သားရဲနှင့် သားကောင် (၃)
Vol. 110 Ch. 1540
ဝှစ်...
ကျူးဟိုင်၏ ခန္ဓာကိုယ်မှာ အရိပ်တစ်ခု ကဲ့သို့ ရွေ့လျား သွား၏။ သူက နာ့ရှင်းရီ၏ ထိုးနှက်မှုကြောင့် နောက်ကို လွင့်စဉ်နေဆဲ ဖြစ်သည့် လင်မင်၏ အနားသို့ ရောက်ရှိသွားခဲ့သည်။ မိန်းကလေးမှာ အလွန် နူးညံ့ လှပသည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသော်လည်း လှုပ်ရှားမှု တစ်ခုတည်းဖြင့် ဂြိုဟ်ဒါဇင်များစွာကို ဖျက်ဆီးရန် လုံလောက်သည့် စွမ်းအားမျိုးဖြင့် ရိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် လင်းမင်၏ အာရုံများမှာ ရှုပ်ထွေးစွာ နိုးထလာခဲ့၏။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သူ ဆဋ္ဌမ အာရုံဖြင့် သိလိုက်ချေပြီ ဖြစ်သည်။ အန္တရာယ်တစ်ခု လာနေသည်။ ၎င်းမှာ သံသယ ဖြစ်စရာ မလိုလောက်အောင် တိကျသည်။
လင်းမင် တုန့်ဆိုင်းခြင်း မရှိပါချေ။ ဝိညာဉ် အမြုတေကို အစွမ်းကုန် အသုံးချကာ ခန္ဓာကိုယ် အတွင်းရှိ ဆန်းကြယ်မူလကို လှုံ့ဆော်လိုက်၏။ ထို့နောက်... သူက ခန္ဓာကိုယ်ကို လှည့်လိုက်ရင်း အပေါ်ဘက်သို့ လက်သီးဖြင့် ထိုးလိုက်သည်။ ဆန်းကြယ်မူလ ဒြပ်စင် ဝိညာဉ် စွမ်းအားမှာ ဖြာထွက်လာကာ အပေါ်ဘက်ရှိ လေထုကို ဖျက်ဆီးပစ်လိုက်သည်။
ဝေါင်း...
ထိုနေရာတွင် ကျူးဟိုင် တည်ရှိနေ၏။ သူ၏ သွေးရောင် မျက်လုံးများက ပြင်းထန်သည့် ဆာလောင်မှုများနှင့် ပြည့်နှက်နေကာ လင်းမင်၏ ထိခိုက် အလွယ်ဆုံး လည်ပင်းကို ပစ်မှတ်ထား၍ ကမ္ဘာဖျက် စွမ်းအင် တစ်မျိုးဖြင့် အောက်ဘက်သို့ နင်းချလိုက်သည်။
ဘုန်း...
သူ၏ ခြေထောက်များမှာ ဝိညာဉ်စွမ်းအားများနှင့် တိုက်ရိုက်ပင် ရိုက်ခတ်သွား၏။ ကျူးဟိုင် နောက်ပြန် လွင့်စဉ် သွားလိမ့်မည်ဟု လင်းမင် မျှော်လင့်ထားခဲ့သော်လည်း ထိုမြင်ကွင်းက ဖြစ်မလာခဲ့ချေ။ ပန်းပဲဖိုထဲမှ ယခုချက်ချင်း ထုတ်ထားသည့် မီးကျီတရဲရဲ ဓားတစ်ချောင်းလိုမျိုး ကျူးဟိုင်မှာ သူ့ကို အတားအဆီးမရှိ ဆက်လက်ဖိနှိပ်နေဆဲ ဖြစ်သည်။
လင်းမင်၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်လာခဲ့၏။ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကို ထိုမျှ အတိုင်းအတာ ပမာဏ အထိ အသုံးချနိုင်ရလောက်အောင် သူ့ ခန္ဓာကိုယ်က မည်မျှ ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက် နေသနည်း။ ခြေထောက်မှာ သူ့လည်ပင်းမှ လက်မ အနည်းငယ်ခန့် အကွာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ကာ အမှုန့်ကြိတ်ရန် ဦးတည် နေခဲ့ချေပြီ ဖြစ်သည်။
ကလန့်...
