← Chapters

ဦးလည်မသုံ

Vol. 24 Ch. 235

ဦးလည်မသုံ

Vol. 24 Ch. 235

"အဖွဲ့အစည်းဟာ မင်းကို အချိန်အများကြီး ပေးခဲ့ပြီးပြီ အထောက်အပံ့တွေ အများကြီး ပေးခဲ့ပြီးပြီ ခုကတော့ မင်းဘက်က ပြန်ပေးရမဲ့အချိန်ပဲ"

မာရန်းချီက မည့်သည့်ခံစားချက်မှ မရှိသော မျက်နှာပေးနှင့် ပြောလိုက်သည်။

"ဘာအထောက်အပံ့မှ ကျူ ပ်မရပါလား"

စုချန်းက ပြန်ပြောလိုက်သည်။

"ကျူ ပ် ဒီကိုလာတာ မင်းကို အသိပေးဖို့ မင်းနဲ့ ဆွေးနွေးဖို့ မဟုတ်ဘူး"

မာရန်းချီက ပြောလိုက်၏။ သူ့လေသံမှာကား အေးစက်လှသည်။ ထိုအခါ စုချန်းက ခေတ္တမျှ စဉ်းစားဟန်ပြု ပြီး စောဒကတက်လိုက်ပြန်သည်။

"ကျူ ပ် အကြီးအကဲစန်းနဲ့ စကားပြောချင်တယ်"

"မလိုတော့ဘူး"

"အရင်အချိန် အရင်နေရာမှာပဲ"

"ကျူ ပ်ပြောနေတယ်လေ မလိုတော့ဘူးလို့"

မာရန်းချီ၏ လေသံမှာ ဒေါသသံပါလာ၏။ ထိုအခါ စုချန်းက မာရန်ချီကို ပြန်ကြည့်ရင်း အေးစက်သော လေသံနှင့် တခွန်းချင်း ပြောလိုက်သည်။

"အကြီးအကဲစန်းရဲ့ နည်းလမ်းတွေဟာ သိပ်ပြီး ပျော့ပြောင်းနေတယ်လို့ ခင်ဗျား ထင်နေသလား သူ ကျူ ပ်ကို အလျှော့ပေးတယ်ဆိုတာ ကျူ ပ်ကိုဖိအားပေးလို့မရမှန်း သူသိလို့ လို့များခင်ဗျား မတွေးမိဘူးလား ကျူ ပ်ဟာ အရာခတ်သိမ်းကို ဖျက်ဆီးပစ်ဖို့ ဝန်လေးနေမယ်လို့ ခင်ဗျား ထင်နေတာလား ခင်ဗျား အင်အားကြီးတယ်ဆိုရုံနဲ့ ကျူ ပ်ကိုကြောက်အောင်လုပ်နိုင်လိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား"

"ထင်တယ်ဆိုရင်ကော ဘာဖြစ်သလဲကွာ"

မာရန်းချီက အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။

စုချန်း ပြောသကဲ့သို့ပင် စုချန်းနှင့် နဂါးကျောင်းတော်အတွင်း တွေ့ဆုံရန် မာရန်းချီ ဆုံးဖြတ်လိုက်ခြင်းမှာ နဂါးကျောင်းတော်သည် မည်သည့်အကာအကွယ်မှ မပေးနိုင်ကြောင်း စုချန်း သိရှိသွားစေလို၍ ဖြစ်သည်။ မာရန်းချီ အဓိက လိုချင်သည်မှာ သူသည် နဂါးကျောင်းတော်အတွင်း အချိန်မရွေး ဝင်ရောက်နိုင်ပြီး စုချန်းအား သတ်ပစ်နိုင်ကြောင်း စုချန်းကိုယ်တိုင် သဘောပေါက်သွားစေလိုခြင်းပင်။

ထိုအခိုက်မှာပင် စုချန်း၏ လက်ထဲတွင် မီးလျံသိမ်းငှက်တကောင် ပေါ်ပေါက်လာ၏။ မထင်မှတ်သော မြင်ကွင်းကြောင့် မာရန်းချီ အံ့သြသွားသည်။

"ဘာလဲ မင်းက ကျူ ပ်ကို တိုက်ခိုက်ချင်တာလား"

ဘာမဟုတ်သည့် ချီစွမ်းအားပညာရှင်တယောက်က သူ့ကို တိုက်ခိုက်မတဲ့လား။

မာရန်းချီ လုံးဝ မယုံနိုင်ပဲ ဖြစ်နေ၏။

ဒီကောင် ကိုယ့်ဟာကိုယ် သတ်သေဖို့ ကြံစည်နေတာများလား...

