ဝိညာဉ်လမ်းစဉ်
Vol. 110 Ch. 1535
"ရပ်လိုက်..."
လင်းကျိရန် လက်ကို ဆန့်တန်းလိုက်၏။ သူမ၏ လက်ကောက်ဝတ်ရှိ အက်ကြောင်းများ ပြည့်နှက်နေသော လက်ပတ်မှာ သိမ်မွေ့သော လျှို့ဝှက်အလင်းဖြင့် လင်းလက်လာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အက်ကြောင်းများ၏ နက်ရှိုင်းမှုနှင့် အလျားမှာလည်း တိုးလာခဲ့သည်။
ထျန်းကျန်းဟန်သည် အံ့သြသွားခဲ့၏။ လင်းမင်မှာ လွယ်လွယ်နှင့် သေဆုံးသွားခဲ့ခြင်းမှာ နှမြောစရာ ကောင်းသော်လည်း ဤလောကီမျက်လုံး အဆင့် မိန်းကလေးမှာ တစ်ဝက်တစ်ပျက် ပျက်စီးနေသည့် လက်ဝတ် ရတနာတစ်ခုဖြင့် ထန်ရှင်းယွင်ကို ကာကွယ်ရန် ကြိုးစားနေခဲ့သည်။ ဤမြင်ကွင်းက အတော်လေး အားကျစရာ ကောင်းလှသည်။
"နတ်သမီးလေး... မင်း ဘေးဖယ် နေလိုက်ပါ”
ထျန်းကျန်းဟန်က တည်ငြိမ်စွာဖြင့် အကြံပေးလိုက်၏။ လင်းကျိရန်မှာ နှိုင်းယှဉ်၍ မရလောက်အောင် ကျက်သရေရှိပြီး အလွန်အမင်း ဆွဲဆောင်မှုရှိသည့် မိန်းကလေး တစ်ဦး ဖြစ်သည်။ သူ သူမကို မသေစေလိုသေးချေ။
လင်းကျိရန်၏ အမူအရာက တင်းမာလာ၏။
"မဖယ်ရင်ရော..."
သူမက အေးစက်သည့် လေသံဖြင့် မေးလိုက်၏။ သူမ ဝတ်ဆင်ထားသည့် လက်ကောက်က ပိုမိုတောက်ပသည့် အလင်း ရောင်ခြည်များကို ထုတ်လွှတ်လာသည်။ ဘဝတွင် သူမ မုန်းတီးသည့် အရာတစ်ခုမှာ အပေါ်ယံ ရုပ်ရည်ကို စက်ဆုပ် ရွံရှာဖွယ် မျက်လုံးများဖြင့် အထက်စီးဆန်စွာ ကြည့်ရင်း ဘယ်အရာကိုသာ လုပ်သင့်သည်ဟု ပြောဆိုခံရခြင်း ဖြစ်သည်။
ထျန်းကျန်းဟန်မှာ မိန်းကလေး၏ လေသံအပေါ် စိတ်ပျက်ခြင်း မရှိပါချေ။ ထို့အစား... သူမ၏ ရဲရင့်မှုကို ကြည့်ကာ စိတ်ဝင်စားမှုများသာ တိုးလာခဲ့သည်။
"မဖယ်ရင်တော့..."
သူက သနား ကြင်နာစွာ ပြုံးရင်း ပြောလိုက်၏။ ထျန်းရီဝူကတော့ သူတို့ နှစ်ယောက်ကြားရှိ စကားဝိုင်းကို ဂရုမစိုက်ချေ။ ထို့အစား သူက ညာဘက်လက်ကိုသာ မြှောက်လိုက်၏။
"မဖယ်ရင် ဘာဖြစ်လဲ"
ရုတ်တရက်... အလွန်အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံကို ကြားသည်နှင့် ထျန်းကျန်းဟန်၏ နှလုံးသားက ပြင်းထန်စွာ ခုန်လာခဲ့သည်။ သူ၏ မျက်လုံးများမှာလည်း မထိန်းချုပ်နိုင်စွာ ပြူးကျယ်လာခဲ့၏။
ဝှစ်...
