← Chapters

အမြစ်ပြတ် ချေမှုန်းခြင်း

Vol. 6 Ch. 590

အမြစ်ပြတ် ချေမှုန်းခြင်း

Vol. 6 Ch. 590

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ ... တင့်ဖျက် ဒုံးတွေတောင်မှ ဒီ အထူးဝတ်စုံတွေကို မဖျက်ဆီးနိုင်ဘူးလေ ..."

အဝေးမှ ကြည့်နေသော အစိမ်းရောင် ဆံပင်ပိုင်ရှင် မိန်းကလေးက တုန်တုန်ရီရီဖြင့် ရေရွတ်လိုက်သည်။

သူမ၏ နောက်ရှိ အနက်ရောက် ဝတ်စုံဝတ် စစ်သားများမှာလည်း ကြောက်ရွံ့ နေခဲ့ပြီ ဖြစ်သည်။

"ဟုတ်တယ် ... အဲဒီ ဝတ်စုံတွေကို ငါကိုယ်တိုင် စစ်ဆေးထားတာ ... သူတို့ကို ပညာရှိ လူကြီးတွေရဲ့ လျှပ်စစ်သံလိုက် အမြောက်တွေက လွဲရင် ဘာ လက်နက်ကမှ မထိုးဖောက်နိုင်ဘူး ... ဖြစ်နိုင်တာ ချန်းပေ့ရွှမ်း ရဲ့ တိုက်ခိုက်မှုက လျှပ်စစ်သံလိုက် အမြောက်ထက်တောင် ပို အစွမ်းထက် နေတာလား ..."

ဆံပင်ဖြူလူကြီးက ဆိုလိုက်၏။

"အဲဒီ စစ်သားတွေက နတ်ဘုရား တိုက်ခိုက်ရေး တရားဝင် အဖွဲ့ဝင်တွေလောက် အစွမ်း မထက်ပေမဲ့ သူတို့ရဲ့ စွမ်းအားကလည်း မသေးဘူး ... အခု သူတို့ ရှုံးသွားပြီ ဆိုတော့ ငါတို့ ဝင်ပါရတော့မှာပေါ့"

ဆံပင်ဖြူ လူကြီးက ရေရွတ်ရင်း ဝတ်စုံနက်ဝတ် လူများထံ လှည့်လိုက်၏။

"ရဲဘော်တို့ ... ငါတို့ သူ့ကို တားရမယ် ... ကလာ့ခ် တစ်ယောက်တည်း လုပ်နိုင်မှာ မဟုတ်ဘူး ... ငါတို့ စုပေါင်းပြီး ပညာရှိ ခေါင်းဆောင် အဆင်သင့် ဖြစ်တဲ့ အထိ အချိန်ဆွဲ ကြရအောင် ..."

"ကောင်းပါပြီ ..."

ဝတ်စုံနက်ဝတ် လူများက ခေါင်းညိတ် လိုက်ကြသည်။

***

"အခု မင်းအလှည့် ရောက်ပြီ ..."

ချန်းဖန်က မိုးကြိုးငါးခု ချိပ်တံဆိပ်ကို ကိုင်ရင်း ကလာ့ခ်အား အေးစက်စွာ ကြည့်လိုက်၏။

ကလာ့ခ်ကား ချန်းဖန်အား ကြည့်ရင်း အလွန်အမင်း စိတ်ပူ နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ မျက်နှာက ငွေရောင် ဝတ်စုံ၏ ကာကွယ်မှု အောက်တွင် တည်ရှိရာ သူ၏ တုန်လှုပ်မှုအား ဖုံးကွယ်ထားနိုင်၏။

"သွား ..."

