← Chapters

အကြံအစည် ၂

Vol. 25 Ch. 241

အကြံအစည် ၂

Vol. 25 Ch. 241

ကျန်းတိန်ယွဲ့နှင့် တခြားလူများသည် ဒုတိယနေ့တွင် ပြန်ရောက်လာပြန်၏။ သူတို့၏ အကြီးအကဲများက ထိုကိစ္စကို သဘောတူသည်မှာ သိပ်အံ့သြစရာမရှိပေ။

စုချန်းကသာ ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို သူတို့လက်ထဲ ထည့်လိုက်သည်နှင့် ပြီးခဲ့တာတွေ ပြီးပါစေဟု သူတို့က သဘောထားလိုက်ကြမည်ဖြစ်သည်။

သို့သော် စုချန်းကလည်း ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်သည် ရှီကိုင်းဟွမ် တီထွင်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင်း ထိုနည်းစနစ်ကို မူလစွမ်းအင်မျှော်စင်အတွင်းတွင် သိမ်းဆည်းထားကြောင်း၊ မျှော်စင်အတွင်းဝယ် မူလစွမ်းအင်ပုံစံကွက်များ ရှိနေ၍ ထိုနည်းစနစ်ကို ယူပါက ရှီကိုင်းဟွမ် သိရှိသွားလိမ့်မည်ဖြစ်ကြောင်း၊ ထိုအခါ မျိုးနွယ်စုခြောက်စုက သူ့ကို မသတ်ခင် ရှီကိုင်းဟွမ်၏ လက်ချက်နှင့် သူ သေရလိမ့်မည်ဖြစ်ကြောင်း ကျန်းတိန်ယွဲ့တို့အား ပြောပြလိုက်၏။

ကျန်းတိန်ယွဲ့တို့လူစုသည် နဂါးကျောင်းတော်က မဟုတ်သော်လည်း ရှီကိုင်းဟွမ်၏ နာမည်ကိုတော့ ကောင်းစွာ ကြားဖူးထား၏။ ထိုအခါ သူတို့ကြားဖူးထားသလို ရှီကိုင်းဟွမ်သည် ဤနည်းစနစ်ကို လူထုအတွင်း ဖြန့်ဝေခြင်းမပြုပဲ အဘယ်ကြောင့် လျှို့ဝှက်စွာ သိမ်းဆည်းထားရသနည်းဟု စဉ်းစားကာ သံသယပွားနေကြလေသည်။

ထိုအတွက် စုချန်း၏ အဖြေကတော့ ရိုးရိုးလေးပင်။ လူတိုင်းသည် တကိုယ်ကောင်းဆန်တတ်သည် ဟူ၏။ သူက နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် သုတေသနပြုလုပ်ခဲ့ပြီးနောက် ရှီကိုင်းဟွမ်၏ မြင့်မြတ်သောရည်ရွယ်ချက်သည် တဖြည်းဖြည်း ပျောက်ကွယ်ပါးလျားလာခဲ့ကြောင်း၊ ထို့နောက် ကိုင်းဟွမ်ကောင်းကင်ဘုံကို တီထွင်ပြီးသောအခါ သူသည် ထိုနည်းစနစ်ကို သူ့ရှေ့မှ တခြားလူများကဲ့သို့ပင် လျှို့ဝှက်စွာ သိမ်းဆည်းထားလိုက်ကြောင်း ကျန်းတိန်ယွဲ့တို့လူစုကို ရှင်းပြလိုက်သည်။

တကိုယ်ကောင်းဆန်သူများသည် တခြားလူများကိုလည်း တကိုယ်ကောင်းဆန်သော အမြင်ဖြင့်သာ ကြည့်တတ်ကြောင်း တိမ်တိုက်ကျားသစ်က ပြောခဲ့သလိုပင်။

ကျန်းတိန်ယွဲ့နှင့် တခြားလူများအတွက် ထိုအဖြေသည် ယုံလောက်စရာပင်ဖြစ်သည်။ ကိုယ်ကျိုးစွန့်ခြင်းဟူသည်မှာ လူသားသဘာဝနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလေရာ စုချန်း၏ စကားကို ကျန်းတိန်ယွဲ့တို့ သံသယအနည်းငယ်မျှမဖြစ်ပဲ အပြည့်အဝ ယုံကြည်လိုက်ကြ၏။

