စတုတ္ထ ကွန်မန်ဒါ
Vol. 110 Ch. 1528
အာဏာရှင် အဖွဲ့ဝင်များမှာ အစိမ်းရောင် လမ်းကြောင်းကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီး နောက်တွင် အပြာရောင် ခါးသီးမှု လမ်းကြောင်းကို ဆက်လက်၍ စိန်ခေါ်တော့မည် ဖြစ်သည်။ သို့သော်လည်း... ပုံရိပ်တစ်ခုသည် ဝင်ပေါက်ရှေ့တွင် ရပ်နေခဲ့သည်။ အာဏာရှင် အားလုံး ထိုပုံရိပ်ကို တည်ငြိမ်စွာ ကြည့်နေခဲ့ကြသည်။
သူသည် မီးခိုးရောင် ဆံပင်များရှိသည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးဖြစ်၏။ သူ၏ ဆံပင်က ကျောလယ်လောက်ထိ ရှည်ကာ နှစ်ဖက်ခွဲရင်း နောက်ကြောဘက်ပင် ပိုနီတေး ပုံစံ စုစည်းထားသည်။ သူက အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ၏ ကျောဘက်နှင့် ခါးတွင် အမျိုးအစား မတူသည့် မြှားအိမ်နှစ်ခုကို ချိတ်ဆွဲထား၏။ နှစ်ခုလုံးမှာ ဗလာဖြစ်သည်။ သူ၏ မျက်လုံးများကိုတော့ အနက်ရောင် ပုဝါစဖြင့် စီးရင်း လျှို့ဝှက်ဆန်းကြယ်စွာ ဖုံးအုပ်ထား၏။ သူက ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်ရင်း...
“ငါတို့ ကြည့်ရုံပဲ ကြည့်ကြရင်ရော...”
အာဏာရှင် အားလုံးမှာ အချင်းချင်း စိန်ခေါ်ရင်း၊ ပြိုင်ဆိုင်ရင်း စိတ်အားထက်သန်မှု မြင့်တက်လာနေသည့်တိုင် ထိုအသက်လတ် အရွယ် အမျိုးသား ပေါ်ထွက်လာသော အခါတွင်တော့ တစ်ဦးတစ်ယောက်မျှ အလျင်စလို လုပ်ဆောင်ခြင်း မရှိခဲ့ပေ။
“နင် ဘာလုပ်နေတာလဲ... ယောင်ဟုန်ရီ”
ဟုန်ချွင်းဟွာက ဦးဆောင်ကာ ထိုအမျိုးသား၏ ရည်ရွယ်ချက်ကို မေးခွန်းထုတ်လိုက်၏။ ဤသည်မှာ အာဏာရှင်များ အတွက် စမ်းသပ်ပွဲ တစ်ခုသဖွယ် ဖြစ်လေရာ မိန်းကလေးမှ မည်သည့် ဂုဏ်ထူးဆောင် ဘွဲ့နာမကိုမျှ အသုံးမပြုခဲ့ချေ။ သူတို့ အားလုံးမှာ ပြိုင်ဘက်များ ဖြစ်သည်။ သူတို့အားလုံးမှာ ရန်သူများ ဖြစ်သည်။ လေးစားစရာ အကြောင်းမရှိပေ။
“ပထမ ကွန်မန်ဒါကို ပြောတာ မဟုတ်ဘူး”
အသက်လတ် အမျိုးသားက ရွှေဖုန်းပေါင်းကို ကြည့်၏။ ရွှေဖုန်းပေါင်းမှာ ထို ‘အကြည့်’ ကို ခံစားမိရာ အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် အကြည့်လွှဲရင်း အနေရခက်စွာ ရယ်မောလိုက်သည်။
ဟုန်ချွင်းဟွာသည် ရွှေဖုန်းပေါင်အား စောင်းကြည့်လိုက်သည်။ မူလ အာဏာရှင်များမှာ အစောကြီး လုပ်ဆောင်ကာ ပုံမှန် အာဏာရှင်များ၏ ပြိုင်ပွဲတွင် ကြားဝင်စွက်ဖက်ခြင်းမှာ အနည်းငယ် မတရားဘူးဟု သူမ ခံစားလိုက်ရသည်။
ရွှေဖုန်းပေါင်ကို လွန်ခဲ့သည့် နှစ်နှစ် လေ့ကျင့်ရေး ကာလအတွင်း အကြိမ် အနည်းငယ်မျှ သူမ တွေ့ဖူးခဲ့သည်။ မီးစွမ်းအင်ကို အထူးပြုသည့် ထိုကောင်လေးမှာ အပြစ် ကင်းစင်သည့် အပြုံးရှိသော်လည်း မယုံကြည်နိုင်လောက်အောင် ခန့်မှန်းရ ခက်ခဲသည်။
“တောင်းပန်ပါတယ်...”
