← Chapters

အကြံအစည်

Vol. 24 Ch. 240

အကြံအစည်

Vol. 24 Ch. 240

စုချန်းသည် ကျန်းတိန်ယွဲ့ကို ထိုနေ့နေ့လည်မှာပင် ထပ်မံတွေ့ရှိလိုက်ရသည်။ သို့သော် ဤတကြိမ်တွင်တော့ ကျန်းတိန်ယွဲ့ တယောက်တည်းမဟုတ်တော့။ သူနှင့်အတူ တခြားလူများပါ ပါလာ၏။

ကျန်းတိန်ယွဲ့က မူလစွမ်းအင်မျှော်စင်ရှေ့တွင် မတ်တပ်ရပ်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"သခင်လေးစု ကျုပ်ပါ ကျုပ်တူနဲ့ပတ်သက်ပြီး စကားထပ်ပြောချင်တယ် သခင်လေးစု အချိန်ရရဲ့လား"

စုချန်းက ကျန်းတိန်ယွဲ့၏ နောက်ကျောရှိ လူစုကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

"ခင်ဗျား စကားပြောချင်ရင် ဒီမှာ ပြောလို့ရသားပဲ"

"အေးအေးဆေးဆေး ပြောလို့ရအောင် တနေရာရာကို သွားတာပိုမကောင်းဘူးလား"

ကျန်းတိန်ယွဲ့က မေးလိုက်၏။

သို့သော် စုချန်းက ငြင်းဆန်လိုက်သည်။

"ကျုပ်တို့ ဒီမှာပဲပြောမယ်"

ကျန်းတိန်ယွဲ့ မျက်မှောင်ကုတ်သွား၏။ ထို့နောက် သူက စုချန်းကို မည်သို့ခေါ်ထုတ်ရမည်ကို စဉ်းစားလျက်ရှိသည်။ ထိုအချိန်မှာပင် ကျန့်ပါ့ရှန်းက သည်းမခံနိုင်တော့ပဲ ဝင်ရောက်ပြောဆိုလိုက်တော့သည်။

"ကောင်လေး ဘာကို အခုမှကြောက်ပါပြီလဲ ဘာလဲ မင်းက အဲဒီအထဲမှာနေရုံနဲ့ ဘေးကင်းလုံခြုံပြီလို့ ထင်နေတာလား လုပ်ရဲမှတော့ ခံရဲရမှာပေါ့ မင်းဆရာက မင်းကို မကာကွယ်နိုင်ဘူးကွ"

ကျန်းပါ့ရှန်း၏ စကားက သူတို့၏ အကြံအစည်ကို လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ဘွားဘွားကြီးပေါ်ပေါက်သွားစေသောကြောင့် ကျန်းတိန်ယွဲ့ အလွန်စိတ်ဆိုးသွား၏။

အကယ်၍ သူတို့အနေနှင့် နဂါးကျောင်းတော်အတွင်းဝယ် လှုပ်လှုပ်ရှားရှား မလုပ်နိုင်သည့်တိုင်အောင် အလွန်တိတ်ဆိတ်သော နေရာတနေရာတွင် စုချန်းကို ဖိအားပေးရန် ကျန်းတိန်ယွဲ့က စဉ်းစားထားသည်။ ဤနေရာတွင် စကားပြောလျင် ကျောထောက်နောက်ခံရှိနေသောကြောင့် စုချန်းက ဝန်ခံမည်မဟုတ်ပေ။

ယခုတော့ ဦးနှောက်မရှိသော ကျန့်ပါ့ရှန်းကြောင့် သူ့အစီအစဉ်တခုလုံး ရစရာမရှိအောင် ပျက်စီးသွားရလေပြီ။ သို့သော် နှုတ်က လွန်ခဲ့ပြီဖြစ်ရာ ကျန်းတိန်ယွဲ့ ဘာမှမတတ်နိုင်တော့။

ကျန့်ပါ့ရှန်း၏ စကားကို ကြားရသောအခါ စုချန်းက မျက်ခုံးနှစ်ခုကို ပင့်ရင်း အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။