လေတိုးသံ တစ်ခုနှင့် အတူ ဝေဝေဝါးဝါး ပုံရိပ်တစ်ခုမှာ လင်းကျိရန်နှင့် တော်ဝင် မင်းသားနှစ်ပါးကြားတွင် ပေါ်လာခဲ့သည်။
ထျန်းကျန်းဟန်မှာ မသိစိတ်ထဲမှ နေ၍ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။ ၎င်းက တော်ဝင် မင်းသား တစ်ဦး အနေဖြင့်ရော၊ ဓားသမား တစ်ယောက် အနေဖြင့်ပါ မလျော်ကန်သည့် အပြုအမူ တစ်ခု ဖြစ်သည်။ အခြားသူများသာ ထိုမြင်ကွင်းပို မြင်ခဲ့ပါက ထင်မှတ်မထားသည့် အခြေအနေကြောင့် အလွန်တုန်လှုပ်သွားကြမည် ဖြစ်သည်။
ထျန်းရီဝူကတော့ အသစ်ရောက်ရှိလာသူကိုပါ ကြည့်ကာ မအံ့ဩပါချေ။ သူ သူမ၏ တည်ရှိမှုကို လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်တည်းက ခံစားမိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမ ဝင်ရောက်စွက်ဖက်လိမ့်မည်ဟုတော့ မထင်ခဲ့ပါချေ။
တဖြည်းဖြည်းနှင့် ပုံရိပ်မှာ ပိုမို၍ ထင်ရှားလာခဲ့၏။ မှန်ပေသည်။ သူမမှာ နာ့ရှင်းရီမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။
"ညီမလေး ရှင်းယီ..."
လင်းကျိရန်မှာ နာ့ရှင်းရီ ရောက်ရှိလာသည်ကို ကြည့်ကာ အံ့ဩသွားခဲ့၏။ သူတို့ နှစ်ယောက် ရင်းနှီးနေသည့် ပုံစံကို ကြည့်ကာ ထျန်းကျန်းဟန် ချက်ချင်း မျက်နှာပျက်သွားခဲ့သည်။
နာ့ရှင်းရီက နောက်ကို လှည့်မကြည့်ချေ။ သူမ၏ မီးခိုးရောင်မျက်လုံးများကို ထျန်းရီဝူအပေါ်တွင်သာ အာရုံစိုက် နေခဲ့၏။ မိန်းကလေးမှာ မည်သည့် လက်နက်ကိုမျှ ကိုင်ဆောင်ထားခြင်းမရှိသော်လည်း သူမ၏ စူးရဲစွာ တောက်ပနေသော မျက်လုံးများက သတိ အနေအထား၌ ရှိနေကြောင်း ထင်ရှားလှသည်။ ထျန်းရီဝူ စတင် လှုပ်ရှားပါက သူမက တုန့်ပြန်ရန် အသင့် ပြင်ဆင်ထား၏။ မျက်လုံးများသည် သူ ဆက်လက်လုပ်ဆောင်ပါက တုံ့ပြန်ရန် ရည်ရွယ်ချက်ကို သယ်ဆောင်ထားသည်။
ထျန်းရီဝူက နာ့ရှင်းရီကို စိုက်ကြည့်လိုက်သည်။
"မင်း ဒီမိန်းကလေးကို ကာကွယ်နေတာလား ဒါမှမဟုတ် ထန်ရှင်းယွင်ကိုလား..."
သူ၏ လေသံက မယုံကြည့်နိုင်လောက်အောင် တည်ငြိမ်သည်။ နာ့ရှင်းရီ၏ ဝင်ရောက် စွက်ဖက်မှု အပေါ် နည်းနည်းလေးမျှ ဂရုစိုက်သည့်ပုံ မရချေ။
"အရေးပါလား"
နာ့ရှင်းရီက အေးအေးဆေးဆေးပင် မေးလိုက်၏။ သူမက တိုက်ရိုက် မဖြေသော်လည်း ထျန်းရီဝူ သဘောပေါက်လိုက်ပြီ ဖြစ်သည်။ သူက သိမ်မွေ့စွာပင် ပြုံးကာ ခေါင်းညိတ်လိုက်၏။
"မင်း ပြောတာ မှန်တယ်လို့ ထင်တယ်... အရေးမကြီးဘူး"
ဘုန်း...