စုချန်း၏ အေးစက်စက်လေသံက ထပ်မံ ထွက်ပေါ်လာသည်။

"ကျူ ပ် နောက်တကြိမ် ထပ်ပြောမယ် ကျူ ပ် အကြီးအကဲစန်းနဲ့ စကားပြောချင်တယ် အရင်အချိန် အရင်နေရာမှာပဲ သူ့ကို ပြောလိုက်ဖို့ မမေ့ပါနဲ့"

စကားဆုံးသည်နှင့် စုချန်း၏ လက်ထဲမှ မီးလျံသိမ်းငှက်သည် လေထဲသို့ ပျံတက်သွား၏။

စုချန်း၏ မီးလျံသိမ်းငှက်ကို မာရန်းချီ ဂရုမစိုက်။ ဤအဆင့်အတန်း တိုက်ခိုက်မှုမျိူ းလောက်ကို သူ့အနေနှင့် အကာအကွယ်ပင် ထုတ်သုံးစရာမလို။ သို့သော် မီးလျံသိမ်းငှက်သည် လေထဲမှာပင် ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး အောက်ဘက်သို့ စိုက်ဆင်းကာ မြေကြီးကို ထိမမှန်သွား၏။ ပေါက်ကွဲမှုကြောင့် ကျယ်လောင်သော အသံနက်ကြီး ထွက်ပေါ်လာသည်။

"သေစမ်း"

မာရန်းချီ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွား၏။ အကြောင်းမှာကား...

နဂါးကျောင်းတော်တခုလုံးသည် ဆရာများအနေနှင့် ကျောင်းတော်ကို အချိန်နှင့် တပြေးညီ စောင့်ကြည့်နိုင်စေရန် သတင်းပို့ပေးနေသော ထူးခြားသည့် မူလစွမ်းအင်ပုံစံကွက်ကြီးတခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုပုံစံကွက်၏ ဆုံချက် အမှတ်များသည် ကျောင်းတော်တခုလုံးတွင် ထူထပ်သိပ်သည်းစွာ ပျံ့နှံ့လျက်ရှိသည်။ စုချန်းနှင့် တွေ့ဆုံရန်အတွက် မာရန်းချီ ဤနေရာကို ရွေးချယ်ထားခြင်းကလည်း ဤနေရာတွင် ပုံစံကွက်၏ ဆုံချက်အမှတ်များ သိပ်မရှိသောကြောင့် ဖြစ်သည်။

ယခု စုချန်း၏ မီးလျံသိမ်းငှက်က ထိုဆုံချက် အမှတ်ကိုမှ တိုက်ရိုက်ပင် ထိမှန်သွားခဲ့လေပြီ။ ကြီးမားသော ပေါက်ကွဲမှုကြောင့် မူလစွမ်းအင်ပုံစံကွက်သည် ရုတ်တရက် ကျိူ းပဲ့သွား၏။ ထိုအခါ မူလစွမ်းအင် မတည်ငြိမ်မှုများ ပေါ်ပေါက်လာတော့သည်။ သိပ်မကြာခင် ဤနေရာသို့ ဆရာများ ရောက်ရှိလာတော့မည် ဖြစ်သည်။

"ခွေးမသား"

မာရန်းချီ ဒေါသတကြီးနှင့် အော်ဟစ်ဆဲဆိုလိုက်သည်။

စုချန်းကား မာရန်းချီ၏ ဒေါသကို အနည်းငယ်မျှပင် ဂရုမစိုက်။ မီးလျံသိမ်းငှက်ကို နောက်တကြိမ် ဖော်ထုတ်လိုက်ပြန်၏။ ဤတကြိမ်တွင်တော့ သူ့မီးလျံသိမ်းငှက်က မာရန်းချီကို ရည်ရွယ်သည်။

