← Chapters

၁၂ ခုမြောက် ခါးသီးမှု ပင်လယ်၌

Vol. 110 Ch. 1530

၁၂ ခုမြောက် ခါးသီးမှု ပင်လယ်၌

Vol. 110 Ch. 1530

တစ်ချိန်တည်းမှာပင် အညစ်အကြေး ကင်းစင်ကာ အလွန် စင်ကြယ်သည့် အနက်ရောင် မျက်ဝန်းများနှင့် မိန်းကလေး တစ်ဦးမှာ အာကာသနှင့် အချိန်ကို ဖြတ်ကျော်၍ ထျန်းရီဝူ လုပ်ဆောင်နေသည်ကို မြင်လိုက်ရ၏။ သူမ၏ လက်ဖဝါးမှာ နံရံထက်၌ ရှိနေကာ ကြယ်စွမ်းအင် အနည်းငယ်ဖြင့် ရစ်သိုင်း နေခဲ့သည်။ ကံကောင်းထောက်မစွာပင်... နံရံမှာ ခံနိုင်ရည်သာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပြီး တန်ပြန် သက်ရောက်မှုကတော့ မပြောင်းလဲခဲ့ချေ။ သို့မဟုတ်ပါက... မရေမတွက်နိုင်သည့် အသက်များ မတရား ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။

မိန်းကလေးက နံရံဆီမှ သူမ၏ လက်ဖဝါးကို ပြန်လည် ဖယ်ရှားလိုက်၏။ သတ္တမ မင်းသားမှာ ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့လေရာ သူမ ဆက်လက် လုပ်ဆောင်ရန် မလိုအပ်တော့ချေ။ သူမက လက်ညှိုးကို ဆန့်ထုတ်ကာ ဓားအဖြစ် အသုံးပြု၍ နံရံကို လှီးဖြတ်လိုက်၏။

ထို့နောက်... နံရံတွင် အပေါက်တစ်ခု ဖြစ်ပေါ်လာကာ ပုံမှန်အတိုင်း လမ်းလျှောက် ထွက်သွားခဲ့သည်။ နောက်ဆက်တွဲ ဖြစ်ရပ်များကို သူမ ဂရုမစိုက်တော့ချေ။

သူမ နောက်ကို တစ်ချက် လှည့်ကြည့်လိုက်ရာ မီးခိုးရောင် အင်္ကျီ ဟကွဲနှင့် ခြေဗလ် ပုံရိပ်မှာ သူ၏ သားကောင်ကို တည်ငြိမ်စွာ ချောင်းမြောင်းရင်း ဒုတိယမြောက် နံရံအတွင်း ဝင်ရောက်သွားသည်ကို တွေ့လိုက်ရလေတော့၏။

“တခြားလူ တစ်ယောက် နင့်ရဲ့ အခွင့်အရေးကို လုယူဖို့ စောင့်နေတယ်... မလွဲချော်စေနဲ့... ဒါက နင့်အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ”

မိန်းကလေး၏ စကားသံက လျှို့ဝှက်စွာပင် ပျံ့လွင့် သွား၏။ မီးခိုးရောင် ဝတ်ရုံဝတ် ပုံရိပ်က မျက်လုံးများကို ပင့်ကြည့်လိုက်သည်။ ထိုအခါ အဆုံးမဲ့ သေဆုံးမှုများ၊ ကြမ်းတမ်း ခက်ထန်သည့် သတ်ဖြတ်မှုများ နှင့် ပြင်းထန်သော တိုက်ပွဲများကို ထင်ဟပ်နေသည့် သွေးနီရောင် မျက်လုံးများ ပေါ်ထွက်လာခဲ့သည်။

“အင်း...”

ထိုပုံရိပ် တစ်ဖြစ်လည်း ကျူးဟိုင်က ပြန်ဖြေလိုက်၏။ အာဏာရှင် အင်ပါယာ၏ လက်သည်းနှင့် အစွယ်များမှာ မည်သူ့ကိုမျှ သူ၏ အခွင့်အရေးကို လုယူခွင့် ပြုမည်မဟုတ်ပေ။

ဘုန်း... ဘုန်း...

