သားရဲနှင့် သားကောင်
Vol. 110 Ch. 1538
ဝေါင်း...
ကျူးဟိုင်၏ ဟိန်းဟောက်သံသည် ကမ္ဘာတစ်ခုလုံးကို တုန်ခါစေသည် အထိ ထွက်ပေါ် လာခဲ့ပြန်၏။ သားကောင်ရှာဖွေမှု ရည်ရွယ်ချက်နှင့် ငွေရောင် ဝံပုလွေ ဆီးရီးယပ်၏ သွေးလွှမ်းသော စားသုံးလိုသည့် ဆန္ဒမှာ ဒီရေအလား နောက်ပြန်ဆုတ်လာကာ ကျူးဟိုင်၏ ခန္ဓာကိုယ် အတွင်း ပြန်လည် တိုးဝင် သွားခဲ့သည်။
ကျူးဟိုင်မှာ မူလ နေရာတွင်ပင် ရပ်နေ၏။ သူက ကျောရိုးကို ဖြောင့်ဖြောင့် ဆန့်တန်းထားကာ ခေါင်းက ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။ သူ၏ ဝင်သက်ထွက်သက်များက မြူခိုးများ ကဲ့သို့ စီးဆင်းနေကာ ရဲရဲနီနေသည့် သွေးရောင် မျက်လုံးများက ရက်စက်ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ် ကောင်းလှသော မူလအလင်းများကို ထုတ်လွှတ်နေခဲ့သည်။
ထျန်းရီဝူ၏ မျက်ခုံးများမှာ တွန့်ကွေးသွား၏။ နာ့ရှင်းရီ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားသည်။
သူတို့ နှစ်ဦးစလုံး အရေပြားပေါ်ရှိ အမွေးများ ထောင်တက်လာသလို ခံစားလိုက်ရကာ ခန္ဓာကိုယ် တစ်ခုလုံး၌ ကြက်သီးများ အဆုံးမရှိ ပေါ်ပေါက်လာခဲ့သည်။
"ငါ အဲဒါကို သိခဲ့တယ်..."
ထျန်းရီဝူက ပြောလိုက်ရင်း ဘယ်ဘက်လက်သီးကို ဆုပ်လိုက်၏။ လက်သီးဆုပ်ကို ဝန်းရံ၍ ငွေရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်း၌ သူက ညာဘက် လက်နှစ်ချောင်းကို ဆန့်တန်းကာ ရွှေရောင်ဓားတစ်ချောင်း အသွင် ပုံဖော်လိုက်၏။
နာ့ရှင်းရီမှာလည်း အလားတူပင် ၎င်းကို ခံစားလိုက်ရသည်။
"သူက...”
သူမက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ လှပကာ ဆွဲဆောင်မှုရှိသည့် ယင်မြူခိုးတစ်ခုက သူမ၏ လက်သီးကို ဝန်းရံသွားခဲ့သည်။
လင်းမင်မှာ တည်ငြိမ်မှု မရှိပဲ ပြင်းထန်စွာ လှုပ်ခတ်နေသည့် ဝိညာဉ်အော်ရာကြောင့် မည်သည့်အရာကိုမျှ မခံစားနိုင်ပါချေ။ သို့သော်လည်း ကျူးဟိုင်၏ သားရဲတစ်ကောင်လို အကြည့်က သူ့ထံသို့ ရွေ့လျားလာကြောင်း အလိုလို သိလိုက်လေရာ သူ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့သည်။
ရုတ်တရက်... လင်းမင်၏ ဘေးတွင် လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာခဲ့ကာ အကြီးအကဲထံမှ နောက်ဆုံး သတင်းစကားက အာကာသနှင့် အချိန်ကို ဖြတ်ကျော်ကာ ရောက်ရှိလာခဲ့၏။
"မင်းရဲ့ နှလုံးသားဆီက အမတေ စွမ်းအင်တွေကို ပြန်ယူဖို့ မမေ့နဲ့ဦး...”