မာရန်းချီ ပို၍ ဒေါသထွက်လာ၏။ သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စုချန်း၏ မီးလျံသိမ်းငှက်ကို လက်သီးနှင့် ထိုးချလိုက်သည်။ မီးလျံသိမ်းငှက်သည် ရစရာမရှိအောင် ပြိုကွဲသွားပြီး မီးတောက်မီးလျံများ ကောင်းကင်ပေါ်သို့ တိုးထွက်ကုန်၏။ သူသာ ဆန္ဒရှိပါက ဤလက်သီးချက်နှငိ့ပင် စုချန်းကို အမှုန့်ကြိတ်ပစ်နိုင်သည်။ သို့သော် သူမလုပ်ချေ။ ရှင်သန်ခြင်းကျောင်းတော်အနေနှင့် ဤအချိန်ရောက်အောင် အကြာကြီး စောင့်ခဲ့ရသည်။ ယခု စုချန်းကိုသာ သူ သတ်လိုက်ပါက ရှင်သန်ခြင်းကျောင်းတော်၏ ကြိုးစားအားထုတ်မှုများအားလုံး သဲထဲရေသွန် ဖြစ်ရပေတော့မည်။

ထိုအခိုက်မှာပင် စုချန်း အဘယ်ကြောင့် သူ့ကို အာခံနေမှန်း မာရန်းချီ သဘောပေါက်သွား၏။

အကြောင်းမှာ အကြွေးတင်နေသောကြောင့်ပင်။

အကြွေးတင်နေသောကြောင့် ကြွေးရှင်က ကြွေးတင်နေသူကို ခွင့်လွှတ်ပေးနေရသည့် အဖြစ်။ အခံရခက်လှချေသည်တကား။

ခွေးမသား...ညစ်ပတ်စုတ်ပဲ့တဲ့ ခွေးမသား...

မာရန်းချီ အကြီးအကျယ် ဒေါသထွက်နေခဲ့လေပြီ။ သို့သော် စုချန်းကို သူ ဘာမှ ပြန်မလုပ်နိုင်။ ထိုအခါ သူက မတတ်သာတော့ပဲ စုချန်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပေးလိုက်ရတော့သည်။

ထိုအခိုက်မှာပင် ဟေစီးဟုန်သည် နာကျင်စွာ အော်ဟစ်ပြီး မြေကြီးပေါ်သို့ လဲပြိုသွား၏။ သူ့ဦးခေါင်းတခုလုံးမှာကား စုချန်း၏ လက်ချက်ကြောင့် မုန့်မုန့်ညက်ကြေသွားလေသည်။

အမှန်တော့ စုချန်း၏ မီးလျံငှက်မှာ မာရန်းချီကို အာရုံပြောင်းစေရန်သာ ရည်ရွယ်ခြင်းဖြစ်သည်။ သူ၏ တကယ့်ပစ်မှတ်ကတော့ ဟေစီးဟုန်သာ။ ဟေစီးဟုန်ကား စုချန်း၏ တိုက်ခိုက်မှုကို လုံးဝ မျှော်လင့်မထားလေရာ တချက်တည်းနှင့် အငိုက်မိသွား၏။ သူ၏ တိုက်ခိုက်မှု အောင်မြင်သွားသည်နှင့် စုချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"တယောက်ယောက် မြန်မြန်လာကြပါအုံး ဟောဒီမှာ လူတယောက် နဂါးကျောင်းတော်ထဲကို ခိုးဝင်လာတယ်ဗျိူ့"

စုချန်း၏ လုပ်ရပ်ကြောင့် မာရန်းချီ ပြင်းထန်စွာ ဒေါသထွက်လာ၏။ တဖက်တွင်လည်း သူက စုချန်းကိုကြည့်ပြီး အံ့သြနေလေသည်။

