျားသစ်ကတော့ အံ့သြစရာကောင်းလောက်အောင်ပင် စုချန်း၏ စကားကို လက်ခံလိုက်၏။ သူ့ကိုကြည့်ရသည်မှာ ဤပြသနာကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟူသော မကောင်းမြင်စိတ်မျိူ း ဘယ်တုန်းကမှ မရှိခဲ့ဟန် ပေါ်သည်။ လမ်းမများပေါ်တွင် ကြီးပြင်းခဲ့ရသည့် သူ့လိုလူစားမျိူ းအတွက် မိမိ၏ လက်သီးသည်သာ စစ်မှန်သော အားကိုးအားထားရာ မဟုတ်ပါလား။

ကျန်းချန်းအန် သေဆုံးသွားသည့်သတင်းသည် မြန်မြန်ဆန်ဆန်ပင် ပျံ့နှံ့သွား၏။ ထိုအခိုက်အတန့်သည် စုချန်းအတွက် ရှားရှားပါးပါး ငြိမ်းငြိမ်းချမ်းချမ်း နေရသည့် အခိုက်အတန့် ဖြစ်သည်။ ကျောင်းတော်သို့ ပြန်လည်ရောက်ရှိသည်နှင့် သူဘဝသည် သမားရိုးကျ ပုံစံအတိုင်း ပြန်လည် လည်ပတ်သွားပြန်၏။ သူသည် ယခင်ကဲ့သို့ပင် သုတေသနလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေခဲ့လေသည်။

သူသည် ကိုင်းဟွမ်၏ ကောင်းကင်ဘုံ နည်းစနစ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော် သူ့အနေနှင့် နောက်ထပ် ရှာဖွေလေ့လာစရာ များစွာ ကျန်ရှိနေသေး၏။ အနှီ သုတေသနလုပ်ငန်းများသည် သူအသက်ရှင်နေသ၍ ဆက်လက်လုပ်ဆောင်သွားရမည့် လုပ်ငန်းများသာ ဖြစ်သည်။

သံမဏိသည်လည်း ကျောင်းတော်သို့ ပြန်ရောက်သည်နှင့် မိမိ လေ့ကျင့်စရာရှိသည်ကို ရှေးနည်းအတိုင်း ဆက်လက်လေ့ကျင့်လျက် ရှိသည်။

ထိုအခါ စုချန်းက သံမဏိဆီသို့ လျှောက်သွားရင်း မေးလိုက်သည်။

"ဟေ့ သံမဏိ မင်းရဲ့ တောင်လှုပ်ယမ်းခြင်းအားမာန် နည်းစနစ်က ဘယ်လိုလဲကွ အခြေအနေကောင်းရဲ့လား"

"ဟာ သိပ်ကောင်းတယ်သခင် ကျွန်တော် အတော်လေး အောင်မြင်နေပြီ"

သံမဏိက သူ့ရင်ဘတ်ကို အားရပါးရ ပုတ်ရင်း ပြောလိုက်သည်။

တောင်လှုပ်ယမ်းခြင်းအားမာန်နည်းစနစ်ဟူသည် အပြင်အား ကျင့်စဉ်တမျိူ း ဖြစ်သည်။ လေအလျင်တွင် ပန်းများပွင့်ခြင်း ကိုယ်ခန္ဓာနည်းစနစ်နှင့် မတူသည်မှာ ၎င်းသည် ခွန်အားကို တိုးပွားစေနိုင်ရုံသာမက ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ကိုလည်း အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်၏။ ထိုနည်းစနစ်ကို လေ့ကျင့်သူသည် ကြွက်သားများ သန်မာကြီးထွားရန် လိုအပ်လေရာ သံမဏိကဲ့သို့ တောင်ရိုးကမ်းပါးလူမျိူ းတယောက်အတွက် ထိုနည်းစနစ်သည် နေနှင့်လ ရွှေနှင့်မြဟုပင် ဆိုနိုင်သည်။

