ဝင်ရောက်ကြခြင်း
Vol. 110 Ch. 1529
“ငါတို့လည်း သွားကြမလား...”
ချန်ယန်ကျိက မေးလိုက်၏။ သူ၏ မျက်လုံးများမှာ ယှဉ်ပြိုင် တိုက်ခိုက်လိုစိတ်များဖြင့် လောင်ကျွမ်းနေခဲ့သည်။ အာဏာရှင်များ၏ အရှိန်အဟုန်မှာ အခြားသူများထံကိုပါ သိမ်မွေ့စွာ ကူးစက်သွားခဲ့ကာ လူအများစုမှာ ဝင်ပေါက်အတွင်း အလျင်စလို ဝင်ရောက်ရန် လှုပ်ရှားနေသည်ကိုပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပေသည်။
အာဏာရှင်များ ကြားတွင် ယီယွင်ကို ခေါင်းစဉ်ပြု၍ ပြင်းထန်သည့် ငြင်းခုံမှု တစ်ခုပင် ဖြစ်ပေါ်နေခဲ့သည်။ အချို့က သူ့ကို လောကသခင် အဆင့် စာရင်း၌ ထည့်သွင်းရန် ပြောဆိုနေကြပြီး အချို့ကမူ သူ၏ အဆင့်အတန်းကြောင့် ပြင်းပြင်းထန်ထန် ငြင်းဆန်နေခဲ့ကြသည်။
အင်အားစု အများစုကဲ့သို့ပင် အာဏာရှင် အဖွဲ့မှာ သူတို့၏ တည်ရှိမှုကို ဘယ်တော့မှ ဖုံးကွယ်ရန် ဆန္ဒ မရှိကြချေ။ သူတို့ အားလုံးမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်လေရာ ကိုယ်ပိုင် အဆင့်အတန်းကို ဖြန့်ဝေရန် ဂရုမစိုက်ကြပေ။ ယီယွင်မှာ အစိုးရိမ်လွန်ကာ သက်သက် သတိထားနေခြင်းသာ ဖြစ်သည်။ သတိမမူ၊ ဂူမမြင် စည်းကမ်းချိုးဖောက်မိခြင်းကြောင့် အာဏာရှင် အဖွဲ့ဝင် အဆင့်အတန်းနှင့် ရာထူးတို့ ဆုံးရှုံးသွားရမည့် အဖြစ်မျိုးကို သူ မလိုလားပါချေ။
“မင်းက အာဏာရှင် အဖွဲ့ဝင်လား”
အာဏာရှင်များ ငြင်းခုံနေကြစဉ်မှာပင် လင်းမင်က ယီယွင်ကို လှည်ကြည့်လိုက်၏။ ထိုအချိန်တွင် ကျင့်ကြံသူ အများအပြားမှာ အနက်ရောင် ခါးသီးမှု လမ်းကြောင်းထံသို့ စတင် ထွက်ခွာ နေကြပြီ ဖြစ်သည်။ ခါးသီးမှု လမ်းကြောင်းများကို အခြားသူများ လျှင်မြန်စွာ ဖြတ်ကျော်နေသည့် မြင်ကွင်းက သူတို့ အတွက်လည်း မခဲခဲလောက် ဟူသည့် အမြင် တစ်မျိုးကို ဖြစ်ပေါ်စေသည်။
“အာဏာရှင် ဟုတ်လား...”
သွမ့်ရု၏ မျက်လုံးများက တောက်ပလာကာ ယီယွင်အပေါ် စိတ်ဝင်စားမှုများ ပိုမို၍ မြင့်တက်လာခဲ့သည်။ ကျောင်းရှုလင်း၊ မင်ယုလင်၊ ထန်ရှင်းယွင် နှင့် ချန်ယန်ကျိ တို့လည်း အံ့အားသင့်သွားခဲ့ ကြ၏။ ယီယွင်မှာ အာဏာရှင် အဖွဲ့ဝင် တစ်ယောက် ဖြစ်လိမ့်မည်ဟု သူတို့ မျှော်လင့် မထားခဲ့ကြချေ။
“လက်စသတ်တော့ သူက အာဏာရှင် တစ်ယောက် ဖြစ်နေတာကိုး...”
