အသံထက် ဆယ်ဆ မြန်သော
Vol. 6 Ch. 587
အသံ၏ အမြန်နှုန်းသည် တစ်စက္ကန့်လျှင် ၃၄၀ မီတာ ဖြစ်သည်။ ထို့ကြောင့် အသံ၏ ဆယ်ဆ အမြန်နှုန်းသည် တစ်စက္ကန့်လျှင် ၃၄၀၀ မီတာ ဖြစ်သည်။ ထိုကဲ့သို့သော အမြန်နှုန်းဖြင့် ဆိုပါက ကီလိုမီတာ နှစ်ဆယ် အကွာအဝေးကို ငါးစက္ကန့် အတွင်း ရောက်ရှိနိုင်၏။
"ဟူး ..."
အသံရောက်ရှိ မလာခင်မှာပင် အပြာရောင် လျှပ်စီးတန်း အလား အရာ တစ်ခုက ချန်းဖန်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာ၏။
ထိုအရာသည် ကီလိုမီတာ များစွာ အကွာအဝေး၌ ရှိနေသေးသော်လည်း ချန်းဖန်ကမူ မည်သည့် အရာဖြစ်ကြောင်း သတိထားမိနေပြီ ဖြစ်သည်။
ချန်းဖန်သည် သူ၏ နတ်ဘုရား စိတ်အာရုံကို တစ်ဆယ် ကီလိုမီတာခန့် အထိ ဖြန့်ကြက်ထားရာ ထိုအတွင်း ဖြစ်ပျက်နေသော အရာရာအား တွေ့မြင်နိုင်စွမ်း ရှိသည်။
"ဘုန်း ..."
ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ်မှ အစစ်အမှန်ချီများ ပေါက်ကွဲ ထွက်လာကာ အဇူရာ အလင်းအား ဖန်တီး၏။ ထိုခဏတွင်ပင် သူ၏ ရတနာ ခန္ဓာကိုယ်က ခရိုင်စတယ် တစ်ခုအလား အလွန်အမင်း ကြည်လင်လာ၏။ သာမန် မျက်စိဖြင့် ကြည့်လျှင်ပင် ငွေရောင်သွေးများ စီးဆင်းနေသည့် သွေးကြောများကို တွေ့မြင်ရသည်။
"ပျက်စီးစမ်း ..."
ချန်းဖန်က အော်ဟစ်ရင်း လက်သီး တစ်ချက်ကို ထိုးလိုက်သည်။
"ကလန့် ..."
ရုတ်တရက် လေထု အတွင်း၌ သတ္တုချင်း ရိုက်ခတ်သံ တစ်ခု ပေါ်ထွက်လာ၏။
"ဘုန်း ..."
ထို့နောက် သိပ်မကြာခင်မှာပင် ကမ္ဘာတုန်ဟည်း လောက်သော လျှပ်စစ်တိမ်တိုက် ပေါက်ကွဲမှုကြီး တစ်ခု ပေါ်ထွက်လာ၏။
ထိုပေါက်ကွဲမှု၏ အရှိန်ကြောင့် သစ်ပင်များ၊ မြေကြီးများကား မီတာ ရာချီအောင် လွင့်စဉ်ကုန်တော့သည်။
သို့သော်လည်း ပေါက်ကွဲမှုများ အလယ်၌ ချန်းဖန်ကမူ တည်ငြိမ်စွာပင် ရပ်နေသေး၏။ ထိုအရာများကား သူ့အား အနည်းငယ်မျှပင် နာကျင်အောင် လုပ်နိုင်ပုံ မရချေ။
"ဘာလို့ အဲလို ဖြစ်ရတာလဲ"
အစိမ်းရောင် ဆံပင် ပိုင်ရှင် မိန်းကလေးက မြေကြီး အတွင်းမှ ပြန်လည် ပေါ်ထွက်လာပြီး ရေရွတ်လိုက်သည်။ သူမ၏ မျက်နှာက နားမလည်ခြင်းများဖြင့် စိုးမိုးနေသည်။
"အဲဒါက နတ်ဘုရားသတ် လက်နက်လေ ... အထူး ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အပြင် အသံထက် ဆယ်ဆတောင် ပိုမြန်သေးတယ် ... မြေကမ္ဘာ အဆင့် တစ်ယောက်တောင် အဲဒီ တိုက်ခိုက်မှုကနေ လွတ်မှာ မဟုတ်ဘူး ... ချန်းပေ့ရွှမ်းက အဲဒါကို ဘယ်လို တားလိုက်တာလဲ"
"စကားပြောတာ ရပ်ပြီး ဟိုကို ကြည့်စမ်း ... သူ စပြီး လှုပ်ရှားနေပြီ ..."