ထိုအခိုက်တွင်ပင် ဓားတွန်သံ တစ်ချက်ကို ကြားလိုက်ရကာ ရွှေရောင် ဓားအလင်း ရောင်ခြည်တစ်ခုမှာ လင်းမင်၏ ဦးခေါင်းကို လှီးဖြတ်လာခဲ့၏။
"ဘာလဲ..."
လင်းမင် တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားစဉ်မှာပင် ငွေရောင် အလင်းတန်း တစ်ခုက ရုတ်တရက် လင်းလက်လာကာ သူ့ ဝိညာဉ်အင်အားများနှင့် ပေါင်းစပ် သွားခဲ့၏။
ကလန့်...
ရွှေရောင် ဓားအလင်းမှာ လင်းမင်၏ နဖူးနှင့် လက်မ အနည်းငယ်ခန့် အကွာ အထိ ရောက်ရှိ နေခဲံပြီ ဖြစ်သည်။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း နားမလည်နိုင်သည့်တိုင် ထိုဓားအလင်းမှာ သူ၏ စိတ်၊ ရုပ်၊ ဝိညာဉ် သုံးခုလုံးကို ဖျက်ဆီးပစ်ရန် ဦးတည်နေကြောင်း လင်းမင် ခံစားနိုင်ပေသည်။ ၎င်းက အလွန်ပင် ရက်စက် ကြမ်းကြုတ်လွန်းလှသည်။
"ငါ..."
လင်းမင် စကားပြောလိုသော်လည်း မပြောနိုင်မီမှာပင်...
ဘုန်း...
သူ့ ခန္ဓာကိုယ်အတွင်း ယင်မြူခိုး တစ်ခု ပေါက်ကွဲသွားကာ ဖြစ်တည်မှု တစ်ခုလုံးက ဗလာ ဖြစ်သွားသလို လင်းမင် ခံစားလိုက်ရသည်။ ရွှေရောင် ဓားအလင်းမှာ လင်းမင်၏ ခန္ဓာကိုယ်ကို ဘာမှ မရှိသကဲ့သို့ ဖြတ်ကျော် သွားခဲ့သည်။
ထိုခံစားချက်က အလွန်ပင် ထူးဆန်းလွန်းလှ၏။ သို့သော် ၎င်းမှာ မျက်တောင် တစ်ခပ်စာမျှသာ ကြာမြင့်လိုက်ကာ ရွှေရောင် ဓားအလင်း ဖြတ်ကျော် သွားသွားချင်းပင် မူလ ပုံသဏ္ဌာန် အတိုင်း ပြန်လည် ဖြစ်လာခဲ့သည်။
အန္တရာယ်မှ လွတ်မြောက်ပြီးနောက် လင်းမင် သူ၏ ဝိညာဉ် အမြုတေနှင့် ဆန်းကြယ် မူလစွမ်းအားကို အလျင်အမြန်ပင် အသုံးချကာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို ချိတ်ဆက်လိုက်သည်။ ထို့နောက် သူက လောက တစ်ခုလုံး၏ စွမ်းအားများကို အသုံးပြုကာ အကာအကွယ် တစ်ခုကို ဖန်တီးရင်း ကျူးဟိုင်၏ ခြေထောက်ကို ပိတ်ဆို့လိုက်၏။
ထို့နောက် သူ၏ ခန္ဓာကိုယ်က လျှပ်စီးလက်သည့် အလား အရှိန်အဟုန်ဖြင့် မိုင်ဒါဇင်ပေါင်း များစွာကို ဖြတ်သန်း ပြေးလွှားလေတော့သည်။
"..."
