← Chapters

စစ်ကြောမေးမြန်းခြင်း

Vol. 24 Ch. 238

စစ်ကြောမေးမြန်းခြင်း

Vol. 24 Ch. 238

မနက်ပိုင်းသင်ခန်းစားပြီးဆုံးသွားသည်နှင့် စုချန်းသည် ရေကန်ဘေးရှိ အရိပ်ရသော လမ်းလေးအတိုင်း သူ့အခန်းသို့ လမ်းလျှောက်ပြန်လာခဲ့လေသည်။

ထိုအချိန်မှာပင် စုချန်းဆီသို့ သက်လတ်ပိုင်းအရွယ်လူတယောက် ချည်းကပ်လာ၏။ ထိုလူသည် တကိုယ်လုံး အသားမရှိသကဲ့သို့ အလွန်ပိန်လှပြီး နှာခေါင်းအလွန်ကောက်၏။ နှာခေါင်းအောက်တွင်တော့ နှုတ်ခမ်းမွေးများကို သေသေသပ်သပ်နှင့် ညှပ်ထားကြောင်း တွေ့ရှိရသည်။

ထိုလူက စုချန်း၏ ရှေ့တွင် မပ်တပ်ရပ်ပြီး အသံသြသြနှင့် မေးလိုက်သည်။

"စုချန်းလား"

"ဟုတ်တယ် ကျုပ်ပဲ ဒါနဲ့ ခင်ဗျားက..."

စုချန်းက ပြန်မေးလိုက်၏။ ထိုအခါ ထိုလူက

"ကျုပ်နာမည် ကျန်းတိန်ယွဲ့လို့ ခေါ်တယ် ကျန်းချန်းအန်ရဲ့ ဒုတိယဦးလေးပဲ သူ့နာမည်ကိုတော့ မင်းသိမှာပေါ့",

ဟု ပြောလိုက်၏။

နောက်ဆုံးတော့ သူတို့ ရောက်လာကြလေပြီတကား။

စုချန်းက ပတ်ဝန်းကျင်ကို ဖြတ်ခနဲ ဝေ့ကြည့်လိုက်ရာ လူရိပ်တချို့ကို ကောင်းစွာ မြင်တွေ့လိုက်ရသည်။

၎င်းကိုကြည့်ရင်း စုချန်း တဟဲဟဲနှင့် ရယ်မောလိုက်သည်။

"သိပ်သိတာပေါ့ ဒီလောက် ဂုဏ်သတင်းမွှေးတဲ့သူကို မသိပဲ ဘယ်နေပါ့မလဲ ကဲ...ကျုပ်တို့ တနေရာရာမှာ စကားပြောကြမလား"

စုချန်း၏ တည်ငြိမ်မှုကြောင့် ကျန်းတိန်ယွဲ့ အံ့သြသွား၏။ သူက စုချန်းကို စွဲမြဲနေအောင် ကြည့်ပြီး ပြောလိုက်၏။

"ကောင်းပြီ"

ထို့နောက် သူတို့နှစ်ယောက်သည် စုချန်း မကြာခန အချိန်ဖြုန်းလေ့ရှိသည့် ရေကန်ဘေးရှိ လဖက်ရည်ဆိုင်လေးသို့ ဦးတည်လိုက်ကြသည်။ ဇုချန်း ထိုင်သွားသည့် ထိုင်ခုံမှာပင် ဝင်ထိုင်ပြီး ကျန်းတိန်ယွဲ့ကစကားစသည်။

"ကျန်းချန်းအန်ဟာ သိပ်ပြီးထူးချွန်တဲ့ကလေး သူဟာ ကျုပ်တူဆိုပေမဲ့ ကျုပ်ဟာ အမြဲတမ်းလိုလို သူ့ကို သားအရင်းတယောက်လိုပဲ ဆက်ဆံခဲ့တယ် ဒီသတင်းကိုကြားတဲ့အခါ ကျုပ်ဟာ ကိုယ့်နားကိုယ်တောင် မယုံနိုင်ပဲ ဖြစ်ခဲ့ရတယ် ဒါအလိမ်အညာပဲဆိုတာ ကျုပ်ကောင်းကောင်းသိတယ် ကျန်းချန်းအန်အကြောင်းကို ကျုပ်ကောင်းကောင်းသိတာပေါ့ ကျဆုံးခြင်းသိမ်းငှက်တောင်ဟာ အန္တရာယ်ကြီးပေမဲ့ ဒါဟာ တခြားလူတွေအတွက်ပဲ ကျန်းချန်းအန်အတွက် မဟုတ်ဘူး သူဟာ ရွှံ့ဘီလူးရဲ့ ပြိုင်ဘက်မဟုတ်တာမှန်တယ် ဒါပေမဲ့ သူသာ ဆန္ဒရှိရင် လွတ်အောင်ပြေးနိုင်မယ်ဆိုတာ ကျုပ်ကောင်းကောင်းသိတယ်"