သုံးမီတာခန့် အမြင့်ရှိသော လူသန်ကြီး တစ်ယောက်က သူမ၏ ဘေးတွင် ပေါ်လာကာ သတိပေးလိုက်သည်။ သူကား အရပ် တစ်မီတာခန့် ပိုရှည်သည်က လွဲ၍ သူမနှင့် မူလ ကတည်းက အတူရှိနေသည့် လူပင် ဖြစ်သည်။
ထိုအချိန်၌ ချန်းဖန်ကမူ အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ သူ့အား တိုက်ခိုက်လိုက်သည့် နေရာရှိရာဘက်သို့ တစ်ဟုန်တည်း ပြေးလွှားနေခဲ့၏။
သူ၏ နတ်ဘုရား စိတ်အာရုံကလည်း ထိုအရပ်သို့ ဦးတည်ကာ အစွမ်းကုန် ဖြန့်ကြက်ထားသည်။
ကီလိုမီတာ နှစ်ဆယ် အကွာတွင်မူ ...
ထိုနေရာ၌ သုံးမီတာခန့် ရှိသော အနက်ရောင် လျှပ်စစ်သံလိုက် အမြောက်တစ်ခု ရှိနေ၏။ ထိုအရာ၏ ပုံစံက သာမန် အမြောက် တစ်ခုနှင့် မတူပဲ အထူး ဒီဇိုင်း ထုတ်ထားသည့် သိပ္ပံ ရုပ်ရှင်များထဲမှ လက်နက် တစ်ခုနှင့်ပင် တူနေသေးသည်။
လျှပ်စစ်သံလိုက် အမြောက်၏ ဘေးတွင်မူ အရပ်ရှည်ရှည်နှင့် ခေါင်းတုံးပြောင်အောင် တုံးထားသော လူတစ်ယောက် ရှိနေသည်။ သူက မြေပြင်ပေါ်၌ ချထားသော ငွေရောင် ဒုံးကျည် တစ်ခုကို ထုတ်ယူကာ လျှပ်စစ်သံလိုက် အမြောက်အတွင်း ထည့်လိုက်သည်။
"ကမ္ဘာပေါ်မှာ ဒီလောက် အထိ တိုးတက်နေတဲ့ လျှပ်စစ်သံလိုက် အမြောက်မျိုး ရှိနေတာလား ..."
ချန်းဖန်မှာ ပြေးနေရင်း အနည်းငယ် အံ့ဩသွားသည်။
လျှပ်စစ်သံလိုက် အမြောက်များသည် စကြဝဠာ အတွင်းရှိ ဖွံ့ဖြိုးပြီး ဂြိုဟ်များ၌ပင် အဆင့်တစ်ခု ရှိသော လက်နက်များ ဖြစ်သည်။
ယခု ချန်းဖန်ကို တိုက်ခိုက်လိုက်သော အမြောက်က အသံထက် အဆရာထောင်ချီ မြန်သော အစစ်အမှန် လျှပ်စစ်သံလိုက် အမြောက်များကို မမီသည့်တိုင် အလွန် အစွမ်းထက်သည်ဟု ဆိုနိုင်သည်။
အကယ်၍ ချန်းဖန်သာ သတိမထားမိပါက ထိုတိုက်ခိုက်မှုကြောင့် အကြီးအကျယ်ပင် ဒဏ်ရာ ရသွားနိုင်သည်။
လျှပ်စစ်သံလိုက် အမြောက်နှင့် တစ်ဆယ် ကီလိုမီတာ အကွာသို့ အရောက်၌ ချန်းဖန်သည် သူ့အား ဆီးကြိုနေသည့် လူဖြူ တစ်ယောက်အား တွေ့ရ၏။
"ငါ့လမ်းက ဖယ်စမ်း ..."
ချန်းဖန်က အော်ငေါက်ရင်း ထိုလူအား လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
"ဘုန်း ..."
ချန်းဖန်၏ လက်သီးချက်ကြောင့် လူဖြူမှာ မီတာ သုံးဆယ်ခန့် အကွာအဝေး အထိ လွင့်စဉ်ကာ အနောက်ရှိ ကျောက်ဆောင်နှင့် ရိုက်မိ၏။
ပြင်းထန်သော ရိုက်ခတ်မှု အရှိန်တွင် သူ၏ တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးကြေကာ တစ်ခါတည်း အသက် ထွက်သွားတော့သည်။
"ရပ်လိုက်စမ်း ..."