ထျန်းရီဝူမှာ အံ့ဩသွားခဲ့ကာ လေထဲတွင် လွင့်မျောနေသည့် နာ့ရှင်းရီဆီကို လှည့်ကြည့်လိုက်၏။ မည်မျှ ကြောက်စရာ ကောင်းလိုက်သည့် မိန်းကလေးနည်း။
သို့သော်လည်း... နာ့ရှင်းရီက သူ့ထံသို့ ဦးတည်ကာ ဓားကို လွှဲခုတ်လိုက်သော အခိုက်တွင်တော့ ထျန်းရီဝူ၏ အံ့ဩမှုများမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့တော့သည်။
ဝှစ်...
သူ ညာဘက်လက်ကို ဝှေ့ယမ်းကာ ငွေရောင် အကာအကွယ်တစ်ခုကို ထုတ်ဖော်လိုက်၏။ ၎င်းက အလွန်ပင် ထူထဲလှကာ အစွန်းရောက်ယန် စွမ်းအင် အမျိုးအစားဖြင့် တောက်ပနေခဲ့သည်။
ဓားအလင်းအား အေးအေးဆေးဆေး ခုခံလိုက်သည့် ထျန်းရီဝူကို ကြည့်ကာ နာ့ရှင်းရီ မျက်မှောင်ကြုတ် သွားခဲ့၏။ သို့သော်လည်း... သူမက သူ့ကို နောက်တစ်ကြိမ်မျှပင် မကြည့်တော့ပဲ လင်းမင်ထံသို့ ဦးတည်ကာ ပြေးလွှား သွားခဲ့တော့သည်။
ဘုန်း...
အခြား တစ်ဖက်၌ ကျူးဟိုင်မှာ လင်းမင်၏ အကာအကွယ် အလွှာကို ဖောက်ထွင်းကာ နောက်သို့ အရှိန်အဟုန်နှင့် ဆက်လက် လိုက်နေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများထဲ၌ ရည်ရွယ်ချက် တစ်ခုသာလျှင် ရှိနေခဲ့၏။ ၎င်းက သားကောင်ကို မိအောင်ဖမ်းရန်ပင်။
ဝှစ်... ဝှစ်...
နာ့ရှင်းရီ၏ အရှိန်မှာလည်း ကျူးဟိုင်အောက် လျော့နည်းခြင်း မရှိပါချေ။ သူမ၏ မျက်ဝန်းများက လင်းမင်ကို ကြည့်ကာ တလက်လက် တောက်ပနေခဲ့၏။ သူမ၏ ယင်ဆုံမှတ် ကိုးခု ခန္ဓာကိုယ်မှာ လင်းမင်၏ ဝိညာဉ် အမြုတေကို လောဘတကြီး တောင့်တနေသည့် အလား ပြင်းထန်စွာ ခုန်နေခဲ့လေသည်။
လင်းမင် မူလ လှံတံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ၁၂ ခုမြောက် နံရံကို လှမ်းကြည့်လိုက်၏။ ထို့နောက်တွင်တော့ ၎င်းဆီ အပြေးအလွှား ရွေ့လျား သွားခဲ့တော့သည်။
...
“ဘုန်း...”
