သားရဲနှင့် သားကောင် (၂)
Vol. 110 Ch. 1533
ထိုအခိုက်၌ လင်းမင်နှင့် ကျူးဟိုင်တို့ နှစ်ယောက်မှာ မျက်နှာချင်းဆိုင်နေခြင်း မဟုတ်ချေ။ ကျောချင်းခိုင်းကာ ရပ်နေကြခြင်း ဖြစ်ပေသည်။ ဝန်းကျင်တစ်ခုလုံးတွင်တော့ အချိန် စီးဆင်းမှုမှာ ရပ်တန့် နေသယောင်ပင် ထင်ရ၏။
"ငါ..."
လင်းမင်၏ မျက်နှာ အမူအရာမှာ အလွန်ပင် ရှုပ်ထွေးနေကာ အပြောင်းအလဲများစွာ ဖြစ်ပေါ်နေခဲ့၏။ ဘောလုံးတစ်လုံးစာလောက် အပေါက်ကြီးတစ်ပေါက်မှာ သူ၏ ရင်ဘတ်၌ ရှိနေကာ အဝတ်အစားများနှင့် နှလုံး ကာကွယ်ရေးဝတ်စုံကိုပင် ဖောက်ထွင်း ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရသည်။ လင်းမင် တုန်ရီစွာပင် ဒဏ်ရာဆီသို့ လက်လှမ်းလိုက်သည်။ ကိုယ်ပိုင်သွေးများ၏ နွေးထွေးမှုမှာ သူ၏ လက်ချောင်းများပေါ်သို့ စီးကျလာ၏။ တစ်ပြိုင်နက်တည်း လိုပင် သွေးများမျာ လည်ချောင်းထဲမှ နေ၍ သူ့ ပါးစပ် အတွင်း စိမ့်ဝင်လာသည်ကို ခံစားလိုက်ရသည်။
၎င်းမှာ ထူးဆန်းစွာဖြင့် ချိုမြိန်နေသည်။
နံနက်ခင်း အလင်းရောင် အလား ဖြူဖွေး စင်ကြယ်ကာ တဒိတ်ဒိတ် ခုန်နေဆဲ ဖြစ်သည့် နှလုံးသားကို ငုံ့ကြည့်ရင်း ကျူးဟိုင် ခပ်တိုးတိုး ရေရွတ်လိုက်၏။
"နှလုံးသား အတွက် နှလုံးသား..."
သူ မူလ ဒြပ်စင် စွမ်းအင် အရည်အသွေးများဖြင့် သန့်စင်ထားသည့် နှလုံးသားကို မျက်နှာရှေ့သို့ မြှောက်လိုက်၏။ အတိတ်၏ မှတ်ဉာဏ်များက ထိုကြွက်သားစိုင်၏ မျက်နှာပြင်တစ်လျှောက်တွင် လင်းလက်သွားခဲ့သည်။ ပွဲကြည့် ပရိသတ်တစ်ဦး ကဲ့သို့ကင် ကျူးဟိုင်သည် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာက လင်းမင်နှင့် သူတို့ အကြားရှိ တိုက်ပွဲကို ပြန်လည် မြင်ယောင် နေခဲ့သည်။
နောက်ဆုံးတိုက်ကွက်...
လင်းမင်၏ လှံသည် သူ၏ ရင်ဘတ် အတွင်း တိုးဝင်သွားခဲ့ကာ နှလုံးသားကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။
လင်းမင်၏ နှလုံးသားကို ဆုပ်ကိုင်ရင်း ကျူးဟိုင် နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် မုန်းတီးမှု၊ ရှက်ရွံ့မှုနှင့် ဒေါသ အားလုံးမှာ တဖြည်းဖြည်း အရည်ပျော်ကျ လာခဲ့၏။ ၎င်းတို့က အပူဆုံး နွေရာသီ နေ့တစ်နေ့၏ နှင်းများ ကဲ့သို့ပင် ဖြစ်သည်။
ကျူးဟိုင် ပါးစပ်ကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူ၏ ထက်မြိနေသည့် အစွယ်လေးချောင်းက အလင်းရောင် အောက်၌ တလက်လက် ထွက်ပေါ်လာသည်။ သူ လင်းမင်၏ နှလုံးသားကို ပါးစပ် အတွင်း ထည့်ကာ ကိုက်လိုက်၏။ နှလုံးသားထဲမှ အဖြူရောင်သွေးနှင့် မူလအဆင့် ရုပ်ပိုင်းဆိုင်ရာစွမ်းအားများစွာ ပန်းထွက် လာခဲ့သည်။
"..."