ဆရာဖြစ်သူ စုချန်းက အလွန်ရှုပ်ထွေးပြီး နည်းစနစ်ပေါင်းစုံ ရောသမမွှေထားသည့် လမ်းစဉ်ကို ရွေးချယ်ထားသော်လည်း တပည့်လုပ်သူ သံမဏိကတော့ အလွန်ကျဉ်းမြောင်းသည့် ပုံသေလမ်းကြောင်းတခုပေါ်တွငိ တသမတ်တည်း လျှောက်လှမ်းနေခဲ့သည်ဟု ဆိုနိုင်၏။

စုချန်းအနေနှင့် သံမဏိကို နည်းစနစ် များများစားစားသင်ပေးမထား။ သို့သော် သင်ပေးထားသည် နည်းစနစ်တခုချင်းစီတွင် အောင်မြင်မှု ကြီးကြီးမားမား ရရှိရန်ကိုတော့ စုချန်း လိုလား၏။ ဤအတောအတွင်း သံမဏိသည် စုစုပေါင်း နည်းစနစ်သုံးမျိူ းကိုသာ လေ့ကျင့်ထားခဲ့လေသည်။ ထိုနည်းစနစ်သုံးမျိူ းမှာ လေအလျင်တွင်ပန်းများပွင့်ခြင်း ကိုယ်ခန္ဓာနည်းစနစ်။ သံမဏိတောင်တန်း အကာအကွယ်နှင့် ယခု လေ့ကျင့်နေသည့် တောင်လှုပ်ယမ်းခြင်းအားမာန် နည်းစနစ်တို့ပင် ဖြစ်သည်။ ထိုနည်းစနစ်သုံးမျိူ းလုံးတွင်လည်း စုချန်း၏ တပည့်ကျော် သံမဏိက အောင်မြင်မှုကြီးကြီးမားမား ရထားခဲ့ပြီးလေပြီ။

အကယ်၍ တိုက်ပွဲတပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ဝင်နွဲရမည့် အခြေအနေမျိူ းနှင့် ကြုံလာပါက သံမဏိသည် နဂါးကျောင်းတော်ရှိ ကျောင်းသားအများစု၏ ပြိုင်ဘက်ဖြစ်ကောင်းမှ ဖြစ်နေအုံးမည်။ သို့သော် သံမဏိကို သတ်မည့်သူအဖို့ ပြန်ပေးဆပ်ရမည့် အရင်းအနှီးကတော့ သေးလိမ့်မည်မဟုတ်။ အမှန်တော့ စုချန်းသည် သူ့တပည့်ကျော် သံမဏိအား သတ္တုဒိုင်းကာတခုအဖြစ် ပြောင်းလဲပေးလိုက်ခြင်းပင်တည်း။

သံမဏိ၏ အဖြေကို နားထောင်ပြီး စုချန်း၏ မျက်နှာပေါ်တွင် နှစ်ခြိုက်ကျေနပ်သော အပြုံးတခု ပေါ်ပေါက်လာသည်။

"သိပ်ကောင်းတယ် မင်းကို စတုတ္ထမြောက်နည်းစနစ် သင်ပေးဖို့ အချိန်ရောက်ပြီလို့ ငါထင်တယ်"

သူ့အား နည်းစနစ်အသစ်တမျိူ း သင်ပေးမည်ဟု ကြားလုက်ရသောအခါ သံမဏိ၏ ပုံစံသည် သက်ဝင်လှုပ်ရှားလာ၏။

"နည်းစနစ်အသစ်ဟုတ်လား ဘာများလဲ သခင်"

စုချန်း ပြန်မဖြေ။ ထိုအစား သူက ဆေးပုလင်းကို သံမဏိအား ပစ်ပေးလိုက်ရင်း အမိန့်ပေးလိုက်သည်။

"အဲဒီဆေးကို သောက်ချလိုက်စမ်း"