စိတ်ပျက်အားငယ်မှု၊ ကြောက်ရွံ့ တုန်လှုပ်မှုတို့နှင့် အတူ များလှစွာသော ရွေးချယ်ခံများမှာ ၁၂ ခုမြောက် နံရံကို တရစပ် ထုနှက် နေကြသည်။ သူတို့မှာ ခါးသီးမှတ်များ ရှိနေသည်ကို သတိပြုမိကာ အနီးအနားတွင်လည်း အခြားလူများ ရှိနေသည်ကို တွေ့မြင်လိုက်ရပြီးနောက် ပိုမို၍ ထိတ်လန့် လာကြသည်။ သူတို့က ချက်ချင်းပင် အစွမ်း အထက်ဆုံးသော ကျင့်စဉ်များ၊ နည်းလမ်းများကို သုံးကာ ၁၂ နံရံကို ကြမ်းတမ်း ခက်ထန်စွာ စတင် ထုရိုက်ကြတော့၏။

ကံမကောင်းစွာပင် မည်သူမှ မအောင်မြင်ကြပါချေ။ ၁၂ နံရံ၏ ခံနိုင်ရည်မှာ ခရမ်းရောင် လမ်းကြောင်း၏ နောက်ဆုံး အတားအဆီးဖြစ်သည့် ၉‌၆ ခုမြောက် နံရံ၏ ခံနိုင်ရည်အားနှင့် ပြောင်းပြန် တည်ရှိနေလေရာ ၎င်းအား ကျော်ဖြတ်ရန် အတွက် သေမျိုး ကန့်သတ်ချက်ထက် ကျော်လွန်နေသည့် စွမ်းအင်များကို လိုအပ်ပေသည်။ လျှို့ဝှက် အဆင့် ထိပ်တန်း လက်နက်များ၊ ထိပ်တန်း ဝိညာဉ် ကျင့်စဉ်များနှင့် အလွန် မြင့်မားလှသည့် ကျင့်ကြံခြင်း အခြေခံတို့ မရှိပဲ ၉၆ ခုမြောက် နံရံကို ဖြတ်ကျော်ဖို့ အလွန်ပင် ခက်ခဲလှသည်။

လင်းကျိယန်မှာ ရွှေရောင် စွမ်းအင်တစ်ခုက သူမရဲ့ နဖူးထက်တွင် ခါးသီးမှတ် အဖြစ် ပေါ်လာသည်ကို ခံစားလိုက်ရလေရာ နဖူးကို ညင်သာစွာ ထိကြည့်လိုက်သည်။ သူမက ၁၂ ခုမြောက် နံရံကို အလွန်လွယ်ကူမည်ဟု တွေးတောကာ အားထုတ်မှု အနည်းငယ်ဖြင့် ဖြတ်ကျော်ဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ လုပ်ဆောင်ခြင်းက မလွယ်ကူကြောင်း သူမ တွေ့ရှိခဲ့ရသည်။

လင်းကျိရန် နေရာတွင်ပင် ရပ်ရင် ခါးသီးမှတ်ကို ဖျက်ဆီးလို့ ရနိုင်သလို ခံစားလိုက်ရ၏။ သူမ ကြိုးစားကြည့်လိုက်သည့် အခါ အောင်မြင်ခဲ့သည်။ သို့သော်လည်း... ကံမကောင်းစွာပင် နောက်တစ်ကြိမ် အသက်ရှူလိုက်သော အခိုက်၌ ခါးသီးမှတ်က နောက်တစ်ကြိမ် ပြန်လည် ပေါ်လာခဲ့သည်။ စိတ်ရှုပ်ထွေးမှု၊ မကျေနပ်မှုတို့နှင့် အတူ သူမ နှုတ်ခမ်းကို မဲ့လိုက်မိ၏။

“ဘာတွေ ဖြစ်နေတာလဲ...”

အာဏာရှင် အဖွဲ့သားများ၏ အောင်မြင်မှုများကို တွေ့မြင်ပြီးနောက် လင်းကျိရန်မှာ အနက်ရောင် ခါးသီးမှု လမ်းကြောင်းထဲကို ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း... သူမမှာ နံရံ တစ်ခုချင်းစီကို အသေးစိတ် စူးစမ်းလိုစိတ်ကြောင့် နောက်ကျ နေခဲ့သည်။ နောက်ကျနေခြင်းကြောင့် နံရံများကို ပေါ့ပေါ့ဆဆ ဖြတ်ကျော်တာမျိုး သူမ မလုပ်ချင်ပါချေ။ ဤသို့နှင့် သူမ ၁၂ မြောက် နံရံကို ရောက်ရှိသည့် အချိန်တွင် ထျန်းရီဝူမှာ ၎င်းကို ၉၆ ခုမြောက် နံရံနှင့် အစားထိုးခဲ့ပြီး ဖြစ်သည်။

"ဒီလောက်တောင် ခက်ခဲတာလား..."