"ခင်ဗျား ဘာတွေပြောနေတယ်ဆိုတာ ကျုပ်မသိပါလား"

ထိုအခါ ကျန့်ပါ့ရှန်းက အရူးတယောက်ပမာ အော်ဟစ်လိုက်၏။

"ကောင်လေး မင်းဟာ တကဲ့ ဗြောင်လိမ်ဗြောင်စားပါလား

ကျန့်ခွမ်းနဲ့ တခြားလူတွေကို မင်းသတ်ခဲ့တယ်ဆိုတာ ငါတို့သိထားပြီးပြီ ဒါကို မင်းက ငြင်းချင်သေးတာလား မင်းကိုမင်း လိပ်ပြာလုံတယ်ဆိုရင် ဒီကိုလာခဲ့လေ"

စုချန်းက သူမကို အရေးမလုပ်တော့ပဲ တခြားလူများဘက်သို့ လှည့်မေးလိုက်သည်။

"ဘာတွေဖြစ်နေသလဲဆိုတာ တယောက်လောက် ရှင်းပြပေးနိုင်မလားဗျ"

အမှန်တော့ ဤအသက်အရွယ် ဤအခြေအနေမျိုးတွင် ဤမျှတည်ငြိမ်နိုင်သည့်အတွက် စုချန်းကို ကျန်းတိန်ယွဲ့ မချီးကျုးပဲ မနေနိုင်တော့။

သို့သော် သူက ပြောလိုက်၏။

"စုချန်း မင်းဟာ မင်းတို့ရဲ့ အက်ဒမန်တင်းမျောက်ဝံကို ကျန်းချန်းအန်တို့ လုယူသွားတဲ့အတွက် အရမ်း ဒေါသထွက်သွားခဲ့တယ် အဲဒီနောက်မှာတော့ ကျောက်တုံးဝိညာဉ်ဆေးကိုသုံးပြီး ရွှံ့ဘီလူးနဲ့ ကျန်းချန်းအန်တို့အဖွဲ့ကို ထိပ်တိုက်ရင်ဆိုင်တိုးစေခဲ့တယ် ကျုပ်ပြောတာ ဟုတ်သလား"

"ဘယ်မှာလဲ သက်သေ"

စုချန်းက ချက်ချင်းလိုလို ပြန်လည်မေးခွန်းထုတ်လိုက်၏။

"ငါတို့ရဲ့ သက်သေက ချင်းလင်အာပဲ"

တတိယမယ်တော်ခွန်က ဝင်ရောက်ပြောဆိုလိုက်သည်။ ထိုအခါ စုချန်းက ရယ်မောလိုက်၏။

"ချင်းလင်အာကို ဒီလိုကိစ္စတွေ အသိပေးထားမယ်လို့ ခင်ဗျားက ထင်နေတာလား"

"မှန်တာပေါ့ မင်းကတော့ ဘယ်ပြောမလဲ ဒါပေမဲ့ ချင်းလင်အာကတော့ ဒါကို ရှာဖွေတွေ့ရှိခဲ့တယ် ဒီလောက် ပြသနာအကြီးကြီး တက်ထားမှတော့ သူဘာမှမလုပ်ပဲ လက်လျှော့လိုက်မယ်လို့ မင်းက ထင်နေတာလား ငါတို့တွေ ဝင်ပါလာမှာကို သူ ကောင်းကောင်းသိနေတယ်လေ ဒါကြောင့် သူဟာ တချိန်လုံးလိုလို သက်သေအထောက်အထားကို ရှာဖွေနေခဲ့တယ် "

တတိယမယ်တော်က ဆေးပုလင်းငယ်တလုံးကို ဆွဲထုတ်ရင်း စကားဆက်ပြန်၏။

"ဒါဟာ မင်းအသုံးပြုခဲ့တဲ့ ကျောက်တုံးဝိညာဉ်ဆေးပုလင်းပဲ ဟုတ်တယ်မလား ချင်းလင်အာဟာ ဒီဆေးပုလင်းကို မင်းတို့စခန်းချတဲ့ နေရာအနားမှာ ရှာတွေ့ခဲ့တယ် မင်းတို့အဖွဲ့ထဲမှာလည်း အဂ္ဂိရတ်ပညာရှင်ဆိုလို့ မင်းတယောက်ပဲရှိတာလေ ကဲ မင်း ဘာငြင်းချင်သေးလဲ"