တဖက်ကကြည့်လျင် ကျန်းတိန်ယွဲ့တို့အနေနှင့် ထိုကိစ္စကို သံသယဖြစ်နေစရာလည်း မလိုလှပေ။ ကိုင်းဟွမ်းကောင်းကင်ဘုံကို သူတို့ ကြည့်ခွင့်ရသည်နှင့် ထိုနည်းစနစ်သည် အစစ်ဟုတ်မဟုတ် သူတို့သိခွင့်ရပေလိမ့်မည်။ နည်းစနစ် စစ်သည်ဖြစ်စေ၊ တုသည်ဖြစ်စေ စုချန်းကို သတ်ပစ်ရန် ကျန်းတိန်ယွဲ့တို့က စဉ်းစားထားပြီး ဖြစ်လေရာ သူတို့အတွက် ကျန်ကိစ္စများမှာ အရေးမပါလှတော့။

နောက်ဆုံးတွင် စုချန်ှင့် ကျန်းတိန်ယွဲ့တို့သည် အစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် သဘောတူလိုက်ကြလေသည်။

နောက်နှစ်ရက်ခန့်အကြာ ရှီကိုင်းဟွမ်သည် ကိစ္စတခုခုနှင့် အချိန်အတော်ကြာအောင် အပြင်သို့ထွက်သွား၏။

ထိုအချိန်မှာပင် စုချန်းက ကျန်းတိန်ယွဲ့နှင့် တခြားလူများ မျှော်စင်အတွင်းသို့ ဝင်ရောက်ပြီး ကိုင်းဟွမ်ကောင်းကင်ဘုံကို ယူငင်နိုင်ရန် မူလစွမ်းအင်မျှော်စင်၏ ပုံစံကွက်များကို ပိတ်ပေးထားမည်။ သို့သော် ရှီကိုင်းဟွမ်ကို သက်သေအဖြစ် ပြန်လည်တင်ပြရန် အရာအားလုံးကို ပုံရိပ်ဖမ်းငွေပြားပေါ်တွင် မှတ်တမ်းတင်ထားမည်။

မိမိတို့၏ သူခိုးကျင့်သူခိုးကြံလုပ်ရပ်ကို မှတ်တမ်းတင်ခံရမည်မှာ နည်းနည်းတော့ စိတ်ဆိုးစရာကောင်းလှသော်လည်း နောက်ဆုံးတွင် ကျန်းတိန်ယွဲ့တို့လူစု သဘောတူလိုက်ကြ၏။

အမှန်တော့ မျိုးနွယ်စုခြောက်စု၏ အကြီးအကဲများသည် ၎င်းတို့၏ ဂုဏ်သိက္ခာကြောင့်သော်လည်းကောင်း၊ လုံခြုံရေးကြောင့်သော်လည်းကောင်း ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို ယူငင်ရန် ကျန်းတိန်ယွဲ့တို့အား ခိုင်းစေလိုက်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် ကျန်းတိန်ယွဲ့တို့ ခြောက်ယောက်သည် ပွန်းအဆင့်သာ ရှိပေ၏။ အကယ်၍ ပြသနာတစုံတရာ ရှိလာစေကာမူ မျိုးနွယ်စုအကြီးအကဲများဆီသို့ တိုက်ရိုက်ပတ်သက်လာစရာ အကြောင်းမရှိပေ။

သို့သော် စုချန်း အကြံအစည်၏ အန္တိမရည်မှန်းချက်မှာ အနှီ အကြီးအကဲများအပေါ် သွယ်ဝိုက်သောအားဖြင့် ပတ်သက်စေရုံလောက်သာ မကမှန်းကိုတော့ သူတို့ မသိခဲ့ကြချေ။

၎င်းမှာ ကျန်းတိန်ယွဲ့တို့ခြောက်ဦး မိုက်မဲလွန်း၍ မဟုတ်ပေ။ သတင်းလက်ဦးမှု မရသောကြောင့်သာ ပွဲစကတည်းက ကျန်းတိန်ယွဲ့တို့လူစုမှာ အကျိုးမဲ့နေခဲ့ပြီဖြစ်သည်။