လင်းမင် ခိုင်မာသည့် ဆုံးဖြတ်ချက်များနှင့် ခေါင်းညိတ်လိုက်၏။ တကူးတက ရှင်းပြစရာ မလိုပါချေ။ သူ့ နှလုံးသားထံမှ အမတေ စွမ်းအင်များမှာ ဝိညာဉ်လမ်းစဉ် အသွင်ပြောင်းခြင်းကို ပြီးမြောက်ရန် လိုအပ်သည့် အရည်အသွေးများ ပါရှိကြောင်း သူ ခန့်မှန်းနိုင်ပေသည်။
ဝိညာဉ် အမြုတေမှာ လက်ရှိ အချိန်အထိ တည်ငြိမ်ခြင်း မရှိသေးသော်လည်း အသွေးအသား နှလုံးသား နေရာတွင် အစားထိုးသွားကြောင်း ခံစားမိလေရာ စိတ်ကူးမယဉ်နိုင်လောက်သည့် အပြောင်းအလဲများ ဖြစ်သွားကြောင်း ခန့်မှန်းနိုင်ပေသည်။ သူ၏ ဝိညာဉ်လမ်းစဉ်မှာ ပြည့်စုံခြင်း မရှိသေးသော်လည်း အခြေခံ တစ်ခုလုံးကတော့ လုံးဝ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
သူ့ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များပင်လျှင် ရုပ်စွမ်းအင်ဆဲလ်များ မဟုတ်တော့ချေ။ ဝိညာဉ်စွမ်းအင်များ ပျော်ဝင်နေသည့် ဆဲလ်များ အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အသိစိတ်ပင်လယ်သည်လည်း ထူးခြားစွာ သန့်စင်ထားသည့် စိတ်စွမ်းအင်များကို ဆက်လက် သိုလှောင်ထားခြင်း မရှိတော့ချေ။ ထို့အစား... သန့်စင်သည့် ဝိညာဉ်စွမ်းအင်များဖြင့် အစားထိုးသွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ ဝေ့ဝူယင်သာ ထိုနေရာတွင် ရှိနေခဲ့ပါက ထိုစွမ်းအင်များမှာ သူ၏ ဧဒင်စွမ်းအင်များနှင့် ထူးခြားစွာ ဆင်တူနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ ဧဒင်သည် စိတ်တာအို၏ အောက်ရှိ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် ဖြစ်သည်ကို ထည့်သွင်းစဉ်းစားရပါက ၎င်းမှာ သူ နားလည်ထားသည့် ကျင့်ကြံခြင်း အခြေခံမူများနှင့် ကိုက်ညီကြောင်း တွေ့ရှိရလိမ့်မည် ဖြစ်သည်။
သိသာ ထင်ရှားစွာပင် လင်းမင်၏ ကြယ်တာရာ အမြုတေမှာ ဆင့်ကဲပြောင်းလဲကာ ဝိညာဉ် အမြုတေအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ ထိုဝိညာဉ် အမြုတေအတွင်းတွင် ကြယ်တာရာ စွမ်းအား မြူတစ်မှုန်မျှပင် မရှိတော့ပဲ အားလုံးမှာ ဝိညာဉ် စွမ်းအားများ ဖြစ်ကြသည်။ ထို့အပြင် ၎င်းမှာ ပုံမှန် ဝိညာဉ် စွမ်းအားနှင့် များစွာ ကွာခြားပေသည်။
ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံး၏ လေထု၊ မန်နာ၊ အလင်း၊ ဆွဲငင်အား၊ အမတေနှင့် စွမ်းအင် မှန်သမျှမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို ထင်ရှားလာကာ သူ၏ အာရုံခံစားမှုများအတွင်းသို့ ရောက်ရှိလာပုံရသည်။ တစ်ချက် တွေးလိုက်ရုံဖြင့်ပင် ၎င်းတို့ အားလုံးမှာ သူဆန္ဒနှင့် လိုက်လျောညီစွာ ရွေ့လျား နေခဲ့သည်။ မန်နာကို လွှမ်းမိုးရန် မကြိုးစားသော်လည်း လောက၏ မန်နာများမှာ သူ့ကို သူတို့ထဲမှ တစ်ဦးအဖြစ် လွတ်လပ်စွာ လက်ခံပုံရသည်။ ထိုအခိုက်၌ သူက လောကနှင့် တစ်သားတည်း ဖြစ်နေခဲ့လေသည်။
”မိုက်လှည်ချည်လား..."