"ချင်းလင်အာ"

စုချန်း မျက်မှောင်ကုတ်သွား၏။ နောက်ဆုံးတွင် သူက ဟားတိုက်ရယ်မောရင်း ပြောလိုက်သည်။

"နောက်ဆုံးတော့ သူမဟာ ယုံကြည်စိတ်ချလို့ မရဘူးပဲကိုး"

"မင်း ဝန်ခံပြီလား"

ကျန်းတိန်ယွဲ့က မေးလိုက်၏။ စုချန်းက မနှစ်မြို့သော ဟန်ပန်ဖြင့် ဟက်ခနဲ ရယ်လိုက်သည်။

"ကျုပ် ဝန်ခံတာ မဝန်ခံတာက ခုချိန်မှာ အရေးကြီးသေးလို့လား တကယ်အရေးကြီးတာက ဆေးပုလင်း အလွန်တလုံးတွေ့တာနဲ့ ခင်ဗျားတို့ကျုပ်ကို အပြစ်တင်လို့ ရမရ ဆိုတာပဲ ဒီဆေးပုလင်းကို ကျုပ်ပိုင်တယ်ဆိုတာ ခင်ဗျားတို့မှာ သက်သေမရှိဘူး တယောက်ယောက်က ဒါကိုသုံးပြီး ကျုပ်တို့ကို ချောက်ချဖို့ ကြံစည်တာလည်း ဖြစ်နိုင်တာပဲ ဒါကြောင့် နဂါးကျောင်းတော်ဟာ ခင်ဗျားတို့ပြောတာကို ယုံမှာမဟုတ်ဘူးဗျ"

"မင်းပြောတာ မမှားဘူး ဒါပေမဲ့ မင်းမှန်း သိလိုက်ရတဲ့အတွက် ကျုပ်တို့အဖို့ လုံလောက်ပြီ"

ကျန်းတိန်ယွဲ့က ရက်စက်ကြမ်းကြုတ်သော အသံနှင့် ပြောလိုက်သည်။

"ခုဆိုရင် ကျုပ်တို့ နောက်ကွယ်က ဆရာကြီးကို တွေ့ပြီ မင်း ကျုပ်တို့လက်က လွတ်အောင်ပြေးနိုင်မယ်ထင်သလား"

"ဒါမှမဟုတ် မင်းရဲ့ကျန်တဲ့ဘဝတလျှောက်လုံး နဂါးကျောင်းတော်ထဲမှပဲ ပုန်းအောင်းနေလို့ရမယ်ထင်သလား"

သူတို့၏ စကားသည် အကြွင်းမဲ့ မှန်ကန်နေ၏။ သက်သေမလုံလောက်၍ နဂါးကျောင်းတော်က စုချန်းကို လွှတ်ပေးမှာ သေချာနေသော်လည်း မျိုးနွယ်စုခြောက်စုကတော့ စုချန်းကို အလွတ်ပေးလိမ့်မည်မဟုတ်ပေ။ ဤတကြိမ် ကြုံတွေ့ရမည့် ပြသနာကတော့ စုချန်း ယခင်ကြုံတွေ့ရမည့် ပြသနာများနှင့် များစွာ ကွဲပြားလှသည်။ စုချန်းကို လက်စားချေရန် မျိုးနွယ်စုခြောက်စုအနေနဲ့ နဂါးကျောင်းတော်၏ ရှေ့မှောက်တွင် နှစ်ပေါင်း၁၀၀တိုင်အောင် စောင့်ဆိုင်းနေရမည်ဆိုလျင်ပင် စောင့်ဆိုင်းနေကြမည်သာ။