မိန်းကလေးက ခပ်တိုးတိုး ရေရွတ်ရင်း ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်၏။ ထိုအခါ အခြား ကျင့်ကြံသူ များစွာမှာလည်း သူမ ကဲ့သို့ပင် ၁၂ ခုမြောက် နံရံ အတားအဆီး အတွင်း ပိတ်မိနေသည်ကို တွေ့လိုက်ရသည်။ သူမ လက်ကောက်ကို အသုံးပြုကာ နံရံကို ဖျက်ဆီးဖို့ စဉ်းစားလိုက်သော်လည်း ဝူပိုင်ကျိုး၏ သတိပေး စကားကို ပြန်လည် ကြားယောင် လိုက်မိသည်။ ဒုတိယမြောက် စမ်းသပ်မှုတွင် ပြင်ပ စွမ်းအင်များကို အသုံးပြုပါက ပြင်းထန်သည့် နောက်ဆက်တွဲ အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။

"ဘာတွေဖြစ်နေတာလဲ..."

ရုတ်တရက် ဘေးနားရှိ မိန်းကလေး တစ်ယောက်၏ အသံကို လင်းကျိရန် ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သော အခိုက်၌ သူမ အံ့အားသင့် သွားခဲ့၏။

“ထန်ရှင်းယွင်...”

ထိုမိန်းက‌လေးကို သူမ သိသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ လူများနှင့် ကိုယ်တိုင်ကိုယ်ကျ မပတ်သက်ဖူးသော်လည်း နာမည် ကျော်ကြားသည့် ပုဂ္ဂိုလ်များ အကြောင်းကိုတော့ သူမ လေ့လာဖူးပေသည်။

ထန်ရှင်းယွင်မှာ ထျန်းရီဝူနှင့် စေ့စပ်ထားသူ ဖြစ်သည့် အပြင် သူမ၏ မိခင်မှာလည်း ယခင် ထန်ကလန်၏ ခေါင်းဆောင်ဟောင်း ဖြစ်သည်။ မကြာသေးခင်ကမှ သူမ၏ ညီမဖြစ်သူက ပြန်လည် ဖြုတ်ချခဲ့ခြင်း ဖြစ်ပေသည်။

အသေးစိတ် အကြောင်းအရာများကို အခြားလူများ မသိကြသော်လည်း သူမမှာ ဝေ့ဝူယင်ထံမှ အတိအကျ ပြန်ကြားခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်... ထန်မျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းမှာ ပိုင်လင်၏ အစေခံများ ဖြစ်နေသည်က အစ သူမ သိပေသည်။ ဝေ့ဝူယင်၏ အဆိုအရ ပိုင်လင်မှာ သူ အသစ် ရရှိထားသည့် အစေခံများ အပေါ် အစောပိုင်း၌ အတော်ကလေး ရက်စက်ခဲ့ကြောင်း သိရသည်။ သူမက နိဗာန မီးလျှံများနှင့် သူတို့ကို မကြာခဏ ဆိုသလို မီးလောင်တိုက် သွင်းကာ ခက်ခဲသည့် အလုပ်များကို ခိုင်းပြီး အနည်းငယ် အမှားအယွင်း ရှိသည်နှင့် ဆူပူ ကြိမ်းမောင်းမှုများ ပြုလုပ်သည်ဟု ဆိုသည်။ သူမက ခက်ထန်သည့် သခင်မ တစ်ဦးပင်။

သို့သော်လည်း... တစ်ချိန်တုန်းက သူတို့မှာ ပိုင်လင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက် ဖမ်းဆီးဖို့ ကြိုးစားခဲ့လေရာ ထိုတုန့်ပြန်မှုက မျှတသည်ဟု လင်းကျိရန် ခံစားရသည်။ သူတို့ အသတ်မခံရတာပင် ကံကောင်းလွန်း နေခဲ့ပြီ ဖြစ်သည်။ ပိုင်လင်က ထိုလမ်းကို ရွေးခဲ့လျှင်ပင် မှားယွင်းသည်ဟု သူမ ခံစားမိလိမ့်မည် မဟုတ်ချေ။ ကျင့်ကြံခြင်း လောကမှာ တစ်ခါတစ်လေ ထိုကဲ့သို့ပင် ရက်စက်ပေသည်။

