ရည်ရွယ်ချက်များ
Vol. 110 Ch. 1534
"ငါ လုပ်နိုင်ခဲ့ပြီ"
ကျူးဟိုင် မျက်လုံးများကို မှိတ်ရင်း သူ့ ခန္ဓာကိုယ် အတွင်း တဖြည်းဖြည်း ပျော်ဝင် သန့်စင်နေသည့် လင်းမင်၏ နှလုံးသား စွမ်းအင်များကို ခံစားနေခဲ့သည်။ ထိုစွမ်းအင်များမှာ သူ့ နှလုံးသား အတွင်းကို တန်းတန်းမတ်မတ်ပင် စီးဝင် သွားခဲ့၏။ နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည့် ကျူးဟိုင်၏ အသက် အော်ရာများက ဖြည်းညင်းစွာပင် ပြန်လည် ပေါ်လာခဲ့လေသည်။
အာဏာရှင် အင်ပါယာ၏ သွားနှင့် လက်သည်းများမှာ ယခုအခါ သူ့ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆည်ကာ မူလ ရည်ရွယ်ချက်များနှင့် ပိုင်ဆိုင်ပိုင်ခွင့်တို့ကို ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအခြေခံက တိတ်တဆိတ်ပင် ပေါင်းစည်းသွားခဲ့ကာ ဝိညာဉ်မှာ ဉာဏ်အလင်း ရရှိမှု ဖြစ်စဉ် အတွင်း ကျရောက် သွားခဲ့၏။ ကောင်းကင်၏ လောကသုံးထောင်ထံမှ သဘာဝ အတိုင်း အသိအမှတ်ပြုမှုနှင့် အတူ ဆယ်စုနှစ်ပေါင်းများစွာ ဖွံ့ဖြိုးခဲ့ပြီး ဖြစ်သည့် ရည်ရွယ်ချက်များနှင့် ဖုံးကွယ်ထားသည့် ကြိုးပမ်း အားထုတ်မှု အားလုံးက တသမတ်တည်း အဖြစ် ပေါင်းစည်း လာခဲ့သည်။
ပထမတစ်ခုက တိုက်ပွဲ ရည်ရွယ်ချက် ဖြစ်သည်။ ကျူးဟိုင်မှာ သူ ပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ် ကောင်းသော အလားအလာကြောင့် အနန္တ ဧကရာဇ်ဂိုဏ်းတွင် ထင်ရှား ကျော်ကြားခဲ့ကာ ဝေ့ဝူယင်နှင့် မတွေ့ခင် ကာလတည်းကပင် ရွယ်တူများ ကြားထဲ၌ ချွန်ထွက် နေခဲ့သူ ဖြစ်သည်။
ဒုတိယမြောက် တစ်ခုက သတ်ဖြတ်မှု ရည်ရွယ်ချက် ဖြစ်သည်။ ကျူးဟိုင်မှာ သူ၏ မိသားစုကို ဆုံးရှုံးခဲ့ရပြီး နောက်တွင် စိတ်ကူး မယဉ်နိုင်လောက်သည့် အတိုင်းအတာ တစ်ခု အထိ ဒေါသထွက်နေခဲ့သည်။ သူက ထိုလူသတ်သမားများကို ရှာဖွေရန်အတွက် လမ်းတစ်လျှောက်လုံး သတ်ဖြတ်ပစ်ခဲ့ကာ အတားအဆီးအားလုံးကို ဖယ်ရှားခဲ့သည်။ ထိုစဉ်ကတည်းက "လူသတ် ငွေရောင် ဝံပုလွေ" ဟူသော ဘွဲ့ကို ရရှိခဲ့သည်။
တတိယမြောက် တစ်ခုမှာ နက်ခရို သို့မဟုတ် သေဆုံးခြင်း ရည်ရွယ်ချက် ဖြစ်သည်။ ကျူးဟိုင်သည် သေဆုံးသည့် အခြေအနေကို အကြိမ်များစွာ ရောက်ရှိခဲ့သည်။ နှစ်ကြိမ်တိုင်တိုင် ပြန်လည်မွေးဖွားခြင်းကို ကြုံတွေ့ခဲ့ရသည်။ ထိုရည်ရွယ်ချက်မှာ အလွန် ထူးဆန်းကာ သေဆုံးခြင်းကို ရိုးရှင်းစွာ ကိုယ်စားပြုရုံမျှသာ မကဘဲ နားလည်ရန် အလွန် ခက်ခဲသည့် နက်ရှိုင်းသော သဘောတရားများကိုပါ ကိုယ်စားပြုသည်။ ၎င်းကို ဖမ်းဆုပ်မိရန်မှာ အလွန်တရာပင် ခက်ခဲလှသည်။ ဟင်းလင်း၏ တာအို၊ သံသရာ စက်ဝန်းတို့နှင့် ချိတ်ဆက်နေသည့် နိဗ္ဗာန မီးလျှံထက်နှင့် ယှဉ်လျှင်ပင် နိမ့်ကျခြင်း မရှိချေ။