နောက်ဆုံးတွင် စုချန်းက သက်ပြင်းချရင်း ပြောလိုက်၏။

"ကံဆိုးတာပဲ ကျုပ်က ဒီကိစ္စကို ရှင်းနိုင်ခဲ့ပြီထင်နေတာ နောက်ဆုံးတော့ အထင်နဲ့အမြင် လွဲနေခဲ့တာပဲကိုး အဲဒီလိုဆိုရင်လည်း ပြသနာထဲက ထွက်နိုင်မဲ့ နည်းလမ်းလေးဘာလေးများ မရှိတော့ဘူးလားဗျ"

စုချန်း တကယ်ပင် ဝန်ခံတော့မည်လော။

လူတိုင်း၏ နှလုံးခုန်သံသည် ပို၍ မြန်ဆန်လာ၏။

ထိုအခါ ကျန်းတိန်ယွဲ့က ပြောလိုက်၏။

"ကဲ စုချန်း တကယ်လို့ နဂါးကျောင်းတော်ထဲကနေထွက်ပြီး ကျုပ်တို့နဲ့ လိုက်ခဲ့ရင် မင်း ဝေဒနာမခံစားရအောင် မြန်မြန်လုပ်ပေးမယ် ဒီလိုမှမဟုတ်ပဲ ကျုပ်တို့ရဲ့ အချိန်တွေကို အလဟသ ဖြုန်းတီးနေမယ်ဆိုရင်တော့ နောင်အနာဂတ်မှာ မင်း ဘယ်လောက်ထိ ခံစားရမယ်ဆိုတာ မပြောနိုင်ဘူး"

"ဒါမှမဟုတ် ဒီလိုဆိုရင်ကောဗျာ"

စုချန်းက ခေါင်းမော့ပြီး စဉ်းစားဟန်ပြုလိုက်၏။ ပြီးမှ သူက ပြောလိုက်သည်။

"အမှားတခုခု လုပ်မိပြီဆိုတာ ကျုပ်သိတယ် ဒါကြောင့် ကျုပ်အသက်ကို ပြန်ဝယ်ဖို့ကြိုးစားရင်ကော"

"ဝယ်မယ်ဟုတ်လား မင်းဘာနဲ့ ပြန်ဝယ်မှာလဲ မင်းကိုမင်း တော်ဝင်မျိုးနွယ်စုတွေထက် ငွေရှိတယ် ထင်နေတာလား"

ကျန်းတောက်က ရယ်မောရင်း ပြောလိုက်၏။

"သွေးဗီဇမပါပဲ သွေးဆူပွက်ခြင်းနယ်ပယ်ကို ရောက်နိုင်မဲ့နည်းလမ်းနဲ့ ဆိုရင်ကောဗျာ ကျုပ်အထင် ဒါကို ခင်ဗျားတို့ သဘောကျမယ်ထင်တယ်"

___________×××______________××××____________

နောက်ဆုံးတွင် ကျန်းတိန်ယွဲ့တို့အဖွဲ့ ထိုနေရာမှ ထွက်ခွာသွားကြ၏။ စုချန်း ပြောလိုက်သောစကားကြောင့် သူတို့ အထူးပင် အံ့သြတုန်လှုပ်နေခဲ့ကြလေသည်။

စုချန်းကိုယ်တိုင်လည်း မျှော်စင်ပေါ်သို့ ပြန်တက်လာခဲ့၏။ အပေါ်တွင်တော့ တိမ်တိုက်ကျားသစ်က သူ့ကို စောင့်ဆိုင်းလျက်ရှိသည်။

"ပြီးသွားပြီလား"

တိမ်တိုက်ကျားသစ်က မေးလိုက်ခြင်းဖြစ်သည်။ စုချန်းက ခေါင်းညိတ်ပြလိုက်၏။

"အင်း သူတို့က ဒါဟာ ကိစ္စသေးသေးလေး မဟုတ်ဘူးတို့ ဒါသူတို့ ဆုံးဖြတ်လို့မရဘူးတို့ အရင်ဆုံး သတင်းပြန်ပို့ရမယ်တို့ မျိုးနွယ်စုအကြီးအကဲကပဲ ဒီလိုဆုံးဖြတ်ချက်မျိုးကို လုပ်နိုင်တာတို့ စသဖြင့် စသဖြင့် ပြောသွားကြတာပေါ့"