စုချန်းကား လုံးဝဥသုံ စွန့်စားလိုက်ခြင်း ဖြစ်သည်။ ဤလုပ်ရပ်ကြောင့် သူနှင့် ရှင်သန်ခြင်းကျောင်းတော်၏ ဆက်ဆံရေး ပျက်ပြားသွားပြီဟု ဆိုနိုင်သည်။ သို့သော် ဤသကောင့်သားကား ထိုကိစ္စကို အနည်းငယ်မျှပင် ထည့်တွက်ပုံမရ။ သူသည် "အရာရာကို ဖျက်ဆီးပစ်ဖို့ ဝန်လေးနေမယ်လို့ ခင်ဗျားထင်နေသလား"ဟူသော စကားကို အပြောနှင့်တင် မဟုတ် လုပ်ရပ်နှင့်ပါ သက်သေပြလိုက်ခြင်း ဖြစ်သည်။ တယ်လဲ သတ္တိကောင်းသည့် သကောင့်သားပါကလား။

သို့သော် ထိုသို့ စဉ်းစားခြင်းကြောင့် မာရန်းချီ ကြောက်လန့်သွားပြီဟုတော့ ယူဆ၍မရ။ သူက စူးရှသော မျက်လုံးအစုံနှင့် စုချန်းကို စိုက်ကြည့်ပြီး သွားကြားထဲမှ ထွက်လာသော အသံနှင့် ပြောလိုက်သည်။

"ခွေးမသား မင်း သိပ်ပြီးသတ္တိကောင်းနေတယ်ပေါ့ ဟုတ်လား"

ထိုအချိန်တွင် စုချန်း၏ အော်သံကို ဆရာတယောက်က ကြားသွားပြီဖြစ်သည်။ ကြီးမားသော လက်ကြီးတချောင်း ကောင်းကင်ပေါ်မှ ကျလာ၏။ ၎င်းကိုကြည့်ရသည်မှာ တောင်ကြီးတလုံး ကမ္ဘာမြေကြီးပေါ်သို့ ပြုတ်ကျလာသည်နှင့်ပင် တူနေသေးသည်။

နဂါးကျောင်းတော်မှဆရာများသည် အလွန်အင်အားကြီးမားသော်လည်း မာရန်းချီကတော့ လုံးဝမကြောက်။ သို့သော် သူရောက်နေသည့်နေရာက နဂါးကျောင်းတော်ဖြစ်နေ၏။ သူနှင့်အဆင့်တူ ချီစွမ်းအားပညာရှင်များ အများကြီး ရှိနေနိုင်သည်။ အလင်းတုန်ခါခြင်းနယ်ပယ် ချီစွမ်းအားရှင် တယောက်လောက်ကို သူအနိုင်တိုက်နိုင်သော်လည်း အုပ်စုလိုက်ဆိုပါက သူ သက်သာလိမ့်မည်မဟုတ်။

ဤတိုက်ပွဲကို ဆက်မတိုက်သင့်မှန်း မာရန်းချီ သဘောပေါက်လိုက်ပြီ။ သူ့ကိုယ်ခန္ဓာသည် အလင်းတန်းတခုပမာ လေထဲတွင် လှစ်ခနဲ ပျောက်ကွယ်သွား၏။ ထိုအခါ ကြီးမားသော လက်ဝါးကြီးသည် မြေကြီးကိုသာ ရိုက်မိပြီး တွင်းပေါက်ကြီးတပေါက် ဖြစ်ပေါ်လာလေသည်။ တဆက်တည်းမှာပင် လေထဲမှ ဒေါသထွက်နေဟန်တူသော အသံတသံကို စုချန်း ကြားလိုက်ရသည်။

"ဒီကောင် ထွက်ပြေးသွားတာကလည်း မြန်လှချည်လား ဟေ့ ကောင်လေး ဒီတခါလည်း မင်းပဲဖြစ်နေပါလား ခိုးဝင်လာတဲ့ကောင် ဘယ်သူလဲ မင်းသိလား"

ဤတခါတွင်လည်း ဂျီဟန်းယင်၏ ဆရာပင် ဖြစ်နေပြန်ချေ၏။ စုချန်းက အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။

"ဆရာ ခိုးဝင်လာတဲ့လူဟာ ရှင်သန်ခြင်းကျောင်းတော်ကပါ ခင်ဗျာ"

"ရှင်သန်ခြင်းကျောင်းတော် ဟုတ်လား"