ထိုခဏတွင်ပင် အခြား လူတစ်ယောက် ချန်းဖန်၏ အရှေ့၌ ပေါ်လာ၏။
သူသည် နှစ်မီတာခန့် ရှည်သော လူဖြူ တစ်ယောက် ဖြစ်ကာ ထူထဲသော အနက်ရောင် ဝတ်စုံအား ဝတ်ဆင်ထားသည်။ သူ၏ တစ်ကိုယ်လုံးသည် ထိုဝတ်စုံ၏ ကာကွယ်မှု အောက်၌ တည်ရှိပြီး သူ၏ မျက်လုံးများကိုပင်လျှင် အပြာရောင် ခရိုင်စတယ်များဖြင့် ကာရံထားသည်။
ထိုလူကြီးက လက်တစ်ဖက်ဖြင့် ဓားတစ်ချောင်းအား ဆွဲကိုင်ကာ အခြား တစ်ဖက်ဖြင့် ဒိုင်းကာ တစ်ခုအား ကိုင်ဆောင်ထားသည်။
"ဘုန်း ..."
ချန်းဖန်က အနက်ရောင် ဝတ်စုံဝတ် လူအား လက်သီးဖြင့် ထိုးလိုက်၏။
အနက်ရောင် ဝတ်စုံဝတ်လူက ဒိုင်းကာဖြင့် ဆီးခံသည်။ လက်သီး၏ အရှိန်ကြောင့် အနက်ရောင် ဝတ်စုံဝတ်လူသည် နောက်သို့ လွင့်စဉ် သွားသည့်တိုင် ဆိုးဆိုးရွားရွား ထိခိုက်သွားပုံ မရပဲ ပြန်လည် ထရပ်လာ၏။
"ဟမ် ..."
ချန်းဖန်က အနည်းငယ် အံ့အားသင့်သွား၏။
သူထိုးလိုက်သော လက်သီးချက်သည် သူ၏ စွမ်းအား အပြည့်အဝကို ကိုယ်စား မပြုသည့်တိုင် သာမန် တန်ခိုးရှင် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သည့် အင်အားများ ပါဝင်သည်။
သို့သော်လည်း ထိုလက်သီးချက်ကား အနက်ရောင် ဝတ်စုံဝတ် လူ၏ ဒိုင်းကို မဖျက်ဆီးလိုက်နိုင်ချေ။
"နောက်တစ်ခါ ..."
ချန်းဖန်က သူ၏ အစစ်အမှန်ချီများအား စုစည်းရင်း လက်သီးတစ်ချက် ထိုးလိုက်ပြန်၏။
ထိုလက်သီးချက်က နဂါး တစ်ကောင်၏ အသွင်ကို ယူရင်း ဝတ်စုံနက်လူထံ တိုးဝင်သည်။
"ဘုန်း ..."
ထိုလက်သီးချက်တွင်မူ အနက်ရောင် ဝတ်စုံဝတ် လူကား တောင့်ခံနိုင်ခြင်း မရှိတော့ချေ။ သူ၏ ခန္ဓာကိုယ် အရိုးများ ကျိုးကြေသွား သကဲ့သို့ သူ၏ ဒိုင်းကာသည်လည်း ပေါက်ကွဲသွားသည်။
"ဟူး ..."
ထိုခဏတွင်ပင် အစိမ်းရောင် အလင်း တစ်ခုက အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ ချန်းဖန်ထံ တိုးဝင်လာ၏။
ထိုအလင်းက လမ်းကြောင်း တစ်လျှောက်ရှိ ကျောက်ဆောင်များ၊ သစ်ပင်များ အရာရာကို ဖြတ်သန်းကာ ချန်းဖန်အား ဝါးမျိုရန် ကြိုးစားသည်။
"တိုက်ခိုက်တဲ့သူက ဝိညာဉ်စွမ်းအား ပညာရှင် တစ်ယောက် ဖြစ်ရမယ် ... သူက တန်ခိုးရှင် အဆင့်တောင် ဖြစ်နေနိုင်တယ်"
ချန်းဖန်က တွေးရင်း မျက်မှောင်ကြုတ် လိုက်မိသည်။
သူကား အသံ၏ အမြန်နှုန်းကို ချိုးဖောက်ထားသည် ဖြစ်ရာ သာမန်လူများ မမြင်နိုင်သည် အထိ မြန်ဆန်နေပြီ ဖြစ်သည်။ သို့သော်လည်း ခေါင်းတုံးလူသည် ယခုထိ သူ့အား ခြေရာခံနေနိုင်ဆဲ ဖြစ်သည်။
ထိုအရာက သူ၏ ဝိညာဉ် စွမ်းအင်မှာ ချန်းဖန်နှင့်ပင် နှိုင်းယှဉ်နိုင်သည့် အဆင့်တစ်ခုသို့ ရောက်နေခြင်းကြောင့်ပင် ဖြစ်နိုင်သည်။
"ဟူး ..."