ထိုနေ့ ညနေခင်းမှာပင် နဂါးကျောင်းတော်ထဲမှ စုချန်း ထွက်ခွာလာခဲ့ပြန်၏။ ဤတကြိမ်သည် စုချန်း နဂါးကျောင်းတော်သား ဖြစ်လာပြီးနောက် အတက်ကြွဆုံး အချိန်ဟု ဆိုနိုင်သည်။ ရက်အနည်းငယ်အတွင်း ကျောင်းတွင်းမှ ကျောင်းပြင်သို့ နှစ်ကြိမ်တိုင်တိုင် ထွက်ခဲ့ရသည်မဟုတ်ပါလား။

သို့သော်ငြားလည်း ဤတကြိမ် စုချန်းတယောက် ကျောင်းပြင်သို့ သွားရသည့်် ကိစ္စမှာ ညတစ္ဆေနှင့် တွေ့ဆုံရန်ဖြစ်သည်။ ထိုအချိန်တွင် အကြီးအကဲစန်းမှာ တောင်သုံးလုံးနယ်မြေသို့ ပြန်သွားပြီဖြစ်သည်။ ဤနယ်မြေတွင် ရှင်သန်ခြင်းကျောင်းတော်မှ စုချန်းနှင့် ခင်မင်ရင်းစွဲရှိသူဟူ၍ ညတစ္ဆောသာ ကျန်ရှိတော့သည်။

စုချန်းနှင့် ညတစ္ဆေသည် လမ်းကြားလေးအတွင်းရှိ ခြံဝင်းမှာပင် တွေ့ဆုံမိကြသည်။ ညတစ္ဆေကို မြင်တွေ့လိုက်သည်နှင့် ဘာအကြောင်းပြချက်မှမရှိပဲ စုချန်း၏ စိတ်ထဲတွင် ယွဲ့လောင်ရှအား ရုတ်တရက် သတိရလာ၏။ စုချန်း၏ မျက်လုံးထဲတွင် ယွဲ့လောင်ရှက ညတစ္ဆေအား လုပ်ကြံရန် ကြိုးစားပုံ၊ ထို့နောက် လရောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပုံတို့ကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာ၏။

"ဟေ့ မင်း ဘာတွေငေးနေတာလဲ"

အဝေးဆီသို့ လှမ်းမျှော်ကြည့်နေသည့် စုချန်း၏ ထူးဆန်းသော ပုံစံကို မြင်တွေ့သောအခါ ညတစ္ဆေက စူးစမ်းဟန်ဖြင့် မေးလိုက်၏။

"အိုး"

ထိုအခါကျမှ စုချန်း၏ စိတ်အာရုံက ပစ္စုပ္ပါန်ကာလဆီသို့ ပြန်လည်ရောက်ရှိလာသည်။

"ဘာမှမဟုတ်ပါဘူးဗျ"

"ဘာမှမဟုတ်ပဲ မင်းက ငါ့ကို အလကားခေါ်ထားတာလား"

မိန်းမပျိုက ခါးထောက်ရင်း ပြောလိုက်သည်။

"ငါက မင်း ဒီကိုလာတာ ဆေးတွေ လာပို့တယ် ထင်နေတာ"

"ဟုတ်ပါတယ် ဆေးလာပို့တာပါ"

ပြောပြောဆိုဆို စုချန်းက သေတ္တာလေးတလုံးကို ညတစ္ဆေဆီသို့ ပစ်ပေးလိုက်သည်။ သေတ္တာအတွင်း၌ကား ဆေးပုလင်းငယ်များကို အတန်းနှစ်တန်းဖြင့် ညီညီညာညာ စီထားကြောင်း တွေ့ရ၏။

"ဘယ်လိုဖြစ်လို့ ပုလင်းရှစ်ဆယ်ပဲ ရှိရတာတုန်း"

ညတစ္ဆေက မေးခွန်းထုတ်လိုက်သည်။

"ဒီဆေးတွေဖော်ရတာ အချိန်တော်တော်ကြာတယ်ဗျ လောလောဆယ်တော့ ဒီလောက်ဆိုရင် လုံလောက်မှာပါ ဟုတ်တယ်မလား"

"အင်း လောလောဆယ်အတွက်ဆိုရင်တော့ လုံလောက်မှာပါ"