ရွှေဖုန်းပေါင်က ရယ်မောကာ တောင်းပန်လိုက်ရင်း ဘေးသို့ လျှောက်သွားလိုက်၏။ မကြာခင် ထိုနေရာ၌ ရှိနေသူများ အားလုံး၏ မျက်လုံးများမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ကာ ဝင်ပေါက်ထံ အလျင်စလို မသွားသေးသည့် ရွေးချယ်ခံ အချို့မှာ တုန်လှုပ်သွားခဲ့သည်။ သူ မည်သည့် နေရာသို့ ရောက်ရှိသွားသနည်း။
နောက်ကို ပြန်လှည့်ကြည့်လိုက်သော အခိုက်၌ ဟုန်ချွင်းဟွာက ယောင်ဟုန်ရီဟု ခေါ်ခဲ့သည့် လေးသမားမှာလည်း ပျောက်ကွယ်သွားကြောင်း သတိထားလိုက်မိသည်။ သူ တည်ရှိခဲ့သည် ဆိုသည့် အရိပ်အယောင်မျှပင် မရှိတော့ချေ။
“ဘာလဲ...”
လင်းမင်၏ မျက်လုံးများမှာ ပြူးကျယ်လာခဲ့၏။ အလွန် အားကောင်းသည့် ဝိညာဉ် အာရုံနှင့် အတူ သူတို့ တည်ရှိနေခဲ့သည့် အရိပ်အယောင်ကို သူ တစ်စွန်းတစ်စ မြင်လိုက်ရသည်။ အတိအကျ ဖော်ထုတ်ရန် ခက်ခဲသော်လည်း သူတို မည်သည့် နည်းလမ်းကို အသုံးပြုနေကြောင်း သူ သဘောပေါက်လိုက်သည်။
ပတ်ဝန်းကျင် ပေါင်းစပ်ခြင်း...
၎င်းမှာ အလွန်ပင် နက်နဲ သိမ်မွေ့သည့် ဖုံးကွယ်ခြင်း ပုံစံ တစ်မျိုးပင်။
မူလဒြပ်စင် ကြယ်တာရာ ဝိညာဉ် ပိုင်ဆိုင်သူတစ်ဦးအနေဖြင့် လင်းမင်မှာ ပတ်ဝန်းကျင်နှင့် ပေါင်းစပ်ရာတွင် အတော်လေး ကျွမ်းကျင်သည်။ ဆယ်စုနှစ်ပေါင်းများစွာ အတွင်း သူ ၎င်းကို အားသာချက်အဖြစ် များစွာ အသုံးပြုခဲ့သည်။
ယီယွင်၏ နှာခေါင်းက မသိမသာ လှုပ်ရှားသွား၏။ မတူညီသည့် အနံ့ပေါင်း တစ်သန်းကျော်ထဲမှ ထိုနှစ်ဦး၏ တည်နေရာကို ရှာဖွေဖို့ ကြိုးပမ်းလိုက်၏။ သူ၏ အနံ့ခံနိုင်စွမ်းမှာ ပုံမှန်မဟုတ်ရုံသာမက ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် မြင့်မားလှသည်။ သို့သော်လည်း တစ်ခဏ ကြာပြီးနောက် ယီယွင် လက်လျှော့လိုက်သည်။ သူပင်လျှင် သူတို့ တည်ရှိနေသည့် တည်နေရာ အတိအကျကို မဆုံးဖြတ်နိုင်ခဲ့ပါချေ။
အာဏာရှင်များမှာ ထိုဖြစ်ရပ် အပေါ် အံ့သြခြင်း မရှိသော်လည်း အများစုကတော့ မကျေနပ်မှုကို ခံစား နေခဲ့ကြရသည်။ သူတို့မှာ ဟုန်ချွင်းဟွာနှင့် ရွှေဖုန်းပေါင်တို့ကို အနိုင်ပိုင်းဖို့ အတွက် လာမည့် လမ်းကြောင်းများတွင် အစွမ်းကုန် ပေးဆပ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ သူတို့ မည်သူ့ကိုမှ ကြောက်ရွံ့ခြင်း မရှိချေ။ သူတို့၏ စိတ်နေစိတ်ထားများမှာ မနှိုင်းယှဉ် နိုင်လောက်အောင်ပင် မြင့်မားသည်။ သူတို့ အတွက် မဖြစ်နိုင်သည့် အရာ မရှိဟူ၍ ခံယူထားသည်။
“ခဏနေဦး...”