လင်းမင်မှာ အံ့ဩစိတ်ကို ထိန်းချုပ် ထားနိုင်စွမ်း မရှိတော့ပေ။ ထိုအခိုက်၌ သူ၏ ကြယ်တာရာ ဝိညာဉ် တည်ရှိမှုသည်ပင် သိပ်မထင်ရှားတော့သလို သူ တွေးလိုက်မိသည်။ လင်းမင် ကြယ်တာရာ ဝိညာဉ်ကို ဝိညာဉ် အမြုတေ အတွင်း ရှာဖွေကြည့်လိုက်ရာ အရိပ်အမြွက်မျှပင် မတွေ့ရသည်ကို သတိထားလိုက်မိသည်။ သို့သော်လည်း ၎င်းက သူ့ ခန္ဓာကိုယ် နေရာတိုင်း၌ ရှိနေသလို ခံစားရသည်။
"ငါက ကျင့်ကြံခြင်း ဝိညာဉ်တစ်ကောင် ဖြစ်သွားတာလား..."
လင်းမင် လက်သီးများကို ညင်သာစွာ ဆုပ်ထားရင်း မေးလိုက်၏။ ပတ်ဝန်းကျင်ရှိ လေထုသည် ချက်ချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်လာကာ မိုးခြိမ်းသကဲ့သို့သော ပေါက်ကွဲသည့် အသံများ ဖြစ်ပေါ်လာခဲ့သည်။
ဘုန်း... ဘုန်း...
ဝိညာဉ်လမ်းစဉ်...
ဤသည်မှာ ဝိညာဉ်လမ်းစဉ်ပင် ဖြစ်သည်။ ထိုအခိုက်၌ လင်းမင်မှာ ဘုရားသခင် တစ်ပါးလိုပင် ခံစားနေခဲ့ရလေ၏။
"ဝိညာဉ်လမ်းစဉ်လား..."
လင်းကျိရန်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြန်လည်၍ ရေရွတ်လိုက်၏။ ဝေ့ဝူယင်မှာ သူ၏ စွန့်စားခန်း များစွာကို ပုံပြင်တစ်ခုလိုမျိုး သူမကို ပြောပြခဲ့ဖူးသည်။ များလှစွာသော ပုံပြင်များထဲ၌ လူသား၊ တိုက်တန်နှင့် မျက်လုံးများတွင် ကြယ်တာရာများရှိသည့် ထူးဆန်းသော သတ္တဝါများ ကျင်လည်ရာ စစ်မြေပြင်ကို ရောက်ရှိသွားခဲ့သည့် အကြောင်းလည်း ပါဝင်ပေသည်။ ဝေ့ဝူယင်၏ အဆိုအရ ဆိုလျှင် ထိုစစ်မြေပြင်၌ လူတိုင်းမှာ သူ့ကို ဝိညာဉ်လမ်းစဉ် လျှောက်လှမ်းနေသည့် ဝိညာဉ် သခင် တစ်ယောက်ဟု မှားယွင်း ယူဆခဲ့ကြသည်။ သူ၏ တည်ရှိမှုကို မြင်ရုံမျှဖြင့်ပင် ကြောက်ရွံ့မှုနှင့် ထိတ်လန့် တုန်လှုပ်မှုတို့က သူတို့၏ နှလုံးသားများကို လွှမ်းမိုးခဲ့ကြသည်ဟု ဆိုသည်။
လင်းကျိရန် အနည်းငယ် အက်ကွဲနေသည့် လက်ကောက်ကို အကြိမ်အနည်းငယ်မျှ ကြမ်းတမ်းစွာ ပွတ်သပ်လိုက်ရင်း တဒိတ်ဒိတ် ခုန်နေသည့် နှလုံးသားကို ပြန်လည် တည်ငြိမ်စေဖို့ ကြိုးပမ်းလိုက်သည်။ လင်းမင် ထုတ်လွှတ်နေသည့် ထူးဆန်းသော အော်ရာများက သူမ၏ ကျင့်ကြံခြင်း ဝိညာဉ်ကို အဆုံးမရှိ တုန်ခါစေသည်။
အခြားတစ်ဖက်၌ နာ့ရှင်းရီက ယင်မြူခိုးများဖြင့် ဖုံးအုပ်ထားသည့် သူမ၏ လက်သီးကို ညင်သာစွာ လှုပ်ရှားလိုက်ရင်း လင်းမင်ကို လျစ်လျူရှုကာ ကျူးဟိုင်ကိုသာ အာရုံစိုက်လိုက်သည်။
"..."