နက်ခရို ရည်ရွယ်ချက်မှာ ချိပ်ပိတ်နယ်မြေ အတွင်းရှိ မည်သည့်အရာထက်မဆို အလွန် သန့်စင်ကာ အစစ်အမှန် မွေးဖွားခြင်းပင် ဖန်တီးနိုင်ခြင်း မရှိပေ။
စတုတ္ထမြောက် တစ်ခုမှာ သားကောင်ရှာဖွေခြင်း ရည်ရွယ်ချက်ဖြစ်သည်။ ၎င်းသည် နူးညံ့သည့် တာအိုမှ မွေးဖွားလာပြီး အလားတူ ကြောက်မက်ဖွယ်ကောင်းသည့် ရည်ရွယ်ချက် တစ်ခု ဖြစ်သည်။ ၎င်းမှာ ထိပ်တန်း သားရဲကောင်များနှင့် ထူးဆန်းစွာ ဆက်နွယ်နေသည်။ ၎င်းမှာ စားသုံးလိုခြင်း၊ ဝါးမြိုခြင်း ဆန္ဒကို ပိုင်ဆိုင်ထား၏။ လင်းမင်၏ နှလုံးသားကို စားသုံးလိုက်သောအခါ ကျူးဟိုင်မှာ ထိုရည်ရွယ်ချက်ကို နှံ့နှံ့စပ်စပ်ပင် နားလည် သွားခဲ့သည်။ အမဲလိုက်ခြင်းသံသရာမှာ အဆုံးသတ် သွားခဲ့ကာ သူ၏ ပြင်ဆင်မှု၊ စိတ်ရှည် သည်းခံမှုအားလုံးမှာ တစ်ခုတည်းသော ထိုအခိုက်အတန့်အတွက် စုစည်းခဲ့သည်။
ထိုရည်ရွယ်ချက် လေးခုလုံး၏ အမြုတေသည်ကား ဘိုးဘေးများထံမှ ဆင်းသက်လာသည့် သားရဲဆန္ဒပင် ဖြစ်သည်။
ဆီးရီးယပ် သို့မဟုတ်... ငွေရောင် ဝံပုလွေ...
ဤသည်ပင်လျှင် ကောင်းကင်နှင့် ပဲ့တင်ထပ်ကာ မွေးဖွားလာသော ဆန္ဒဖြစ်သည်။
ကျူးဟိုင်၏ အစစ်အမှတ် ဝိညာဉ် အတွင်း မျိုးစေ့တစ်ခု မွေးဖွားလာ၏။ ၎င်းမှာ သန္ဓေတည်ခြင်း အဆင့်၌ ရှိနေပေသည်။ သို့သော်လည်း ၎င်းမှာ ထိုမျှနှင့် ရပ်တန့်သွားခြင်း မရှိပါချေ။
ကျူးဟိုင်၏ သွေးမှာ ဆူပွက်လာကာ ထိုမျိုးစေ့ အတွင်းသို့ ပြင်းထန်စွာ စိမ့်ဝင်သွားခဲ့၏။ ကျူးဟိုင်၏ စိတ်မျက်လုံးအတွင်းမှ ငွေရောင်နှင့် သွေးရောင် ဝိညာဉ်ရောင်စဉ် တောက်ပနေသည့် နေကြယ်... (နေကြယ်ဆိုသော်လည်း လပြည့်ဝန်း တစ်ခုနှင့် ပိုမို ဆင်တူသည့် နေကြယ်) မှာ သူ၏ ဝိညာဉ်ထံသို့ အလင်းများကို အဆက်မပြတ် ပေးပို့လာခဲ့၏။ ၎င်းတို့သည်ကား ဝိညာဉ်အလင်းပင် ဖြစ်သည်။
တစ်ခဏ အတွင်းမှာပင် မျိုးစေ့မှာ ဆာလောင်နေသည့် ဝံပုလွေပေါက်စလေး ကဲ့သို့ ပျိုးထောင်ခြင်း အဆင့် အတွင်းသို့ ရောက်ရှိသွားခဲ့၏။ ၎င်းမှာ ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက်၍ စုပ်ယူနေဆဲ ဖြစ်ပေသည်။
“ဘာတွေ ဖြစ်နေတာလဲ..."
