← Chapters

၁၂ ခုမြောက် ခါးသီးမှု ပင်လယ်၌ (၂)

Vol. 110 Ch. 1531

၁၂ ခုမြောက် ခါးသီးမှု ပင်လယ်၌ (၂)

Vol. 110 Ch. 1531

ထန်ရှင်းယွင်မှာ လူများစုဝေးလာကြသည်ကို သတိပြုမိလိုက်သော အခါ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

"ဒီနံရံကို ဖြတ်ကျော်ဖို့အတွက် ငါတို့တွေ အတူတူ ပူးပေါင်းလုပ်ဆောင်ရမှာများလား"

ရွေးချယ်ခံ ဧကရာဖ် ပြိုင်ပွဲကို ပထမဆုံးအကြိမ် ပါဝင်လာသည့် လူငယ် တစ်ဦးက မေးမြန်းလိုက်သည်။

"မဟုတ်ဘူး... တစ်ယောက်ချင်းစီပဲ လှုပ်ရှားရတာ..."

အတွေ့အကြုံရှိသည့် ရွေးချယ်ခံတစ်ဦးက ဆိုလိုက်၏။ သူက ထိုမေးခွန်းကို အလျှင်မြန်ဆုံး ဖြေဆိုနိုင်လိုက်သောကြောင့် ဂုဏ်ယူနေကာ မိန်းမလှလေး သုံးယောက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ဒုတိယအဆင့်မှာ မိမိ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းစွမ်းအားကို စမ်းသပ်ရန် ရည်ရွယ်ထားသည့် အဆင့် ဖြစ်သည်။ ပြင်ပ စွမ်းအားများ အသုံးပြုခြင်းကိုပင် တားမြစ်ထားသည်။

သို့သော်လည်း အလွန် တင်းကြပ်ထားခြင်းတော့ မဟုတ်ပေ။ ပြင်ပစွမ်းအားများကို မှီခိုလိုပါက အခြားသူများထံမှ ခါးသီးမှတ်များကို စုဆောင်းနိုင်သည့် ရွေးချယ်စရာတစ်ခု ရှိနေပေသည်။ ခါးသီးမှု ပင်လယ်များ အတွင်း အခြားလူများနှင့် တိုက်ခိုက်ရာတွင် ပြင်ပ စွမ်းအားများကို လွတ်လပ်စွာ ခွင့်ပြုထားသည်။ ဤအခြေအနေတွင် ရွေးချယ်ခံများမှာ နံရံများနှင့် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အခြားသူများနှင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

ကံမကောင်းစွာပင့်... ထိုနေရာရှိ ရွေးချယ်ခံများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ၁၂ ခုမြောက် နံရံမှာ အဘယ်ကြောင့် ပြောင်းလဲ သွားခဲ့ကြောင်း နားမလည်နိုင်ခဲ့ချေ။ လင်းကျိရန်သည် အမျိုးသား ကျင့်ကြံသူ တစ်ချို့ သူမအနားသို့ ချဉ်းကပ်ရန် ကြိုးစားလာသည်ကို တွေ့လိုက်ရလေရာ စိတ်အနှောင့်အယှက် ဖြစ်လာခဲ့သည်။ သူမ၏ အမြင်တွင် သူတို့မှာ ကိုယ့်ကိုယ်ကို လွန်စွာ အထင်ကြီး နေကြခြင်း ဖြစ်ပေသည်။

သူမ၏ ပိုင်ရှင်က မည်သူနည်း။ အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဖြစ်သည်။ လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦး ဖြစ်သည်။ ဤမျိုးဆက်၏ ထိပ်တန်း ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ထိုကဲ့သို့သော လူမျိုး၏ ပိုင်ဆိုင်မှုကိုမှ သူတို့က တပ်မက်ရန် သတ္တိရှိ နေကြသည်လား။ မိန်းကလေးမှာ ထိုနေရာတွင် တစ်စက္ကန့်လေးမျှပင် ဆက်၍ မနေလိုတော့ရာ ရွေးချယ်ခံ လူစုလူဝေးထဲမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့တော့သည်။

ထန်ရှင်းယွင်ကတော့ လုံးဝ ဆန့်ကျင်ဘက် အတွေ့အကြုံမျိုးကို ကြုံတွေ့ခဲ့ရသည်။ သူမ မည်သူ ဖြစ်ကြောင်း သိသည်နှင့် မည်သည့် အမျိုးသား ကျင့်ကြံသူမျှ မရေမရာအကြည့်မျိုးဖြင့် မကြည့်ဝံ့တော့ချေ။