ယခု တစ်ကြိမ်တွင်မူ ချန်းဖန်က အစိမ်းရောင် အလင်းကို မခုခံတော့ပဲ ကောင်းကင်သို့ ပျံတက်လိုက်သည်။ ထို့နောက် သူက လျှပ်စစ်သံလိုက် အမြောက် ရှိရာသို့ လျင်မြန်စွာ ပျံသန်း၏။
တစ်ဆယ် ကီလိုမီတာ ...
ခုနစ် ကီလိုမီတာ ...
ငါး ကီလိုမီတာ
ချန်းဖန်သည် တဖြည်းဖြည်း နီးလာသည်နှင့် လျှပ်စစ်သံလိုက် အမြောက်နှင့် ခေါင်းတုံးလူအား တွေ့မြင်လိုက်ရသည်။ ခေါင်းတုံးလူသည် ဒုံးကျည် တစ်ခုကို အမြောက်အတွင်း ကပျာကယာ ထည့်ရန် ကြိုးစားလိုက်၏။
ချန်းဖန်က ကောင်းကင်မှ ဆင်းသက်ကာ ကတုံးလူ၏ အရှေ့သို့ ကျသည်။ ရုတ်တရက် ခေါင်းတုံးလူက အမြောက်အား ဂရုမစိုက်တော့ပဲ ချန်းဖန်ကိုသာ သူ၏ မျက်လုံးပြာများဖြင့် စူးစိုက် ကြည့်လိုက်၏။
"မင်းကို မိပြီ ..."
"သောက်ပြဿနာပဲ ..."
ရုတ်တရက် ချန်းဖန်၏ မျက်နှာက မည်းမှောင်သွားသည်။
သူ၏ နတ်ဘုရား စိတ်အာရုံကမူ တစ်ဆယ် ကီလိုမီတာ အကွာအဝေး အရပ်မျက်နှာ နှစ်ခုမှ သူ့ထံသို့ တိုးဝင်လာနေသော ဒုံးကျည် နှစ်စင်းအား အာရုံခံ နေမိသည်။ ထို ဒုံးကျည်များသည် အသံ၏ အဆ နှစ်ဆယ် အထိပင် လျင်မြန်၏။
ထိုအရာက တစ်စက္ကန့်လျှင် ၆.၈ ကီလိုမီတာ အထိ ရှိသော အမြန်နှုန်း ဖြစ်သည်။ ထိုကဲ့သို့သော အမြန်နှုန်းက သာမန်လူသားများ အတွက် တုံ့ပြန်နိုင်သော အကန့်အသတ်အား ကျော်လွန်၍ နေသည်။
ချန်းဖန်ပင်လျှင် ထိုအရာကို အာရုံခံမိသည့်တိုင် အချိန်မီ မတုံ့ပြန် နိုင်ခဲ့ချေ။
"ဘုန်း ... ဘုန်း ..."
ဒုံးကျည် နှစ်ခုက ဘယ်ညာ နှစ်ဖက်တွင် ညှပ်ကာ ချန်းဖန် ရှိရာသို့ ကျသည်။ ထိုခဏတွက်ပင် ချန်းဖန် ရပ်နေခဲ့သော နေရာ တစ်ဝိုက်ကား လျှပ်စစ်ပင်လယ်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွား၏။
"ချန်းပေ့ရွှမ်း သေသွားပြီလား ..."
တစ်ဆယ်ကီလိုမီတာ အကွာရှိ တောင်ကုန်း တစ်ခု ပေါ်၌ လူနှစ်ယောက် မတ်တပ် ရပ်နေခဲ့သည်။
တစ်ယောက်မှာ ရွှေဝါရောင် ဆံပင်ရှည်နှင့် ဖြစ်ကာ အခြား တစ်ယောက်က လူမည်း ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ် တစ်ဝိုက်တွင်မူ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ခုက တောက်လောင်နေ၏။
"ဒါက ဆယ်စုနှစ်နဲ့ ချီပြီး သုတေသန လုပ်ထားတဲ့ နတ်ဘုရားသတ် လက်နက်ပဲလေ ... ဒီ လက်နက်က နတ်ဘုရားတွေကို သတ်ဖို့ အထူး ဒီဇိုင်းဆွဲပြီး လုပ်ထားတာ ... ချန်းပေ့ရွှမ်း မပြောနဲ့ ... မြေကမ္ဘာ အဆင့် တစ်ယောက်တောင် ဒီတိုက်ခိုက်မှုက လွတ်မှာ မဟုတ်ဘူး"
ရွှေရောင်ဆံပင် ပိုင်ရှင်က ဆိုလိုက်၏။
သူတို့ စကားပြောနေစဉ်မှာပင် လျှပ်စစ်ပင်လယ်ကြီး အတွင်းမှ ရွှေရောင် အလင်းတစ်ခု ကောင်းကင်အား ဖြတ်ကာ ပျံတက်လာ၏။
***