လင်းကျိရန်မှာ ထန်ရှင်းယွင်ကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု မျှော်လင့် မထားခဲ့ပါချေ။ လင်းကျိရန် အကဲခတ်နေသည့် တစ်ချိန်တည်းတွင်ပင် ထန်ရှင်းယွင်မှာလည်း သူမကို ပြန်လည် သတိထားမိသွားခဲ့သည်။

သူတို့နှစ်ယောက်စလုံး၏ နဖူးအလယ်တွင် ခါးသီးမှတ် တစ်ခုစီ ရှိနေခဲ့သည်။ သူတို့၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး နှစ်ယောက်ကြားတွင် တင်းမာသည့် အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ပုံမှန်စည်းမျဉ်းများအရဆိုလျှင် သူတို့နှစ်ဦးထဲမှ တစ်ဦးဦး လက်နက်ချသည် အထိ သို့မဟုတ် အသက်ဆုံးရှုံးသည်အထိ တိုက်ခိုက်ရမည်ဖြစ်သည်။

"ဒီနံရံက တစ်ခုခု ထူးဆန်းနေတယ်..."

သို့သော်လည်း အခြေအနေ မပြောင်းလဲမီမှာပင် အဝေးတစ်နေရာမှ ရွေးချယ်ခံတစ်ဦးမှာ နံရံကို ထုရိုက်ရင်း အော်ဟစ်လိုက်သည်။ ဤအဖြစ်ကြောင့် လင်းကျိယန်နှင့် ထန်ရှင်းယွင် နှစ်ဦးစလုံး နံရံကို နောက်တစ်ကြိမ် ထပ်မံ စစ်ဆေး လိုက်ကြသည်။ ထို့နောက် ၎င်းမှာ အမှန်ဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြ၏။ ၁၂ ခုမြောက် နံရံမှာ ဤမျှ ခက်ခဲနေစရာ အကြောင်းမရှိပေ။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။

ထန်ရှင်းယွင်က ခဏတာ စဉ်းစားလိုက်ပြီးနောက် လင်းကျိယန်က နံရံထံ အာရုံစိုက်နေသည်ကို တွေ့လိုက်ရသောအခါ သူမဘက်သို့ လျှောက်လာခဲ့သည်။

"ဒီနံရံကို တစ်ယောက်ယောက်က တစ်ခုခုလုပ်ထားတယ်လို့ ကျွန်မ ထင်တယ်..."

သူမ၏ စကားကြောင့် လင်းကျိယန်က မျက်ခုံးကို ပင့်လိုက်ရင်း နံရံကို ညင်သာစွာ ထိကိုင် ကြည့်လိုက်သည်။ ထန်ရှင်းယွင်မှာ အလွန် နီးကပ်ခြင်း မရှိသော်လည်း စကားပြောနိုင်လောက်သည့် အနေအထားအထိ ရောက်လာခဲ့သည်။

အခြားသော ရွေးချယ်ခံတစ်ဦးလည်း ချဉ်းကပ်လာခဲ့၏။ သူမမှာလည်း အလွန်လှပသော မိန်းမငယ်လေး တစ်ဦးဖြစ်သည်။ မိန်းကလေး သုံးယောက်မှာ တစ်ယောက်နှင့် တစ်ယောက် အမြင်ချင်း ဖလှယ်ကြရင်း လေထုအတွင်း ပျံ့နှံ့နေသည့် ခရမ်းရောင်အငွေ့အသက်များကို သတိထားမိသွားကြသည်။

"ငါတို့ကို ခရမ်းရောင် လမ်းကြောင်းဆီ မှားယွင်းပြီး ရွှေ့ပြောင်းလိုက်တာများ ဖြစ်မလား..."

လင်းကျိရန်က မေးလိုက်၏။ ကျန်နှစ်ဦးမှာလည်း အံ့ဩ နေကြသည်။ မကြာမီမှာပင် အခြားသော ရွေးချယ်ခံများသည်လည်း သူတို့အနားသို့ စုဝေးလာကြသည်။ အထူးသဖြင့် ယောက်ျားလေး ကျင့်ကြံသူများပင်..။

မိန်းမလှလေး သုံးယောက် အတူတကွ ရှိနေခြင်းက အထူးသဖြင့် သူတို့၏ အာရုံများကို ဆွဲဆောင်နေခဲ့သည် မဟုတ်ပါလား။

***

All Chapters