ရုတ်တရက် အသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ လင်းကျိရန် အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ရာ သူတို့ဆီ ဖြည်းဖြည်းချင်း လျှောက်လာနေသည့် ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။
တစ်ဦးမှာ ပျင်းရိသော အမူအရာရှိသည့် ဓားသမားဖြစ်ကာ နောက်တစ်ဦးကတော့ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ချောမောလွန်းသူ တစ်ဦး ဖြစ်သည်။
သူတို့က အင်ပါယာ မင်းသား နှစ်ပါး ဖြစ်သည့် ထျန်းကျန်းဟန်နှင့် ထျန်းရီဝူတို့ပင်...။
တစ်ချိန်တည်း၌ ထန်ရှင်းယွင်မှာ ငြိမ်သက်နေကာ လင်းမင်၏ အလောင်းကိုသာ ငေးမောကြည့် နေခဲ့သည်။ သူမ၏ မျက်လုံးများမှာ အပြင်းထန်ဆုံး ခံစားချက်များ၏ ရိုက်ခတ်မှုဒဏ်ကြောင့် အသက်ဓာတ်ပင် ကင်းမဲ့နေ၏။ သူမ၏ ခန္ဓာကိုယ်က ပျော့ခွေကာ အားနည်း နေခဲ့သည်။ မိန်းကလေးမှာ လူသစ်နှစ်ဦး ရောက်ရှိလာသည်ကိုပင် သတိမထားမိပါချေ။ သူမ၏ တစ်ခုတည်းသော အာရုံ စူးစိုက်ရာက လင်းမင်ပင် ဖြစ်လေသည်။
"ထျန်းရီဝူ..."
လင်းကျိရန်မှာ သတ္တမမြောက် မင်းသားကို ချက်ချင်းပင် မှတ်မိလိုက်ကာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထျန်းရီဝူ ရောက်ရှိလာမှုနှင့် အတူ သူမ၏ ယူဆချက် အားလုံးမှာ အတည်ပြုပြီးသား ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ လက်ရှိ မျိုးဆက်များထဲတွင် အရည်အချင်း အရှိဆုံး ကျင့်ကြံသူ နှစ်ဦးထဲမှ တစ်ဦး အဖြစ် သတ်မှတ်ခံထားရသည့် သတ္တမမြောက် မင်းသားမှာ ထန်ရှင်းယွင်ကို အမဲလိုက်ဖို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ လင်းမင်အပေါ် ထန်ရှင်းယွင်၏ ချစ်ခြင်းမေတ္တာမှာ ကောင်းကင်ဘုံ၏ ဆန္ဒကဲ့သို့ မယုံကြည်နိုင်စရာ ကောင်းလှသော်လည်း သတ္တမမင်းသားအား ဖောက်ပြန်ခြင်း အတွက်မူ ရလဒ်ကတော့ တစ်ခုတည်းသာ ရှိပေသည်။ ၎င်းက သေဆုံးခြင်းပင် ဖြစ်လေ၏။
သို့သော်လည်း... လင်းကျိရန် ယခုတိုင် မယုံကြည်နိုင်မှုကို ခံစားနေရဆဲ ဖြစ်သည်။ ထျန်းရီဝူလို ထင်ပေါ်ကျော်ကြားကာ ထူးချွန်သည့် ပုဂ္ဂိုလ် တစ်ဦး၊ ရုပ်ရည်၊ အရည်အချင်းနှင့် နောက်ခံ မည်သည့် ကဏ္ဍတွင်မှာမှ အားနည်းချက် မရှိသည့် လူတစ်ဦးက ရှေးဟောင်း ရွေးချယ်ခံကို အချစ်ရေးတွင် ရှုံးနိမ့်ခဲ့သည်ဟူသော အတွေးသက်သက် ပင်လျှင် လက်မခံနိုင်စရာ ကောင်းလွန်းလှသည်။
"ရှင် သူ့ကို သတ်ဖို့လာတာလား...."