ကျောင်းရှုလင်းနှင့် မင်ယုလင်တို့ နှစ်ယောက် စိတ်ထဲမှ မှတ်ချက်ချ လိုက်မိ၏။ လူသားတစ်ပိုင်း၊ အယ်ဗန် တစ်ပိုင်းကောင်လေး တစ်ယောက်က အဘယ်ကြောင့် ဤမျှ အစွမ်းထက် နေရကြောင်း နောက်ဆုံး၌ သူတို့ နားလည် သွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာ အာဏာရှင်များကို လက်ခံရာတွင် မည်ကဲ့သို့ ခွဲခြားဆက်ဆံမှုမှ မရှိကြောင်း၊ အထူးသဖြင့်... နတ်ဆိုးနှင့် ရှို့ရန် များပင် ပါဝင်နေသည်ကို တွေ့မြင်ရခြင်းက ပိုမို၍ ရှင်းလင်းစေခဲ့သည်။
လျှို့ဝှက်ထားသည့် အဆင့်အတန်း တစ်ခု ဖော်ထုတ်ခံလိုက်ရလေရာ ယီယွင် အနေရခက်စွာ ပြုံးလိုက်မိသည်။ အာဏာရှင် အဖွဲ့ဝင်များမှာ ဘယ်တော့မှ ထိန်းထိန်းသိမ်းသိမ်း မလုပ်ကြချေ။
“ကျွန်တော်တို့ သွားသင့်ပြီ ထင်တယ်...”
ယီယွင်က ပြောလိုက်ရင်း ဤအနေရခက်မှု အခြေအနေကို ဖယ်ရှားရန် အနက်ရောင် ခါးသီးမှု လမ်းကြောင်း အတွင်း ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်သည်။
ချန်ယန်ကျိ၏ မျက်နှာ အမူအရာက အကြိမ်များစွာ ပြောင်းလဲသွားပြီးနောက် သူ ညင်သာစွာ သက်ပြင်းချလိုက်၏။ ယီယွင်ကတော့ သူတို့ အားလုံး၏ အကြည့်များမှ မေးခွန်းများကို လျစ်လျူရှုကာ အနက်ရောင် ခါးသီးမှု လမ်းကြောင်းအတွင်း အလျင်အမြန် ဝင်ရောက်သွားခဲ့တော့သည်။
“…”
လင်းမင်၏ ယီယွင်အပေါ် အကြည့်မှာ လုံးဝ ခြားနား သွားခဲ့၏။ ယခင်က သူ ယီယွင်ကို အနည်းနှင့်အများ လက်ခံခဲ့သည်။ အထူးသဖြင့် ယီယွင်က သူ့ကို ဝိညာဉ်ချည်နှောင် ကြာပန်းအား လဲလှယ် ပေးခဲ့ပြီး နောက်တွင် ဖြစ်သည်။ သူ့ဘက်ကတော့ ဝိညာဉ်နှင့် ခန္ဓာကို ဘေးကင်းစွာ ခွဲထုတ်နိုင်သည့် မှော်ပညာကို ပေးခဲ့ရသည်။
စတင် တွေ့ဆုံခဲ့သည့် အချိန်ကတည်းက ဤလူငယ်နှင့် ပတ်သက်၍ မနှစ်မြို့သည့် ခံစားချက် တစ်ခု အဘယ်ကြောင့် ရှိနေရသည်ကို ထူးဆန်းသည်ဟု သူ ထင်ခဲ့သည်။ သို့သော်လည်း... ယခုအခါတွင်တော့ အကြောင်းရင်းကို သူ သိရှိခဲ့ရပြီ ဖြစ်သည်။
“သွားကြမယ်...”
