← Chapters

အနမ်း

Vol. 25 Ch. 242

အနမ်း

Vol. 25 Ch. 242

နေမင်းသည် မိုးကုပ်စက်ဝိုင်း၏ အောက်ဘက်ဆီသို့ တဖန်ပြန်လည် ငုံ့လျှိုးပျောက်ကွယ်သွားပြန်ချေပြီ။ စုချန်းသည် သူ၏ လက်ဝင်လှသော အကြံအစည် အဆုံးသတ်ပိုင်းအတွက် ပြင်ဆင်နေ၏။

နောက်ဆုံးတွင် စုချန်းအဖို့ ဇုချန်းအပါအဝင် တခြားလူများနှင့် တွေ့ဆုံရန် အချိန်ကျရောက်လာခဲ့ပြီဖြစ်သည်။

သူတို့သည် အချိန်းအချက် ပြုလုပ်မည့်နေရာကို ရေကန်ပတ်ပတ်လည်ရှိ စက်ဝိုင်းပုံပတ်လမ်းသို့ ပြောင်းလဲလိုက်ကြသည်။

တချို့လူများက အချိန်းအချက်ပြုလုပ်မည့်နေရာသည် ထိုသူ၏ စိတ်အခြေအနေကို ရောင်ပြန်ဟပ်လေ့ရှိသည်ဟု ပြောဆိုလေ့ရှိကြသည်။ ထို့ကြောင့် ဇုချန်း ရွေးချယ်ထားသော နေရာကိုကြည့်လျင် သူတို့ စိတ်မရှည်တော့ကြောင်း သိသာနေ၏။ ဤကိစ္စကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပြီးပြတ်လိုနေပုံရသည်။

လမ်းအတိုင်း အတူတကွ လျှောက်လာပြီး ဇုချန်းက စကားစလိုက်သည်။

"ခုဆိုရင် သုံးရက်တောင်ရှိသွားပြီ သခင်လေးစု စဉ်းစားပြီးပြီလား"

စုချန်းက တဖက်လူ၏ မေးခွန်းကို မကြားသကဲ့သို့ ဟိုကြည့်သည်ကြည့် လုပ်နေ၏။ ပြီးမှ သူက ပြန်မေးလိုက်သည်။

"ဘယ့်နှယ်ကြောင့် ဒီတခါကျ ခင်ဗျားတယောက်တည်း လာတာလဲ"

"သခင်လေးစုက ချန်းညှိုနဲ့ ယွဲ့ညှန်ကို ပြောနေတာလား သူတို့လည်း သခင်လေးစုကို တွေ့ချင်နေကြတယ် ဒါပေမဲ့ သခင်လေးစု နားလည်မှုလွဲသွားမှာ စိုးရိမ်တော့..."

နောက်ဆုံးတခေါက်တွင် သူတို့၏ လှုပ်ရှားမှုက မရှုမလှ ရှုံးနိမ့်သွားခဲ့၏။ ယခုတကြိမ် ဆွေးနွေးမှုကတော့ မဖြစ်မနေ အောင်မြင်ရန် လိုအပ်နေခဲ့ပြီ ဖြစ်လေရာ စုချန်းကို အနှောင့်အယှက် မဖြစ်စေရန် ဇုချန်းညှိုကို ထွက်မတွေ့ခိုင်းခြင်းပင်။

စုချန်းက တဟားဟား ရယ်မောလိုက်၏။

"စိတ်မပူပါနဲ့ ဒီအပေးအယူမှာ သူက အရေးအကြီးဆုံး သော့ချက်ဖြစ်လာလိမ့်မယ် ဒီတော့ သူ ဒီနေရာမှာ မရှိဘူးဆိုတာ ဒါ အတော်လေး ရုပ်ဆိုးတယ်လို့ ဆိုရလိမ့်မယ်"

ဇုချန်း၏ မျက်ခုံးအစုံက အပေါ်သို့ မြင့်တက်သွား၏။

"သခင်လေးစု ဆိုလိုတာက..."