အာဏာရှင်များ ကြားမှ အသံတစ်သံ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ အားလုံး ခေါင်းလှည့်ကြည့်လိုက်သော အခိုက်၌ အနက်ရောင် ဆံပင်၊ အေးစက်စက် မျက်လုံးများနှင့် နှုတ်ခမ်းထက်၌ မှဲ့တစ်လုံး ရှိသည့် လူသား မျိုးနွယ် မိန်းမလှလေး တစ်ဦးကို တွေ့လိုက်ရသည်။
“စတုတ္ထ ကွန်မန်ဒါ...”
အာဏာရှင်များစွာမှာ သူမကို ချက်ချင်း မှတ်မိလိုက်၏။ သူမမှာ အာဏာရှင်မှာ စတုတ္ထမြောက် တပ်ရင်း၏ ကွန်မန်ဒါ ပေ့ဝေဝေပင် ဖြစ်သည်။
ဟုန်ချွင်းဟွာလည်း လှမ်းကြည့်လိုက်၏။ ပေ့ဝေဝေမှာ သူမ၏ မိခင် ပေ့မင်နှင့် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ရုပ်ချင်း ဆင်တူပေသည်။
ပေ့မင်သည် တစ်ချိန်က ဝေ့ဝူယင်ကို အမှုထမ်းခဲ့သည့် အနန္တ ဧကရာဇ်ဂိုဏ်း၏ ဥပဒေထိန်း သူရဲကောင်းများထဲမှ တစ်ဦး ဖြစ်သည်။ သူမ၏ ဇာတ်လမ်း၊ အထူးသဖြင့်... ပေ့ဝေဝေကို မွေးဖွားနိုင်ခဲ့ခြင်းမှာ ဝေ့ဝူယင်၏ ကရုဏာကြောင့် ဖြစ်သည် ဆိုသည့် အပိုင်းကို လူတိုင်းနီးပါး သိရှိကြပြီး ဖြစ်သည်။ မေ့မင်မှာ အနန္တ ဧကရာဇ်ဂိုဏ်း နေ့ရက်များတုန်းက ဝေ့ဝူယင်ထံ၌ ကြိုးကြိုးစားစား အမှုထမ်းခဲ့ပြီး ထိုအရာကပင် ပေ့ဝေဝေ စတုတ္ထမြောက် ကွန်မန်ဒါ ရာထူး ရရှိစေခဲ့ခြင်းဟု ယူဆ၍ ရသည်။
(ဘာသာပြန်သူ မှတ်ချက် ။ ဝေ့ဝူယင် အနန္တ ဧကရာဇ်မှာ နေတုန်းက ဂိုဏ်းထဲက အကြီးအကဲ တော်တော်များများကို အိတ်ကပ်ထဲ ထည့်ထားနိုင်ခဲ့ပါတယ်... ပေ့မင်က အဲဒီထဲက တစ်ယောက်ပါ... မေ့ပင်ရဲ့ အသက်က အတော်လေး လွန်နေတာ မလို့ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲခဲ့ပါတယ်... ဝေ့ဝူယင်က သူ့အတွက် လိုအပ်တဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေကို ထောက်ပံ့ပေးပြီး ကူညီခဲ့ပါတယ်)
သို့သော်လည်း ပေ့ဝေဝေ အကြောင်း အမှန်တကယ် သိရှိသူများကတော့ သူမ အဘယ်ကြောင့် စတုတ္ထမြောက် ကွန်မန်ဒါ ဖြစ်လာကြောင်း နားလည် ကြပေသည်။ သူမမှာ အသက်အရွယ် အားဖြင့် အလွန် ငယ်ရွယ်သည့်တိုင် ကြောက်မက်ဖွယ် ကောင်းသည့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားကာ ထိုရာထူး အတွက် ချွင်းချက် မရှိ ထိုက်တန်ပေသည်။ သူမ၏ အဆင့်အတန်း အပေါ် မေးခွန်းထုတ်သည့် အာဏာရှင် တစ်ဦးတစ်ယောက်မျှ မရှိသလို သူမ၏ ငယ်ရွယ် နုနယ်လွန်းလှသည့် အသက်အရွယ်ကြောင့်လည်း မလေးမစား ပြုမှုသူမျိုး တစ်ဦး တစ်ယောက်မျှ မရှိပေ။
ပေ့ဝေဝေက လှပစွာ ပြုံးလိုက်ရင်း အကြုံပြုလိုက်၏။
“ဘယ်သူက အဝေးဆုံးသွားနိုင်မလဲ... ဒါမှမဟုတ် ခါးသီးမှု လမ်းကြောင်း တစ်ခုချင်းစီရဲ့ အဆုံးသတ်ကို ဘယ်သူက အရင်ရောက်မလဲဆိုတာ လောင်းကြေးထပ်ရအောင်...”