လင်းမင်သည်လည်း ဆက်လက် တုန့်နှေးနေခြင်း မရှိတော့ချေ။ ပထမဆုံး လမ်းကြောင်းမှာ အလွယ်ကူဆုံး ဖြစ်လေရာ အခြားသူများနှင့် တိုက်ခိုက်ရမှာမျိုးကို စိုးရိမ်ရန် မလိုအပ်ပါပေ။ သူ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကျောင်းရှုလင်း နှင့် မင်ယုလင်လည်း လိုက်ပါသွားကြ၏။ ထို့နောက် ယဲ့ကျီး နှင့် သွမ့်ရုတို့သည်လည်း လှမ်းကာ ဝင်လိုက်ကြတော့သည်။
ထိုအရာ အားလုံးကို တစ်ချိန်လုံး တိတ်ဆိတ်စွာ စောင့်ကြည့်နေသည့် မီးခိုးရောင် ဝတ်ရုံ ရင်ဘတ် ဟကွဲနှင့် ခြေဗလာ ပုံရိပ်မှာ မတ်တပ်ရပ်လိုက်၏။ လင်းမင် ဝင်ပေါက်ထဲသို့ ဝင်ရောက်ပြီးနောက် ထိုပုံရိပ်သည်လည်း လိုက်လံ ဝင်ရောက်သွားခဲ့တော့သည်။
ယီယွင်နှင့် လင်းမင်တို့ ဝင်ပေါက် အတွင်း ဝင်ရောက်သွားစဉ်တွင် ထျန်းကျန်ဟန် နှင့် ထျန်းရီဝူတို့မှာ ပထမဆုံး လမ်းကြောင်း၏ ခါးသီးမှု ပင်လယ် အတွင်း အတူတကွ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ သူတို့မှာ ၁၁ ခုမြောက် နံရံနှင့် ၁၂ ခုမြောက် နံရံကြားရှိ ထူးဆန်းသော စွမ်းအားများကြားတွင် လက်ဟန်ချိပ်စည်း တစ်ခုကို ဖန်တီးရင်း တည်ငြိမ်စွာ ရပ်နေခဲ့ကြသည်။ သူတို့မှာ ဝိညာဉ် အင်အား အနည်းငယ်ကို အသုံးပြု၍ စွမ်းအင်များအား စုဆောင်းသည့် ထူးဆန်းသော ကျင့်စဉ်တစ်ခုကို လုပ်ဆောင်နေပုံရသည်။ ထိုစွမ်းအားများက သူတို့၏ မျက်လုံးများထဲသို့ ရောက်ရှိသွားကာ အင်ပါယာ တိုက်ရိုက် မျိုးဆက်တို့၏ ထင်ရှားသော ဟေဇယ်ရွှေရောင် မျက်လုံးများကို တောက်ပသော အလင်းရောင်များဖြင့် လင်းလက်လာစေခဲ့သည်။
“ဟမ်...”
