ဝိညာဉ်လမ်းစဉ် (၂) ဂျိန်း...
Vol. 110 Ch. 1536
ကျယ်လောင်သည့် မိုးခြိမ်းသံ တစ်ခု ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်းမင်နှင့် နာ့ရှင်းရီတို့၏ မျက်လုံးများမှာ လင်းမင်၏ အလောင်းဆီသို့ ရွေ့လျား သွားကြလေ၏။
"သွေးစွန်းနေတဲ့ ခွေးအိုကြီး..."
ခါးသီးမှုပင်လယ် တစ်ခုလုံး ကြားနိုင်လောက်သည် အထိ အသံတစ်ခုမှာ အားလုံး၏ စိတ်ထဲသို့ စီးဝင်လာခဲ့သည်။ ၎င်းမှာ အဆုံးစွန်သော ဒေါသ၊ ခံပြင်းမှု၊ နာကျည်းမှုတို့နှင့် ပြည့်နှက် နေခဲ့၏။ လင်းမင်၏ နဖူးအလယ်ရှိ ဒြပ်စင် အမှတ်အသားမှာ သိမ်မွေ့သည့် ဝိညာဉ် အလင်းများနှင့် စတင် လင်းလက်လာခဲ့သည်။ တဒင်္ဂ အတွင်းမှာပင် လင်းမင်ကို ဝန်းရံကာ စားသုံးနေသည့် သားကောင်ရှာဖွေမှု အော်ရာမှာ ပျက်စီးသွားခဲ့လေ၏။
"ဝိညာဉ်ချည်နှောင် ကြာပန်း..."
ထျန်းရီဝူနှင့် နာ့ရှင်းရီတို့ နှစ်ဦးစလုံး မျက်မှောင်ကြုတ် သွားကြ၏။ လင်းမင်၏ ထျန်းတျန် ဧရိယာမှ လွတ်မြောက်လာသည့် မူလဒြပ်စင် ဝိညာဉ်ထံတွင် ၎င်းနှင့် တွဲချည်ထားသော ကြာပန်းကို သူတို့ ချက်ချင်းပင် သတိပြုလိုက်မိကြပေသည်။ အဖြူရောင် ဝိညာဉ်ပေါ်တွင် သွေးစွန်းနေသည့် လက်သည်းရာ တစ်ခုရှိသော်လည်း ဝိညာဉ်ချည်နှောင် ကြာပန်းမှာ ၎င်းကို တဖြည်းဖြည်းချင်းပင် ပယ်ဖျက်ပစ် နေခဲ့သည်။
သူတို့နှစ်ဦးစလုံး၏ မျက်လုံးများမှာ ပြူးကျယ်လာခဲ့ကြ၏။ သူတို့ ပိုင်ဆိုင်ထားသည့် စွမ်းအားများဖြင့်ပင် လင်းမင်၏ ကြယ်တာရာ ဝိညာဉ် ဆက်လက် တည်ရှိနေကြောင်းကို မခံစားနိုင်ခဲ့ပါချေ။ ၎င်းမှာ သဘာဝ နိယာမတရားနှင့် အညီ ပျောက်ကွယ်သွားခဲ့သည်ဟုသာ သူတို့ ယူဆခဲ့ကြသည်။ သို့သော်လည်း ယခုတွင်တော့ ကြယ်သံသရာ ဖြစ်စဉ်တွင် ချို့ယွင်းမှုတစ်ခု ရှိနေကြောင်း သူတို့ သဘောပေါက်သွားခဲ့ကြပြီ ဖြစ်လေသည်။
"လင်းမင်... ငါ ဒါကို ဒီတစ်ကြိမ်တည်းပဲ လုပ်ပေးနိုင်မယ်... ဒါကြောင့် မင်း အသက်ရှင်အောင် နေပါ"
အသံက ပြင်းထန်သည့် ဒေါသတရားများနှင့် ပြည့်နှက် နေခဲ့၏။ ထို့နောက်တွင်တော့ ဒြပ်စင် အမှတ်အသားမှာ လင်းမင်၏ နဖူး အလယ်မှ ပျံတက်လာကာ ဝိညာဉ်ကြာပန်းဖြင့် တွဲလျက် ချည်နှောင်ထားသည့် ကြယ်တာရာ ဝိညာဉ် အတွင်းသို့ ပျံသန်း ဝင်ရောက်သွားတော့သည်။
ဤဖြစ်ရပ်များ အားလုံးမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လျင်မြန်သည့် အရှိန်ဖြင့် ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