ညတစ္ဆေက ခေတ္တစဉ်းစားရင်း ပြောလိုက်၏။

ဝိညာဉ်တည်ငြိမ်ခြင်းဆေးဝါးဟူသည် သိပ်အတွေ့ရများသည့် ဆေးမျိုးမဟုတ်။ ဈေးကလည်း အတော်ကြီးလှသည်။ ထို့ကြောင့် ရှင်သန်ခြင်းကျောင်းတော်ကဲ့သို့ အဖွဲ့အစည်းမျိုးပင် ဤဆေးကို လက်လွတ်စပယ် အသုံးမပြုရဲပေ။

စုချန်းက မေးလိုက်ပြန်သည်။

"လောလောဆယ် လုံလောက်ပြီဆိုတော့ ဒီဆေးတွေကို ချက်ချင်းပဲ အကြီးအကဲတွေဆီ သွားပို့တော့မှာလားဗျ"

"ဒါပေါ့ သူတို့ အရေးတကြီး လိုအပ်နေတာလေ"

ညတစ္ဆေက ပြန်ပြောလိုက်သည်။

"တော်တော်ဝေးဝေးထိ သွားပို့ရမှာပဲနော်"

စုချန်းက အမှတ်တမဲ့ ပြောလိုက်၏။

"ဝေးတာပေါ့ ဝေးတာမှ ကီလိုမီတာ ထောင်ကျော်မှာ"

ညတစ္ဆေက လွှတ်ခနဲ ပြောလိုက်မိပြီးမှ ပါးစပ်ကို ချက်ချင်း ပြန်ပိတိလိုက်သည်။ ထို့နောက် စုချန်းကို စိုးရိမ်မကင်းဟန်ဖြင့် စိုက်ကြည့်ပြီး မေးလိုက်သည်။

"ဘာလဲ မင်းက အကြီးအကဲတွေ ဘယ်နေရာမှာရှိသလဲဆိုတာ စကားအစ်ဖို့ ကြိုးစားနေတာလား"

စုချန်းက တဟားဟားနှင့် ရယ်မောလိုက်သည်။

"ခင်ဗျားရဲ့ အကြီးအကဲတွေ ဘယ်မှာနေနေ ကျုပ်နဲ့ ဘာဆိုင်တာမှတ်လို့ ကျုပ်က ဒီအတိုင်း မေးကြည့်တာပါဗျ ကောင်းပြီ ခင်ဗျားတို့က ဆေးတွေ ဒီလောက်လိုနေမှတော့ နက်ဖြန် ကျုပ် ထပ်ဖော်ပေးမယ် ဆေးပုလင်းရှစ်ဆယ်ဆိုရင် အဆင်ပြေမလား"

"သိပ်ကောင်းတာပါ့ အဲဒီလိုဆိုရင်လည်း နက်ဖြန်မှ အတူတူ ယူလာပြီး ငါနဲ့လာတွေ့ပါလား ခုတော့ မင်းလုပ်လို့ ငါ နှစ်ခါလာရတော့မယ်"

"ခုမှ စဉ်းစားမိတာကိုးဗျ"

စုချန်းက တဟဲဟဲနှင့် ရယ်မောရင်း ပြောလိုက်၏။

"ပြီးတော့ ခင်ဗျားဆီက အကူအညီတခုလောက် တောင်းစရာရှိလို့"

"ဘာအကူအညီလဲ"

"မူလဖွင့်လှစ်ခြင်းမျှော်စင်ကို တခေါက်လောက်သွားပြီး ဟောဒီစာရင်းထဲက ဆေးဘက်ဝင်ပါဝင်ပစ္စည်းတချို့ကို ကျုပ်အတွက် ဝယ်ပေးစေချင်တယ်"

စုချန်းက စာရင်းစာရွက်ကို ညတစ္ဆေအား ကမ်းပေးရင်း ပြောလိုက်၏။

"သတိထားပါ ဒီပါဝင်ပစ္စည်းတွေဟာ ကျုပ်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတယ် ခင်ဗျားတယောက်ပဲ ဒါကို လုပ်နိုင်မယ် ဒီစာရွက်ကို တခြားလူလက်ထဲ မထည့်မိပါစေနဲ့"

"ပြသနာမရှိဘူး ငါ ဘယ်အချိန် စထွက်ရမလဲ"

ညတစ္ဆေက မေးလိုက်၏။

"နက်ဖြန်"