ရုတ်တရက်... ထျန်းရီဝူက သူ၏ လက်ဟန် ချိပ်စည်းကို အလျင်အမြန် ဖျက်လိုက်၏။ ထျန်းကျန်ဟန်ကလည်း အလားတူပင် တုံ့ပြန်လိုက်ကာ သူ၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ပွင့်ဟလာခဲ့သည်။ သူသည်လည်း လက်ဟန် ချိပ်စည်းကို ဖယ်ဖျက်ကာ ကျင့်စဉ်ကို နိဂုံးချုပ်လိုက်၏။
“မင်း တကယ် မစောင့်တော့ဘူးလား”
ထျန်းကျန်ဟန် ညင်သာစွာ မေးလိုက်သော်လည်း သူ၏ မျက်လုံးများကတော့ စိတ်လှုပ်ရှားသည့် အငွေ့အသက်များနှင့် သိသိသာသာ တောက်ပနေခဲ့သည်။ ထျန်းရီဝူက ခေါင်းခါလိုက်၏။
“သူတို့က ကိုယ့်ကိုယ်ကို ချိန်ဆပြီး သူတို့ရဲ့ ကန့်သတ်ချက်တွေကို စိန်ခေါ်ဖို့ ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ အဆုံးထိ ရောက်ဖို့ နောက်ဆုံးမိနစ်အထိ စောင့်နေမယ် ဆိုရင် ထာဝရလမ်းစဉ် ခရီးလမ်းရဲ့ ကန့်သတ်ချက်တွေကြောင့် ငါ လှုပ်ရှားလို့ ရတော့မှာ မဟုတ်ဘူး... ဒါပေမဲ့ အခု သူတို့က ငါ မျှော်မှန်းထားတာထက် ပိုပြီး မြန်မြန် လှုပ်ရှားခဲ့ကြတာပဲ”
ထျန်းကျန်ဟန် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာမှာ နာ့ရှင်းရီနှင့် တိုက်ခိုက်ရာတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် အနည်းငယ် ဖြူဖျော့နေသော်လည်း မွေးရာပါ ပျင်းရိသူ တစ်ယောက် အတွက် မယုံနိုင်လောက်အောင် တက်ကြွနေခဲ့သည်။ အင်ပါယာ ထျန်းမျိုးနွယ်မှာ သူတို့၏ မာနကို ယနေ့တွင် ပြန်လည် ထူထောင်တော့မည်ဖြစ်သည်။
ထျန်းရီဝူ ၁၂ ခုမြောက် နံရံဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားခဲ့၏။ သူက ညာဖက် လက်ဖဝါးကို ဆန့်ထုတ်ကာ နံရံကို ဖိလိုက်သည်။ ထို့နောက်... သူ၏ လက်ခုံပေါ်တွင် ထူးဆန်းသော သင်္ကေတသုံးခု ပေါ်ထွက်လာခဲ့၏။ အကယ်၍ ထိုနေရာတွင် ယွင်ချွဲ သို့မဟုတ် ဝေ့ဝူယင် တစ်ဦးဦး ရှိနေပါက ထိုသင်္ကေတများထဲမှ တစ်ခုကို ချက်ချင်း မှတ်မိကြလိမ့်မည်ဖြစ်သည်။
၎င်းမှာ ကောင်းကင်ရှန့်ထို၏ မန်နာ သင်္ကေတပင် ဖြစ်လေ၏။
ဟူး... ဟူး...
ရုတ်တရက် ၁၂ ခုမြောက် နံရံမှာ ခါးသီးမှု ပင်လယ် အပါအဝင် အရောင်အသွေး ပြောင်းလဲလာခဲ့၏။
“မင်း ဘာလုပ်နေတာလဲ”
ထျန်းကျန်ဟန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ သူ အဖြေ ရရှိရန် မျှော်လင့် မထားခဲ့သော်လည်း ထျန်းရီဝူ၏ လက်ဖဝါးမှ ထွက်ပေါ်လာသော ရောင်စဉ်တန်းများမှာ သူ၏ မေးမြန်းလိုစိတ်ကို မတားဆီးနိုင်အောင် အံ့မခန်း နိုင်လှသည်။
“…”
ထျန်းရီဝူမှာ အာရုံ စိုက်နေဆဲ ဖြစ်နေသော်လည်း စကားပြောဆို နိုင်လောက်သည့် စွမ်းအင် ရှိနေဆဲ ဖြစ်သည်။ ခါးသီးမှု ပင်လယ်၏ အရောင်အသွေးမှာ ခရမ်းရောင် အဖြစ် ပြောင်းလဲ လာပြီးနောက် သူက ရှင်းပြလိုက်၏။
“ငါ နံရံတွေရဲ့ လုပ်ဆောင်ချက်ကို ယာယီ ရွှေ့ပြောင်းနေတာ... ၁၂ ခုမြောက် နံရံကို ၉၆ ခုမြောက် နံရံရဲ့ ခံနိုင်ရည်မျိုး ရှိအောင် လုပ်တယ် ဆိုပါတော့... ယာယီပဲ ကြာမှာ ဆိုပေမဲ့ လုံလောက်တယ်”
“...”