ထျန်းရီဝူနှင့် နာ့ရှင်းရီတို့နှစ်ဦးစလုံးမှာ ထိုဖြစ်ရပ် အပေါ် အချိန်မီ တု့န်ပြန်နိုင်ခဲ့ခြင်း မရှိပါချေ။ အချိန်နှင့် အာကာသသ သူတို့ကို တားဆီးထား သကဲ့သို့ ရှိကာ စိတ်၊ ရုပ်နှင့် ဝိညာဉ် အပေါ် တုန့်ပြန်မှု နှေးကွေးခြင်း တည်းဟူသော မညီညွတ်မှုကို ခံစားရစေသည်။
သို့သော်လည်း ထိုသက်ရောက်မှုများက တဒင်္ဂစာမျှပင် ကြာမြင့် ခဲ့ပေသည်။ နာ့ရှင်းရီ၏ ဆွဲဆောင်မှုရှိသည့် မျက်ဝန်းများထဲမှ ယင်အလင်းများ ထွက်ပေါ်လာသလို ထျန်းရီဝူ၏ ကိုယ်ခန္ဓာမှာလည်း သိမ်မွေ့သည့် ရွှေရောင် စွမ်းအင်များဖြင့် လွှမ်းခြုံလာခဲ့သည်။
သူတို့ နှစ်ယောက် ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်သောအခိုက်၌ ဝိညာဉ်ချည်နှောင် ကြာပန်းမှာ ကြယ်တာရာ အမြုတေနှင့် ပေါင်းစည်းသွားခဲ့ပြီး ဖြစ်သည်။ ၎င်း၏ ချောမွေ့သည့် မျက်နှာပြင်ထက်တွင် လှပစွာ ပွင့်ဝေနေသော ကြာပန်း သဏ္ဌာန် အစိမ်းရောင် အရိပ် တစ်ခုသာ ထင်ကျန်ခဲ့သည်။ အလွန်တရာ ကြွယ်ဝ များပြားလှသည့် ဝိညာဉ်စွမ်းအင် အော်ရာများမှာ ကြယ်တာရာ အမြုတေ ထံမှ ပြင်းထန်စွာပင် စီးဆင်းလာခဲ့၏။
နာ့ရှင်းရီနှင့် ထျန်းရီဝူတို့နှစ်ဦးစလုံး ထိုအရာကို တိတ်တဆိတ်ပင် စောင့်ကြည့်နေကြသည်။ ကနဦး ပေါင်းစည်းမှုအပေါ် တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြသော်လည်း ယခုအခါတွင်တော့ သူတို့ထံတွင် လုပ်ဆောင်ရန် လုံလောက်သော စွမ်းရည်များ ရှိနေခဲ့ကြပြီ ဖြစ်သည်။ သို့သော်လည်း နှစ်ဦးစလုံးမှာ သဘောတူထားသကဲ့သို့ပင် နေရာမှ ရွေ့လျားခြင်း မရှိကြပါချေ။ ထို့အစား... စိတ်ဝင်စားမှု ပြည့်နှက်နေသည့် မျက်ဝန်းများနှင့် လွင့်မျောနေသည့် ကြယ်တာရာ အမြုတေကိုသာ စောင့်ကြည့်နေကြသည်။ ခဏတာမျှ အကြည့်ချင်း ဖလှယ်ရုံဖြင့်ပင် သူတို့ နှစ်ဦးမှာ တစ်ဦး၏ အတွေးများကို တစ်ဦးက ရိပ်စားမိကြပုံ ရသည်။
ထျန်းရီဝူက သိမ်မွေ့စွာ ပြုံးလိုက်၏။ နာ့ရှင်းရီကတော့ စိတ်မပါ့တပါဖြင့် အဝေးကို လှမ်းကြည့်လိုက်သည်။
အခြားတစ်ဖက်၌ ကျူးဟိုင်၏ ဆာလောင် မွတ်သိပ်နေဟန် ရသည့် သားကောင်ရှာဖွေမှု အော်ရာမှာ လင်းမင်၏ ကြယ်တာရာ ဝိညာဉ်နှင့် ကြယ်တာရာ အမြုတေတို့ အပေါ်တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို သိရှိပုံ မရပဲ ဘိုးဘေး နိုးထမှု အတိုင်း အပြင်သို့သာ ဆက်လက် စီးဆင်း နေခဲ့သည်။
ဘုန်း...