ထန်ရှင်းယွင်မှာ ကယောင်ချောက်ချား ဖြစ်နေသည်ဟု ခံစားနေရ၏။ သူမ မျက်လုံးများကိုပင် မယုံကြည်နိုင်ခဲ့ချေ။
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူမ မြင်နိုင်စွမ်း ရှိသည်ထက် ကျော်လွန်ကာ ထိုနှစ်ဦးမှာ နေရာချင်း ကူးပြောင်းသွားခဲ့သည်။ ထို့နောက်... လင်းမင် ရင်ဘတ် ဟောင်းလောင်းဖြင့် တိတ်တဆိတ် ရပ်နေသည်ကို သူမ တွေ့ရသည်။ ကျူးဟိုင်၏ လက်ထဲတွင်တော့ တဒိတ်ဒိတ် ခုန်နေသည့် နှလုံးသား တစ်ခု ရှိနေခဲ့၏။ အတည်ပြုစရာပင် မလိုပါချေ။ ထိုနှလုံးသားမှာ မည်သူ၏ နှလုံးသားဖြစ်ကြောင်း သူမ သိလိုက်ချေပြီ ဖြစ်လေသည်။
သို့သော်... ကျူးဟိုင်က ၎င်းကို ကိုက်စားလိုက်သည်ကို မြင်လိုက်ရသောအခါတွင်တော့ ထန်ရှင်းယွင်မှာ သူမ၏ ကိုယ်ပိုင်နှလုံးသားကို အစိမ်းလိုက် ကိုက်စား ခံနေရ သကဲ့သို့ ခံစားလိုက်ရ၏။ သူမ အသက်ရှူရ ခက်ခဲလာကာ ရင်ဘတ် တစ်ခုလုံး မွမ်းကြပ် သွားခဲ့သည်။ မိန်းကလေး၏ ဒူးများမှာ ပျော့ခွေသွား၏။ သူမ၏ စိတ်အစဉ်က တုန်ရီလာခဲ့သည်။ သူမ၏ နှလုံးသားမှာ ခုန်ရန် စွမ်းအားကို ဆုံးရှုံးသွားခဲ့သည်။
"မဟုတ်ဘူး..."