ချန်းဖန်က အမိန့်ပေးသည်နှင့် မိုးကြိုးငါးခု တံဆိပ်တုံးထံမှ လှိုင်းတစ်ခု ထွက်ကာ ကလာ့ခ် ထံသို့ တိုးဝင်သည်။

ငွေရောင် ဝတ်စုံသည် အနက်ရောင် ဝတ်စုံများထက် အဆများစွာ အစွမ်းထက်သည့် တိုင် ကလာ့ခ်သည် ချန်းဖန်၏ တိုက်ခိုက်မှုအား တိုက်ရိုက် မရင်ဆိုင်ရဲပေ။

ကလာ့ခ်က ချက်ချင်းပင် အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ ထိုလှိုင်းအား သီသီလေး ရှောင်တိမ်းလိုက်၏။

"ရှောင်ဖို့ ကြိုးစားချင်တာလား ... အဲဒါက သိပ်မလွယ်ဘူးနော်"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း မိုးကြိုးငါးခု ချိပ်တံဆိပ်ကို မြှောက်လိုက်သည်။

"လာစမ်း ... အလင်းငါးမျိုး"

"ဘုန်း ..."

ချန်းဖန်၏ အမိန့်ပေးသံ အောက်၌ ကမ္ဘာတုန်ဟည်းသော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာ၏။

ပေါက်ကွဲသံနှင့်အတူ မိုးကြိုးငါးခု ချိပ်တံဆိပ် အတွင်းမှ အလင်းငါးခု ပေါက်ကွဲ ထွက်လာသည်။

အလင်းငါးခု၏ အဇူရာ၊ အဝါ၊ အနီ၊ အဖြူ၊ အနက် ဟူသော ကွဲပြား ခြားနားသည့် အရောင်များသည် သစ်သား အလင်း၊ မြေကမ္ဘာ အလင်း၊ မီးအလင်း၊ သတ္တု အလင်းနှင့် ရေအလင်းတို့အား ကိုယ်စားပြု၏။

"အလင်းငါးမျိုး ... ပေါင်းစပ်"

ချန်းဖန် အမိန့်ပေးရာတွင် မိုးကြိုးငါးခု ချိပ်တံဆိပ်က နောက်တစ်ကြိမ် တုန်ရီသွား၏။

အလင်းငါးခုက ကောင်းကင်၌ လည်ပတ်ရင်း ကလာ့ခ်အား ဝန်းရံသည်။ ကလာ့ခ်သည် ထိုအလင်းကြားမှ ဖောက်ထွက်သည့်တိုင် အသုံး မဝင်ချေ။

"ကလာ့ခ်ကို ကယ် ... မြန်မြန် ... ငါက ချန်းပေ့ရွှမ်းကို တားလိုက်မယ်"

ဆံပင်ဖြူ လူကြီးက အော်ဟစ် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ ချန်းဖန်ထံသို့ တိုးဝင်သည်။

သူစ ခြေများ၊ လက်များက သတ္တုများ အလား မာကျောပြီး သူ၏ ခြေသည်း၊ လက်သည်းနှင့် ဆံပင်များက ဓားများ အလား ထက်ရှနေ၏။

"ဝိညာဉ် ခန္ဓာ ..."

ချန်းဖန်က အံ့အားသင့်သွားခြင်း မရှိချေ။

စောစောပိုင်းက သူတွေ့မြင်ခဲ့ရသည့် အစိမ်းရောင် ဆံပင်ပိုင်ရှင် မိန်းကလေး၏ ခန္ဓာကိုယ်သည်လည်း ဝိညာဉ်ခန္ဓာ တစ်ခုပင် ဖြစ်သည်။

သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်များက စဦး အောင်မြင်ခြင်း အဆင့်တွင်သာ ရှိနေသေးသည်။

ကျင့်ကြံခြင်း လောက၌ ဝိညာဉ်ခန္ဓာများကို ...