ထိုအခိုက်တွင်ပင် လင်းမင်၏ ကြယ်တာရာ ဝိညာဉ်ထံမှ ဝိညာဉ် အလင်း အင်အားများမှာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့က ခါးသီးမှုပင်လယ် တစ်ခုလုံးကို ဖြန့်ကျက်၍ မိုင်ပေါင်းများစွာတိုင် ပျံ့နှံ့သွားခဲ့ကာ ရှိရှိသမျှ ရွေးချယ်ခံများအားလုံးကိုပါ လွှမ်းခြုံသွားခဲ့သည်။
အဝေးတစ်နေရာတွင်တော့ ယီယွင်မှာ ၁၂ ခုမြောက် နံရံကို ဂရုတစိုက် စစ်ဆေးနေခဲ့၏။ သူ၏ နဖူးထက်တွင်တော့ ခါးသီးမှတ် တစ်ခု တည်ရှိနေခဲ့သည်။ သူက အလေးအနက်ထားကာ စဉ်းစားနေခြင်း ဖြစ်လေသည်။
“ငါ ဒီနံရံကို ဖြတ်ကျော်ဖို့ အစွမ်းကုန် ကြိုးစားသင့်လား...”
ထိုအတွေးက သူ့နှလုံးသား အတွင်း ဝင်ရောက်လာသည့် တစ်ချိန်တည်းတွင်ပင် အလွန် လျင်မြန်စွာ စီးဝင်လာနေသည့် ဝိညာဉ်လှိုင်းလုံးများကို မြင်လိုက်ရ၏။ သူ၏ မသိစိတ်က အလိုအလျောက်ပင် ကြယ်တာရာ အကာအကွယ်ကို ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း တစ်ခဏ အတွင်းမှာပင် ဝိညာဉ်လှိုင်းလုံးများထံ၌ ဖျက်ဆီးလိုသည့် စွမ်းအင်များ မပါဝင်ကြောင်း သူ တွေ့ရှိလိုက်ရသည်။ လူငယ်၏ မျက်ဝန်းများထဲ၌ အံ့အားသင့်သည့် အငွေ့အသက်များ ပေါ်လာခဲ့၏။
"ဒါက တိုက်ခိုက်မှု မဟုတ်ဘူးလား...."
သူ သေချာ ဆန်းစစ်နေစဉ်မှာပင် ထိုဝိညာဉ်လှိုင်းလုံးများ အတွင်း၌ ရင်းနှီးသည့် အော်ရာ တစ်ခု ရှိနေသည်ကို ရှာတွေ့လိုက်ရသည်။
မီးခိုးရောင် မျက်ဝန်းများနှင့် စီနီယာ...