လင်းကျိရန်က တည်ငြိမ်စွာဖြင့် မေးလိုက်၏။ အဘယ်ကြောင့် ထိုကဲ့သို့ ပြုမူမိသည်ကို သူမ မသိချေ။ ထန်ရှင်းယွင်၏ ချစ်ဝံ့သော သတ္တိနှင့် ကြမ်းတမ်းကာ သနားစရာကောင်းလှသော ကံကြမ္မာကို သနားနေခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သူမ သိရှိသည့် တစ်ခုတည်းသော အရာက ထန်ရှင်းယွင်ကို ထျန်းရီဝူ၏ လက်ချက်ဖြင့် သေဆုံးစေလိုခြင်း မရှိပေ။
ထျန်းရီဝူ၏ ခြေလှမ်းများမှာ သူတို့နှင့် မီတာ အနည်းငယ်ခန့် အကွာတွင် ရပ်တန့်သွားခဲ့၏။ သူက လင်းကျိရန်ကို ကျော်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။ ထိုအခါ နှုတ်ခမ်းဆီမှ အဖြူရောင် နှလုံးသွေးများ စီးကျနေကာ သိမ်မွေ့သည့် ဥပဒေသ အော်ရာများ ထွက်ပေါ်နေသည့် ကျူးဟိုင်နှင့် တဖြည်းဖြည်းချင်း အေးစက်လာနေသည့် လင်းမင်၏ အလောင်းကို မြင်လိုက်ရသည်။
တော်ဝင်မျိုးနွယ်၏ အစစ်အမှန် သွေးမျိုးဆက် ဖြစ်ကြောင်း လက္ခဏာ တစ်ရပ် ဖြစ်သည့် သူ၏ ဟေဇယ်ရွှေရောင် မျက်ဝန်းများမှာ လဲပြိုကျနေသည့် ထန်ရှင်းယွင်ဆီသို့ တဖြည်းဖြည်းချင်း ရွေ့လျား သွားခဲ့သည်။ ထိုအခိုက်၌ မိန်းကလေး၏ အာရုံတစ်ခုလုံးမှာ လင်းမင်အပေါ်တွင်သာ ရှိနေခဲ့သည်။ သူမက နေရာတွင်ပင် ကူကယ်ရာမဲ့ လဲလျောင်းနေသည်။
ထျန်းရီဝူ မသနားပါချေ။ ထို့အစား နောင်တရစိတ်ကိုသာ ခံစားရ၏။ မည်သည်ကို နောင်တရသနည်း။ ထိုအသက်နှုတ် တိုက်ခိုက်မှုအား ဖော်ထုတ်ခဲ့သူက သူ မဟုတ်ခဲ့ခြင်းကိုပင်။
နောက်ဆုံး၌ ဝေ့ဝူယင်က လင်းမင်နှင့် ထန်ရှင်းယွင်တို့ကို အဘယ်ကြောင့် မသတ်သေးရန် ပြောဆိုခဲ့ကြောင်း သူ နားလည်ခဲ့ပြီ ဖြစ်သည်။ ဝံပုလွေ မျိုးနွယ်ဝင် ရှို့ရန်မှာ လောက သုံးထောင် ကောင်းကင် ပဲ့တင်ထပ်ခြင်းကို လုပ်ဆောင်နေကာ ဥပဒေ၏ အင်အားနှင့် သဘာဝဆက်နွှယ်မှုကို ပုံဖော်နေသည်။ ထိုအရာက သူ့အတွက် မယုံနိုင်စရာ ကောင်းလောက်အောင် တန်ဖိုးရှိသည့် အခွင့်အရေးတစ်ခုကို ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်၏ အော်ရာထဲတွင် ထိပ်တန်း သားရဲများနှင့် မကြာခဏဆိုသလို ဆက်နွှယ်နေတတ်သည့် နိုးထခြင်း အဆင့် သားကောင်ရှာဖွေမှု ရည်ရွယ်ချက်ကိုပင် ထျန်းရီဝူ ခံစားနိုင်ပေသည်။
