← Chapters

သားရဲနှင့် သားကောင်

Vol. 110 Ch. 1532

သားရဲနှင့် သားကောင်

Vol. 110 Ch. 1532

"လင်းမင်..."

ထန်ရှင်းယွင်က အားကိုးရာ ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်သည့် အလား အော်ခေါ်လိုက်လေသည်။ မကြာခင်မှာပင် ခန့်ညားသည့် မီးခိုးရောင် မျက်လုံးပိုင်ရှင် လူငယ်မှာ ၁၂ နံရံမှနေ၍ သူတို့ဘက်သို့ လျှောက်လာသည်ကို တွေ့မြင်လိုက်ရလေသည်။

လင်းကျိယန်နှင့် ဟုန်ချွင်းဟွာတို့ကဲ့သို့ပင် လင်းမင်သည်လည်း ခါးသီးမှုပင်လယ်နှင့် ၎င်း၏ ထူးဆန်းသော စွမ်းအားများကို တဖြည်းဖြည်းချင်း စူးစမ်း ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ ၁၂ ခုမြောက် နံရံသို့ ရောက်သော အခါ၌ ၎င်းမှာ ပုံမှန် မဟုတ်စွာ ခိုင်ခံ့နေကြောင်း သူတွေ့လိုက်ရသည်။

သူ အားစိုက်ထုတ်၍ မတိုက်ခိုက်ရသေးခင်မှာပင် အနီးအနား၌ ထန်ရှင်းယွင်၏ အော်ရာကို ခံစားခဲ့ရသည်။ ထို့ကြောင့်ပင် သူ သူမကို အရင်ဦးစွာ ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လင်းကျိယန် အံ့အားသင့်သွားခဲ့၏။ ထိုလူငယ်မှာ ရှေးဟောင်း ရွေးချယ်ခံ မဟုတ်ပါလော။ သူမ ထန်ရှင်းယွင်ကို တစ်ချက် ကြည့်ကာ ဆက်စပ်မိသွား၏။ ဝေ့ဝူယင်က မိစ္ဆာစစ်ပွဲ လောကနယ်မြေ၊ ဒြပ်စင် စမ်းသပ်မှုအတွင်း ထန်ရှင်းယွင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပုံ၊ သူမက လျှို့ဝှက် အာဏာရှင် အဆင့် ဓမ္မ ကာကွယ်သူကို အသုံးပြုကာ ဝေ့ဝူယင်ကို မည်ကဲ့သို့နှောင့် ယှက်ခဲ့ပုံတို့ကို တစ်ချိန်က ပြောပြခဲ့ဖူးသည်။ ထိုအရာကပင် လင်းမင်အား ရှေးဟောင်း ရွေးချယ်ခံ ဖြစ်လာစေခဲ့ခြင်း ဖြစ်သည်။

လင်းကျိရန် အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့၏။ ထန်ရှင်းယွင်နှင့် လင်းမင်တို့မှာ ဝေ့ဝူယင်၏ ငယ်ရွယ်စဉ်ကာလက အနှောက်အယှက် ပေးခဲ့သူများ ဖြစ်သည်။

လင်းကျိရန်မှာ သူမ၏ ဘဝတစ်လျှောက်လုံးတွင် အမဲလိုက်ခံရခြင်း၊ တိုက်ခိုက်ခံရခြင်းတို့နှင့် အတူ မသန်မစွမ်း ဖြစ်ခဲ့ရပြီးနောက်တွင် အငြိုးကြီးသည့် အကျင့် တစ်ခုကို ရရှိခဲ့သည်။ သူမ အဘယ်ကြောင့် ထန်ရှင်းယွင်ကို ဤနေရာသို့ ဆွဲခေါ်လာမိသည်၊ ကယ်တင်ခဲ့မိသည်ကို သူမ မသိပါချေ။ သူမ ကိုယ်တိုင်သည်လည်း မကြာခဏ ဆိုသလို အမဲလိုက်ခံခဲ့ရလေရာ အခြားသူတစ်ဦးကို ပင်ကိုယ်ဗီဇ အရ ကူညီရန် ကြိုးစားခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း... ထန်ရှင်းယွင်က သူမ၏ ဆုပ်ကိုင်ထားမှုမှ အလျင်အမြန် ရုန်းထွက်ကာ တောက်ပသော အပြုံးဖြင့် လင်းမင်ဆီသို့ အပြေးအလွှား ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခိုက်၌ လင်းကျိရန်၏ မျက်လုံးများက အနည်းငယ် ပြူးကျယ် သွားခဲ့သည်။