ဂျီဟန်းယင်ဆရာ၏ ဒေါသတကြီး ဟိန်းဟောက်သံသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားလေသည်။ ထိုအသံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် မာရန်းချီ၏ ဖုံးကွယ်မှုနည်းစနစ် ပျက်ပြယ်သွားပြီး သူ့ပါးစပ်မှလည်း သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်သည်။

သူသည် ရှင်သန်ခြင်းကျောင်းတော်နှင့် ပတ်သက်ကြောင်း မြန်မြန်ဆန်ဆန် ရှာတွေ့သွားနိုင်မည့် သဲလွန်စ တစုံတရာကို စုချန်း ထုတ်ဖော်ပြောဆိုတော့မည်ဖြစ်ကြောင်း မာရန်းချီ သဘောပေါက်လိုက်ပေပြီ။ စုချန်းတယောက် ဤမျှ ဆုံးဖြတ်ချက်ပြတ်သားလိမ့်မည်ဟု မာရန်းချီ လုံးဝထင်မထား။ အနှီလူငယ်၏ စိတ်ဓာတ်ပြတ်သားခိုင်မာလှပုံကို စဉ်းစားပြီး မာရန်းချီ၏ နှလုံးသားသည် ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်လှုပ်ရှားနေခဲ့လေပြီ။

ထိုအချိန်မှာပင် ကောင်းကင်ပေါ်မှ လူတယောက် ခုန်ဆင်းလာ၏။ ထိုလူမှာ အဖိုးအိုတယောက်ဖြစ်ပြီး အသက်အရွယ်နှင့်မလိုက်အောင် ဗလတောင့်လှသည်။ ထိုအဖိုးအိုသည် အိုမင်းလှသော်လည်း သူ့ကိုယ်ပေါ်မှ ကြွက်သားများမှာကား အထင်ကြီးစရာကောင်းလောက်အောင် သန်မာတောင့်တင်းလှသည်။ ဇရာသည် သူ့အား ဖျက်ဆီးနိုင်ပုံမရ။ အသက်ကြီးနေသော်လည်း ယခုတိုင် ရန်လိုပြီး တပါးသူအပေါ် လွှမ်းမိုးနိုင်သည့် အရှိန်အဝါတမျိူ း ထိုအဖိုးအို ကိုယ်မှ ထွက်ပေါ်နေလေသည်။

အဖိုးအိုသည် မြေကြီးပေါ်သို့ ရောက်သည်နှင့် စုချန်းကို မေးခွန်းထုတ်လိုက်သည်။

"ဟဲ့ကောင်လေး ခိုးဝင်လာတဲ့ကောင်ဟာ ရှင်သန်ခြင်းကျောင်းတော်ကလို့ မင်းပြောလိုက်သလား ဘာတွေဖြစ်နေကြတာလဲ ဒီအလောင်းကကော ဘယ်သူ့အလောင်းလဲ"

စုချန်းက ပြန်ဖြေလိုက်သည်။

"သူ့နာမည် ဟေစီးဟုန်လို့ခေါ်ပါတယ် နဂါးကျောင်းတော်က ကျောင်းသားပဲ ဒါပေမဲ့ သူဟာ ရှင်သန်ခြင်းကျောင်းတော်အတွက်လည်း အလုပ်လုပ်ပေးနေတယ် ကျွန်တော့ကို ဒီနေရာရောက်အောင် သူ ခေါ်လာတာ"

"ခွေးမသား"

အလောင်းသည် လမ်းမှားလိုက်နေသော ကျောင်းသားမှန်း သိသွားသည်နှင့် တပြိုင်နက် အဖိုးအိုက ဆဲဆိုလိုက်သည်။ တဆက်တည်းမှာပင် သူက စုချန်းကို မေးခွန်းထုတ်လိုက်၏။

"သူတို့က မင်းကို ဘာလုပ်ဖို့ လာရှာတာလဲ"

"သူတို့က ကျွန်တော့ကို သူတို့အတွက် အလုပ်လုပ်ပေးဖို့ စည်းရုံးသိမ်းသွင်းနေတာ"

စုချန်းက ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်သည်။

"ဘာကြောင့်လဲ ဘာကြောင့်မင်းကို စည်းရုံးသိမ်းသွင်းနေတာလဲ"

"ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပါရမီရှင် ဖြစ်နေလို့ပေါ့"