သံမဏိကား အလွန် အမိန့်နာခံတတ်သူ ဖြစ်သည်။ အနည်းငယ်မှ တုံ့ဆိုင်းခြင်းမရှိပဲ ဆေးရည်ကို တခါတည်း မော့ချလိုက်သည်။ ဆေးသောက်လိုက်သည်နှင့် တပြိုင်နက် အလွန်ကြီးမားသော အပူစီးကြောင်းတခု သူ့ကိုယ်တွင်း၌ ပေါ်ပေါက်လာပြီး ရှိသမျှ သွေးကြောတိုင်းကို စီးဝင်သွားသကဲ့သို့ သံမဏိ ခံစားလိုက်ရ၏။ စွမ်းအင်၏ တွန်းတိုက်မှုကြောင့် တကိုယ်လုံး ပေါက်ကွဲထွက်တော့မည်ကဲ့သို့ သံမဏိ ခံစားနေရသည်။

"အား"

သံမဏိ နာကျင်စွာ အော်ဟစ်လိုက်၏။

"မလှုပ်နဲ့ မင်းရဲ့ မူလစွမ်းအင်တွေကို ကောင်းကင်ဘုံတံခါးဝကို ပို့ဆောင်ပေးပါ အဲဒီကနေမှတဆင့် တဖြည်းဖြည်း နိမ့်တဲ့နေရာတွေကို မူလစွမ်းအင် စီးဆင်းသွားပါစေ"

ပြောပြောဆိုဆို စုချန်းသည် သံမဏိ၏ နှလုံးသားနေရာကို လက်ဝါးဖြင့် ခတ်ဆတ်ဆတ်လေး ရိုက်ပေးလိုက်သည်။ ထိုမှတဆင့် မျက်ခုံးနှစ်ခုကြားနေရာ၊ နှာခေါင်း၊ လည်ပင်း၊ ကျောရိုး စသည်ဖြင့် အစဉ်အလိုက် ရိုက်ပေးသွား၏။ စုချန်း၏ လက်ဝါးတွင် ထူးခြားသော အားအင်တမျိူ း ပါဝင်နေလေသည်။

အကယ်၍ သံမဏိနေရာတွင် တခြားသူတယောက်သာ ဆိုပါက ထိုသူသည် ခုခံသော်လည်းကောင်း ခုခံမည်၊ သံသယဝင်သော်လည်းကောင်း သံသယဝင်မည်။ သို့မဟုတ် တခုခုတော့ တုံ့ပြန်ပေလိမ့်မည်။ သို့သော် သံမဏိကား စုချန်း၏ ရိုက်နှက်မှုကို အရုပ်ကြီးပမာ အံကြိတ်၍ ခံနေရှာ၏။ သခင်အပေါ် သေသည်အထိ သစ္စာရှိသွားမည့် သံမဏိပါတကား။

ဤသည်မှာလည်း စုချန်း အမှန်တကယ် လိုအပ်နေသော အရာဖြစ်သည်။ ကနဦးက သူ ဘာမှ မရှင်းပြခဲ့သည်မှာ ဤရလဒ်မျိူ းကို လိုချင်သောကြောင့်ပင်။ အကယ်၍ သံမဏိသာ သည်းညည်းခံနိုင်စွမ်း မရှိခဲ့လျင် စုချန်းအနေနှင့် ဤကျွန်ယုံမျိူ းကို နောက်ထပ် မလိုအပ်တော့။

စုချန်း၏ တည်ငြိမ်သော လက်ဝါးရိုက်ချက်ကြောင့် မူလစွမ်းအင်များသည် အလွန်လျင်မြန်သော နှုန်းထားဖြင့် သံမဏိ၏ ကိုယ်ခန္ဓာအတွင်း ပျံနှံ့သွားစေ၏။ အတွင်းမှလာသော စွမ်းအင်နှင့် အပြင်ဘက်မှရိုက်ပုတ်နေသည့် စွမ်းအင်လှိုင်းများသည် သံမဏိ၏ ကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်နေ၏။ နောက်ဆုံးတွင်တော့ ကြောက်စရာ စွမ်းအင်လှိုင်းများသည် သံမဏိ၏ ကိုယ်ခန္ဓာအရေပြားပေါ်သို့ တိုးထွက်လာကြလေသည်။