"အဲဒီဆိုရင် သူ့မှာ လွတ်အောင်ပြေးချင်တဲ့ ဆန္ဒမရှိခဲ့တာမျိူးကော မဖြစ်နိုင်ဘူးလား"

စုချန်းက ပုခုံးတွန့်ရင်း ပြောလိုက်သည်။

စုချန်း၏ စကားကြောင့် ကျန်းတိန်ယွဲ့၏ မျက်နှာက မဲခနဲ ဖြစ်သွားသည်။

"ခုက ကျုပ်တူတယောက်လုံး သေဆုံးသွားတဲ့ကိစ္စကို ဆွေးနွေးနေတာကွ မင်းအနေနဲ့ ဒီထက်ပိုပြီး လေးလေးနက်နက်တော့ ရှိသင့်တယ်"

"ခင်ဗျား ဒီကိုလာတာ ကျုပ်စိတ်မကောင်းဖြစ်တာ ကြည့်ချင်လို့လား"

"ကျုပ်ဒီကိုလာတာ ကျုပ်သိထားတာ ဟုတ်မဟုတ် လာပြီးစစ်ဆေးတာပဲ မင်းနဲ့ကျုပ်ရဲ့တူလေးဟာ သူမသေခင်မှာ ကတောက်ကဆဖြစ်ခဲ့ကြတယ်လို့သိရတယ် အဲဒါဟုတ်သလား"

"ကြည့်ပါလား"

စုချန်းက လက်နှစ်ဖက်ကို ဖြန့်ရင်း ပြောလိုက်၏။

"ခင်ဗျားတောင် သိနေပြီပဲ ဒါကြောင့် သူသေသွားတာ ကျုပ်ဝမ်းမနည်းတာပေါ့ နောက်ပြီး ခင်ဗျား သိထားသင့်တာ တခုရှိသေးတယ် သူနဲ့ ကျုပ်နဲ့ဟာ ကတောက်ကဆ ဖြစ်ခဲ့ရုံတင်မကဘူး သူက ကျုပ်တို့ပိုင်တဲ့အရာတခုကိုပါ လုယူသွားသေးတယ်ဗျ"

"ဒါကြောင့်မို့လို့ မင်းက သူ့ကို သတ်လိုက်တယ်ဆိုပါတော့"

"ခင်ဗျား ဒီလိုပြောတာ ကျုပ်နည်းနည်းမှ မအံ့သြဘူးဗျ"

စုချန်းက အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။

"ခင်ဗျားတို့ တော်ဝင်မျိုးနွယ်စုအကုန်လုံးဟာ ဒီအတိုင်းပဲ ခင်ဗျားနဲ့အတူ သချိ ၤုင်းကုန်းကိုသွားဖို့ အဖော်မပါဘူးဆိုရင် အေးအေးချမ်းချမ်း မသေနိုင်ကြဘူးကိုး"