သူက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရှေးဟောင်း ရွေးချယ်ခံ အဖြစ် မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခွင် ကျော်ကြားသူ ဖြစ်သည်။
ယီယွင် မျက်မှောင်ကြုတ်ရင်း စဉ်းစားလိုက်၏။ စက္ကန့် အနည်းငယ် ကြာမြင့်ပြီး နောက်တွင်တော့ သူ ဆုံးဖြတ်ချက် ချကာ ဝိညာဉ်လှိုင်လုံးများ ထွက်ပေါ်လာရာ နေရာကို ဦးတည် ရွေ့လျား သွားခဲ့တော့သည်။
ယီယွင် နည်းတူပင် ကျောင်းရှုလင်း၊ မင်ယုလင်နှင့် ချန်ယန်ကျိတို့သည်လည်း ဝိညာဉ်လှိုင်းလုံးများ၏ လွှမ်းမိုးမှုကို ခံလိုက်ကြရာ ၎င်းတို့၏ မူလဇစ်မြစ် ပိုင်ရှင်ကို ရိပ်မိလိုက်ကြသည်။ ယဲ့ကျီးနှင့် သွမ့်ရုတို့မှာလည်း ထိုအရာကို ခံစားမိသည့်တိုင် သူတို့က မူလ နေရာတွင်ပင် ဆက်လက် နေဖို့ ဆုံးဖြတ်လိုက်ကြသည်။ လင်းမင်နှင့် သူတို့မှာ အလွန်အမင်း ရင်းနှီးကြသူများ မဟုတ်လေရာ သည်အတွင်း နားစွင့်၍ သတင်းအား နားထောင်သည်ကသာ ပိုမို ကောင်းမွန်လိမ့်မည်ဟု ခံစားရသည်။
သို့သော်လည်း ယီယွင် ကျောင်းရှုလင်း၊ မင်ယုလင်နှင့် ချန်ယန်ကျိတို့ကတော့ ဝိညာဉ်လှိုင်းလုံးများ၏ ရင်းမြစ်ဆီသို့ အပြေးအလွှား သွားရောက် နေကြပြီ ဖြစ်သည်။
အထူးသဖြင့် ကျောင်းရှုလင်း...။
သူမ၏ မျက်နှာတစ်ခုလုံးက စိုးရိမ်သည့် အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း... သူမမှာ လေထုအတွင်းရှိ ထူးဆန်းသော စွမ်းအားများကြောင့် ကောင်းမွန်စွာ ပျံသန်းနိုင်ခြင်း မရှိပဲ ခြေထောက်များကိုသာ အားကိုးကာ ပြေးလွှားသွားနေခဲ့သည်။ သူမက ခြေလှမ်းတိုင်း၌ အလျင်မြန်ဆုံး၊ အစွမ်း အထက်ဆုံးသော လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုထားသည်။
ပြင်ပသို့ စီးထွက်နေသည့် ဝိညာဉ်အလင်းများ၏ ဗဟိုချက်တွင်တော့ လင်းမင်၏ ကြယ်တာရာ ဝိညာဉ်နှင့် ကြယ်တာရာ အမြုတေတို့မှာ လျှို့ဝှက် ဆန်းကြယ်သည့် ပြောင်းလဲမှု ဖြစ်စဉ် တစ်ခု အတွင်း ကျရောက် နေခဲ့လေသည်။ ဝိညာဉ်ဖြင့်သာ ခံစားနိုင်စွမ်း ရှိသည့် မိုးခြိမ်းသံများက အဆက်မပြတ် မြည်ဟီးနေကာ ဝိညာဉ်အော်ရာတစ်ခုက အရှိန်အဟုန်ဖြင့် စီးဆင်း နေခဲ့သည်။
ထန်ရှင်းယွင်နှင့် လင်းကျိရန်တို့ ဖြစ်စေ၊ နာ့ရှင်းရီနှင့် ထျန်းရီဝူတို့ ဖြစ်စေ... သူတို့ အားလုံး၏ ကျင့်ကြံခြင်း ဝိညာဉ်များမှာ မထိန်းချုပ်နိုင်စွာ စတင် တုန်ရီလာခဲ့ကြ၏။
"ဘာတွေဖြစ်နေတာလဲ..."