ထျန်းကျန်ဟန် အံ့သြသွားခဲ့၏။ ထိုအရာက ဖြစ်နိုင်ပါ၏လော။ ထျန်းရီဝူမှာ လျှို့ဝှက် ဆန်းကြယ်သည့် နည်းလမ်းများကို ပိုင်ဆိုင်ထားကာ သူ့ကို အမြဲတမ်း ထိတ်လန့် တုန်လှုပ်စေသည်။ ရုတ်တရက် သူ အတွေးတစ်ခု ရလာကာ မေးလိုက်၏။
“သူ ဖျက်ဆီးပစ်လိုက်ရင်ရော ဘယ်လိုလုပ်မလဲ”
လင်းမင်မှာ ထိပ်တန်း ရွေးချယ်ခံ တစ်ဦးဖြစ်သည်။ ထျန်းရီဝူက လင်းမင်မှာ နောက်ဆုံး နံရံကိုပင် ရောက်နိုင်ခြေ ရှိသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူက ၉၆ ခုမြောက် နံရံကို ချိုးဖျက်နိုင်ရန် အလားအလာ ရှိသည်။
“နေရာရွှေ့ပြောင်းခြင်း လုပ်ဆောင်ချက်ကိုလည်း နှောင့်နှေးအောင် လုပ်ထားတယ်...”
ထျန်းရီဝူ ပြောလိုက်သည့် တစ်ချိန်တည်းတွင်ပင် သင်္ကေတသုံးခုထဲမှ နောက်ထပ် တစ်ခုမှာ ပြင်းထန်စွာ တုန်ရီလာကာ ဥပဒေ ရောင်ခြည်များကို ထုတ်လွှတ်လာခဲ့သည်။ ၎င်းက အာကာသ ဥပဒေသ အပေါ် သာမည အာဏာပင် ဖြစ်လေသည်။
ထျန်းရီဝူက ဆက်လက်၍ ပြောလိုက်၏။
“နောက်ထပ် ၂၄ မိနစ်အထိ နှောင့်နှေးနေမှာ ဖြစ်တဲ့အတွက် သူ နံရံကို ချိုးဖျက်ရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး...”
ထိုအခိုက်တွင်ပင် လောကသခင် တစ်ဦးမှာ ၁၁ ခုမြောက် နံရံအထိ အရှိန်အဟုန်ပြင်းစွာ ဖြတ်ကျော် ဝင်ရောက်လာကာ ၁၂ ခုမြောက် နံရံကို ရိုးရှင်းသည့် လက်သီးချက်ဖြင့် ထိုးခွဲလိုက်သည်။
အံ့သြစရာကောင်းစွာပင်... သူ မျှော်လင့်ထားသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်မလာခဲ့ချေ။ ၁၂ ခုမြောက် နံရံ၏ တုံ့ပြန်မှုက သူ့ကို နောက်ပြန်လန်ထွက် သွားစေကာ ခါးသီးမှတ် ဖြစ်ပေါ်စေသည့် ရွှေရောင်စွမ်းအင် ရောင်ချည်မျှင်များကို သူ့ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။ သူ တအံ့တသြဖြင့် ထပ်ခါတလဲလဲ ကြိုးစားသော်လည်း အချည်းနှီးပင်။
ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို အသစ်ရောက်ရှိလာသည့် ကျင့်ကြံသူတိုင်းလိုလို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ သူတို့ အံ့ဩသွားကြ၏။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။
***