စုချန်း၏ စကားကြောင့် ကျန်းတိန်ယွဲ့၏ မျက်လုံးထဲတွင် ဒေါသမီးလျံများ တောက်ပလာ၏။

"ကောင်လေး ကျုပ်တို့တချိန်လုံး ဘာတွေများ လုပ်နေတယ် ထင်သတုန်း အခင်းဖြစ်ပွားတဲ့နေရာကို ကျုပ်တို့ သေသေချာချာ စစ်ဆေးပြီးသွားပြီ မင်းပြောသလိုပဲ ရွှံံ့ဘီလူးဟာ ကျန်းချန်းအန်နဲ့ တခြားလူတွေကို တိုက်ခိုက်ခဲ့တာ ကျုပ်တို့ တွေ့ရတယ် ဒါပေမဲ့ အဲဒီနေရာမှာ တခြားလူတွေ တိုက်ပွဲဖြစ်ခဲ့တာကိုလည်း တွေ့ခဲ့ရတယ်ကွ သဲလွန်စတွေကို အတော်လေး သေသေသပ်သပ် ရှင်းလင်းထားပေမဲ့ ဒါတွေဟာ ကျုပ်မျက်စိအောက်က လွတ်သွားမယ်လို့ မင်းထင်နေတာလား"

"ဒီတော့ ဘာဖြစ်သလဲဗျ"

"မင်းဟာ မိုးကြိုးမီးလျံစက်လုံးဆိုတဲ့ လက်နက်တမျိုးကို တီထွင်ခဲ့တယ်လို့ သိရတယ် အခင်းဖြစ်တဲ့နေရာမှာ အဲဒီလက်နက်ရဲ့ ခြေရာလက်ရာတွေကို ကျုပ်တို့ တွေ့ခဲ့ရတယ်ကွ"

"ဒါတွေ ကျုပ်အများကြီး ရောင်းချခဲ့တာပဲ"

"မင်းဟာ အဂ္ဂိရတ်ပညာရှင်တယောက်ဆိုတာလည်း ကျုပ်တို့ ကြားပြီးပြီ အဲဒီနေရာမှာ မြူခိုးဆေးနဲ့ သားရဲကာကွယ်ဆေးပုလင်း အစအနတွေလည်း တွေ့ခဲ့ရတယ်"

"တခြားဟာတွေလိုပဲ ဒီဆေးတွေကိုလည်း ကျုပ် ရောင်းချခဲ့တာပဲလေ"

စုချန်းက ပုခုံးတွန့်ရင်း ပြောလိုက်သည်။

"ဒီတော့ မင်းက ကျန်းချန်းအန် သေဆုံးခဲ့တဲ့နေရာမှာ ရှိနေခဲ့တယ်ဆိုတာ ဝန်မခံချင်ဘူးပေါ့ ဟုတ်လား"

"ဒါပေါ့ ဘာဖြစ်လို့ဝန်ခံရမှာလဲ ကျုပ်မှ ရှိမနေခဲ့တာ"

စုချန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဟန်ဖြင့် ခေါင်းကိုဆတ်ခနဲ ညိတ်လိုက်သည်။

"တယောက်တယောက်ဟာ ကျုပ်ဆီက ဝယ်သွားတဲ့ ဆေးတွေကို အဲဒီမှာ အသုံးပြုခဲ့တာနေမှာပေါ့ ဒါပေမဲ့ အဲဒီအတွက်တော့ ကျုပ်မှာ တာဝန်မရှိဘူးလေ"

ကျန်းတိန်ယွဲ့ ကောက်ကျစ်စဉ်းလဲသော ဟန်ပန်နှင့် ရယ်မောလိုက်သည်။

"သိပ်ကောင်းတယ် ဒါမျိုးကို ကျုပ်ကြားချင်နေတာ တကယ်လို့ အဲဒီနေရာမှာ မင်းရှိနေခဲ့တယ်ဆိုတဲ့ အထောက်အထားတစုံတရာ တွေ့ခဲ့ရင် ကျန်းချန်းအန်ရဲ့ သေဆုံးမှုမှာ မင်းပါဝင်ပတ်သက်နေတယ်လို့ ယူဆနိုင်ပြီပေါ့"

တဖက်လူ၏ စကားကြောင့် စုချန်း၏ ပုံစံမှာ သတိကြီးကြီးထားဟန်ပေါ်လာသည်။ ထို့နောက် သူက ကျန်းတိန်ယွဲ့ကို စိုက်ကြည့်ပြီး ခေါင်းကို ငြင်သာစွာ ညိတ်ပြလိုက်၏။