စုချန်း၏ အကြောင်းပြချက်က အမြီးအမောက်မတည့် ဖြစ်နေဟန်တူသည်။ သူ့စကားကို ကြားသည်နှင့် အဖိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်၏။

"စိတ်ဝင်စားစရာ အကြောင်းပြချက်ပဲကွ ဟား ဟား ဟား ဘာတဲ့ မင်းက ပါရမီရှင် ဟုတ်လား ရှီကိုင်းဟွမ်ရဲ့ တပည့်ကို ငါတို့တောင် သတိမထားမိပဲ ရှင်သန်ခြင်းကျောင်းတော်က အရင်သတိထားမိတယ်ပေါ့ ဟုတ်လား စိတ်ဝင်စားစရာပဲဟေ့"

"ပြောစရာက တခုပဲရှိတယ် မင်းတို့တွေအားလုံး မျက်လုံးကန်းနေလို့ ဒါကို မမြင်တာပေါ့ကွ"

စကားသံနှင့်အတူ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရှီကိုင်းဟွမ် တောစပ်တနေရာမှ ထွက်ပေါ်လာ၏။

"ရှင်သန်ခြင်းကျောင်းတော်က ကြွက်တကောင်ဟာ ကျောင်းထဲထိ ဝင်လာပြီး ကျူ ပ်တပည့်ကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့တယ် ဟေ့ ဖန့်ဟုန်လိ မင်းက ဒါတောင် ရယ်နိုင်သေးတာပေါ့ ဟုတ်လား"

အဖိုးအို၏ နာမည်မှာ ဖန့်ဟုန်လိပင် ဖြစ်သည်။

"သူ အဆင်ပြေနေရင် ပြီးတာပဲ မဟုတ်ဘူးလားကွ"

အဖိုးအိုက ခေါင်းမော့ရင်း အားရပါးရ ရယ်မောလိုက်ပြန်သည်။

"ဝင်လာတဲ့ သူခိုးဟာ ကောင်းကင်ဖုံးကွယ်ခြင်း နည်းစန်ကို သုံးထားတာပဲ ဒီကောင်ဝင်လာတာ ကျူ ပ်တို့ မသိလိုက်တာ ဘာမှမဆန်းဘူး မဆိုးဘူး ကောင်လေး မင်းကဟဒီကောင့်နည်းစနစ်ရဲ့ အားနည်းချက်ကို ရှာတွေ့ပြီး တချက်တည်းနဲ့ အပိုင်တိုက်လိုက်နိုင်တာပဲကိုး"

"ဒါတွေအားလုံးဟာ ကျွန်တော့ရဲ့ဆရာ အသင်အပြကောင်းလို့ပါခင်ဗျာ"

စုချန်းက တလေးတစားပင် ပြန်ဖြေလိုက်သည်။ နောက်ဆုံးတွင်တော့ သူသည် ကောင်းကောင်းမွန်မွန် သင်ယူနိုင်ခဲ့ပြီး နဂါးကျောင်းတော်၏ ပါရမီရှင်များအနက် တယောက် ဖြစ်လာခဲ့ပေပြီ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ထက် သာလွန်သူဟူ၍ အနည်းငယ်သာရှိပြီး သူ့ကဲ့သို့ အမြင်စူးရှမျိူ းကတော့ လူတိုင်းတွင် မရှိပေ။

"ဒါပေမဲ့ နည်းနည်းလွဲနေတာလေးတော့ ရှိနေသေးတယ်ကွ"

ဖန့်ဟုန်လိက ရုတ်တရက် ပြောလိုက်သည်။

"ဘာတွေ လွဲနေလို့လဲ"

ရှီကိုင်းဟွမ်က ပြန်မေးလိုက်သည်။

"စုချန်းက တဖက်လူရဲ့ ပုံဖျက်နည်းစနစ်ကို ဖျက်ဆီးပြီး အသက်သုံးခါရှုစာအတွင်း ကျူ ပ် ဒီနေရာကို ရောက်လာတာပဲ အသက်သုံးခါရှုစာဆိုတာ သိပ်လည်းမများဘူး သိပ်လည်းမနည်းဘူး ဒါပေမဲ့ အဲဒီကောင် စုချန်းကို သတ်ပြီးမှ ထွက်ပြေးသွားဖို့တော့ လုံလောက်တယ် ဒါပေမဲ့ ဒီကောင် စုချန်းကို ဘာမှ မလုပ်ခဲ့ဘူး ဒါ အဓိပ္ပါယ်မရှိဘူးကွ ကျူ ပ်ထင်တာသာ မမှားဘူးဆိုရင် ထွက်ပြေးသွားတဲ့ကောင်ရဲ့ အဆင့်ဟာ အလင်းတုန်ခါခြင်းနယ်ပယ်မှာ ရှိတယ်"