ထန်ရှင်းယွင် အော်ဟစ်လိုက်၏။ သို့သော်လည်း သူမ၏ အသံက နားမလည်နိုင်မှု၊ မယုံကြည်နိုင်မှုတို့နှင့် ခြောက်ကပ် နေခဲ့၏။
လင်းကျိရန်မှာ ထိုကဲ့သို့ အရာများ ဖြစ်လာလိမ့်မည်ဟု မျှော်လင့် မထားခဲ့သော်လည်း သူမ၏ နှလုံးသားနှင့် စိတ်က မယုံနိုင်လောက်အောင် တည်ငြိမ်နေခဲ့သည်။ ကျူးဟိုင်ထံမှ ထုတ်လွှတ်နေသည့် ရိုင်းစိုင်းသော အော်ရာကို ကြည့်ကာ ထူးဆန်းစွာပင် သူမ နွေးထွေးမှု တစ်ခုကို ခံစားနေရသည်။ ကျူးဟိုင်မှာ တစ်ကမ္ဘာလုံးကို စားသုံးမည် ဆိုလျှင်ပင် သူမကိုတော့ လက်ဖျားနှင့်ပင် မထိကြောင်း ခံစားနေရသည်။ သူ၏ ပစ်မှတ်မှာ သူမကို ခြိမ်းခြောက်ဝံ့သူများအတွက်သာ ဖြစ်ပေလိမ့်မည်။ လင်းကျိရန် အတွက် ထိုခံစားချက်မှာ ရှင်းပြ၍မရအောင် ယုံကြည်စိတ်ချရသည်။ သူမ အသက်ကိုပင် လောင်းကြေးထပ်နိုင်ပေသည်။
ကျူးဟိုင် လင်းမင် နှလုံးသားကို သုံးစက္ကန့် အတွင်းမှာပင် သုံးကိုက်ဖြင့် အပြီး စားသုံးလိုက်၏။ အဖြူရောင် သွေးများက သူ၏ မေးရိုးနှင့် ရင်ဘတ်တို့မှ စီးကျနေသည်။ ကြည်နူး ဆွတ်ပျံ့ဖွယ်ကောင်းသော အရသာခံမှုတစ်ခုက သူ၏ ရိုင်းစိုင်းသော မျက်လုံးများတွင် လင်းလက်နေ၏။
ထိုနှလုံးသားထဲတွင် လင်းမင် တစ်သက်တာလုံး ကျင့်ကြံခဲ့သမျှ အသန့်စင်ဆုံး၊ အသိပ်သည်းဆုံး ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများ ပါဝင်နေပေသည်။ သူ၏ မူလ ဒြပ်စင် စွမ်းအင်များမှာ နှလုံးသားကို ထျန်းတျန် အဖြစ် သဘောထားကာ ကျင့်ကြံသည့် လျှို့ဝှက် အာဏာရှင် အဆင့် ရှို့ရန်များ၏ ကျင့်ကြံခြင်း နှလုံးသားများနှင့်ပင် နှိုင်းယှဉ်နိုင်သည် အထိ သန့်စင်သည်။
ဘုန်း...
လင်းမင်၏ ညာဘက်ဒူးမှာ စကျင်ကျောက်သား ကြမ်းပြင်ပေါ်သို့ ရိုက်ခတ်သွားကာ ထူးဆန်းသော ပဲ့တင်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ ကိုယ်ခန္ဓာမှ သွေးများမှာ ဘောင်းဘီတစ်လျှောက် ကြမ်းပြင်ထံ စီးကျလာကာ တောက်ပသည့် အဖြူရောင် အဆင်းဖြင့် စွန်းထင်းစေခဲ့သည်။
သူ၏ မူလလှံကို အားပြုကိုင်ကာ ခန္ဓာကိုယ်ကို မားမားမတ်မတ်ရပ်ဖို့ ကြိုးစား နေခဲ့၏။ သို့သော်လည်း အားနည်းမှု၊ နာကျင်မှု စသည့် ခံစားချက်များက သူ၏ ကိုယ်ခန္ဓာနှင့် ဝိညာဉ်တစ်လျှောက် လွှမ်းခြုံ နေခဲ့သည်။
ကျူးဟိုင်မှာ လင်းမင်၏ နှလုံးသားကို ဆွဲထုတ်ရုံမျှသာ မကဘဲ ကျောရိုးကို ဖျက်ဆီးကာ အနီးအနားရှိ ကိုယ်တွင်းအင်္ဂါများကိုပါ ချေမွပစ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ ဝိညာဉ်ကိုလည်း ကြမ်းတမ်း ခက်ထန်သည့် ဒဏ်ရာတစ်ခု ပေးခဲ့သည်။
ထိုခံစားချက်မှာ မယုံနိုင်လောက်အောင် နာကျင်လွန်းလှသည်။ သားရဲကောင်လေးများမှာ သူ့ အသွေးအသားများကို မဆုတ်မနစ် ကိုက်ခဲနေရန် ရေပြားတစ်လျှောက်၌ တရစပ် ပြေးလွှားနေ သကဲ့သို့ ထင်ရသည်။ ပြင်းထန်သည့် ဝေဒနာကြောင့် အော်ဟစ်ရန် ဆန္ဒသည် သူ၏ အစစ်အမှန် ဝိညာဉ်အတွင်း ဖောင်းပွလာသော်လည်း သူ အံသွားများကို တင်းတင်းကြိတ်ကာ ထိန်းထားခဲ့၏။ သို့သော်လည်း ထိုဆန္ဒက နောက်ဆုံးတွင် အနိုင်ရရှိသွားခဲ့သည်။
"အား..."