တိမ်တိုက်ကျားသစ်က အားရပါးရ ရယ်မောလိုက်၏။

"ပွဲကတော့ ပိုပြီးလှသွားပြီပေါ့ကွာ နောက်တခါ ဒီလူတွေ ပြန်လာလို့ရှိရင် သူတို့အကြီးအကဲက ဒီအပေးအယူကို သဘောတူကြောင်း၊ ဒါပေမဲ့ သူတို့အနေနဲ့ ဒီနည်းစနစ်ကို သူတပါးဆီ လျှို့ဝှက်ပြီးရောင်းချထားတဲ့ နည်းစနစ် ဟုတ်မဟုတ် အတည်ပြုဖို့လိုကြောင်း ပြောကြလိမ့်မယ် အပေါ်ယံကြည့်ရင် ဒီကိစ္စ ဒီမှာတင် ပြီးသွားပြီလို့ ထင်ရမယ် ဒါပေမဲ့ သူတို့က လူတွေပို့ပြီး မင်းကို သတ်ပစ်ဖို့ ကြိုးစားကြလိမ့်မယ် ဒါပေမဲ့ ဒီတခါမှာတော့ လက်စားချေတာမဟုတ်ပဲ လုပ်ကြံသတ်ဖြတ်တာမျိုး ဖြစ်သွားလိမ့်မယ်"

"သူတို့ငါ့ကို လျှို့လျှို့ဝှက်ဝှက်နဲ့ လုပ်ကြံဖို့ကြိုးစားအောင် တွန်းအားပေးနိုင်လိုက်ရင်ကို ငါ့အကြံအောင်မြင်ပြီကွ"

စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

"သူတို့ငါ့ကို ပွင့်ပွင့်လင်းလင်း ရန်ရှာဖို့ မကြိုးစားတော့တဲ့အတွက် အသုံးပြုနိုင်မဲ့ အရင်းအမြစ်တချို့ ဆုံးရှုံးသွားလိမ့်မယ် ဒါတင်မဟုတ်သေးဘူး သူတို့ရဲ့ အင်အားဟာလည်း အလိုအလျောက် ကန့်သတ်ခံလိုက်ရသလိုပဲကွ"

"ဒါပေမဲ့ မင်းဟာ ခုချိန်မှာ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်မှာပဲ ရှိသေးတယ် မင်းကိုသတ်ဖို့ သူတို့ သိပ်ပြီး အားထုတ်နေစရာမှ မလိုတာ"

"ငါသာ ဆန္ဒရှိရင် သွေးဆူပွက်ခြင်းနယ်ပယ်ထဲကို တလအတွင်း ဝင်ရောက်အောင် လုပ်နိုင်တယ်ဆိုရင်ကော မင်း ဘာပြောမလဲ"

တိမ်တိုက်ကျားသစ်က မယုံနိုင်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။

"ဒီလိုနည်းစနစ်မျိုးကို မင်း မတီထွင်ရသေးပါဘူးကွာ"

"မင်း ငါ့ကို ယုံမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ"

မူလစွမ်းအင်အလင်းစက်မှုန်များကို မြင်နိုင်သည့် မျက်လုံးများအပေါ် မူတည်နေသော သူ၏ စုပ်ယူခြင်းနည်းလမ်းကြောင့် စုချန်းအဖို့ ချီစုဆောင်းခြင်းနယ်ပယ်၏ ထိပ်ဆုံးအဆင့်သို့ရောက်ရှိရန် သိပ်မခက်လှပေ။

သို့သော် လက်ရှိကာလမှာ အောက်ခြေခိုင်စေရန် လေ့ကျင့်နေရသည့် အချိန်ကာလဖြစ်ရာ စုချန်းအနေနှင့် ထိုမျှ အလျင်လိုစရာ မလိုလှ။

