← Chapters

မိုးကြိုးငါးခု ချိပ်တံဆိပ်

Vol. 6 Ch. 589

မိုးကြိုးငါးခု ချိပ်တံဆိပ်

Vol. 6 Ch. 589

မိုးကြိုးငါးခု ချိပ်တံဆိပ် ...

မိုးကြိုးငါးခု ချိပ်တံဆိပ်သည် ဒြပ်စင်ငါးခု တန်ခိုးရှင်ဂိုဏ်း၏ "ဒြပ်စင်ငါးခု မိုးကြိုး ချိပ်တံဆိပ်" ကို အခြေခံ၍ တီထွင်ထားသည့် ဝိညာဉ် လက်နက် ဖြစ်သည်။

သို့သော်လည်း ချန်းဖန်သည် မိုးကြိုးငါးခု ချပ်တံဆိပ်ကို အစီအရင် နှစ်ဆယ့် ငါးခုဖြင့် ပေါင်းစည်းထားရာ မူလက ထက်ပင် ပို၍ အစွမ်းထက် နေပြီ ဖြစ်သည်။

"ခရက် ... ခရက် ..."

မိုးကြိုးငါးခု တံဆိပ်တုံးက စတင် လှည့်ပတ်သည်နှင့် ကောင်းကင်၌ အရောင် ငါးခု ယှက်ဖြာသွား၏။ ထိုအရောင်များက တိမ်သဖွယ် ဖွဲ့စည်းကာ တိုးဝင်လာသည့် ဒုံးကျည်အား တားဆီးသည်။

"ဘုန်း ..."

လျှပ်စစ်သံလိုက် အမြောက်၏ ဒုံးကျည်က ပေါက်ကွဲကာ တိမ်တိုက်များအား ထိုးဖောက်ရန် ကြိုးစားသည်။ သို့သော်လည်း မိုးကြိုးငါးခု တံဆိပ်တုံးက အဆက်မပြတ် လှည့်ပတ်ကာ ရောင်စုံ တိမ်တိုက်များကို ထုတ်လွှတ်ကာ တားဆီးသည်။

နောက်ဆုံး၌ လျှပ်စစ်သံလိုက် အမြောက်၏ ဒုံးကျည် ပေါက်ကွဲမှုကား ရောင်စုံ တိမ်တိုက်အား မထိုးဖောက်နိုင်မီမှာပင် အားလျော့ကာ ပျက်စီးသွားတော့သည်။

"မဖြစ်နိုင်တာ ..."

အနက်ရောင် ဝတ်စုံဝတ် လူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အသွားကြတော့၏။

လျှပ်စစ်သံလိုက် အမြောက်၏ တိုက်ခိုက်မှုသည် မီတာဝက်ခန့် ထူသော စတီးပြားကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည်။ သို့သော်လည်း ထိုအရာသည် ချန်းပေ့ရွှမ်း ထုတ်လွှတ်ခဲ့သော ရောင်စုံ တိမ်တိုက်ကိုမူ ဖောက်ထွက်နိုင်စွမ်း မရှိခဲ့ချေ။

"လျှပ်စစ်သံလိုက် အမြောက်တောင် ချန်းပေ့ရွှမ်းကို မသတ်နိုင်ဘူး ဆိုတော့ ... ငါတို့မှာ ဘာရှိသေးလဲ"

စိုးရိမ်စိတ်များက လူတိုင်း၏ စိတ်နှလုံး အတွင်း၌ မြင့်တက်လာသည်။ ထိုအချိန်မှာပင် အသံတစ်ခုက သူတို့၏ ခေါင်းအတွင်း တိုက်ရိုက် ဝင်ရောက်လာ၏။

"သူ့ကို နှေးအောင် လုပ်ထား ... ငါ နတ်ဘုရားသတ် ဒုံးကျည်ကို သုံးတော့မယ်"

ထိုအသံအား ကြားသည်နှင့် နစ်၏ မျက်လုံးများက တောက်ပသွားသည်။

ထို စကားလုံးများမှာ အစွမ်း အထက်ဆုံး ပညာရှိထံမှ လာခြင်း ဖြစ်ကြောင်း သူကောင်းစွာသိသည်။ ထိုလူသည် အလွန်ပင် အစွမ်းထက်ကာ သူ၏ ဝိညာဉ် စွမ်းအားပင်လျှင် နတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

နတ်ဘုရားသတ် ဒုံးကျည် ...