(၁) အခြေခံ အဆင့်

(၂) စဦး အောင်မြင်ခြင်း အဆင့်

(၃) ထူးခြား အောင်မြင်ခြင်း အဆင့်

(၄) ပြည့်စုံခြင်း အဆင့်နှင့်

(၅) ပြိုင်ဘက်ကင်း အဆင့်

ဟူ၍ အဆင့်ငါးဆင့် ခွဲခြားထားသည်။

စဦး အောင်မြင်ခြင်း အဆင့် ဝိညာဉ် ခန္ဓာကိုယ်သည် ဝိညာဉ်ပင်လယ် (တန်ခိုးရှင်) အဆင့်၏ ခန္ဓာနှင့် ညီမျှပြီး ထူးခြား အောင်မြင်ခြင်း အဆင့် ဝိညာဉ် ခန္ဓာကိုယ်မှာမူ မူလဝိညာဉ်(မြေကမ္ဘာ) အဆင့်၏ ခန္ဓာကိုယ်နှင့် ညီမျှသည်ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။

ချန်းဖန်၏ ခန္ဓာကိုယ် ကျင့်ကြံခြင်း အဆင့်မှာ စဦး အောင်မြင်ခြင်း အဆင့် အထိသာ အောင်မြင်ထားသေးသည်။ သို့သော်လည်း သူ၏ ခန္ဓာက အဇူရာ သက်ရှည် ခန္ဓာ ဖြစ်ရာ သာမန် ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာကိုယ်များနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ထို့အပြင် သူ၏ ကျင့်ကြံခြင်း အဆင့်က  ဝိညာဉ်ပင်လယ် နောက်ဆုံး အဆင့်တွင် ရှိနေသည့် အပြင် အလွန် အစွမ်းထက်သော မိုးကြိုးငါးခု ချိပ်တံဆိပ် လက်နက်လည်း ရှိနေသေးသည်။ ထို့ကြောင့် ချန်းဖန် အနေဖြင့် ထိုလူများကို ဂရုစိုက်စရာ မလိုချေ။

"ထွက်သွားစမ်း ..."

ချန်းဖန်က အေးစက်စွာ ဆိုရင်း အင်္ကျီလက်အား ခါယမ်းလိုက်၏။

အင်္ကျီလက်မှ အစစ်အမှန်ချီများက ဆံပင်ဖြူ လူကြီးဆီသို့ အဇူရာ အလင်း နံရံကြီး တစ်ခု အလား တိုးဝင်သည်။

"သေစမ်း ... ဘာလို့ ချန်းပေ့ရွှမ်းက ဒီလောက်တောင် အစွမ်းထက် နေတာလဲ"

ဆံပင်ဖြူ လူကြီးက အဇူရာ အလင်း နံရံအား သူ၏ သံသဏိကဲ့သို့ မာကျောသော လက်များဖြင့် ဆီးကာ လိုက်သည်။ သို့သော်လည်း နံရံ၏ ရိုက်ခတ်မှုတွင် သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စဉ်ကျကာ ပါးစပ် အပြည့် သွေးအန်လိုက်ရ၏။

"ကပ္ပတိန် ..."

အခြားလူများက အော်ဟစ်ရင်း ဆံပင်ဖြူ လူကြီးအား ကူညီရန် ပြေးဝင် လာကြ၏။

သို့သော်လည်း ဆံပင်ဖြူ လူကြီးက တားဆီးလိုက်သည်။

"ငါ့ကို ဂရုမစိုက်နဲ့ ... ကလာ့ခ်ကိုပဲ သွားကယ်"

"ကောင်းပါပြီ ..."

ဝတ်စုံနက်ဝတ် လူများက ခေါင်းညိတ်ရင်း မီး၊ ရေ၊ လေ၊ လျှပ်စီး စသည့် တိုက်ခိုက်ရေး စွမ်းအားများကို ဆင့်ခေါ်ကာ မိုးကြိုးငါးခု ချိပ်တံဆိပ်အား တားဆီးရန် ကြိုးစားလိုက်ကြသည်။

"သူတို့ကို သတ် ..."

ချန်းဖန်က အော်ဟစ်ရင်း မိုးကြိုးငါးခု ချိပ်တံဆိပ်ကို အမိန့်ပေးလိုက်သည်။

"ဘုန်း ..."

မိုးကြိုးငါးခု ချိပ်တံဆိပ်က ပိုမို တောက်ပသော အလင်းများကို ထုတ်လွှတ်လိုက်၏။ ထိုအလင်းများက လေထုတွင်ပင် အေးခဲကာ ဝတ်စုံနက်ဝတ် လူများထံ တိုးဝင်သည်။

"ကလန့် ..."