လင်းကျိရန်က သူမ၏ အက်ကွဲကြောင်းများ ပြည့်နှက်နေသည့် လက်ကောက်ကို တင်းတင်းဆုပ်ကိုင်ရင်း ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် မေးလိုက်သည်။
နာ့ရှင်းရီက မဖြေချေေ။ အံ့ဩစရာကောင်းစွာပင် ထျန်းရီဝူက ဝင်ရောက်၍ အဖြေပေး လိုက်၏။
"ဝိညာဉ်လမ်းစဉ် အသွင်ပြောင်းလဲခြင်း"
သူ၏ စကားလုံးများ လေထု အတွင်း ပဲ့တင်ထပ်သွားစဉ်မှာပင် လင်းမင်၏ ကိုယ်ခန္ဓာမှာ ကောင်းကင်သို့ မြင့်တက် လာခဲ့၏။ ၎င်းက လျှပ်စီးတစ်စ၏ အရှိန်နှုန်းဖြင့် ရွေ့လျားနေခြင်းဖြစ်ကာ ကြယ်တာရာ ဝိညာဉ်နှင့် ကြယ်တာရာ အမြုတေတို့ထံ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ၎င်းသည်လည်း ကြယ်တာရာ အမြုတေနှင့် ပေါင်းစည်း သွားခဲ့သည်။
ဟူး... ဟူး...
၎င်း၏ ချောမွတ် ဖြူဖွေးလှသည့် မျက်နှာပြင်ထက်တွင် မျက်နှာသွင်ပြင် မရှိသည့် လူသားတစ်ဦး၏ ပုံရိပ် ပေါ်ထွက်လာခဲ့၏။
ဘုန်း...
ထို့နောက်တွင်တော့ ကောင်းကင် တစ်ခုလုံးကိုပင် တုန်လှုပ်စေသည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။ စက္ကန့်ပိုင်းလေး အတွင်းမှာပင် လောကတစ်ခုလုံးမှာ ဝိညာဉ်အော်ရာဖြင့် ဖုံးလွှမ်းခံလိုက်ရ၏။ အဆိုပါ အော်ရာက လေထု အတွင်း စိမ့်ဝင်ကာ အနက်ရောင် လမ်းကြောင်း တစ်လျှောက်လုံးရှိ ခါးသီးမှု ပင်လယ်တိုင်းထံသို့ ရောက်ရှိသွားခဲ့သည်။
ဝှစ်... ဝှစ်...
နာ့ရှင်းရီနှင့် ထျန်းရီဝူတို့ နှစ်ယောက်မှာ မိမိကိုယ်ကို ကာကွယ်ရန် အတွက် ပြိုင်စံရှား မန်နာ ထိန်းချုပ်မှု စွမ်းအားကို အသုံးပြု လိုက်ကြသည်။ သူတို့က ထိုအော်ရာကို တန်ပြန် ရိုက်ခတ်စေခြင်းဖြင့် လမ်းကြောင်း ပြောင်းကာ တွန်းလွှတ်လိုက်သည်။ နာ့ရှင်းရီ၏ အကာအကွယ်အောက်တွင် လင်းကျိရန်နှင့် ထန်ရှင်းယွင်တို့သည်လည်း လုံခြုံခဲ့ကြပေသည်။
သို့သော်လည်း အနီးဆုံးရှိ ခြား ကျင့်ကြံသူများကတော့ ထိုမျှ ကံမကောင်းခဲ့ကြပါချေ။
အကန့်အသတ်မဲ့သိုင်းဂိုဏ်း၏ ချန်ယန်ကျိမှာ ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် အတွင်း အနီးဆုံး၌ ရှိသည့် ရွေးချယ်ခံများစွာထဲမှ တစ်ဦးဖြစ်သည်။
သူက လင်းမင်၏ အော်ရာကို ခံစားလိုက်မိကာ အကူအညီပေးရန် အတွက် ရှေ့ဆုံးမှ အပြေးအလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်မှာ အကြိမ်အနည်းငယ်မျှ လက်တွဲကာ အတူတကွ တိုက်ခိုက်ခဲ့ကြဖူးသည်။ ချန်ယန်ကျိမှာ အခြားလူများထက် အားနည်းသည့်တိုင် သစ္စာရှိကာ၊ ယုံကြည်ရသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ကံဆိုးစွာပင်... သူ၏ ကောင်းမွန်သော ရည်ရွယ်ချက်များမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ အဆုံးသတ်နှင့် ကြုံတွေ့စေခဲ့ရလေသည်။
ဘုန်း...
***