ထိုအရာကား အမေရိကန် အထူးဌာနမှ ဖန်တီးထားသော လက်နက် တစ်ခု ဖြစ်သည်။ ထိုဒုံးကျည်ကို ထုတ်လုပ်ရန် အတွက် လိုအပ်သော ကုန်ကြမ်းများကား အလွန်ပင် ရှားပါးလှရာ အမေရိကန်ပင်လျှင် ငါးခု ထုတ်လုပ်နိုင်သေးသည်။

"အတူတူ တိုက်ခိုက်ကြမယ်ဟေ့ ... အဓိက သူ နှေးသွားဖို့ပဲ"

နစ်က အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

အနက်ရောင် ဝတ်စုံဝတ် လူများက ချန်းဖန်ဆီသို့ ဘက်ပေါင်းစုံမှ တိုးဝင်ကာ တိုက်ခိုက်လိုက်ကြသည်။ သူတို့ကား သိုင်းပညာရှင်များ ဖြစ်သည့်အပြင် သူတို့၏ ခန္ဓာကိုယ်တွင်လည်း ခေတ်မီ ဝတ်စုံများ ဝတ်ဆင်ထားသေးသည်။ ထို့ကြောင့် သူတို့ တစ်ယောက်ချင်းစီက နှင်းဝံပုလွေ ဘုရင် လောက်ပင် အစွမ်းထက် နေ၏။

သူတို့၏ စုပေါင်း တိုက်ခိုက်မှု ဆိုလျှင် ပိုမို၍ပင် ကြောက်ဖို့ ကောင်းသေးသည်။ သာမန် တန်ခိုးရှင် တစ်ယောက် ဆိုလျှင် ထိုတိုက်ခိုက်မှုများအား တစ်စက္ကန့်ပင် တောင့်ခံနိုင်မည် မဟုတ်ချေ။

ထို့လူများ အပြင် ငွေရောင် ဝတ်စုံဝတ် ကလာ့ခ်လည်း ရှိသေးသည်။ သူကား ဝတ်စုံ၏ အကူအညီဖြင့် မြေကမ္ဘာ အဆင့် တစ်ယောက် ကဲ့သို့ပင် အစွမ်းထက် နေသည်။

ထိုအချိန်၌ ချန်းဖန်ကမူ တည်ငြိမ်လျက်ပင် ရှိနေသေးသည်။

"အဆင့်မြင့် နည်းပညာက မင်းတို့ကို ကမ္ဘာမှာ ပြိုင်ဘက် ကင်းစေတယ် ဆိုရင်တောင် ... မင်းတို့က ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်သေးဘူး ... ဒီနေ့မှာ တန်ခိုးရှင် ကျင့်ကြံသူတွေရဲ့ စွမ်းအားနဲ့ မင်းတို့ရဲ့ မျက်လုံးတွေကို ဖွင့်ပေးရမှာပေါ့"

"မိုးကြိုး နိုးထ ..."

ချန်းဖန်က ကျင့်စဉ်ကို လှည့်ပတ်ကာ မိုးကြိုး ငါးခု ချိပ်တံဆိပ်အား လက်ညှိုးဖြင့် ညွှန်လိုက်၏။

"ဘုန်း ..."

မိုးကြိုးငါးခု ချိပ်တံဆိပ်က ရုတ်ခြည်းပင် အဝါ၊ အနီ၊ အဖြူ၊ အနက်၊ အဇူရာ ဟူသော အလင်း ငါးမျိုးအား ထုတ်လွှတ်သည်။ ထိုအလင်း တစ်ခုချင်းစီက ကြီးမားသော အားအင်ကို သယ်ယူရာ လေထုတွင်ပင် စုစည်းကာ ပေါင်းစည်း သွားတော့၏။

***

လန်ဒန်မြို့တော်၊ ပရင့် ဟိုတယ် ...

အက်ဒီလန့်သည် ပရင့် ဟိုတယ်၏ ၉၉ ထက်မြောက် စားသောက်ခန်းမ တစ်ခုတွင် ထိုင်လျက် ရှိ၏။ သူ၏ အရှေ့တွင်မူ အသက်လတ် လူတစ်ယောက် ရှိနေခဲ့သည်။

"ကျွန်တော်နဲ့ လန့်မိသားစုက ခင်ဗျားရဲ့ အကူအညီ အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ် မစ္စတာ  Mcကိမ်း ..."

အက်ဒီလန့်က လက်ထဲမှ ခွက်ကို မြှောက်ရင်း ဆိုလိုက်သည်။

ဘရူနီ Mc ကိမ်း ...