ထိုအခိုက်တွင်ပင် ကျူးဟိုင်၏ အော်ရာမှာ ပေါက်ကွဲ၍ ဆယ်မိုင်ပတ်လည် အထိ ပျံ့နှံ့သွားခဲ့၏။ အရိုးထဲ စိမ့်လောက်သည့် အေးစက်မှုက ခါးသီးမှုပင်လယ် တစ်ခုလုံးကို လွှမ်းခြုံ သွားကြသည်။
နာ့ရှင်းရီနှင့် ထျန်းရီဝူတို့ နှစ်ဦးစလုံး အနည်းငယ် တွန့်သွားကြ၏။ လင်းကျိရန်မှာလည်း မထိမခိုက်ပင် ရပ်နေဆဲ ဖြစ်သည်။ သို့သော်လည်း ထျန်းကျန်းဟန်၏ မျက်လုံးများကတော့ ခဏတာမျှ အလင်းရောင်ကို ဆုံးရှုံးသွားကာ သတိလစ်သွားပုံရသည်။
ကျူးဟိုင်၏ အော်ရာမှာ အလွန်အမင်း ရိုင်းစိုင်းကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ နီစွေးသော သွေးတို့နှင့် ပြည့်နှက်နေပုံ ပေါ်ကာ ရက်စက်ကြမ်းကြုတ်လှသည်။ ထိုအရာက နတ်ဘုရားများနှင့် ထိပ်တန်း သားရဲ တစ်ကောင် နိုးထလာခြင်းကို နိမိတ်ပြနေသကဲ့သို့ ရှိလေသည်။
“ဝေါင်း...”
ကျူးဟိုင်က သွေးစီးကြောင်းများဖြင့် ပြည့်နှက်နေသည့် ပါးစပ်ကို ကောင်းကင်ထံ ဦးတည်ကာ ဖွင့်ဟလိုက်ရင်း ကြောက်မက်ဖွယ်ကောင်းသည့် ဝံပုလွေ ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်လေသည်။ ငွေရောင် ဝံပုလွေ ဆီးရီးယပ်၏ ဘိုးဘေး ဆန္ဒက လေထုအတွင်း စိမ့်ဝင် ပျံ့နှံ့သွားကာ လောက တစ်ခုလုံးကို ငွေရောင်၊ သွေးနီရောင် အဆင်းတို့ဖြင့် လွှမ်းခြုံလိုက်သည်။ တဒင်္ဂမျှ အချိန်အတွင်မှာပင် လောကတစ်ခွင် မင်းမူနေသည့် အနက်ရောင်နှင့် ခရမ်းရောင် အလင်းငွေ့များမှာ လွှမ်းခြုံခံလိုက်ရလေ၏။
"ဘိုးဘေး နိုးထမှု..."
ထျန်းရီဝူနှင့် နာ့ရှင်းရီတို့နှစ်ဦးစလုံး ပြိုင်တူ ရေရွတ်လိုက်ကြကာ အဝေးသို့ ရွေ့ပြောင်းသွားခဲ့ကြ၏။ ပထမတစ်ဦးက ထျန်းကျန်းဟန်ကို ခေါ်ဆောင်ပြီး မိုင်အနည်းငယ်အကွာတွင် ပြန်လည် ပေါ်လာခဲ့သည်။ နာ့ရှင်းရီကမူ လင်းကျိရန်နှင့် ထန်ရှင်းယွင်တို့နှစ်ဦးစလုံးကို ဆွဲခေါ်ကာ ကောင်းကင်သို့ ပျံတက်သွားခဲ့၏။ သူမက အလွန်တရာ အဆင့်မြင့်လှသည့် မန်နာ လွှမ်းမိုးမှု စွမ်းအားကို အသုံးပြုနေခြင်း ဖြစ်ပေသည်။
နာ့ရှင်းရီနှင့် ထျန်းရီဝူတို့နှစ်ဦးစလုံးမှာ ကျူးဟိုင်ကို လှမ်းကြည့်ကာ အံ့အားသင့် နေကြ၏။ ဘိုးဘေး သွေးမျိုးဆက် နိုးထမှုမှာ ပုံမှန်အားဖြင့် သားရဲများအတွက်သာ ကန့်သတ်ထားခြင်း ဖြစ်သည်။ ကြယ်တာရာ အဆင့် သားရဲ တစ်ကောင်က ဘိုးဘေး မျိုးရိုးကို နှိုးဆွကာ မူလသားရဲ ဖြစ်လာသည့် အခါမျိုးတွင် အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပေါ်လေ့ ရှိသည်။
နာ့ရှင်းရီမှာ ထိုကဲ့သို့ ဖြစ်စဉ်မျိုးနှင့် မစိမ်းပါချေ။ တစ်ခါတုန်းက ပိုင်လင်မှာလည်း အဖြူရောင် ကြိုးကြာ ငှက်လေး အဖြစ်မှ ဘိုးဘေး သွေးမျိုးဆက်ကို နှိုးထကာ မီးဖီးနစ် အသွင် ပြောင်းလဲ ခဲ့သည်။ ဝေ့ဝူယင်က ထိုအကြောင်းများကို သူမကို ပြောပြခဲ့ဖူးသည်။
ထျန်းရီဝူမှာလည်း အလွှာ အပြင်က လောကတွင် မူလအဆင့် သားရဲများစွာ ရှိနေလေရာ ထိုအကြောင်းကို သိရှိထားသည်။ ၎င်းတို့ကို ကမ္ဘာဦး သားရဲဟုလည်း ခေါ်ကာ အာဏာရှင် အဆင့် သားရဲဟုလည်း ရည်ညွှန်းကြသည်။
အော်ရာက လေထုထဲတွင် စိမ့်ဝင် ပျံ့နှံ့နေလေရာ သားကောင်ရှာဖွေမှု ရည်ရွယ်ချက်က လင်းမင်၏ သက်မဲ့အလောင်းကို ဖုံးလွှမ်းသွားကာ တဖြည်းဖြည်းချင်း စတင် စားသုံးတော့သည်။ ကျူးဟိုင်၏ အော်ရာမှာ ရှေးဟောင်း ရွေးချယ်ခံ၏ ခန္ဓာကိုယ်ကို ဝါးမြိုနေခဲ့ပြီ ဖြစ်လေသည်။
"မဟုတ်ဘူး..."