ထိုအခါ ဖျော့တော့သော ရွှေဝါရောင်အလင်းတန်းများက သံမဏိ၏ ကိုယ်ခန္ဓာကို လွှမ်းခြုံစပြုလာ၏။ ထိုအလင်းတန်းများသည် တဖြည်းဖြည်း တုန်ခါလာပြီး သံမဏိကို ရွှေရုပ်တုတခုသဖွယ် ဖြစ်ပေါ်စေတော့သည်။ စုချန်း၏ လက်ဝါးရိုက်ချက်နှင့် သံမဏိ၏ ကိုယ်တွင်းရှိ စွမ်းအင်ပွတ်တိုက်မှုကြောင့် အလင်းတန်းများသည် အားကောင်းသထက် အားကောင်းလာခဲ့လေပြီ။

သံမဏိတယောက်မှာတော့ တဖြည်းဖြည်းနှင့် ရုပ်ကောစိတ်ပါ အပြောင်းလဲကြီးပြောင်းလဲသွားသကဲ့သို့ ခံစားနေရလေသည်။ သူသည် သူ့လက်များကို အံ့သြတကြီးနှင့် စိုက်ကြည့်ရင်း ဘာတွေဖြစ်ပျက်နေမှန်း နားမလည်နိုင်ပဲ ဖြစ်နေရှာသည်။ ထို့နောက် သူက စုချန်းကို ကပျာကသီနှင့် လှမ်းကြည့်လိုက်သည်။ စုချန်းကား တကိုယ်လုံး တုန်ယင်နေပြီး ရှေ့တိုးနောက်ငင် လှုပ်ယမ်းနေကာ အတန်ကြာ မြေကြီးပေါ်သို့ ဖြုတ်ခနဲ လဲကျသွား၏။ သံမဏိ စိတ်ပူသွားပြီး သူ့သခင်ကို လျင်မြန်စွာ ဖေးမလိုက်သည်။

"သခင်"

"ငါ ဘာမှမဖြစ်ဘူး စွမ်းအင်အသုံးများသွားလို့ပါကွ"

စုချန်းက ရယ်ကာမောကာနှင့် ပြောလိုက်သည်။

သံမဏိသည် စုချန်းကို ထထိုင်နိုင်အောင် ကူညီပေးပြီး သူသိချင်နေသောအရာကို မေးခွန်းထုတ်လိုက်၏။

"သခင် ကျွန်တော့ကို ပေးလိုက်တာ ဘာဆေးလဲ"

"ငါ အသစ် တီထွင်ဖော်စပ်ထားတဲ့ဆေးကွ အက်ဒမန်တင်း ဆေးရည်လို့ ခေါ်တယ်"

"အက်ဒမန်တင်းဆေးရည်"

သံမဏိသည် ထိုစကားလုံးကို ထပ်ခါထပ်ခါ ရေရွတ်နေရင်းမှ တစုံတခုကို စဉ်းစားမိဟန်ဖြင့် မေးလိုက်ပြန်သည်။

"အက်ဒမန်တင်းမျောက်ဝံဘီလူးလားသခင်"

စုချန်း ရယ်မောလိုက်သည်။

"သိပ်မှန်တာပေါ့ အက်ဒမန်တင်းမျောက်ဝံဘီလူးပဲ မင်းဘယ်လိုထင်သလဲ အက်ဒမန်တင်း စစ်ပွဲဝင်သံချပ်ကာ ရသွားပြီလို့ ခံစားမိရဲ့လား"