နောက်ဆုံးတွင် ကျန်းတိန်ယွဲ့ မတ်တပ်ရပ်လိုက်သည်။

"ကောင်းပြီ ဒါဆိုရင် ကျုပ်အရင်သွားနှင့်တော့မယ် မင်းစကားမင်းမှတ်ထားပါ နောက်တခါ ကျုပ် မင်းဆီကိုလာရင် မင်းအနေနဲ့ ဒီထက်ပိုပြီး သတိထားဖို့လိုလာလိမ့်မယ်"

ထို့နောက် ကျန်းတိန်ယွဲ့သည် တဟားဟားနှင့် ရယ်မောပြီး စုချန်းကို ကျောခိုင်းထွက်ခွာလာခဲ့လေသည်။ သို့သော် သူက သိပ်အဝေးကြီး မရောက်ခင်မှာပင် နာမည်တခုကို ကောက်ခါငင်ခါနှင့် ရေရွတ်လိုက်၏။

"ချိန်းယွင်"

ကျန်းတိန်ယွဲ့၏ ဘေးနားသို့ လူငယ်တယောက် လှစ်ခနဲရောက်လာ၏။

"ဒုတိယအကြီးအကဲ"

"အခြေအနေ ဘယ်လိုလဲကွ"

"စုချန်းကို ကြည့်ရတာ သိပ်ပြီး အေးဆေးတည်ငြိမ်တယ်လို့ ထင်ရပေမဲ့ သူ့ရဲ့လှုပ်ရှားမှုကတော့ ဒီလိုမဟုတ်ကြောင်း ညွှန်ပြနေပါတယ်ခင်ဗျာ သူဟာ အကြီးအကဲနဲ့ စကားပြောနေတုန်းဟာ ရေနွေးကို သုံးခွက်တိတိ ဆင့်သောက်ချလိုက်တယ် ပြီးတော့ ခြေထောက်ကို ချိတ်လိုက် ဖြုတ်လိုက်နဲ့ ငါးကြိမ်တိတိ လုပ်တယ် သူ့မျက်လုံးကလည်း ဂနာမငြိမ်ဖြစ်နေတယ် နဖူးမှာလည်း ချွေးတွေစို့နေတယ် ဒီကောင် သေချာပေါက် လိမ်နေတာပဲ"

"သေချာလို့လား မင်းကို လိမ်ညာမှုထုတ်ဖော်တဲ့ နည်းစနစ် သုံးပါလို့ ကျုပ်မှာထားတယ်မလား"

"သုံးပါတယ် ဒါပေမဲ့ ဒီကောင့်အပေါ် သက်ရောက်မှုမရှိပါဘူး အကြီးအကဲ"

"မင်းအဆင့်နဲ့ ဒီကောင့်အပေါ် သုံးလို့မရဘူးဆိုတော့ ဘယ်လိုဖြစ်ရတာတုန်းကွ"

"အဲဒီလိုမဟုတ်ပါဘူးအကြီးအကဲ ကြည့်ရတာ ဒီကောင့်ရဲ့ အသိစိတ်ကို ကာကွယ်ထားတဲ့ အလွှာတလွှာ ရှိနေဟန်ပေါ်တယ် ဒီအလွှာက ထိုးဖောက်ဖို့ အတော်လေးခက်တယ်ခင်ဗျ ဒါပေမဲ့ အဲဒါ မူလစွမ်းအင်တော့ မဟုတ်ဘူး သီးခြား အထောက်အကူပြု ပစ္စည်းတမျိုးမျိုးပဲ ဖြစ်ရမယ် ဥပမာအားဖြင့် ဒီကောင်ဟာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ယာယီ အသိညဏ်အားတိုးဆေး တမျိုးမျိုး မှီဝဲထားပုံပေါ်တယ်"

ကျန်းတိန်ယွဲ့ မျက်မှောင်ကုတ်သွား၏။

"ယာယီအသိညဏ်အားတိုးဆေးတွေဆိုတာ အင်မတန် ဈေးကြီးတာကွ အောက်ထစ် မူလကျောက်တုံး ထောင်ဂဏန်းကနေ အဆင့်မြင့်ဆေးဝါးတွေဆိုရင် မူလကျောက်တုံး သိန်းဂဏန်းထိ ရှိတတ်တယ် အဂ္ဂိရတ်ပညာရှင် ဖြစ်ပါစေအုံး ဒီလိုဆေးမျိုးကို ဒီကောင် ဖော်စပ်နိုင်စရာ အကြောင်းမရှိဘူး ဒါမှမဟုတ် ငါတို့လာမှကို အစောကြီးကတည်းကသိပြီး ကြိုတင်ပြင်ဆင်ထားတာများလား ဒီကောင် စုချန်းဟာ တခုခုတော့ တခုခုပဲဟေ့"

"ဒါဆိုရင် ဒုတိယအကြီးအကဲ ကျွန်တော်တို့ ဘာဆက်လုပ်..."