အံ့ဩစရာကောင်းစွာပင် ထန်ရှင်းယွင်မှာ လုံးဝ သတိရှိနေဆဲ ဖြစ်သည်။ သူမ၏ အာရုံမှာ တစ်ချိန်လုံး လင်းမင် အပါးမှ တစ်ဖဝါးမှ မခွာခဲ့ပါချေ။ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် ကျူးဟိုင်၏ အော်ရာသည်ပင် သူမ၏ အာရုံစူးစိုက်မှုနှင့် သတိတရားတို့ကို မပျက်ပြားစေခဲ့ပါချေ။ ထိုအရာက စစ်မှန်သည့် ချစ်ခြင်း မေတ္တာ၏ ခွန်အားကို ဖော်ညွှန်း နေခြင်းပင်။
နာ့ရှင်းရီမှာ မျက်မှောင်ကြုတ်သွားသော်လည်း လင်းမင်၏ အလောင်းကို ကယ်တင်ဖို့ မကြိုးစားခဲ့ပါချေ။
အခြားတစ်ဖက်၌ ထျန်းရီဝူ၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။ ကျူးဟိုင်၏ လက်ရှိအခြေအနေက လုံးဝ ထင်မှတ်မထားသည့် အနေအထား တစ်ခု ဖြစ်သည်။ ရှို့ရန် တစ်ဦးက ဘိုးဘေး နိုးထမှုကို မည်ကဲ့သို့ လုပ်ဆောင်နိုင်ရသနည်း။
ထျန်းရီဝူ လက်ဖဝါးကို ရိုးရိုးရှင်းရှင်းပင် ဆန့်ထုတ်လိုက်၏။ သို့သော်လည်း ၎င်းက ဆယ်မိုင်ပတ်လည်ရှိ လေထုနှင့် မန်နာအားလုံးကို သိပ်သည်းသွားစေကာ ၉၆ ခုမြောက် ခရမ်းရောင် နံရံကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
ခရက်...
အံ့မခန်း ခိုင်ခံ့ပါသည် ဆိုသည့် ၉၆ ခုမြောက် နံရံမှာ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့်ပင် ကွဲအက်သွားခဲ့ပြီ ဖြစ်သည်။ ထျန်းရီဝူ သတိလစ်နေသည့် ထျန်းကျန်းဟန်ကို အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အပေါက်မှတစ်ဆင့် အပြင်သို့ ပစ်လွှတ်လိုက်၏။ နံရံသည် လျင်မြန်စွာပင် သူ့အလိုလို ပြန်လည် ပြင်ဆင်သွားကာ မူလ အတိုင်း ဖြစ်သွားခဲ့သည်။
ထျန်းရီဝူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် လျှင်မြန်ကာ သဘာဝ အတိုင်း ချောမွေ့လှ၏။ ထိုတစ်တောက်လျှောက်လုံး သူ၏ မျက်လုံးများမှာ ထန်ရှင်းယွင်ထံပါးမှ တစ်ကြိမ်မျှပင် မခွာခဲ့ပါချေ။
ဂျိန်း...
ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ အလွန် ကျယ်လောင်သည့် အသံတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့လေ၏။ နာ့ရှင်းရီနှင့် ထျန်းရီဝူတို့ နှစ်ဦးစလုံး၏ မျက်လုံးများမှာ မူလ အာရုံစိုက်ရာ နေရာမှ ဖယ်ခွာသွားကာ လင်းမင်၏ အလောင်းဆီသို့ ရွေ့လျား သွားခဲ့တော့သည်။
***