မျောက်ဝံကို သူတယောက်တည်း သတ်ခဲ့သောကြောင့် မျောက်ဝံအလောင်းသည် စုချန်း၏ ပိုင်ဆိုင်မှု ဖြစ်လာ၏။ ထိုအလောင်းကို မူလစွမ်းအင်မျှော်စင်သို့ သယ်ဆောင်လာပြီး မျောက်ဝံသွေးဗီဇကို စုချန်း သုတေသန လုပ်ခဲ့၏။ အမှန်တော့ သွေးဗီဇများကို ဆန်းစစ်လေ့လာခြင်းမှာ စုချန်း၏ အလေ့အထသာ ဖြစ်လေရာ သူ့အနေနှင့် ထူးထူးခြားခြား တစုံတရာ တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိခဲ့။ ိုသို့သော် သုတေသနလုပ်ငန်းဟူသည် မသေချာမရေရာမှုများစွာကို သယ်ဆောင်လာတတ်စမြဲ။ သူ့ ဘဝတလျှောက်လုံး လုပ်သွားရမည့် သုတေသန လုပ်ငန်းစဉ်တလျှောက်တွင်လည်း အခွင့်အခါ သင့်လျင်သင့်သလို ထူးထူးခြားခြား ရလဒ်များ ထွက်ပေါ်လာတတ်စမြဲ။

ယခု အက်ဒမန်တင်းမျောက်ဝံဘီလူး စစ်ပွဲသုံး သံချပ်ကာသည်လည်း ထိုနည်းလည်းကောင်းသာတည်း။ စုချန်းသည် မျောက်ဝံသွေးဗီဇကို လေ့လာရင်း မူလပစ္စည်းကို ရှာဖွေတွေ့ရှိခဲ့၏။ ထိုမျှသာမကသေး သူသည် မျောက်ဝံ၏ ကိုယ်တွင်းရှိ မူလစွမ်းအင်ကို ရွေ့လျားစေနိုင်သော လျှိူ့ဝှက်ချက်နောက်ကွယ်ရှိ အဖြေကိုလည်း ဖြေရှင်းနိုင်ခဲ့လေသည်။

နောက်ဆုံးတွင်တော့ စုချန်းသည် ပါဝင်ပစ္စည်းအမျိူ းမျိူ းကို ပေါင်းစပ်ပြီး တစုံတယောက်၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို အလွန်တိုးပွားစေနိုင်သော အက်ဒမန်တင်းဆေးရည်ကို တီထွင်ဖော်စပ်နိုင်ခဲ့ရုံသာမက ထိုဆေးနှင့် လိုက်လျောညီထွေဖြစ်မည့် ကျင့်ကြံခြင်းနည်းစနစ်တရပ်ကိုလည်း ဖော်ထုတ်နိုင်ခဲ့၏။

"ဒီတော့ သခင် ဆိုလိုတာက ကျွန်တော်ဟာ အက်ဒမန်တင်းမျောက်ဝံရဲ့ အက်ဒမန်တင်း စစ်ပွဲသုံး သံချပ်ကာစွမ်းရည်ကိုပါ သင်ယူပြီးပြီပေါ့ ဟုတ်လား"

သံမဏိက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"ဟုတ်တယ် မင်း သင်ယူပြီးပြီ ငါ ပေးထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း နှိုးဆွကြည့်စမ်းဟေ့ သံမဏိ"

သံမဏိက ချက်ချင်းပင် စုချန်း၏ စကားအတိုင်းလိုက်နာဆောင်ရွက်လိုက်ရာ သူ့ကိုယ်ခန္ဓာမှ ရွှေရောင်အလင်းတန်များ ထွက်ပေါ်လာ၏။ ထိုအလင်းတန်းများသည် အလွန် တောက်ပနေပြီး ကြည့်ရသည်ကပင် ရင်သပ်ရှုမောစရာ ကောင်းလှသည်။

"မြင်ရတာကတော့ အထင်ကြီးလောက်စရာပဲ ဒါပေမဲ့ စမ်းသပ်ကြည့်အုံးမှကွ မစမ်းသပ်ရင် ဒီနည်းစနစ် အသုံးဝင်မဝင် ဘယ်သိနိုင်ပါ့မလဲ"

စုချန်းက ရယ်မောရင်း ပြောလိုက်သည်။ပြောပြောဆိုဆို သူက လှုပ်ရှားမှုတခု ပြုလုပ်လိုက်သည်။