ဝတ်စုံနက်ဝတ် လူများကား အဆင့်မြင့် နည်းပညာ၏ အကူအညီ ရှိသည့်တိုင် မိုးကြိုးငါးခု၏ တိုက်ခိုက်မှုအား အနည်းငယ် မျှပင် တောင့်မခံနိုင်ကြချေ။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

အလင်းငါးခုက သေဆုံးခြင်း၏ အင်အားများကို ယူဆောင်ကာ ဝတ်စုံနက်ဝတ် လူများအား အပိုင်းပိုင်း ပိုင်းဖြတ်လိုက်၏။

"နောက်ဆုတ်ကြ..."

ဆံပင်ဖြူ လူကြီးက သွေးပျက်ဖွယ် ကောင်းသော အသံနက်ကြီးဖြင့် လှမ်းတားလိုက်၏။

သို့သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

ထိုအလင်းများ၏ တိုက်ခိုက်မှုမှ ချန်းဖန်ပင်လျှင် လွတ်နိုင်မည် မဟုတ်ရာ ဝတ်စုံနက်ဝတ် လူများက မည်ကဲ့သို့ လွတ်နိုင်ပါမည်နည်း။

အမေရိကန်သည် "နတ်ဘုရား ခန္ဓာပိုင်ရှင်" ဟု သူတို့ နာမည်ပေးထားသည့် ထိုစစ်သားကို ရရှိရန် အတွက် ဆယ်စုနှစ်နှင့် ချီကာ ရင်းနှီးခဲ့ရသည်။ သို့သော်လည်း နတ်ဘုရား ခန္ဓာပိုင်ရှင်များကား ချန်းဖန်၏ တိုက်ခိုက်မှု တစ်ခုကိုပင် ခံနိုင်ရည် မရှိခဲ့ချေ။

"ဘာပဲဖြစ်ဖြစ် ... ငါတို့ ဘက်မှာ ပညာရှိ ခေါင်းဆောင်နဲ့ နတ်ဘုရားသတ် ဒုံးကျည် ရှိသေးတယ်"

ဆံပင်ဖြူ ကပ္ပတိန်က အနောက် အရပ်သို့ မျှော်ကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။

သိပ်မကြာခင်မှာပင် ထိုအရပ်မှ အလင်းရောင် တစ်ခု ရုတ်တရက် လင်းလက်ကာ ချန်းဖန် ရှိရာသို့ ခဏအတွင်း ရောက်ရှိလာသည်။ ထိုအလင်းအား သတိထားမိသည်နှင့် ချန်းဖန်၏ မျက်နှာက လေးနက်သွားသည်။

"အသံထက် ဆယ်ဆလား ... နှစ်ဆယ်ဆလား ... သုံးဆယ်ဆလား ..."

ချန်းဖန် မည်သည့် အရာကိုမျှ ကောက်ချက် မချနိုင်ခင်မှာပင် ထိုအလင်းက ချန်းဖန်၏ အရှေ့သို့ ရောက်ရှိနေပြီး ဖြစ်သည်။

"နတ်ဘုရားသတ် ဒုံးကျည်"

ထိုအရာကား ကလာ့ခ်၊ ဆံပင်ဖြူ ကပ္ပတိန်တို့ စောင့်မျှော်နေသော နတ်ဘုရားသတ် ဒုံးကျည်ပင် ဖြစ်သည်။

နတ်ဘုရားသတ် ဒုံးကျည်သည် မြေကမ္ဘာ အဆင့် နတ်ဘုရားကိုပင် သတ်ဖြတ်နိုင်သော လက်နက် ဖြစ်သည်။  ချန်းဖန်၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်ပင်လျှင် ထိုလက်နက် တိုက်ခိုက်မှု တစ်ကြိမ်ကို တောင့်ခံနိုင်မည် မဟုတ်ချေ။

သို့သော်လည်း ချန်းဖန်က ထူးဆန်းစွာပင် ပြုံးလိုက်သည်။

"ငါမင်းကို စောင့်နေတာ ..."