တစ်လောကလုံး၏ ကျင့်ကြံခြင်း အခြေခံများကို တုန်လှုပ်စေနိုင်သည့် လင်းမင်၏ အော်ရာကို ထျန်းရီဝူသည်လည်း အလားတူပင် စိတ်မပူပုံ ရသည်။ သူ၏ အောက်ဖက်ရှိ ငွေရောင်ဆံပင်နှင့် ခြေဗလာ ပိုင်ရှင် ရှို့ရန် အပေါ်တွင်သာ အာရုံ အပြည့်စိုက်ထားသည်။ ဤမြင်ကွင်းက အတော်လေး ထူးခြားပေသည်။
သို့သော်လည်း သူတို့ နှစ်ဦးစလုံး အပြည့်အဝ အာရုံစိုက်ထားကြသည့် ကျူးဟိုင်၏ မျက်လုံးများကတော့ တစ်ဦးတည်းသော သားကောင် အပေါ်တွင်သာ စူးစိုက် ကျရောက်ခဲ့သည်။ ထိုမျက်လုံးများမှာ လူသား တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အေးဆေးတည်ငြိမ်မှု၊ ဉာဏ်ရည်ဉာဏ်သွေး စသည်တို့ကို သယ်ဆောင်ထားခြင်း မရှိဘဲ ထို့အစား... သားရဲ တိရစ္ဆာန် တစ်ကောင်၏ ရိုင်းစိုင်း ခက်ထန်သော မူလဗီဇ အငွေ့အသက်များကိုသာ အရှိန်အဟုန် ပြင်းစွာ ထုတ်လွှတ်နေခဲ့သည်။
“သူ လွှမ်းမိုးခံလိုက်ရပြီ...”
ထျန်းရီဝူက ပုံမှန်အတိုင်းပင် ပြောလိုက်၏။ နာ့ရှင်းရီ၏ လှပသော မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးသွားသော်လည်း တုံ့ပြန်ခြင်း မပြုချေ။
"ငါ မင်းကို ထွက်ပြေးဖို့ ပြောရင် အဲဒါက မလေးစားရာ ကျဆင် ချလိမ့်မယ်... ဒါပေမဲ့ နောက်ဖြစ်လာမယ့် အရာတွေက လွယ်မှာ မဟုတ်ဘူးဆိုတာတော့ မင်း သိသင့်တယ်... ဟုတ်တယ်မလား"
ထျန်းရီဝူက နှစ်ဦးနှစ်ယောက်တည်း တည်ရှိနေသည့် ကမ္ဘာတွင် ရောက်ရှိနေသည့် အလား တည်ငြိမ်စွာပင် ပြောလိုက်၏။ နာ့ရှင်းရီ၏ တွန့်ကွေးနေေသည့် မျက်ခုံးများမှာ ပြန်လည် ပြေလျော့သွားခဲ့၏။ ယင်အလင်းများ စီးဆင်းနေသည့် သူမ၏ ဆွဲဆောင်မှု ရှိသော မျက်ဝန်းများက အေးဆေးတည်ငြိမ်မှုများနှင့် ပြည့်နှက်နေသည်။
"သတ္တမ မင်းသား... အခြေအနေကို ရိုးရှင်းအောင် လုပ်ဖို့ အတွက် ရှင့်ရဲ့ ကြိုးစားမှုတွေက ရှင်နဲ့ မထိုက်တန်ပါဘူး"
သူမက စိတ်မပါ့တပါဖြင့် ပြောဆိုရင်း သူ့ကို ဘေးတိုက် အနေအထားမှ လှမ်းကြည့်လိုက်၏။ ထျန်းရီဝူမှာ သူမ၏ လေသံအပေါ် အထူးတလှယ် ခံစားပုံ မရပဲ ပခုံးတွန့်လိုက်ရင်း သိမ်မွေ့စွာ ပြုံးလိုက်သည်။
ဤသို့နှင့် ရွေးချယ်ခံ လေးယောက်မှာ သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို အသီးသီး ကိုယ်စားပြုရင်း လင်းမင်၏ အော်ရာ တည်ငြိမ်လာမည့် အချိန်အထိ စောင့်ဆိုင်း နေခဲ့ကြလေသည်။ သူတို့ အတွက်တော့ တုန်ခါနေသည့် အော်ရာက ရွေ့လျားနေသည့် နာရီတစ်လုံး လိုပင်။
ဝှစ်... ဝှစ်...