သူသည် စီအိုင်အေ၏ လက်ထောက် ဒါရိုက်တာ တစ်ယောက် ဖြစ်သည့်အပြင် ဥရောပ ယူနီယံ၏ အကြီးအကဲ တစ်ယောက်လည်း ဖြစ်၏။

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော် လောက်ကပင် သူသည် စီအိုင်အေ၏ အော်ပရေးရှင်း တစ်ခုဖြင့် ဥရောပသို့ ရောက်နေခဲ့ခြင်း ဖြစ်သည်။

"ဝန်ကြီး အာနိုးက ငါ့ကို ချန်းပေ့ရွှမ်းနဲ့ မကျူးကျော်ရေး စာချုပ်ချုပ်ဖို့ ညှိနှိုင်း ခိုင်းထားတယ် ... ဒါပေမဲ့ သူက ရိုးသားလွန်းအားကြီး နေတယ်လို့ ငါထင်တယ် ... ချန်းပေ့ရွှမ်းက အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလိုပဲ ... သူ့ကို မြန်မြန် အဆုံးသတ်မှ ဖြစ်မှာ"

ကိမ်းက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။

"ချန်းပေ့ရွှမ်းက မြေထဲပင်လယ် ရေတပ်ကို ဖျက်ဆီးခဲ့တဲ့အပြင် အမှောင်ခုံရုံးကိုပါ အနိုင်ယူ နိုင်ခဲ့တာနော် ... ခင်ဗျား အစီအစဉ်က သေချာရဲ့လား"

အက်ဒီက မေးလိုက်သည်။

"အက်ဒီ ... အက်ဒီ ... အမေရိကန်ရဲ့ စီအိုင်အေနဲ့ အထူးဌာန ဘယ်လောက် လုပ်နိုင်စွမ်း ရှိတယ် ဆိုတာ မင်း မသိပါဘူး"

ကိမ်းက အက်ဒီကို ကြည့်ရင်း ခေါင်းခါလိုက်သည်။

"အမှောင်ခုံရုံးနဲ့ ခရစ်ယာန် ဘုရားကျောင်းတို့ ကမ္ဘာ့ စင်မြင့်ကနေ ပျောက်ကွယ်သွားတဲ့ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က စပြီး ... အမေရိကန်က တန်ခိုးရှင် အဆင့်တွေကို ရင်ဆိုင်ဖို့ သေချာ ပြင်ဆင်ထားခဲ့တာ ... နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့ကိုလည်း အဲဒီ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာ ... နောက်ပြီး ငါတို့က နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့ကို အထူးဝတ်စုံတွေ ပေးထားသေးတယ် ... အဲဒီ ဝတ်စုံတွေက ပြင်သစ်ရဲ့ ဝတ်စုံတွေထက် ပိုပြီး နည်းပညာ မြင့်တယ်"

ကိမ်းက ရှည်လျားစွာ ရှင်းပြလိုက်သည်။

"နောက်ပြီး ငါတို့လူတွေကို အင်္ဂလန် အမှောင်ခုံရုံးက သွေးမျိုးဆက်တွေရဲ့ သွေးတွေနဲ့ ရောနှော ထားသေးတယ် ... ဒါကြောင့်မလို့ သူတို့ကို အမေရိကန် သမိုင်း တစ်လျှောက် အစွမ်း အထက်ဆုံး အထူးစစ်သားတွေလို့ ဆိုနိုင်နေပြီ ... သူတို့က တန်ခိုးရှင် အဆင့် တစ်ယောက်ကိုတောင် လွယ်လွယ်ကူကူ အနိုင်ယူနိုင်တယ်"

"အဲဒါတင် မကသေးဘူး ... သူတို့ဆီမှာ လျှပ်စစ်သံလိုက် အမြောက်တွေလည်း ရှိသေးတယ် ... အဲဒီလို အင်အားက မြေကမ္ဘာ အဆင့် တစ်ယောက်ကိုတောင် သတ်နိုင်တယ် ..."

ကိမ်းက ကျေနပ်စွာ ပြုံးလိုက်သည်။ သူ၏ အမူအရာက သူ၏ နိုင်ငံအတွက် မည်မျှ ဂုဏ်ယူနေကြောင်း ပေါ်လွင်နေသည်။

"လျှပ်စစ်သံလိုက် အမြောက်တွေ အကြောင်း ကျွန်တော် ကြားဖူးတယ် ... အဲဒီ အမြောက်ကို ကိုင်ရတဲ့ လူတွေက ကောင်းကင်ဝိညာဉ် သခင်တွေ ဆိုလားပဲ"

အက်ဒီ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသည်။

"ကောင်းကင်ဝိညာဉ် သခင်တင် မကဘူး ... ခု အော်ပရေးရှင်း အတွက် ပညာရှိ ခေါင်းဆောင် တစ်ယောက်လည်း လိုက်လာတယ် ... သူနဲ့အတူ နတ်ဘုရားသတ် ဒုံးကျည်လည်း ပါတယ်"

ကိမ်းက အပြုံးဖြင့် ဆိုလိုက်သည်။

"ခေါင်းဆောင်လည်း လာတာလား ..."