“...”
အာဏာရှင် အဖွဲ့ဝင်တိုင်း၏ မျက်လုံးများမှာ တောက်ပသွားခဲ့ကြသည်။ ထိုအကြံက အလွန် စိတ်ဝင်စားစရာ ကောင်းပေသည်။ ထို့ပြင် သူတို့ ဝန်မခံချင်သည့် အမှန်တရား တစ်ခု ရှိပေသည်။ လောကသခင် အဆင့်များမှာ အစိမ်းရောင် ခါးသီးမှု လမ်းကြောင်းကို ကျော်ဖြတ်ရန် အတွက် ကြယ်တာရာ စွမ်းအင်များကို အတော်အတန် အသုံးပြုသည်။ သို့ဖြစ်လေရာ ဤသည်က သူတို့အား အနားယူရန် အချိန်အနည်းငယ် ပေးနိုင်မည်ဖြစ်သည်။
သူတို့မှာ အာဏာရှင် အဖွဲ့သားများ ဖြစ်သော်လည်း အကန့်အသတ်မဲ့ စွမ်းအင်များကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပါချေ။
“ကောင်းသားပဲ...”
ဟုန်ချွင်းဟွာက ခေါင်းညိတ်လိုက်၏။
“အဆင့်ခွဲပြီး လောင်းကြေး ထပ်ကြမယ်... လောကသခင် အဆင့်၊ အချိန်သခင် အဆင့်နဲ့ ကြယ်တာရာ သခင် အဆင့်ဆိုပြီး လောင်းကြေး သုံးခုပေါ့... အဝေးဆုံး နံရံကို ရောက်တဲ့သူ ဒါမှမဟုတ် ခါးသီးမှု လမ်းကြောင်း တစ်ခုချင်းစီကို အရင်ရောက်တဲ့သူက အနိုင်ရမယ်”
ပေ့ဝေဝေက ပြုံးလိုက်သည်။
“ပြိုင်ပွဲဝင် စာရင်းထဲက နာမည်တစ်ချို့ကိုတော့ ချန်ထားမှ ရလိမ့်မယ်...”
ဤမျှသာ လိုအပ်ပေသည်။ မကြာခင် အာဏာရှင်များ ကြား၌ လောင်းကြေး အကြောင်း စနစ်တကျ ဆွေးနွေးမှုများ ဖြစ်ပေါ်လာကာ ဝေ့ဝူယင် ချီးမြှင့်ထားသည့် လအနည်းစာ ရင်းမြစ်များကို လောင်းကြေး အဖြစ် ထပ်ကြသည်။ အန္တရာယ်နှင့် ပြိုင်ဆိုင်မှုများက အလွန်ပင် မြင့်မားသည်။ သို့သော်... အနိုင်ရရှိပါက ရရှိလာမည့် အကျိုးအမြတ်များမှာလည်း စိတ်ကူးမယဉ်နိုင်အောင်ပင် များပြားလှသည်။
လင်းမင်၏ အမူအရာမှာ မှောင်မိုက်နေခဲ့၏။ ထိုအာဏာရှင် အဖွဲ့ဝင် ဆိုသည့် ကောင်များမှာ အခြားလူများကို ရှိသည်ဟုရော သဘောထားကြသေးသလော။ သူ့ အမြင်၌ ထိုအရာမှာ ဝေ့ဝူယင် ကြွားလုံးထုတ်ရန် တမင်သက်သက် ပြင်ဆင်ထားသည့် အစီအစဉ် တစ်ခုဟုပင် ထင်မြင် နေမိသည်။
***