သူ့လက်ထဲမှ မီလျံငှက်တကောင် ထွက်ပေါ်လာပြီး သံမဏိ၏ ရင်ဝသို့ တိုးဝင်သွား၏။

ရွှေတုံးကြီးတတုံးကို ပစ်လွှတ်လိုက်သည့်ပမာ သံမဏိ နောက်ဘက်သို့ လွင့်စင်သွား၏။ သို့သော် သူက လျင်လျင်မြန်မြန်ပင် ထပ်ရပ်လိုက်သည်။ သူ့ရင်ဝတွင်တော့ ဒဏ်ရာတခု ဖြစ်ပေါ်လျက်ရှိသည်။ သို့သော် ထိုဒဏ်ရာမှာ ပြင်ပဒဏ်ရာမျှသာ ဖြစ်သည်။

သံမဏိ အံ့သြသွား၏။ သူက ကိုယ့်ဒဏ်ရာကိုယ်ကို ငုံ့ကြည့်ရင်း ဝမ်းသာအားရနှင့် အော်ဟစ်လိုက်သည်။

"ကျွန်တော် ကာကွယ်လိုက်နိုင်ပြီသခင် ကျွန်တော် သခင့်ရဲ့ မီးလျံငှက်ကို ကာကွယ်လိုက်နိုင်ပြီဗျ"

သံမဏိသည် စုချန်း၏ မီးလျံငှက်ကို မည်သည့်ပြင်ပအကူအညီမှ မယူပဲ သူ့ကိုယ်ခန္ဓာမှ အလိုအလျောက် ကာကွယ်နိုင်လိုက်ခြင်း ဖြစ်သည်။ မူလချီစွမ်းအားပညာရှင် အတော်များများတွင် ထိုကဲ့သို့ အလွှာတခုတည်းနှင့် ကာကွယ်နိုင်သည့် မူလစွမ်းရည်မျိူ း မရှိကြပေ။

"ဟုတ်တယ် မင်း ကာကွယ်လိုက်နိုင်ပြီ ဒါပေမဲ့ မလုံလောက်သေးဘူးကွ"

အက်ဒမန်တင်းမျောက်ဝံဘီလူးသည် စုချန်း၏ ပြင်းထန်အားကောင်းလှသော မီးလျံငှက်ကိုပင် ခုခံတွန်းလှန်နိုင်သည်အထိ အင်အားကြီးမားခဲ့သည် မဟုတ်ပါလား။

"ဒါ ဘာမှ ဂုဏ်ယူစရာ မဟုတ်သေးဘူး မင်းအနေနဲ့ ဒီဆေးကို ဆက်ပြီးမှီဝဲရအုံးမယ် ဆက်ပြီး ကျင့်ကြံအားထုတ်ရအုံးမယ် ဒီထက်ပိုပြီး တိုးတက်လာအောင်လုပ်ဟေ့ သံမဏိ နောက်ဆုံး အက်ဒမန်တင်းမျောက်ဝံဘီလူးထက်ပါ သာသွားအောင် ကြို းစားကွ"

စုချန်းက သွားများပေါ်လာသည်အထိ အားရပါးရ ရယ်မောပြီး ပြောလိုက်သည်။

သူ့ပုံစံမှာ တပည့်ကျော် သံမဏိကို မိမိ အလိုရှိရာ ပုံစံအတိုင်း ပိုသွင်းနေသည်ဟု ထင်စရာရှိသည်။

အမှန်တော့ ထိုကဲ့သို့ မဟုတ်ချေ။

စုချန်းတယောက် သုတေသနလုပ်ငန်းများကို အလွန် စိတ်ဝင်စားနေသောကြောင့်သာ။ ထို့သို့ စိတ်ဝင်စားနေရသည်ကလည်း အောင်မြင်မှုများ အထပ်ထပ်အခါခါ ရရှိနေသောကြောင့်ပင်တည်း။

All Chapters