သူမက မည်သူနည်း။ ထျန်းရင်ဝူနှင့် စေ့စပ်ထားသူ ဖြစ်သည်။ သူတို့ ဘဝကို သက်တမ်းစေ့ နေထိုင်လိုကြသည်။

မိန်းကလေး ကျင့်ကြံသူများသာလျှင် ချိုသာသည့် အပြုံးများ၊ ချီးကျူးစကားများဖြင့် သူမအနားသို့ ကပ်လာကြသည်။

ဤသို့ဖြင့် ဘာမှန်း မသိရသည့် အခြေအနေမှာ ရွေးချယ်ခံများ ကြားတွင် လူမှုရေးပွဲတော်တစ်ခုလိုမျိုး အလိုအလျောက် ပြောင်းလဲသွားခဲ့တော့၏။

ထန်ရှင်းယွင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ လူအုပ်ကြားထဲမှ လင်းကျိရန်ကို လှမ်းကြည့်လိုက်၏။ ထိုမိန်းကလေးမှာ စကားတစ်ခွန်းတောင် မဆိုဘဲ ထွက်ခွာသွားသည်ကို သူမ သတိပြုမိလိုက်သည်။

ထန်ရှင်းယွင် ရှေ့ကို ပြန်လှည့်လိုက်၏။ အခြားလူများနှင့် ဆက်လက်၍ စကားပြောဖို့ ဟန်ပြင်လိုက်စဉ်မှာပင် သူမ၏ ရင်ခုန်သံများက မြန်လာကာ ကြယ်တာရာ ဝိညာဉ်မှာလည်း တုန်ရီလာခဲ့သည်။ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူမက အခြား ရွေးချယ်ခံများကို ချက်ချင်းပင် ယဉ်ကျေး သိမ်မွေ့စွာ ငြင်းဆန်လိုက်ကာ လင်းကျိရန် နောက်သို့ လိုက်သွားခဲ့တော့သည်။

ကျန်ရွေးချယ်ခံများလည်း နောက်မှ လိုက်ရန် လုပ်လိုက်ကြ၏။ ထိုအခိုက်တွင် သူတို့၏ နောက်ဘက်နား၌ ကြယ်တာရာ စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ တိုက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။

နံရံအား ကျော်ဖြတ်ရန် အတွက် ခါးသီးမှုများအား စုဆောင်းသည့် နည်းလမ်း တစ်ခုလည်း ရှိနေသေးလေရာ သူတို့က ထိုအရာကို ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထန်ရှင်းယွင်သည်လည်း ပေါက်ကွဲမှုကို ခံစားလိုက်ရ၏။ သူမ၏ မျက်လုံးများက မရေရာသော အတွေးများနှင့် တဖျပ်ဖျပ် လင်းလက်သွားခဲ့သည်။ သူမ လင်းကျိရန်နောက်သို့ အလျင်အမြန် ပြေးလိုက်သွားကာ ခဏအကြာတွင်ပင် မှီသွားခဲ့၏။

"ဘာကိစ္စ ရှိလို့လဲ"

လင်းကျိရန်က နောက်သို့ လှည့်မကြည့်ပဲ မေးလိုက်၏။ သူမမှာ ထန်ရှင်းယွင်ကို အနည်းငယ်မျှပင် မကြောက်ရွံ့ပါချေ။

"ငါ... ငါ..."

ထန်ရှင်းယွင်မှာ သူမ၏ ရည်ရွယ်ချက်ကို မဖော်ပြနိုင်ပဲ မူလ ပုံစံနှင့် ခြားနားစွာပင် စကားထစ်နေခဲ့သည်။ သို့သော် ပင်ကိုယ်အသိစိတ်များက သူမ၏ နှလုံးပေါ်သို့ အလွန်ပြင်းထန်စွာ ရိုက်ခတ်လာသည်။ မိန်းကလေးက ရင်ဘတ်ကို ဖိကိုင်ကြည့်လိုက်ရာ သူမ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်နေသည်ကို ခံစားလိုက်ရ၏။ ထိတ်လန့်မှု လှိုင်းတစ်ခု လွှမ်းခြုံသွားသည်နှင့် အမျှ သူမ၏ မျက်နှာသွင်ပြင်သည် စက္ကူတစ်စလို ဖျော့တော့လာခဲ့၏။