"မူလဖွင့်လှစ်ခြင်းမျှော်စင်ဟာ မြောက်ပိုင်းမြစ်မြို့တော်မှာ ရှိတယ် ဒီအတိုင်းဆိုရင် ဆေးတွေယူဖို့ ငါ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး"

"အဲဒီလိုဆိုရင် မာရန်းချီကို လာယူခိုင်းလိုက် ဒါဆိုရင် သူလည်း စိတ်ပူတာ နည်းနည်းလျော့သွားလိ်မ့်မယ် ဒါပေမဲ့ ဒီနေရာ သူ့ကို မသိစေချင်ဘူး နက်ဖြန်ကျရင် ကျုပ်ဟာကျုပ် ကီလိုမီတာတထောင် အမွှေးတိုင်တချို့ ယူလာခဲ့မယ် ခင်ဗျားက မာရန်းချီကို ပြောလိုက် အဲဒီ အမွှေးတိုင်နံ့အတိုင်း ကျုပ်ကို လိုက်ရှာပါလို့"

ကီလိုမီတာတထောင်အမွှေးတိုင်ဟူသည် ထူးခြားသော မွှေးရနံ့တမျိုးကို အလွန်ဝေးကွာသော နေရာအထိ ထုတ်လွှင့်ပေးနိုင်သည့် အမွှေးတိုင်တမျိုး ဖြစ်သည်။ သို့သော် ထိုရနံ့ကို လူသားများကတော့ အာရုံခံနိုင်ခြင်း မရှိ။ အမွှေးနံ့ခံကြွက်များသာ အာရုံခံနိုင်၏။ ထို့ကြောင့် ကီလိုမီတာတထောင် အမွှေးတိုင် အသုံးပြုထားသောပစ်မှတ်နောက်ကို အနှီကြွက်များ အသုံးပြု၍ ခြေရာခံလေ့ရှိကြသည်။

လျှို့ဝှက်အဖွဲ့အစည်းများသည် ၎င်းတို့၏ လုံခြုံရေးအတွက် နေရာမကြာခန ပြောင်းလေ့ရှိရာ တယောက်နှင့်တယောက် တွေ့ဆုံရန် ထိုအမွှေးတိုင်မျိုးကို သုံးလေ့ရှိကြသည်။ ရှင်သန်ခြင်းကျောင်းတော်သည်လည်း ထိုအဖွဲ့အစည်းမျိုး ဖြစ်လေရာ အမွှေးတိုင်အသုံးပြုနည်းကို စုချန်းအား သင်ကြားပေးထား၏။ ထို့ကြောင့် စုချန်းက ကီလိုမီတာတထောင်အမွှေးတိုင်သုံရန် ပြောဆိုနေခြင်းမှာ ထူးဆန်းခြင်းမရှိပေ။

ဘာကြောင့်မှန်းမသိ တခုခုတော့ မှားယွင်းနေသလို ညတစ္ဆေ ခံစားနေရသည်။ သို့သော် ဘယ်နေရာတွင် ဘယ်လိုမှားယွင်းနေမှန်းကိုလည်း တိတိကျကျ မပြောနိုင် ဖြစ်နေ၏။

ညတစ္ဆေနှင့်် အတန်ကြာအောင် စကားပြောဆိုပြီးနောက် စုချန်းက ပြောလိုက်သည်။

"ကဲ ဆုံးဖြတ်ချက်လည်း အတည်ဖြစ်သွားပြီး နက်ဖြန် ထွက်သွားဖို့ မမေ့ပါနဲ့ ကျုပ်အနေနဲ့ ဒီဆေးကို အရေးတကြီး လိုအပ်နေတယ်ဗျ"

ထိုသို့ ပြောပြီးသည်နှင့် သူက ထိုနေရာမှ ထွက်ခွာသွားလေ၏။

"ဟင် ဒီလိုမျိုး ဟိုသွားဒီသွား ခိုင်းနေရအောင် ငါက လက်တိုလက်တောင်း မိန်းမလား"

ညတစ္ဆေက စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်၏။ သို့သော် စုချန်းက သူမတယောက်ကိုသာ ယုံကြည်ကြောင်း ပြန်တွေးမိသောအခါ သူမကိုသူမ ဂုဏ်ယူမိပြန်သည်။ ထို့ပြင် သူမကြောင့်သာလျင် နဂါးကျောင်းတော်က နောက်ထပ်ဆေးပုလင်းရှစ်ဆယ်ကို ရရှိလိုက်ခြင်း မဟုတ်ပါလား။ ဤအတိုင်းဆိုလျင် ညတစ္ဆေအနေနှင့် ထူးခြားသော တာဝန်တခုကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီဟု ဆိုနိုင်သည်။