ချန်းဖန်က အင်္ကျီလက်ကို တစ်ချက် ခါယမ်းလိုက်ရာ လေထုမှာ တစ်ချက် တုန်ခါသွား၏။ ထိုခဏတွင်ပင် နတ်ဘုရား သတ် ဒုံးကျည်မှာ ထူးဆန်းစွာ ပျောက်ကွယ် သွား၏။

"ဘယ်လိုဖြစ်ရတာလဲ ..."

ကလာ့ခ်နှင့် ဆံပင်ဖြူ ကပ္ပတိန် နှစ်ယောက် စလုံး၏ မျက်လုံးများကား ပြူးကျယ်သွား၏။ ထိုအရာကား ရူးသွပ်ဖွယ် ကောင်းလောက်သော အရာဖြစ်သည်။ နတ်ဘုရားသတ် ဒုံးကျည်က မည်ကဲ့သို့ ပျောက်ကွယ်သွားရ သနည်း။

ချန်းဖန်က သူတို့၏ အမေးအား ပြန်မဖြေခဲ့ချေ။ ထို့အစား ဆံပင်ဖြူ ကပ္ပတိန်ထံသို့ တိုးဝင်၍ လက်သီးဖြင့် ထိုးကာ သတ်ဖြတ်လိုက်သည်။

တစ်ချိန်တည်းတွင်ပင် ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ နတ်ဘုရားသတ်ဒုံး ပစ်ခတ်ရာ အရပ်သို့ ကြည့်လိုက်သည်။

ထိုနေရာ၌ ခေါင်းတုံးလူကြီး တစ်ဦးနှင့် နတ်ဘုရားသတ် အမြောက်တစ်ခု ရှိနေခဲ့သည်။ ထိုကတုံးလူကြီးမှာ ချန်းဖန် သတ်ဖြတ်ခဲ့သော ပထမလူ နှစ်ယောက်ထက် ပိုမို အရပ်ရှည်ကာ သူ၏ မျက်လုံးများကလည်း ပိုမိုကာ တောက်ပသည်။

ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံအား ခံစားမိသည်နှင့် ခေါင်းတုံးလူကြီး၏ မျက်နှာက ဖြူရော်သွားလေ၏။

"ကျေးဇူးပြုပြီး ... ဒါက အထင်လွဲတာပါ ခင်ဗျာ ..."

"နောက်ကျသွားပြီ ..."

ရုတ်တရက် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံက ခုနစ်လက်မခန့် ရှိသော ဓားငယ် အဖြစ် ပြောင်းလဲသွား၏။

ကတုံးလူကြီး၏ စိတ်ဝိညာဉ် စွမ်းအားသည် အလွန်ပင် သန်မာကာ မူလကောင်းကင် ဝိညာဉ် အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။ သို့သော်လည်း သူကား ချန်းဖန်၏ "နတ်ဘုရား စိတ်အာရုံဓား" အား ခုခံနိုင်စွမ်း မရှိခဲ့ချေ။

"ဘုန်း ..."

ကတုံးလူကြီး၏ ဦးခေါင်းက ရုတ်တရက် ပေါက်ကွဲသွား၏။

"ဆရာက ငါ့ရဲ့ သေခြင်းအတွက် လက်စားချေလိမ့်မယ်ကွ ..."

ကတုံးလူကြီး၏ နတ်ဘုရား စိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ ရုန်းထွက်ရင်း အော်ဟစ်သည်။ သို့သော်လည်း ချန်းဖန်၏ ဓားက မည်သည့် အရာကိုမျှ ဂရုမစိုက်ပဲ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကိုပါ ခုတ်ပိုင်း သတ်ဖြတ်လိုက်၏။

မျက်စိ တစ်မှိတ်အတွင်းမှာပင် လုပ်ကြံလာသော လူများစွာကား သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

မိုးကြိုးငါးခု အစီအရင်အတွင်း ပိတ်မိနေသော ကလာ့ခ် တစ်ယောက်သာ ကျန်ရစ်ခဲ့၏။

***

All Chapters