လင်းကျိရန်သည် သူမ၏ အော်ရာ အပြောင်းအလဲကို ခံစားလိုက်ရရာ စူးစမ်းလိုစိတ်ဖြင့် လှည့်ကြည့်လိုက်သည်။ ထို့နောက်... သူမ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားခဲ့သည်။ သူမ ချက်ချင်းပင် ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ စစ်ဆေးလိုက်သည်။ သို့သော်လည်း... ရွေးချယ်ခံများ အကြား တိုက်ခိုက်နေမှုများမှလွဲ၍ တခြား ထူးခြားသည့် မည်သည့် အရာကို သူမ မခံစားရပါချေေ

သို့သော်လည်း မိန်းကလေးက အလွန် လျှင်မြန်စွာပင် လှုပ်ရှားကာ ထန်ရှင်းယွင်၏လက်ကို ဆွဲလိုက်၏။ ထန်ရှင်းယွင်မှာ ထိုအပြုအမူ အပေါ် လုံးဝငြင်းဆန်ခြင်း မရှိခဲ့ပေ။

"ငါ... ငါ..."

ထန်ရှင်းယွင်မှာ အသက်ပင် ကောင်းစွာ မရှူနိုင်တော့ချေ။ လင်းကျိရန်က သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ လျင်မြန်စွာ ရွေ့လျားသွားခဲ့၏။ ထန်ရှင်းယွင် မတုံ့ပြန်နိုင်ခင်မှာပင် သူတို့မှာ ၁၁ ခုမြောက် နံရံထံ ပြန်လည် ရောက်ရှိ နေခဲ့ကြပြီ ဖြစ်သည်။

လင်းကျိရန် ၁၁ ခုမြောက် နံရံကို ထိလိုက်၏။ သို့သော်လည်း ကြယ်တာရာ သခင် တစ်ဦးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် ပြင်းထန်သော နောက်ဆက်တွဲ အင်အားတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ သူမ၏ လက်ပတ်မှာ တောက်ပစွာ လင်းလက်လာကာ ထိုအင်အား အားလုံးကို စုပ်ယူ ချေဖျက်လိုက်၏။

ဟူး... ဟူး...

လင်းကျိရန်ကတော့ သူမ၏ ဆံပင်များ လေတိုက်ခံလိုက်ရသလို လှုပ်ခတ်သွားသည်ကိုသာ ခံစားလိုက်ရသည်။ မိန်းကလေး အံ့အားသင့်သွားကာ နောက်တစ်ကြိမ် ထပ်မံ၍ ကြိုးစားလိုက်၏။ သို့သော်လည်း ဤတစ်ကြိမ်တွင် ပိုမိုအားကောင်းသည့် နောက်ဆက်တွဲ အင်အား တစ်ခု ထပ်မံ ပေါက်ကွဲထွက် လာခဲ့ပြန်သည်။

ဘုန်း... ဘုန်း...

သူမနှင့် ထန်ရှင်းယွင်တို့ နှစ်ယောက်စလုံး နောက်ဘက်သို့ လွင့်စဉ်သွားကြ၏။ လက်ကောက်မှာ တောက်ပစွာ လင်းလက်လာကာ မျက်နှာပြင် တစ်လျှောက်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထိုရတနာမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

"ဘာ... ဘာတွေ ဖြစ်နေတာလဲ...”

ထန်ရှင်းယွင်မှာ နောက်ဆုံး၌ အသက်ကို ကောင်းစွာ ရှူလာနိုင်ခဲ့ပြီ ဖြစ်သည်။ သူမ၏ ရင်ဘတ် အတွင်း ခံစားနေရသည့် ထူးဆန်းသော ဖိအားများမှာလည်း အနည်းငယ် သက်သာသွားသည်ဟု ခံစားလိုက်ရသည်။ သူမ လင်းကျိရန်၏ ဖမ်းဆုပ်ထားမှုမှ ရုန်းထွက်လိုက်သည်။

လင်းကျိရန်၏ အမူအရာက အနည်းငယ် သုန်မှုန်နေသော်လည်း တည်ငြိမ်နေခဲ့၏။ သို့သော်လည်း... ထန်ရှင်းယွင် အနည်းငယ် ပြန်လည် ကောင်းမွန်လာသည်ကို မြင်ရသောအခါ သူမ၏ မျက်လုံးများက စူးစမ်းလိုစိတ်ဖြင့် လင်းလက်သွားခဲ့သည်။ သူမ ပတ်ဝန်းကျင်ကို သတိထားကြည့်ရှုလိုက်သော်လည်း ဘာကိုမျှ မတွေ့ပေ။

"အဲဒါက နင့်ဆီကိုပဲ ဦးတည်နေတာ...”

လင်းကျိရန်က ပြောလိုက်၏။

"ဘာလဲ...."