မည်မျှ ရင်းနှီးလိုက်ပါသနည်း...။

"နေဦး..."

သူမက တစ်စုံတစ်ရာကို သတိရသွားခဲ့၏။ ထန်ရှင်းယွင်မှာ ထျန်းရီဝူနှင့် စေ့စပ်ထားသည် မဟုတ်ပါလော။ သူမ လက်ကို ပြန်ကြည့်လိုက်ရာ သိမ်မွေ့သည့် ယင်အော်ရာအငွေ့အသက်ကို ခံစားလိုက်ရသည်။

အနန္တ ကုန်းမြေတိုက်ကြီးမှာတုန်းက ဝူပိုင်ကျိုး သူမ၏ ယင်အော်ရာအား မည်ကဲ့သို့ ဖုံးကွယ်ခဲ့ပုံကို သူမ ပြန်လည် သတိရလိုက်မိသည်။ ဝူပိုင်ကျိုးမှာ ကျင့်ကြံခြင်း အခြေခံ မတည်မငြိမ် ဖြစ်သွားသည့် အခါတိုင်း အတုအယောင် ဖန်တီးထားသည့် မူလယင် အော်ရာကို အလွန်အကျွံ ထုတ်လွှတ်မိသည့် ပြဿနာ ရှိတတ်ကြောင်း၊ မကြာခဏ ဆိုသလို မိလုနီးပါး အထိ ဖစ်ခဲ့ကြောင်း သူမကို တစ်ချိန်က ပြောပြခဲ့ဖူးသည်။

ဘုန်း...

ပေါက်ကွဲမှုတစ်ခုလိုပင် လင်းကျိရန်၏ စိတ်မှာ အရာအားလုံးကို ဆက်စပ်မိသွားခဲ့၏။ ထိုအချက်များအားလုံးကို သူမ ဆက်စပ်မိသွားသည့် တစ်ချိန်တည်းတွင်ပင် သိမ်မွေ့သည့် ဟိန်းဟောက်သံ တစ်ခုမှာ လေထု အတွင်း ပဲ့တင်ထပ်လာခဲ့သည်။ လင်းကျိရန်၏ ဆံပင်များက ထောင်လာပြီး လက်မောင်း၊ ခြေထောက်နှင့် လည်ပင်းတို့တွင်လည်း ကြက်သီးမွှေးညင်းများ ထလာခဲ့၏။

ထိုအော်ဟစ်သံကို လင်းမင်နှင့် ထန်ရှင်းယွင်တို့လည်း ကြားလိုက်ရကာ အသံ လာရာနေရာကို လှည့်ကြည့်လိုက်သည်။

ထိုအခါ မီးခိုးရောင် ဝတ်ရုံ ရင်ဟတ် ဟကွဲ၊ ခြေဗလာနှင့် ကျင့်ကြံသူ တစ်ဦးကို တွေ့မြင်လိုက်ရ၏။ ဝတ်ရုံက ဦးခေါင်းကိုပါ ဖုံးအုပ်ထားလေရာ ငွေရောင်ဆံပင်များမှာ တစ်စွန်းတစ်စသာ ပေါ်နေခဲ့သည်။ သူ့ထံမှ မည်သည့် အော်ရာမှ ထွက်ပေါ်နေခြင်း မရှိချေ။ သူ၏ ခြေလှမ်းတိုင်းမှာ အလွန်ပင် တိတ်ဆိတ်၏။ သို့သော်လည်း တစ်ချိန်တည်း၌ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားဖြင့် နှလုံးသားများအား ထုရိုက်နေသယောင် ထင်ရသည်။