"ဇုချန်းညှိုဟာ အတော်လေးလှတဲ့မိန်းကလေးပဲ ဒီတော့ ကျုပ်က သူ့ကို ယူလိုက်မယ် ဒါပေမဲ့ ဇုမျိုးနွယ်စုထဲကိုတော့ ကျုပ်မလိုက်ဘူး ဇုချန်းညှိုပဲ ကျုပ်နောက် လိုက်လာရမယ် ကျုပ် သူ့ကို ဘယ်လိုပဲ အသုံးချချ ခင်ဗျားတို့နဲ့ မဆိုင်တော့ဘူး"

"ဒါကျတော့....."

ဇုချန်း တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေ၏။

ရှီကိုင်းဟွမ် အစက ပြောခဲ့သလိုပင် ဇုမျိုးနွယ်စုတွင် မိန်းမများသည် ဦးဆောင်သူ၊အမိန့်ပေးသူများ ဖြစ်သည်။ ထို့ကြာင့် သူမ၏ မျိုးနွယ်စုတွင် ဇုချန်းညှို၏ ပုံရိပ်မှာ မသေးလှ။ သူမသည် မျိုးနွယ်စုတွင် အသက်အငယ်ဆုံး အမွေဆက်ခံသူဖြစ်ပြီး နောင်တချိန်တွင် မျိုးနွယ်စုကို ဦးဆောင်သူ ဖြစ်လာပေလိမ့်မည်။ ထိုမျှသာမကသေး သူမတွင် အလွန်ကြည့်ကောင်းသောရုပ်ရည်နှင့် ဖြုံလောက်စရာ စွမ်းရည်မျိုးကိုလည်း ပိုင်ဆိုင်ထားသေး၏။

ထို့ကြောင့် ဇုချန်းတွင် ဇုချန်းညှိုကို ပစ္စည်းတခုကဲ့သို့ လက်ပြောင်းလက်လွှဲလုပ်ရန် အခွင့်အာဏာမဆိုထားနှင့်၊ စဉ်းစားပိုင်ခွင့်ပင်မရှိ။

"သခင်လေးစုက ဒီလိုတောင်းဆိုလာတယ်ဆိုတော့ ချန်းညှို ဘယ်ငြင်းနိုင်တော့မလဲရှင်"

ကျေးဇူးတင်စရာကောင်းလောက်အောင်ပင် ဇုချန်းအနေနှင့် ထိုကိစ္စကို ခေါင်းရှုပ်နေစရာမလိုတော့။ ဇုချန်းညှိုက ကိုယ်တိုင်ကိုယ်ကျ ထွက်လာပြီး အဆိုပြုလိုက်ပြီ ဖြစ်သည်။

သူမသည် စုချန်းကို ရိုသေလေးစားစွာနှင့် ဦးညွှတ်လျက်ရှိသည်။ ထိုအချိန်တွင် ရေကန်တလျှောက် လမ်းသနားနေသော ကျောင်းသားများသည် မြင်ကွင်းကိုကြည့်ရင်း ဤမျှ လှပသောမိန်းကလေး နဂါးကျောင်းတော်အတွင်းသို့ ဘယ်ပုံဘယ်နည်းနှင့် ရောက်ရှိလာသနည်းဟု စဉ်းစားက အံ့သြသင့်လျက်ရှိကြသည်။

ထိုမျှသာမကသေး ဇုချန်းညှိုသည် စုချန်း၏ နောက်ကျောသို့ လမ်းလျှောက်သွားကာ စုချန်း၏ ပုခုံးသားများကို ငြင်သာစွာ နှိပ်နယ်ပေးလိုက်၏။

ဇုမျိုးနွယ်မှ မိန်းကလေးများသည် တခြားလူများကို မည်သို့မည်ပုံ ပြုစုရမည်ကို ကောင်းကောင်း သင်ယူထားသူများ ဖြစ်သည်။ ယခုလည်း ဇုချန်းညှို၏ လက်ချောင်းများက လွန်စွာ အတွေ့အကြုံရင့်ကျက်နေပုံပေါ်သည်။ လက်ချောင်းများတွင် ပါဝင်လာသည့် အင်အားများသည် စုချန်း၏ ကြွက်သားများကို ဖောက်ထွင်းသွားပြီး အလွန် သက်တောင့်သက်သာရှိလှသော အရသာတမျိုးကို ဖြစ်ပေါ်စေ၏။