ထန်ရှင်းယွင်၏ အသက်ရှူသံများမှာ ဖြည်းဖြည်းချင်းနှင့် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

"နင် ကောင်းကင် နိမိဖတ် ပညာရှင် တစ်ယောက်ရဲ့ ဝိညာဉ် အစီအရင် သက်ရောက်မှုကို ခံလိုက်ရတာ”

လင်းကျိရန် ပြောလိုက်၏။ သူမ၏ မျက်ဝန်းများက လွမ်းဆွတ်ခြင်းများနှင့် ပြည့်နှက် သွားခဲ့သည်။ သူမ၏ အခင်ဆုံး သူငယ်ချင်း မင်ရှုဖုန်းမှာလည်း အလားတူ ကောင်းကင် နိမိဖတ် ပညာရှင် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် ကောင်းကင် နိမိတ်ဖတ် အစီအရင်များ အကြောင်း သူမ၏ အသိပညာ ဗဟုသုတများမှာ အခြားသူများထက် များစွာ သာလွန်သည်။

ဥပမာအားဖြင့် ဝိညာဉ်ကို ခြေရာခံသည့် အစီအရင်မှာလည်း ကောင်းကင် နိမိတ်ဖတ် အစီအရင် တစ်ခု ဖြစ်ပေသည်။ ၎င်းကို သေချာ ဂရုစိုက်၍ ဖန်တီးပါက ပစ်မှတ်ပင်လျှင် သတိထားမိမည် မဟုတ်ချေ။ သို့သော် ထူးခြားသည့် သားရဲ ဗီဇကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများကတော့ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့တွင် ပြင်းထန်သည့် တုန့်ပြန်မှုများကို ခံစားမိလိမ့်မည် ဖြစ်သည်။ ထို့အပြင် အစီအရင်ကို အသုံးပြုနေသူထံတွင် မကောင်းသော ရည်ရွယ်ချက်ရှိပါက ထိုခံစားချက်မှာ ပိုမို၍ ပြင်းထန်လိမ့်မည် ဖြစ်သည်။

ထန်ရှင်းယွင်မှာ ဗာမီလီယန် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလေရာ သားရဲဗီဇက သူမ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များထဲတွင် အချိန် ကြာမြင့်စွာကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း... သူမမှာ အလွန် စိတ်ရှုပ်ထွေးစွာဖြင့် လင်းကျိရန်ကို ကြည့်လိုက်၏။

မိန်းကလေး၏ ရှုပ်ထွေးမှုများကို တွေ့မြင်ပြီးနောက် လင်းကျိရန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

"တစ်ယောက်ယောက်က ဒီနေရာမှာ နင့်ကို ခြေရာခံဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်... ငါ ထင်တာသာ မမှားဘူး ဆိုရင် သူက နင့်ကို...”

လင်းကျိရန် ၁၂ နံရံကို ပြန်ကြည့်လိုက်၏။ နောက်ဆုံး၌ ၎င်းမှာ အဘယ်ကြောင့် ၉၆ ခုမြောက် နံရံ ကဲ့သို့ ထူထဲ နေရကြောင်း သူမ နားလည် သွားခဲ့ပြီ ဖြစ်သည်။

"အမဲလိုက်နေတာ..."

လင်းကျိရန်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

"အမဲလိုက်နေတာ..."

ထန်ရှင်းယွင် လင်းကျိယန်၏ စကားလုံးများကို နားလည်ဖို့ ကြိုးပမ်းရင်း အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ ရုတ်တရက် သူမ၏ ဝိညာဉ်မှာ မိုးကြိုး ပစ်ချလိုက်သလိုမျိုး ခံစားလိုက်ရကာ မျက်လုံးများက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ၁၂ ခုမြောက် နံရံသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက်... သူမ၏ မျက်လုံး သူငယ်အိမ်များမှာ အပ်ပေါက်များ အလား ကျဉ်းမြောင်းသွားခဲ့၏။

"မကောင်းတော့ဘူး..."

ထန်ရှင်းယွင်၏ မျက်နှာထက်ရှိ အလွန်အမင်း ထိတ်လန့်သွားသည့် အမူအရာကို ကြည့်ကာ လင်းကျိရန်မှာ သူမ၏ ယူဆချက်အားလုံးကို မှန်ကန်ကြောင်း မှတ်ချက်ချလိုက်နိုင်သည်။

"ရှင်းယွင်လား..."

ရုတ်တရက် ဆိုသလိုပင် ကောင်းကင်ဘုံက စီစဉ်ပေးလိုက်သကဲ့သို့ ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။

***

All Chapters