စုဝေးခြင်း
Vol. 24 Ch. 239
တနာရီခန့်အကြာတွင် ကျန်းတိန်ယွဲ့သည် နဂါးကျောင်းတော်၏ တောင်ဘက်ရှိ တောင်ကုန်းငယ်တကုန်းပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ရပ်လျက်ရှိသည်။ သူ့နောက်တွင်တော့ ချိန်းယွင်ဟု အမည်ရသော လူငယ် ရှိနေ၏။
ထိုအချိန်တွင် ဓားတလက်ကို လွယ်ပိုးထားသော လူငယ်တယောက် တောင်ကုန်းပေါ်သို့ တက်လာ၏။ လူငယ်၏ လမ်းလျှောက်ပုံမှာ သိပ်မမြန်။ သိုု့သော် ခြေလှမ်းက ကျဲလှပေရာ အချိန်အနည်းငယ်အတွင်း ကျန်းတိန်ယွဲ့၏ ဘေးနားသို့ ရောက်ရှိလာလေသည်။
"ဝမ်တောက်ရှန်းဆိုတဲ့ကောင်ဟာ တော်တော်ခေါင်းမာတယ် ဘာသတင်းမှကို မရခဲ့ဘူးဗျို့"
စကားပြောနေလျက်နှင့်ပင် ၎င်းသည် အနီးရှိ သစ်ပင်တပင်ဆီသို့ လျှောက်သွားက သစ်ပင်ကို မှီလျက်ရပ်နေလေ၏။ ကျန်းတိန်ယွဲ့က မျက်မှောင်ကြုတ်ပြီး တစုံတရာ ပြန်ပြောရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် တစုံတယောက်၏ စကားသံကို သူ ကြားလိုက်ရ၏။
"ဒါ ဘာမှမဆန်းပါဘူးကွာ မင်းဆိုတဲ့ ကျုံးချီစိကသာ တန်ဖိုးရှိတဲ့ သတင်းအချက်အလက် ရအောင်ရှာလာနိုင်ရင် ကျုံးချီစိလို့ ဘယ်ခေါ်လို့ရတော့မလဲ မင်းဒီကိုလာတာ လူသတ်ဖို့ပဲ သူတို့ကို စစ်ကြောဖို့မှမဟုတ်တာ"
ထိုစကားကြောင့် ကျုံးချီစိ စိတ်တိုသွား၏။ သို့သော် ကျန်းတိန်ယွဲ့က ဝင်ရောက်ဟန့်တားလိုက်သည်။
"တော်ကြတော့ဟေ့ စကားနည်းနည်းပဲ ပြောပြီး အလုပ်များများ လုပ်ကြရအောင်"
ထိုအခါ အနီးရှိ သစ်ပင်ပေါ်မှ အရပ်ပုကွကွလူတေယာက် ခုန်ဆင်းလာ၏။ ဟွမ်းဝု၏ ဦးလေးတော်သူ ရွှေရောင်ပုစဉ်းမျိုးနွယ်စုမှ ဟွမ်းမင်ပင် ဖြစ်သည်။ မြေကြီးပေါ်သို့ ရောက်သည်နှင့် သူက စကားစသည်။
"ဆွန်းချီစုဆိုတဲ့ကောင်ဟာလည်း အတော်ကို သတိကြီးတယ် ပထမက ကျူပ်ဟာ အမျိုးမျိုး အစ်အောက်မေးမြန်းပေမဲ့ ဘာသတင်းမှမရခဲ့ဘူး ဒါပေမဲ့ ယန်ဖုချင်းသေသွားတဲ့အကြောင်း စကားစလိုက်တော့ သူ့မျက်နှာမှာ တယောက်ယောက်ကို မုန်းတီးဟန်ပေါ်လာတယ် ဒါပေမဲ့ ဘယ်သူ့ကို မုန်းနေမှန်းတော့ ကျုပ် စဉ်းစားလို့မရဘူး"
ကျုံးချီစိက အေစက်သော လေသံနှင့် ရယ်မောလိုက်ပြီး ဟွမ်းမင်ကို ပြန်ရွဲ့လိုက်သည်။
"ခင်ဗျား ရလာတဲ့သတင်းက ဒီလောက်ပဲလား"
"ဒီလောက်ဆိုရင်ကို လုံလောက်နေပါပြီ"