လင်းမင် ထန်ရှင်းယွင်၏ ရှေ့တွင် ကာရပ်လိုက်၏။ ထိုကျင့်ကြံသူထံမှ ထူးဆန်းသော အန္တရာယ် အငွေ့အသက် တစ်မျိုးကို ခံစားနေရလေရာ သူ မျက်မှောင်ကြုတ် သွားခဲ့သည်။ လျှောက်လှမ်းလာပုံကို ကြည့်ခြင်းဖြင့် ထိုပုဂ္ဂိုလ်မှာ သူ့အတွက် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်ကို ပင်ကိုယ်ဗီဇစိတ် အရ သိရှိလိုက်သည်။

"မင်း ဘာလိုချင်တာလဲ..."

လင်းမင်က မေးလိုက်၏။ ခြေဗလာနှင့် ကျင့်ကြံသူက ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ ခေါင်းစွပ်ကို ချွတ်ကာ မျက်နှာကို ထင်ရှားစွာ ဖော်ပြလိုက်သည်။ သူက ညကောင်းကင်တွင် ထွန်းလင်းနေသည့် လပြည့်ဝန်း ကဲ့သို့ လှပသည့် မျက်နှာကို ပိုင်ဆိုင်ထားသော ယောက်ျားသား တစ်ယောက် ဖြစ်သည်။ သူ၏ နဖူးအလယ်တွင်တော့ ခါးသီးမှတ် တစ်ခု လင်းလက်နေခဲ့၏။

လင်းမင်၏ မျက်လုံးများမှာ ငရဲမှ ဝိညာဉ်တစ္ဆေ တစ်ကောင်ကို တွေ့မြင်လိုက်ရသကဲ့သို့ ချက်ချင်း ကျဉ်းမြောင်းသွားခဲ့သည်။

"မင်း..."

“...”

အာဏာရှင် အင်ပါယာ၏ အစွယ်နှင့် လက်သည်းများ ဖြစ်သူ ကျူးဟိုင်သည် တစ်ချိန်တစ်ခါတုန်းက သူ့ကို အနိုင်ယူခဲ့သည့် လူငယ်ကို ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။

ထိုရှုံးနိမ့်မှုမှ ပြန်လည် နလံထူရန် သူ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရကာ မူလ တည်ရှိမှု ရည်ရွယ်ချက်ကို ထိခိုက်စေခဲ့သည်။ ထိုအချိန်မှစ၍ သူသည် လောကကို ဖျက်ဆီးမည့် ဝေ့ဝူယင်၏ လက်နက် ရာထူးကို မှန်ကန်စွာ မတောင်းဆိုနိုင်ခဲ့တော့ချေ။ ထိုဖြစ်ရပ်ဆိုးက သူ၏ ဝိညာဉ်ကို အခြားသူများ ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်သည့် နည်းလမ်းများဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

လင်းမင်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့သူ တစ်ဦး အသက်ရှင် နေသေးသည်ကို ကြည့်ကာ လွန်စွာ ထိတ်လန့် တုန်လှုပ် သွားခဲ့သည်။ ထိုတိုက်ပွဲမှာတုန်းက သူ ကိုယ်တိုင် မသေခဲ့တာပင် ကံကောင်းပေသည်။ ထိုပုဂ္ဂိုလ်၏ ရည်ရွယ်ချက်ကို သဘောပေါက်လိုက်ရာ သူ့ အမူအရာက မှောင်မိုက်သွားခဲ့၏။

"ရှင်းယွင်... နောက်ဆုတ်နေ"

သူက ထန်ရှင်းယွင်ကို ပြောလိုက်ရင်း သူ၏ မူလ လှံကို ထုတ်ယူလိုက်သည်။ ညှိနှိုင်းရန် မည်သည့် ကဏ္ဍမှ မရှိတော့ချေေ။ ကျူးဟိုင်မှာ ကိုယ်ထင် ပြသခဲ့ပြီ ဖြစ်လေရာ သူက ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။

၎င်းက တိုက်ခိုက်ရန်ပင်...။

"သတိထား..."