"ကျုပ်တို့ လောနေစရာမလိုပါဘူးကွ ဒီကောင့်ကို သေသေချာချာ စောင့်ကြည့်ထား ဘယ်ကိုမှ မထွက်ပြေးစေနဲ့ တခြားလူတွေဆီက သတင်းကို အရင်ဆုံး စောင့််ကြတာပေါ့ တတိယမယ်တော်ခွမ်ဟာ လွယ်လွယ်နဲ့ လက်လျှော့မဲ့ လူစားမျိုးမဟုတ်ဘူး သူ့ဆီကသတင်းကို အရင်ဆုံး နားထောင်ကြည့်သင့်တယ်"

_______________×××________________×××__________

တတိယမယ်တော်ခွမ်ဟုသာ ခေါ်ရသော်လည်း အနှီအမျိုးသမီးသည် အသက်အားဖြင့် ငယ်ရွယ်လှသေး၏။ ယုတ်စွအဆုံး ၂၆နှစ်ပင် မပြည့်သေးချေ။

သူမသည် အမြဲတမ်းလိုလို အနက်ရောင်ဝတ်စုံကိုသာ ဝတ်ဆင်တတ်ပြီး ခေါင်းပေါ်တွင် အဖြူရောင်ပန်းတပွင့် ဆင်မြန်းထားလေ့ရှိသည်။ ကြည့်ရသည်မှာ သူမ၏ ယခင် ခင်ပွန်းသည်သုံးယောက်လုံး သေဆုံးသွားသည့် အထိန်းအမှတ်သဘောနှင့်် ဝတ်ဆင်ထားသော သဘောပင်။

ထို့ကြောင့် သူမသည် အနက်ရောင်မုဆိုးမဟု နာမည်ဆိုးနှင့် ကျော်ကြားလေသည်။

ယခုတော့ အနှီ အနက်ရောင်မုဆိုးမသည် ချင်းလင်အာ၏ ရှေ့တွင် ထိုင်လျက်သားရှိနေသည်။ သူမ၏ ရှည်လျားပြီး နီရဲသော လက်သည်းများက ချင်းလင်အာ၏ မေးစေ့ကို ထောက်ထား၏။ ထို့နောက် သူမက စွဲမက်စရာကောင်းသော လေသံနှင့် ပြောလိုက်၏။

"ဘယ်လောက်တောင် လှလိုက်တဲ့ မျက်နှာလဲလို့ ရှန်းယင်ကတော့ တော်တော်လေး သဘောကျမှာပဲ မင်းတို့တဖွဲ့လုံး အသတ်ခံရတယ် မင်းကတော့ ဘာမှမဖြစ်ဘူး ဒါ မတရားဘူး ရှင်းယင်တယောက် နွေကိုးပါးစမ်းကို ရောက်နေတာတောင် မင်းအကြောင်း စဉ်းစားပြီး မင်းကိုမျှော်နေမယ်လို့ ငါယုံတယ်"

ချင်းလင်အာ၏ တကိုယ်လုံးသည် ထိန်းချုပ်မရနိုင်လောက်အောင် တုန်ယင်လာ၏။

အနှီနီရဲနေသော လက်သည်းများသည် လက်သည်းဆိုးဆေး ဆိုးထားခြင်းမဟုတ်ပဲ တဖြည်းဖြည်း ပုပ်သိုးဆွေးမြေ့စေသည် အဆိပ်များကြောင့် နီရဲနေခြင်းမှန်း သူမ ကောင်းကောင်းသိထားသည် မဟုတ်ပါလား။ လက်သည်းနှင့် ခြစ်မိရုံပင် ခြစ်မိစေအုံး၊ အနက်ရောင်မုဆိုးမ၏ အဆိပ်သည် ချင်းလင်အာကို သုံးခါပြန် သေစေရန် လုံလောက်၏။

"တတိယမယ်တော်...ကျွန်မ....."