နောက်ထပ် အက်ကွဲနေသော အသံတသံ ထပ်မံထွက်ပေါ်လာ၏။ သူတို့က အသံကြားရာနေရာကို လှည့်ကြည့်လိုက်ရာ သူတို့ဆီသို့ ဦးတည်လာနေသော လူတယောက်ကို မြင်လိုက်ရသည်။ ထိုလူသည် အရပ်ပုပြီး ကြီးမားသော လက်များနှင့် ထူထဲသည့် လက်ချောင်းများကို ပိုင်ဆိုင်ထား၏။ ၎င်းသည် မိုးခေါင်သောနဂါးမျိုးနွယ်စုဝင်တဦး ဖြစ်သည်။ သူ့နာမည်ကို ကျန်းတောက်ဟု ခေါ်၏။ သူသည် ကျန်းယင်၏ တတိယဦးရီးတော်ပင် ဖြစ်သည်။
သူက ကျန်းတိန်ယွဲ့တို့ဆီ တည့်တည့်မတ်မတ်ပင် လျှောက်လာပြီး ပြောလိုက်၏။
"တုချိန်းဆိုတဲ့ မိန်းကလေးကလည်း သိပ်မဆိုးဘူး သူဟာ စိတ်တည်ငြိမ်အောင် ကြိုးစားပြီး ကျုပ်မေးတဲ့မေးခွန်းတွေကို ပါးပါးနပ်နပ်နဲ့ ဖြေနေခဲ့တယ် ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျန်းယင်နဲ့ တခြားလူတွေ သေဆုံးတဲ့အချိန်မှာ သူရှိနေတာကို ကျုပ် ဖော်ထုတ်နိုင်ခဲ့တယ်"
"အဟက် ကျုံးတင် ကျန်းယင်နဲ့ တခြားလူတွေ သေဆုံးသွားခဲ့တယ် ဒါပေမဲ့ သွေးဗီဇမပါတဲ့ သာမာန်လူတွေကတော့ အသက်ရှင်ကျန်ရစ်နေတယ် ဒါဟာ ဒီနေရာရာရဲ့ ကြီးမားတဲ့ပြသနာပဲဗျ"
ဟွမ်းမင်က မှတ်ချက်ပြုလိုက်၏။
"ဒါပေမဲ့ ဒီလောက်နဲ့တော့ သက်သေအထောက်ထား လုံလောက်ပြီလို့ မဆိုနိုင်သေးဘူး"
ကျန်းတိန်ယွဲ့က မျက်မှောင်ကုတ်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။
"ဘာသက်သေများ လိုသေးလို့လဲ ခွန်းအာနဲ့ တခြားလူတွေကျ သေသွားပြီး ဘာမဟုတ်တဲ့ကောင်တွေက အသက်ရှင်နေတယ် သူတို့ထဲက တယောက်ယောက်က ခွန်းအာတို့ကို ဒုက္ခပေးခဲ့ရင်တောင် သူတို့ကို အသက်ရှင်ခွင့်ပေးလို့မရဘူး သတ်ပစ်သင့်တယ် ဒါမှ သူတို့တတွေ ကျွန်မတို့ကလေးတွေနဲ့ သေရွာမှာသွားပြီး ပူးပေါင်းနိုင်မှာပေါ့ ဒီတော့ ဘာသက်သေမှမလိုဘူး"
အင်အားပြည့်ဝလှသော အသံတသံ ထပ်မံထွက်ပေါ်လာပြန်၏။ အသံမှာ မာကျောကြံ့ခိုင်လှသော်လည်း အသံရှင်မှာကား အမျိုးသမီးတယောက်သာ ဖြစ်လေသည်။ ထိုအမျိုးသမီးသည် အလွန်တရာ ကျားကျားလျားလျား ရှိလှသောကြောင့် တချို့ယောကျာ်းများကိုပင် အရှက်ရစေ၏။ သူမသည် ဆေးတံတချောင်းကို ရှိုက်ဖွာလျက်ရှိသည်။ ထိုအမျိုးသမီး၏ ဆင်ကြီးတကောင်ကဲ့သို့ ခြေထောက်များကို တလှမ်းလှမ်းလိုက်တိုင်း တောင်ကြီးတခုလုံး တုန်ခါသွား၏။ အမျိုးသမီး တောင်ထိပ်သို့ ရောက်လာသည်နှင့် တိမ်တိုက်တခု၏ အရိပ်မည်း သူတို့ခေါင်းပေါ် ထိုးကျနေသကဲ့သို့ လူတိုင်း၏ စိတ်ထဲတွင် ခံစားလိုက်ရသည်။
သူမရောက်လာသောအခါ ကျန်းတိန်ယွဲ့က ရယ်မောရင်း ပြောလိုက်၏။