လောကတစ်ခုလုံးကို တုန်လှုပ်စေသည့် အသံနက်ကြီး တစ်ခု ထွက်ပေါ်လာခဲ့၏။ လင်းမင် မသိလိုက်သည့် အရာကား ဤခံစားချက်မှာ ကျူးဟိုင် သေလုမြောပါး ဖြစ်နေစဉ်က ခံစားခဲ့ရသော ခံစားချက်နှင့် ထပ်တူနီးပါး ဖြစ်နေခဲ့ခြင်းပင်။
ထိုစဉ်က မူလလှံတံမှာ သူ့နှလုံးသားကို ဖောက်ထွင်းသွားခဲ့သည်။ မူလ ဒြပ်စင် အင်အားက ကိုယ်တွင်းအင်္ဂါများနှင့် အသွေးအသားများကို အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိပဲ ဖျက်ဆီးခဲ့ကာ သူ၏ အသက်အင်အားကို ရက်စက်စွာ ပျက်စီးစေခဲ့သည်။
'ငါ သေတော့မှာလား'
ထိုအရာက လင်းမင်၏ စိတ်အတွင်း ရှိနေသည့် တစ်ခုတည်းသော အတွေး ဖြစ်သည်။ သူ ကျင့်ကြံခြင်း အခြေခံကို လှည့်ပတ်ရန် ကြိုးပမ်းလိုက်သော်လည်း တစ်ခုတည်းသော တုန့်ပြန်မှုက အလွန်အမင်း ဆိုးရွားလှသည့် နာကျင်မှုသာ ဖြစ်သည်။
“အဟွတ်... အဟွတ်...”
လင်းမင် ချောင်းဆိုးရင်း သွေးများကို အန်ထုတ်လိုက်ရ၏။ လည်ချောင်း အတွင်း သွေးများ ပြည့်နေသည့် ခံစားချက်မျိုးကို သူ ယခင်က ခံစားဖူးသော်လည်း ဤခံစားချက်မှာ သိသိသာသာ ကွဲပြားလှသည်။
သည်တစ်ကြိမ် သွေးများမှာ သူ၏ အသက်သွေးများ ဖြစ်သည်။ အသက်ရှင်သန် လိုသည့် ဆန္ဒအတွက် နောက်ဆုံးသော ခရီးစဉ်ကို ကိုယ်စားပြုနေသကဲ့သို့ ခံစားရသည်။ ကြယ်တာရာ ဝိညာဉ်၏ စွမ်းအားမရှိဘဲ ထိုစွမ်းအင်များကို သက်သာပျောက်ကင်းစေရန် သူ ထိန်းချုပ်၍မရနိုင်ပေ။
"ဟား..."