ထပ်ပြောရလျင် ချီစုဆောင်းခြင်းနယ်ပယ်အတွင်း ရှိနေသည့်တိုင် အင်အားမတိုးပွားနိုင်တော့ဟု တထစ်ချယူ၍မရပေ။ ရှီကိုင်းဟွမ်နှင့် စုချန်း စတွေ့ခဲ့စဉ်က ဖြိုခွင်းရေးကြံ့နတ်ဆိုးများကို ချီစုဆောင်းခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်များပင် သတ်ဖြတ်နိုင်သည်ဟု ဆိုခဲ့ဖူးသည် မဟုတ်ပါလား။ စုချန်းအနေနှင့်တော့ ထိုအဆင့်မျိုးသို့ရောက်ရန် များစွာ အလှမ်းဝေးလွန်းသေး၏။ သူ့အနေနှင့် မြင့်မားသော ရည်မှန်းချက်များ အောင်မြင်လိုလျင် အရာရာတိုင်းကို ဖြေးဖြေးမှန်မှန်သွားခြင်းသာ အကောင်းဆုံးဟု ယူဆထားသည် မဟုတ်ပါလား။

ထိုအချိန်တွင် တိမ်တိုက်ကျားသစ်က ရုတ်တရက် မေးမြန်းလိုက်သည်။

"ဒီကိစ္စကို ဇုမျိုးနွယ်ကို ပေးသိလိုက်မလား"

စုချန်းက ပြန်ပြောလိုက်၏။

"ပေးသိရမှာပေါ့ သူတို့သာ ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို လက်ဝါးကြီးအုပ်ထားချင်ရင် တခြားလူလက်ထဲ ဘယ်လိုမှ အရောက်ခံမှာမဟုတ်ဘူးကွ ဒါအသိသာကြီးပဲဟာကို"

ထိုသို့ပြောပြီးနောက် စုချန်းက အားရပါးရ ရယ်မောလိုက်၏။

"ငါ ငယ်ငယ်တုန်းက ပုံပြင်တွေ အများကြီးကြားဖူးခဲ့တယ် တခါက ချီစွမ်းအားပညာရှင်တစုဟာ လျှို့ဝှက်စာအုပ်တအုပ်အတွက် အချင်းချင်း တိုက်ခိုက်ကြသတဲ့ အခြေအနေတွေဟာ အတူတူပဲလို့ ထင်ရပေမဲ့ သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ စာအုပ်ကို ရရုံတင်မဟုတ်ဘူး ဖြန့်ဖြူးတာကို တားဆီးဖို့လည်း ပါတာကိုးကွ ငါ့အနေနဲ့ တခြားလူဆီက လျှို့ဝှက်နည်းစနစ်တခုကို အလွယ်တကူ မခိုးနိုင်ဘူး အဲဒီလိုပဲ လျှို့ဝှက်နည်းစနစ်တခု ပြန့်ပွားသွားတာကို တားဆီးဖို့ဆိုတာကလည်း သိပ်ခက်တာပဲဟေ့ အိပ်မက်နယ်ပယ်ထဲက ကြော်ငြာကို ဖြုတ်ချလိုက်ရုံနဲ့ ငါ့ရဲ့လုပ်ရပ်က်ို တားဆီးနိုင်ပြီလို့ ဇုမျိုးနွယ်တွေက ထင်နေကြတာ... ဘယ်လောက်သနားစရာကောင်းလိုက်တဲ့လူတွေလည်းကွာ ငါ့အနေနဲ့ ကိုင်းဟွမ်နည်းစနစ်ကို အိပ်မက်နယ်ပယ်မှာ ရောင်းနိုင်သလို အပြင်မှာရောင်းတော့ကော ဘာဖြစ်သလဲကွာ ကဲ ရောင်းလို့မရဘူးလား"

တိမ်တိုက်ကျားသစ်က ရယ်မောလိုက်သည်။

"ဒါကတော့ သူတို့က မင်းမှမဟုတ်တာ မင်းလို ဘယ်တွေးမိပါ့မလဲ တကိုယ်ကောင်းသမားတွေဟာ တခြားလူတွေကိုလည်း တကိုယ်ကောင်းဆန်တဲ့ အမြင်နဲ့ပဲ ကြည့်တတ်တယ်လေကွာ"

All Chapters