"ကျန့်ပါ့ရှန်း နဂါးကျောင်းတော်ဟာ အနက်ရောင်ကြံ့မြို့စောင့်တပ် မဟုတ်ဘူးဗျ ဒီနေရာမှာ စိတ်ထင်တိုင်းလုပ်လို့မရဘူး ခင်ဗျား တယောက်ယောက်ကို သတ်ချင်ရင် ဘာကြောင့်သတ်ဖို့လိုသလဲဆိုတဲ့ အကြောင်းပြချက် လိုတယ် ပြီးရင် နဂါးကျောင်းတော်ကို အကြောင်းကြားရတယ် သူတို့သဘောတူမှ ခင်ဗျားလုပ်ချင်တာ လုပ်ခွင့်ရှိမယ် သူတို့သဘောမတူပဲ သွားလုပ်ရင်တော့ ခင်ဗျား ဒုက္ခရောက်ပြီသာမှတ်ပေတော့ သက်သေလုံလုံလောက်လောက်မရှိပဲ နဂါးကျောင်းတော်က ဒီကိစ္စကို သဘောတူလာအောင် ကျုပ်တို့ စည်းရုံနိုင်မှာမဟုတ်ဘူး ခု ခင်ဗျားပြောလိုက်တဲ့စကားကြောင့် ခင်ဗျား အဆုံးသတ်ဖို့ ဘယ်လောက်တောင်နီးသွားပြီဆိုတာ ကိုယ့်ဟာကိုယ်ကော သိရဲ့လား"
ကျန့်ပါ့ရှန်းက ဆေးတံကို လေးငါးချက်ခန့် ဖွာလိုက်ပြီး ထူထဲသော မီးခိုးငွေ့များကို လေထဲသို့ မှုတ်ထုတ်လိုက်သည်။ ထို့နောက် သူမက ပြောလိုက်၏။
"တိမ်တိုက်ကျားသစ်ဆိုတဲကောင်ကို ကျွန်မ ရှာမတွေ့ခဲ့ဘူး"
"ဟေ"
ကျန်းတိန်ယွဲ့၏ မျက်ခုံးနှစ်ဖက်က အပေါ်သို့ မြင့်တက်သွား၏။
"ဘာဖြစ်လို့လဲ သူက ပုန်းနေလို့လား "
"မဟုတ်ဘူး ကျွန်မ ဗိုက်ဆာလို့ အစာသွားစားနေမိတာ",
ကျန့်ပါ့ရှန်း၏ စကားကို ကြားရသောအခါ ကျန်းတိန်ယွဲ့ ဒေါသူပုန်ထသွား၏။
"ကျန်ပါ့ရှန်း အစာမစားခင် အလုပ်ကို အရင်လုပ်ပါလို့ ကျုပ်မပြောခဲ့ဘူးလား"
"သိတယ်လေ ဒါပေမဲ့ အစားအသောက်တွေ ရောင်းတဲ့ဆိုင်ရှေ့လည်းရောက်ရော မွှေးလွန်းလို့ စိတ်ကိုမထိန်းနိုင်ပဲ ဝင်စားမိတော့တာပဲ ဒါတောင် မဝလိုက်ဘူး ဆိုင်ရှင်က ရောင်းစရာမရှိတော့ဘူး ပြောလို့သာပေါ့ စားပြီးတာနဲ့ တိမ်တိုက်ကျားသစ်ကို လိုက်ရှာဖို့ လုပ်တယ် ဒါပေမဲ့ ကျွန်မတို့ချိန်းထားတဲ့အချိန် နီးပြီလို့ တွေးမိတာနဲ့ အရင်ဆုံး ပြန်လှည့်လာခဲ့တာ"
ကျန့်ပါ့ရှန်း အစားမက်သည်မှာ အံ့သြစရာမဟုတ်ပေ။ သူမသည် သံမဏိထက်ပင် အရပ်ရှည်သလောက် ကြွက်သားများကလည်း ဝက်ဝံတကောင်ကဲ့သို့ သန်စွမ်းလှသည် မဟုတ်ပါလား။
ထိုစကားကို ကြားလိုက်ရသောအခါ ဟွမ်းမင်က ငေါ့တော့တော့နိုင်သော အသံနှင့် ရယ်မောလိုက်၏။
"ဒါ ဒီလိုပဲ ဖြစ်လာမယ်ဆိုတာ ကျုပ်သိထားပြီးသား ကျုံးချီစိနဲ့ ကျန့်ပါ့ရှန်းတို့ဟာ စိတ်ကိုမချရဘူး"
ကျုံချီစိက မျက်ခုံးပင့်ရင်း ပြန်ပြောလိုက်သည်။
"အနည်းဆုံးတော့ တွေ့ရမဲ့လူကို ကျုပ်က သွားတွေ့ခဲ့သေးတယ်ကွ"
"မင်း မသွားခဲ့ပါဘူးကွာ"
"မင်း သေချင်နေပြီထင်တယ်"
"စမ်းကြည့်လေကွာ"