ထိုအခိုက်မှာပင် သူမ၏ ခေါင်းထဲတွင် အတွေးတချက် လှစ်ခနဲပေါ်လာ၏။ တဆက်တည်းမှာပင် စုချန်း ပြောသွားသည့် စကားများထဲမှာ လွဲချော်မှုတချို့ကို သူမ ပြန်လည်စဉ်းစားမိလာလေသည်။

ဝိညာဉ်တည်ငြိမ်ခြင်းဆေးဝါးဖော်စပ်ခြင်းဟူသည် အလွန်ရှုပ်ထွေးသော လုပ်ငန်းဖြစ်သည်။ စုချန်းအနေနှင့် ဆေးပုလင်းရှစ်ဆယ်ကို တရက်တည်း ဖော်စပ်ရန်မှာ လုံးဝမဖြစ်နိုင်။ ဤသို့ဆိုလျင် အဘယ်ကြောင့် နောက်ထပ် ဆေးပုလင်းရှစ်ဆယ် ကူညီမည်ဟု စုချန်း ပြောရသနည်း။

သို့သော် မျက်စေ့တမှိတ်အတွင်း ညတစ္ဆေ၏ မိမိကိုယ်မိမိ ဂုဏ်ယူဝင့်ကြွားသော ပုံသဏ္ဍန်က ပြန်လည်ပေါ်ပေါက်လာပြန်သည်။ ထို့နောက် သူမက အောက်ပါအတိုင်း ရေရွတ်လိုက်၏။

"ဟုတ်ပြီ လက်စသတ်တော့ သူက ဆေးတွေ အပိုဖော်ထားတာကိုး ကျေးဇူးတင်စရာကောင်းတာက ငါက သိပ်ပြီး ကြည့်ကောင်းနေတာပဲ ဒါကြောင့်မို့လို့ သူ မလွန်ဆန်နိုင်တော့ပဲ နောက်ထပ် ဆေးပုလင်းရှစ်ဆယ် ထပ်ပေးမယ်လို့ ပြောတာ ဖြစ်ရမယ်"

အထက်ပါအတိုင်း ရေရွတ်ပြီးသည်နှင့် ညတစ္ဆေသည် မိမိ၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် ပျော်ရွှင်ဝမ်းမြောက်စွာနှင့် ထွက်ခွာသွားလေ၏။

အမှန်တော့ သူမသည် စုချန်း အစီအစဉ်၏ ကြီးမားလှသော ဟာကွက်ကို မြင်တွေ့လိုက်ခြင်းဖြစ်သည်။ သို့သော် မှားယွင်းစွာ အဖြေထုတ်မိခြင်းကြောင့် သူမသည် အမှန်တရားနှင့် များစွာ ဝေးကွာသွားတော့သည်။

ထိုအချိန်တွင် စုချန်းသည် နဂါးကျောင်းတော်အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဟိုဟိုသည်သည် လှည့်ပတ်မေးမြန်းပြီး နောက်ဆုံးတွင် သူသည် အခန်းတခန်း၏ ရှေ့သို့ ရောက်လာ၏။

သူက အခန်းတံခါးကို ခေါက်လိုက်သည်။ အခန်းတံခါး ပွင့်သွားပြီး ယွဲ့လောင်ရှ၏ လှပသောမျက်နှာ ပေါ်ပေါက်လာ၏။

စုချန်းကို မြင်သည်နှင့် သူမ ငိုင်တိုင်တိုင် ဖြစ်သွားရှာသည်။

"ဘယ်သူများလဲလို့ ရှင်ကိုး"

စုချန်း ဝေ့ဝိုက်မနေတော့။ လိုရင်းကို တည့်တည့်မတ်မတ်ပင် ပြောလိုက်၏။

"ခင်ဗျား လက်စားချေလို့ရအောင် မာရန်းချီကို သတ်ဖို့ ကျုပ်ကူညီမယ် ခင်ဗျား ဘယ်လိုသဘောရသလဲ"

All Chapters