"ရှုး"

တတိယမယ်တော်က သူမ၏ နှုတ်ခမ်းပေါ်တွင် လက်ညိုးနှင့် ထိကပ်လိုက်ပြီး ချင်းလင်အာကို တိုးတိုးနေရန် အမူပရာ ပြလိုက်၏။

"ဒီလောက်လည်း အလျင်မလိုပါနဲ့လေ ဒီလိုမြန်မြန်ဝန်ခံလိုက်ရင် ဘယ်လိုလုပ်ပျော်စရာကောင်းတော့မှာလဲကွ အမှန်တော့ ခွန်းရှင်းယင် ဘယ်လိုသေတယ်ဆိုတာ ငါ့အတွက် အရေးမပါဘူး အဓိကပြသနာက သူ အထီးကျန်ဆန်စွာနဲ့ သေဆုံးသွားရတာပဲ ဒီတော့ သူ့ကို တယောက်ယောက် အဖော်လုပ်ပေးမှရမယ်"

စကားဆုံးသည်နှင့် သူမသည် ချင်းလင်အာ၏ မျက်နှာကို လက်ဖြင့် ပွတ်သပ်နေ၏။ ထိုလက်ချောင်းများမှာကား ရေခဲတမျှ အေးစက်နေလေသည်။

ထိုအခါ ချင်းလင်အာက ကြောက်အားလန့်အားနှင့် ပြောလိုက်လေသည်။

"ရှင် ဒီလိုမလုပ်နိုင်ပါဘူး ကျွန်မဟာ တော်ဝင်မျိုးနွယ်စုဝင်ပဲ တခြားတော်ဝင်မျိုးနွယ်စုထဲက လူတယောက်ကို သတ်လိုက်ရင် ရှင်ဟာ..."

"ငါက မင်းကို သတ်မယ်လို့ မပြောရသေးပါဘူးကွဲ့"

သူမက ချင်းလင်အာ၏ မျက်နှာပေါ်မှ လက်ကို ရုတ်သိမ်းပြီး ပြောလိုက်သည်။

"ဒီလို ဆိုးဝါးတဲ့ကိစ္စမျိုးကို ငါ ဘယ်လုပ်ပါ့မလဲ ပြီးတော့ ဒီကမ္ဘာကြီးပေါ်မှာ ငါဟာ ယောကျာ်းတွေကိုပဲ သတ်တာ"

ထိုအခါကျမှ ချင်းလင်အာတယောက် စိတ်သက်သာရသွားပြီး သက်ပြင်းချနိုင်တော့သည်။

"ဒါပေမဲ့ ငါမသတ်တိုင်း တခြားလူတွေက မင်းကို ငဲ့ညှာမယ်လို့ မဆိုလိုဘူးနော် နောက်ဆုံးမှာ ငါတို့ရှန်းယင်နဲ့အတူ ချန်းအန်၊ ကျန့်ခွမ်း၊ ကျုံးတင်၊ ဟွမ်ဝု၊ ကျန်းယင်တို့ သေဆုံးသွားခဲ့တယ် သူတို့အားလုံးဟာ တော်ဝင်မျိုးနွယ်စုဝင်တွေပဲ မင်းသာ ကျေနပ်အောင် မရှင်းလင်းနိုင်ဘူးဆိုရင် ဖြစ်လာမဲ့ အကျိုးဆက်တွေက မသေးဘူးနော် သူတို့မင်းကို လွှတ်ပေးမှာမဟုတ်ဘူး"

စကားဆုံးသည်နှင့် သူမက အားရပါးရ ရယ်မောလိုက်သည်။

ထိုရယ်မောသံသည် ချင်းလင်အာ၏ နှလုံးသားကို ပြင်းစွာ တုန်လှုပ်သွားစေ၏။

နောက်ဆုံးတွင် ချင်းလင်အာတယောက် တင်းမခံနိုင်တော့။

သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသတည်း။

"ကျွန်မ ဝန်ခံပါတယ် အကုန်လုံးကို ကျွန်မ ပြောပြပါတော့မယ်ရှင်"

All Chapters