ထို့နောက် ဟွမ်းမင်နှင့် ကျုံးချီစိတို့နှစ်ယောက်သည် တယောက်နှင့်တယောက် ရန်စောင်နေကြလေသည်။
"တော်ကြစမ်းဟေ့"
ကျန်းတိန်ယွဲ့က ကျယ်လောင်စွာ အော်ဟစ်တားမြစ်လိုက်၏။
"အလုပ်မှမပြီးသေးဘူး မင်းတို့က ငြင်းခုန်နေကြပြီ အဖွဲ့သားအချင်းချင်း တကယ်တိုက်ခိုက်ချင်နေကြတာလား"
သို့တိုင်အောင် ကျုံးချီစိက ပြောဖြစ်အောင် ပြောလိုက်သေးသည်။
"ဒီကောင်နဲ့ တဖွဲ့တည်းလို့ ဘယ်သူပြောသလဲဗျ"
ကြာတော့ ကျန်းတိန်ယွဲ့နှင့် ကျန်းတောက်မှာ ခေါင်းများပင် ကိုက်ခဲလာ၏။ ကျန့်ပါ့ရှန်းကတော့ ဘာမှမထူးခြားသည့်ဟန်ပင်ဖြင့် အော်ဟစ်ရယ်မောနေလေသည်။
ကျန်းတိန်ယွဲ့၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးစပြုလာ၏။ ထိုအခိုက်မှာပင် သူက ခေါင်းမော့ကာ အော်ပြောလိုက်သည်။
"တတိယမယ်တော်ခွန် ခင်ဗျား ဒီကိုလာတာ သတင်းပေးဖို့မလား ဒါမှမဟုတ် ကျုပ်ကပဲ ခင်ဗျားကို ထွက်လာဖို့ တလေးတစားနဲ့ ဖိတ်ခေါ်ပေးရမှာလား"
သာယာလှသော ရယ်မောသံတသံသည် အရပ်ရှစ်မျက်နှာမှ ပေါ်ထွက်လာသကဲ့သို့ ထင်ရသည်။
"လူတွေဟာ သူတို့ ဘယ်လောက် အောင်မြင်ခဲ့သလဲဆိုတာ နားလည်ဖို့ တခြားလူတွေနဲ့ နှိုင်းယှဉ်ကြည့်ဖို့လိုတယ် ဒီတော့ ရှင်ရော ဘာတွေသိလာသလဲဆိုတာကို နည်းနည်းဖြစ်ဖြစ် ပြောပြပါလားရှင့်"
ကျန်းတိန်ယွဲ့၏ မျက်ခုံးနှစ်ဖက်က အပေါ်သို့ မြင့်တက်သွားသည်။
"ဒီတော့ ခင်ဗျားပြောပုံအရဆိုရင် တခုခု သိလာပြီပေါ့ ဟုတ်လား"
"ဘာမှတော့ ကြီးကြီးမားမား သိလာတယ် မဟုတ်ပါဘူးရှင် ဒါပေမဲ့ ကျွန်မဆိုတဲ့ တတိယမယ်တော်တက ဘယ်တော့မှ မလျှို့ဝှက်တတ်ဘူးလေ"
စကားဆုံးသည်နှင့် ပါးလွှာသော လေထုထဲမှ တတိယမယ်တော်ခွန်၏ ပုံရိပ်ပေါ်ပေါက်လာ၏။ ခါတိုင်းကဲ့သို့ပင် သူမသည် အနက်ရောင်ဝတ်စုံကို ဝင်ဆင်ထားလေသည်။
ကျန်းပါ့ရှန်းနှင့် သူမကို နှိုင်းယှဉ်ကြည့်လျင် နတ်သမီးနှင့် သားရဲသတ္တဝါဆိုးတကောင်ပမာ ကွာခြားနေကြောင်း မြင်တွေ့ရမည်ဖြစ်သည်။ ကံဆိုးသည်မှာ အနှီ သားရဲသတ္တဝါဆိုးသည်လည်း အမျိုးသမီးတယောက် ဖြစ်နေခြင်းပင်။
"ဘာတွေသိလာသလဲဗျ"
တယောက်က မေးလိုက်၏။
"အားလုံး မျှော်လင့်ထားတဲ့အတိုင်းပဲ"
တတိယမယ်တော်ခွန်က စကားစသည်။
"တစုံတယောက်က ဆေးတမျိုးကိုသုံးပြီး ခွန်ရှန်းယင်တို့အဖွဲ့နဲ့ ရွှံ့ဘီလူးကို ရန်တိုက်ပေးခဲ့တယ် ထိပ်တိုက်ရင်ဆိုင်တိုးစေခဲ့တယ်"
"ရန်တိုက်ပေးတာ ဘယ်သူလဲ"
"သူတို့ထဲက အဂ္ဂိရတ်ပညာရှင် ဘယ်သူလဲရှင့်"