ထန်ရှင်းယွင်၏ တစ်ဆို့နေသော အသက်ရှူသံနှင့် မွမ်းကြပ်နေသည့် ရင်ဘတ် တစ်ခုလုံးမှာ လင်းမင်၏ အော်ဟစ်သံနှင့်အတူ ပွင့်ထွက် သွားခဲ့၏။ သူမ လင်းမင်ဆီသို့ လှမ်းသွားလိုက်သော်လည်း အားနည်းနေသည့် ခြေထောက်များက တုံ့ဆိုင်းသွားသွားကာ ကြမ်းပြင်သို့ အရုပ်ကြိုးပြတ် လဲကျသွားခဲ့သည်။ ထိပ်တန်း ကျင့်ကြံသူ တစ်ဦး အနေဖြင့်ပင် ထိုအခိုက်၌ လှုပ်ရှားရန် အလွန် ခက်ခဲနေသလို သူမ ခံစားနေရသည်။
လင်းမင်မှာ သူမနှင့် မလှမ်းမကမ်းတွင်ပင် ရှိနေပါသည်။ သို့သော်လည်း... သူတို့နှစ်ဦးကြားတွင် တိုင်းတာ၍ မရနိုင်သော အကွာအဝေးတစ်ခု ရှိနေသကဲ့သို့ ခံစားရသည်။ အကောင်းဆုံး ဖော်ပြရလျှင်... အသက်ရှင်သန်ခြင်းနှင့် သေဆုံးခြင်းလမ်းသည် ယခု သူတို့ရှေ့တွင် ရှိနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။
လင်းကျိရန် ထန်ရှင်းယွင်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ထိုမိန်းမငယ်လေး၏ မျက်ဝန်းများထဲမှ ခံစားချက်များကို သူမ သိပေသည်။ ကြည့်ရသည်က... သူမ လင်းမင်ကို တကယ် ချစ်ပုံ ရသည်။ ကံမကောင်းစွာပင်... ထိုဖြစ်ရပ်မှာ သူမ ဝင်ရောက် စွက်ဖက်နိုင်သည့် ပေါ့သေးသေး ကိစ္စ တစ်ခု မဟုတ်ပါချေ။
လင်းမင်၏ ခန္ဓာကိုယ် အတွင်းရှိ ရှင်သန်နေသေးသည့် နောက်ဆုံးသော အပိုင်းအစများမှာ စတင်ကာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့သည်။ ကျူးဟိုင်၏ စွမ်းအင်များမှာ သူ၏ ကိုယ်ခန္ဓာကို ရက်စက်စွာ ဆက်လက်ဖျက်ဆီးနေဆဲ ဖြစ်ပေသည်။
လင်းမင်မှာ နောက်ဆုံးသော ထွက်သက် အချိန်အခါကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဘဝ တစ်လျှောက်စာလုံး ဖြတ်သန်းခဲ့သမျှ မှတ်ဉာဏ်များက သွေးမျက်ရည်မျာနှင့် ပြည့်နေသည့် သူ့ မျက်လုံးများထဲတွင် ဖြတ်ပြေး နေခဲ့သည်။ သေဆုံးခြင်း တည်းဟူသော မဟူရာ တွင်းနက်ကြီးအား ကျော်လွှားရန် သူ၏ ကြိုးစားမှုအားလုံးမှာ နောက်ဆုံးတွင်တော့ ကျရှုံးခဲ့ပြီ ဖြစ်သည်။
“ငါ့... ကို... ကယ်...”
လင်းမင်၏ အလွန်တရာ အားနည်းနေသည့် လေသံက လေထုထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။
ဘုန်း...
ထို့နောက်တွင်တော့ သူ၏ ကိုယ်ခန္ဓာမှာ မတ်တပ်ရပ်နိုင်စွမ်းကို ဆုံးရှုံးသွားကာ ကြမ်းပြင်ပေါ်သို့ မျက်နှာ အပ်လျှက် လဲကျသွားခဲ့တော့သည်။
ရှေးဟောင်း ရွေးချယ်ခံဖြစ်သူ လင်းမင်မှာ အသက် ၈၆ နှစ်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်လေတော့သည်။
မူလလှံတံကတော့ လင်းမင်၏ ပြိုလဲရန် မလိုလားမှုများကို ကိုယ်စားပြုသည့် အလား ကောင်းကင်သို့ ထောင်ရင်း မားမားမတ်မတ်ရပ်နေခဲ့လေ၏။
***