အခြားတစ်ဖက်တွင်တော့ ထျန်းရီဝူမှာ သူ၏ စွန်သဏ္ဌာန် အကာအကွယ်ကို ကိုင်ရင်း ယင်မြူခိုး ဓားအလင်းများကို တည်ငြိမ်စွာပင် ကာကွယ်လိုက်သည်။ ဒိုင်းနှင့် ထိတွေ့သည်နှင့် ဓားအလင်းမှာ ပျောက်ကွယ်သွားခဲ့ကာ ထူးဆန်းသည့် အသံများသာ ပဲ့တင်ထပ် ပျံ့လွင့် လာခဲ့သည်။ သတ္တမမြောက် မင်းသားမှာ နာ့ရှင်းရီ၏ တိုက်ခိုက်မှုကို ပြီးပြည့်စုံစွာပင် ကာကွယ်လိုက်နိုင်ပြီ ဖြစ်သည်။
ထျန်းရီဝူ၏ ဟေဇယ်ရွှေရောင် မျက်ဝန်းများထဲတွင် တောက်ပသည့် ဝိညာဉ် အလင်းများလင်းလက် လာခဲ့၏။ နာ့ရှင်းရီ၏ ယင်မြူခိုးများထဲတွင် အလွန်ပင် နက်ရှိုင်းသည့် ယင်အခြေခံမူများ ပါဝင်နေပေသည်။ သူ ဒိုင်းကာကို သိမ်းလိုက်ရင်း ရွှေရောင်ဓားတစ်စင်း ဖန်တီးထားသည့် သူ့ ညာဘက်လက်ထံသို့ ကြည့်လိုက်သည်။ ရုတ်ချည်းပင် သူ၏ ရွှေရောင်ဓားမှာ မြူခိုးများ အလား တဖြည်းဖြည်း ပြောင်းလဲလာ၏။ အကယ်၍ သေချာ ကြည့်မည် ဆိုပါက ၎င်းမှာ နာ့ရှင်းရီ၏ ယင်မြူခိုးဓားနှင့် ဆင်တူနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
"ဆိုတော့ကာ ဒါပဲပေါ့..."
နာ့ရှင်းရီ၏ အစွန်းရောက်ယင် လျှို့ဝှက်ချက် အချို့ကို ရှာဖွေ တွေ့ရှိပြီးနောက်တွင် ထျန်းရီဝူ စဉ်းစားခန်းဝင်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထိုအချင်းအရာမှာ ကြာမြင့်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် မျက်တောင် တစ်ခပ်စာ၏ လေးပုံပုံ တစ်ပုံခန့် အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအခိုက်၌ နာ့ရှင်းရီနှင့် ကျူးဟိုင်တို့မှာ လင်းမင်ဆီ အပြေးအလွှားသွားနေကြပြီ ဖြစ်သည်။
ထျန်းရီဝူ ခေါင်းခါလိုက်ရင်း ထန်ရှင်းယွင်ကို နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်၏။ သို့သော်လည်း ကောင်းကင်ယံ၌ လွင့်မြောနေသည့် ခန္ဓာကိုယ်များကို ကြည့်ရင်း သူ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဘယ်လောင်တောင် ကောက်ကျစ်လိုက်တဲ့ မိန်းမလဲ"
အခြားသူများက သတိမထားမိနိုင်သော်လည်း ထန်ရှင်းယွင်နှင့် လင်းကျိရန်တို့ နှစ်ဦးစလုံး၏ ကျန်ရှိနေခဲ့သော ပုံရိပ်များမှာ အတုများပင်။
သို့သော်လည်း... ၎င်းတို့မှာ မယုံနိုင်လောက်အောင် အမှန်တကယ်ဟု ထင်ရသည်။ အစိုင်အခဲ အနေဖြင့် တည်ရှိနေသယောင် ယုံကြည်ရသည်။ အသက်ဓာတ်များကိုပင် သူ ခံစားနိုင်ပေသည်။ သို့သော်လည်း ထိုအရာ အားလုံးက အစွန်းရောက်ယင်၏ စိတ်ကူးယဉ် ပုံရိပ်များသာ ဖြစ်ပေသည်။
ဤသို့ဆိုလျှင် အစစ်အမှန် ခန္ဓာများကရော...။
ရှင်းလင်းစွာပင် နာ့ရှင်းရီမှာ တစ်ပါတည်း ခေါ်ဆောင် သွားခဲ့ပြီ ဖြစ်သည်။
ဘုန်း...
ထျန်းရီဝူ မြေပြင်ကို ခြေထောက်ဖြင့် ကန်လိုက်ကာ နာ့ရှင်းရီနောက်သို့ အရှိန်အဟုန် ပြင်းစွာ လိုက်လေတော့၏။
***