သူက လှောင်အိမ်တစ်ခုကို ပြင်ဆင်ကာ ပစ်မှတ်များကို အမဲလိုက်ဖို့ ချောင်းမြောင်း နေစဉ်တွင် ထိပ်တန်း သားရဲ တစ်ကောင်မှာ အရိပ်ထဲမှ ခိုးကြောင်ခိုးဝှက် ကြည့်နေကာ သူ၏ သားကောင်ကို သတ်ဖြတ် စားသုံး သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ နည်းလမ်းများကြောင့် ထျန်းရီဝူ နောက်ထပ် တစ်ဖန် အံ့အားသင့်သွားခဲ့ရ၏။
ထျန်းရီဝူ စိတ်ထဲမှ ခေါင်းခါလိုက်ရင်း လေကို သိမ်မွေ့စွာ ရှူထုတ်လိုက်သည်။
"မင်းရဲ့ ချစ်သူနဲ့ တူနှစ်ဖြာ ဂဟေဆက်နိုင်အောင် ငါ ပို့ပေးမှာပါ... ထန်ရှင်းယွင်..."
သတ္တမမြောက် မင်းသား၏ စကားလုံးများက နူးညံ့သည့် စိတ်ခံစားချက်များ၊ အတိတ်မှ အမှတ်တရများနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များ ပါရှိနေခဲ့သည်။
အလွှာအပြင်က လောကကို ရောက်ရှိကာ ပြန်လာရန် အတွက် ပြင်းထန်စွာ ရုန်းကန်ခဲ့ရစဉ်က ထျန်းရီဝူမှာ ထန်ရှင်းယွင်ကို သူ၏ ဇနီးအဖြစ် လက်ခံရန် စိတ်ကူးခဲ့ဖူးသည်။ မိန်းကလေးမှာ ချိပ်ပိတ်နယ်မြေ၏ ပုံမှန် စံနှုန်းများထက် ကျော်လွန်သည့် အလားအလာနှင့် အရည်အချင်းများကို ပိုင်ဆိုင်ထားသည့် ငြင်းပယ်၍ မရနိုင်သော အလှပိုင်ရှင် ဖြစ်သည်။ ယခင်တုန်းက လက်ထပ် ထိမ်းမြားမှု သဘောတူညီချက်ကို ဖျက်သိမ်းရန် သူ ကြိုးစားခဲ့သော်လည်း ထိုအရာက... ပထမဆုံးတွေ့ဆုံမှုတွင်ပင် မိန်းကလေးထံမှ မလိုလားမှုနှင့် မပျော်ရွှင်မှုများကို မြင်တွေ့ခဲ့ရသောကြောင့်သာ ဖြစ်သည်။
ထိုအချိန်က ဖခင်ဖြစ်သူ မင်းကြီး ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး လက်ခံထားသည့် သဘောတူညီမှု ဖျက်သိမ်ခြင်း စာချွန်လွှာကို ထန်ရှင်းယွင်အား ပြ၍ ကိုယ်တိုင် ရွေးချယ်ခွင့် ပေးရန် သူ စိတ်ကူးခဲ့သည်။ မိန်းကလေး အနေဖြင့် သူ၏ ပထမဆုံး ဇနီးအဖြစ် နေရန် ဆုံးဖြတ်နိုင်သလို ကိုယ်ပိုင် ကံကြမ္မာနှင့် ဆက်လက်ရှင်သန်ရန် အတွက်လည်း ရွေးချယ်နိုင်သည်။
သို့သော်လည်း ယခု အခါတွင်မူ... ကံကြမ္မာက မည်မျှ ထူးဆန်းလိုက်ပါသနည်း။ ထျန်းရီဝူ တစ်လှမ်းချင်းပင် ထန်ရှင်းယွင်ဆီသို့ လျှောက်လာခဲ့သည်။
လင်းကျိရန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွားခဲ့၏။ ထျန်းရီဝူမှာ ထန်ရှင်းယွင်ကို သတ်ဖြတ်ရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သူမ သံသယ မရှိတော့ချေ။
"ရပ်လိုက်..."
***