ရှီကိုင်းဟွမ် ဘာမှပြန်မပြော။ တပည့်ဖြစ်သူကိုသာ ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။ စုချန်း၏ မျက်နှာမှာ ပကတိ တည်ငြိမ်နေ၏။

"သူ ကျွန်တော့ကို ဘယ်တိုက်ခိုက်ရဲပါ့မလဲ သူမှ ခေါင်းမခံရဲတာကိုး"

"ဘယ်လို ဘယ်လို ခေါင်းမခံရဲဘူး ဟုတ်လား"

ဖန့်ဟုန်လိ အံ့သြသွား၏။ စုချန်းက ရှင်းပြလိုက်သည်။

"ကျန်တာတွေကို မပြောနဲ့အုံး ကျွန်တော်ဟာ ကိုယ်ပျောက်ပိုက်ကွန်၊ မီးလျံစက်လုံး၊ အက်ဒမန်တင်း စစ်ပွဲသုံးကိုယ်ခန္ဓာနည်းစနစ်ကို တီထွင်သူပဲ ဒါတင်မကသေးဘူး ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကိုလည်း အပြီးသတ်နိုင်ခဲ့တယ် ဒါကြောင့် ကျွန်တော်ဟာ ရှင်သန်ခြင်းကျောင်းတော်အတွက် အင်မတန် တန်ဖိုးကြီးမားနေတယ် ဒီအခြေအနေမှာ ကျွန်တော်ကို သတ်လိုက်ရင် သတ်တဲ့သူကို ရှင်သန်ခြင်းကျောင်းတော်က ဘယ်ကျေနပ်ပါ့မလဲ"

စုချန်း၏ စကားကြောင့် ဖန့်ဟုန်လိ ဘာပြောရမှန်းမသိ ဖြစ်သွား၏။ သို့သော် သူက မကျေနပ်နိုင်သေးပဲ ထပ်မံ မေးခွန်းထုတ်ရန် ဟန်ပြင်လိုက်သည်။ ထိုစဉ် ရှီကိုင်းဟွမ်က စကားဖြတ်ပြောလိုက်လေသည်။

"ကဲ ကဲ တော်လောက်ပြီဟေ့ အဖိုးကြီးဖန့် ကျူ ပ်တပည့်ဟာ ဒီလို ရာဇဝတ်သား မဟုတ်ဘူးကွ သူဟာ ရှင်သန်ခြင်းကျောင်းတော်ရဲ့ အစေအပါး လက်အောက်က လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့ရုံတင်မကဘူး ကျူ ပ်တို့ကျောင်းသားတွေထဲကတယောက်ဟာ သူတို့နဲ့ အပေးအယူ လုပ်နေတယ်ဆိုတာကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်"

"ဟုတ်ပါတယ်ဗျ ကျူ ပ်က ဒီအတိုင်း မေးကြည့်ရုံပါ ခု ခင်ဗျားက ဒီလိုပြောလာမှတော့ ဒီကိစ္စကို ကျူ ပ် မေ့လိုက်ပါ့မယ်"

စကားဆုံးသည်နှင့် အဖိုးကြီးဖန့်ဟုန်လိသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထိုနေရာမှ လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။ အဖိုးကြီး ဖန့် ထွက်ခွာသွားပြီဖြစ်လေရာ ထိုနေရာတွင် ရှီကိုင်းဟွမ်တို့ ဆရာတပည့််နှစ်ယောက်သာ ကျန်တော့သည်။ ထိုအခါ ရှီကိုင်းဟွမ်က တပည့်ဖြစ်သူကို စိုက်ကြည့်ပြီး မေးလိုက်သည်။

"ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ပြောချင်စိတ်ရှိရဲ့လား"

စုချန်းက ခေါင်းခါပြလိုက်သည်။

"ပြောဖို့လိုအပ်တာမှန်သမျှ ကျွန်တော် ပြောခဲ့ပြီးပါပြီဆရာ"

ရှီကိုင်းဟွမ်က ခေါင်းကို ဆတ်ခနဲညိတ်လိုက်သည်။

"ကောင်းပြီ ဒါဆိုရင် မင်းသွားနိုင်ပြီ"

စုချန်းလည်း ရှီကိုင်းဟွမ်ကို အရိုအသေပေးကာ ထိုနေရာမှ ထွက်ခွာသွားလေ၏။ ရှီကိုင်းဟွမ်သည် နေရာတွင် ခြေစုံရပ်ရင်း တပည့်ဖြစ်သူ၏ ကျောပြင်ကို ငေးကြည့်လျက်ရှိသည်။ သူ ဘာတွေတွေးနေသနည်းဟူသည်ကို မည်သူမှ မသိနိုင်။

အချိန်မည်မျှ ကြာသွားသည်မသိ။ ရှီကိုင်းဟွမ်၏ နောက်ကျောမှ သက်ပြင်းချသံတသံ ထွက်ပေါ်လာသည်။ သက်ပြင်းချသံထွက်ပေါ်လာသည့်နေရာကို မှန်းဆရန် ခက်ခဲလှသည်။ နေရာတိုင်းမှ ထွက်ပေါ်လာသကဲ့သို့ ထင်ရသောကြာင့်ပင်။

ရှီကိုင်းဟွမ်က ပတ်ဝန်းကျင်တခုလုံးကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ မည်သူမှ မရှိ။

"အကြီးအကဲခင်ဗျာ"

အသံက ထပ်မံထွက်ပေါ်လာသည်။

"မင်းတပည့်က တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ ရှီကိုင်းဟွမ်"

ရှီကိုင်းဟွမ်က ပြန်ပြောလိုက်သည်။

"စုချန်းပြောသမျှ အကုန်လုံး မမှန်မှန်း ကျွန်တော်သိပါတယ် အကြီးအကဲ ဒါပေမဲ့ ကျွန်တော် သူ့ကိုယုံတယ် ဒီကလေးဟာ သူတပါးကို ဘေးဒုက္ခရောက်စေမဲ့ လူစားမျိူ းမဟုတ်ဘူး သူ့လုပ်ရပ်တွေကိုကြည့်ရင် သူနှင့် ရှင်သန်ခြင်းကျောင်းတော်အကြား ပတ်သက်မှုတခုခုတော့ ရှိရမယ် ဒါပေမဲ့ သေချာတာက သူဟာ ရှင်သန်ခြင်းကျောင်းတော်ရဲ့ လက်ပါးစေတော့ လုံးဝမဟုတ်နိုင်ပါဘူးခင်ဗျာ"

"ဘာပဲဖြစ်ဖြစ် သေသေချာချာ လေ့လာစုံစမ်းဖို့တော့ လိုတယ်"

"မလိုပါဘူးအကြီးအကဲ မလိုပါဘူး စုချန်းဟာ အင်မတန် သဘောပေါက်လွယ်ပြီး ခေါင်းအေးတဲ့ ကလေးပါ သူဘာလုပ်နေမှန်း သူ ကောင်းကောင်းသိပါတယ် သူ့အနေနဲ့ ရည်မှန်းချက်ကို ထိန်းသိမ်းထားနိုင်သမျှ ကာလပတ်လုံး ဒီလိုအသေးအဖွဲကိစ္စတွေကို ဂရုစိုက်နေစရာ မလိုပါဘူးခင်ဗျာ"

"ရှင်သန်ခြင်းကျောင်းတော်လို အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်နေတာကို အသေးအဖွဲကိစ္စလို့ သဘောထားလို့ ရပါ့မလား"

ရှီကိုင်းဟွမ်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"သွေးဗီဇကန့်သတ်ချက်ကို ချိူ းဖောက်တာနဲ့စာရင် ဒီကိစ္စဟာ အသေးအဖွဲပါပဲဗျာ"

All Chapters