အက်ဒီ၏ မျက်လုံးများ အတွင်း၌ မယုံကြည် နိုင်ခြင်းများ ဖြတ်ပြေးသွားသည်။

"ဒါဆို ချန်းပေ့ရွှမ်း အတွက် မျှော်လင့်ချက် မရှိတော့ဘူးပဲ ..."

အက်ဒီက ခေါင်းကို ခါလိုက်မိတော့၏။

***

"မိုးကြိုးငါးခု ချိပ်တံဆိပ်" သည် ရွှေအမြုတေ အဆင့် တစ်ယောက်၏ လက်တွင် ဆိုပါက ကီလိုမီတာ ထောင်ချီ အကွာအဝေးကိုပင် တိုက်ခိုက်နိုင်သည်။

သို့သော်လည်း ချန်းဖန်မှာမူ ယခုမှ ဝိညာဉ်ပင်လယ် (တန်ခိုးရှင်) နောက်ဆုံး အဆင့်တွင်သာ ရှိသေးသည်။ ထို့ကြောင့် သူ့အနေဖြင့် မိုးကြိုးငါးခု ချိပ်တံဆိပ်၏ စွမ်းအား အလုံးစုံကို ထုတ်ဖော်နိုင်ခြင်း မရှိသေးချေ။

သို့တောင်အောင် သူ ထုတ်ဖော်နိုင်သော စွမ်းအားက အခု အခိုက်အတန့် အတွက် လုံလောက်နေချေပြီ ဖြစ်သည်။

"ကလန့် ..."

မိုးကြိုးငါးခု ချိပ်တံဆိပ်၏ အရောင်များက ပေါင်းစပ်ပြီးသည်နှင့် အရောင်များ အားလုံး ပျောက်ကွယ်ကာ လေထုနှင့် တစ်သားတည်း ဖြစ်သွားသည်။

"သွား ..."

ချန်းဖန်က အမိန့်ပေးလိုက်သည်နှင့် သူနှင့် အနီးဆုံး၌ ရှိနေသော လူများ၏ ခန္ဓာကိုယ်များမှာ အပိုင်းပိုင်း ပြတ်ထွက်ကုန်၏။

"ဘာကြီးလဲ ..."

ထိုမြင်ကွင်းက နစ်အပါအဝင် အခြား အသက်ရှင် ကျန်ရစ်သည့် လူများအား အေးခဲ သွားစေသည်။

သူတို့ အားလုံးကား ခန္ဓာကိုယ် သန့်စင်သည့် ပညာရှင်များ ဖြစ်သည့် အပြင် အနက်ရောင် ဝတ်စုံများ၏ အကာအကွယ်ကို ရထားသည့် လူများ ဖြစ်ကြသည်။ သူတို့ တစ်ယောက်ချင်းစီက ထောင်ချီသော ရန်သူများနှင့်ပင် တိုက်ခိုက်နိုင်သော လူများ ဖြစ်ကြသည်။

သို့သော်လည်း သူတို့ကား ချန်းဖန်၏ တိုက်ခိုက်မှု တစ်ချက်တွက်ပင် အပိုင်းပိုင်း ပြတ်ရသည်။ ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။

"သူကိုင်ထားတာက ဘာလဲ ... အဲဒါက ဘယ်လို လက်နက်မျိုးလဲ ..."

နစ်၏ မျက်လုံးများကား ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ထိုကြောက်ရွံ့မှုက နောက်ကျ သွားချေပြီ။

ချန်းဖန်က မိုးကြိုးငါးခု ချိပ်တံဆိပ်ကို အမိန့်ပေးရင်း ကျန်စစ်သားများအား တိုက်ခိုက်လိုက်၏။

သိပ်မကြာခင် အချိန်အတွင်းမှာပင် ခေါင်းဆောင်နစ် အပါအဝင် နတ်ဘုရား တိုက်ခိုက်ရေး တစ်ဖွဲ့လုံး အသတ်ခံ လိုက်ရတော့သည်။

***

All Chapters