ထန်ရှင်းယွင်က လင်းမင်းကို ယုံကြည်စွာ ပြောလိုက်ရင်း နောက်သို့ ဆုတ်သွားခဲ့၏။ လင်းကျိရန် သူမကို ကြည့်ကာ အနည်းငယ် အံ့ဩသွားခဲ့သည်။ ထိုမိန်းကလေးမှာ သူမ အမဲလိုက်ခံနေရသည်ကိုပင် မေ့လျော့ကာ လင်းမင် အပေါ် အပြည့်အဝ ယုံကြည်နေပုံ ရသည်။

"ငါ အရင်က လင်းမင် မဟုတ်တော့ဘူး..."

ထိုစဉ်အခါတုန်းက တိုက်ပွဲမှာ မည်မျှ ခက်ခဲခဲ့သည်ကို ပြန်လည် တွေးတောရင်း လင်းမင် ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။ သို့သော်... သူက ယခင်ကလို အတွေ့အကြုံမရှိသည့် အပြစ်ကင်းစင်သော လူငယ်လေး တစ်ဦး မဟုတ်တော့ချေ။ သူက ထိုရှို့ရန်ကို တစ်ကြိမ် အနိုင်ရခဲ့လေရာ နောက်တစ်ကြိမ်လည်း ထပ်မံအနိုင်ရမည်ဖြစ်သည်။

ကျူးဟိုင်မှာ စကားတစ်ခွန်းမျှ မပြောပေ။ သူက လင်းမင်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့၏။ သူက လက်များကို ဘေးတွင် ချထားကာ ကိုယ်ဟန်အနေအထားမှာလည်း လျော့ရဲနေခဲ့သည်။ သို့သော်လည်း... သူ၏ မျက်လုံးများကတော့ ရှေးဟောင်း ရွေးချယ်ခံ၏ တည်ရှိမှုဖြင့် ရောင်ပြန်ဟပ် နေခဲ့၏။

လေထုအတွင်း တင်းမာသည့် ခံစားချက်က တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ လင်းမင်သည် သူ၏ လှံတံကို တင်းတင်း ဆုပ်ကိုင်ထားကာ ကျင့်ကြံခြင်း အခြေခံကို အစွမ်းကုန် လှည့်ပတ် နေခဲ့၏။

ဘုန်း...

ရုတ်တရက် တစ်နေရာတွင် ဖြစ်ပွားနေသော တိုက်ပွဲတစ်ခုမှ ပေါက်ကွဲသံ တစ်ခုမှာ သူတို့ထံသို့ ရောက်ရှိလာခဲ့၏။

အာဏာရှင် အင်ပါယာ၏ အစွယ်၊ လက်သည်းများနှင့် ရှေးဟောင်း ရွေးချယ်ခံတို့သည် တစ်ပြိုင်နက်တည်းပင် လှုပ်ရှားလိုက်ကြသည်။

မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် သူတို့ နှစ်ယောက်မှာ နေရာချင်း ပြောင်းလဲ သွားကြ၏။

"..."

လင်းကျိရန်နှင့် ထန်ရှင်းယွင်တို့ နှစ်ယောက် အံ့အားသင့်မှုကြောင့် အသက်ရှူပင် မှားသွားခဲ့ကြသည်။

"ငါ... ငါ..."

လင်းမင် တုန်ရီစွာဖြင့် အောက်ကို ငုံ့ကြည့်လိုက်သည်။

ဒိတ်...

ဒိတ်...

ဒိတ်...

ကျူးဟိုင်၏ ညာဘက်လက် အတွင်းတွင်တော့ သွေးများဖြင့် ရွှဲရွှဲစို နေကာ ယခုထိ ခုန်နေဆဲဖြစ်သည့် နှလုံးတစ်ခု ရှိနေခဲ့လေသည်။

***

All Chapters