မတူညီသည့် လမ်းကြောင်း နှစ်ခုမှ ပုံရိပ်နှစ်ခုမှာ ထိုနေရာသို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာခဲ့၏။ အရှေ့ အရပ်မှ ရောက်ရှိလာသူက ကျောင်းရှုလင်း ဖြစ်ကာ အနောက်အရပ်မှ ရောက်ရှိလာသူက ယီယွင်ပင် ဖြစ်သည်။ သူတို့ နှစ်ဦးစလုံးမှာ လင်းမင်ထံမှ ထွက်ပေါ်နေသည့် အော်ရာ၏ ပြင်းထန်သော ဖိနှိပ်မှုကို ခံစားနေရလေရာ ချွေးများပင် ထွက်နေခဲ့သည်။
လင်းမင် အသစ်တစ်ဖန် ပြန်လည် ပုံဖော်ထားသည့် ဝိညာဉ်လမ်းစဉ် အော်ရာမှာ ကြယ်တာရာ ဝိညာဉ်များ အပေါ်တွင် မည်သည့် သနားညှာတာမှုမှမရှိဘဲ ဖိနှိပ်နေခြင်းဖြစ်သည်။ အကယ်၍ သူတို့သာ ပုံမှန် စံနှုန်းများထက် ကျော်လွန်၍ ကျင့်ကြံထားသည့် ရွေးချယ်များ မဟုတ်ပါက လွန်ခဲ့သည့် စက္ကန့်ပိုင်းလေက်တည်းက ကျင့်ကြံခြင်း သွေဖီမှုများကို ရင်ဆိုင်ခဲ့ရလောက်ပြီး ဖြစ်သည်။
"လင်းမင်..."
ကျောင်းရှုလင်းက ခြောက်ကပ်ကပ် အသံဖြင့် အော်ခေါ် လိုက်၏။ အခြား ပုံရိပ်ခြောက်ခုကိုပါ မြင်လိုက်ရသော အခိုက်၌ သူမ အံ့အားသင့်သွားခဲ့သည်။
သူတို့ထဲမှ ငါးယောက်မှာ ကောင်းကင်ယံတွင် လွင့်မျောနေကာ ငွေရောင်ဆံပင်၊ ခြေဗလာနှင့် ရှို့ရန် မျိုးနွယ်ကတော့ စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် ရပ်နေခဲ့သည်။ သူ၏ မျက်လုံးများမှာ လင်းမင်ကို ဦးတည်ကာ စူးစိုက် ကြည့်နေခဲ့၏။
ကျောင်းရှုလင်းမှာ အစွန်းရောက်ယင် နတ်မိမယ်၊ ထန်ရှင်းယွင်၊ သတ္တမမြောက် မင်းသားနှင့် တစ်ခါမှ မမြင်ဖူးသည့် မိန်းကလေး တစ်ဦးတို့ အတူတကွ ရှိနေသည်ကို ကြည့်ကာ အံ့ဩသွားခဲ့သည်။
အခြေအနေ တစ်ခုလုံးကို သူမ ကောင်းစွာ နားမလည်နိုင်သော်လည်း ပင်ကိုယ်ဗီဇ အသိစိတ်အရ လင်းမင်မှာ ပစ်မှတ်ထားခံနေရကြောင်း ရှင်းလင်းစွာ သိနေခဲ့သည်။
မိန်းကလေးက ချက်ချင်းပင် လေးကို တင်ကာ တိုက်ခိုက်ဖို့ အသင်ပြင်လိုက်သည်။ သူမက ပုလဲဖြူ အလား သွားလေးများကို တင်းတင်းကြိတ်ထားကာ ခိုင်မာသည့် ဆုံးဖြတ်ချက်များက သူမ၏ နှလုံးသားနှင့် ဝိညာဉ် အတွင်း အပြည့်အဝပင် စီးဆင်း နေခဲ့လေသည်။
***