ထိုအခါ စုချန်းက ကျေနပ်နှစ်သိမ့်သောဟန်ပန်ဖြင့် ပြုံးပြီး ပြောလိုက်သည်။

"ခင်ဗျားရဲ့ လက်ချောင်းတွေဟာ အင်မတန် ကျွမ်းကျင်ပြီး ငြင်သာပါပေတယ် ကျုပ်ဖြင့် မိန်းကလေးချန်းညှိုမှာ ဒီလိုနည်းစနစ်တွေ ရှိလိမ့်မယ်တောင် မထင်မိဘူး ကျုပ်စိတ်ဝိညာဉ်တခုလုံး လွင့်ထွက်သွားသလိုတောင် ခံစားလိုက်ရတယ်ဗျို့"

ထိုအချိန်တွင် ဇုချန်းညှို၏ လက်ချောင်းများက စုချန်း၏ ကျောပြင်ပေါ်တွင် ငြင်သာစွာ ပြေးလွှားလျက်ရှိသည်။ သူမက လှပစွာ ရယ်မောပြီး ပြောလိုက်၏။

"သခင်လေးစုက ဒီလို စကားတွေလည်း ပြောတတ်တာပဲကိုး ကျွန်မဖြင့် ဝမ်းသာလွန်းလို့ စိတ်ဝိညာဉ်တောင် ကိုယ်ခန္ဓာထဲက လွင့်ထွက်သွားသလိုပါပဲရှင် သခင်လေးစု ဒါကို ကြိုက်တယ်ဆိုရင် ကျွန်မ နည်းနည်းအားစိုက်ပေးမယ်လေ"

စကားဆုံးသည်နှင့် သူမ၏ လက်ချောင်းများမှ မူလစွမ်းအင်များသည် စုချန်း၏ ကိုယ်ခန္ဓာအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာ၏။ စုချန်းက ထိုစွမ်းအင်များကို တားဆီးခြင်း မပြုပဲ ဝင်ခွင့််ပြုလိုက်သည်။ မည်သည့်ခံစားချက်မှ ပေါ်ပေါက်လာခြင်းမရှိ။ သူက ရယ်မောလိုက်သည်။

"ခင်ဗျား နှိပ်လို့ပြီးပြီလား နှိပ်လို့ပြီးရင်လည်းရပ်လို့ရပြီ ဒီမှာက လမ်းသွားလမ်းလာတွေ များတယ် တော်ကြာ သူတို့ရဲ့စိတ်ထဲမှာ မတော်တရော်တွေ ထင်ကုန်ကြလိမ့်မယ်"

ဇုချန်းညှို ရယ်မောလိုက်၏။ သူမ၏ အသံသည် လေထဲသို့ နိမ့်ချည်မြင့်ချည်နှင့် ပျံ့လွင့်သွားလေသည်။

"အို သခင်လေးစု ဘယ်လိုများ ပြောလိုက်တာလဲရှင် ဒီကလူတွေအားလုံးဟာ သခင်လေးစုကို မနာလိုဖြစ်နေကြတာရှင့် မယုံရင် ကြည့်လိုက်ပါလား သူတို့တတွေရဲ့ မလိုတမာ မျက်နှာကြီးတွေကို"

ဇုချန်းညှို၏ စကားသည် အကြွင်းမဲ့ မှန်ကန်ပေ၏။

ထိုနေရာတဝိုက်တွင် ဖြတ်သွားဖြတ်လာ လုပ်နေကြသော ကျောင်းသားများသည် မြင်ကွင်းကိုကြည့်ရင်း ကြက်သေသေနေကြ၏။ တီးတိုးပြောဆိုနေကြ၏။

"အဲဒါဘယ်သူလဲ သူက ဘယ်လိုလုပ် ဒီလောက် လှပတဲ့မိန်းကလေးနဲ့ အရမ်း ရင်းနှီးနေတာလဲ"

"အဲဒီကောင်က စုချန်းမလား နဂါးကျောင်းတော်က အမှိုက်လေ"

တချို့ကလည်း ယခုတိုင် စုချန်းကို မှတ်မိနေသေးဟန်ရှိသည်။

"အဲကောင်က စုချန်းလား ကောင်းကင်ဘုံက တယ်လည်း မတရားပါကလားဟရို့ အမှိုက်လိုကောင်စားမျိုးက ဒီလိုလှပတဲ့မိန်းကလေးနဲ့ အဖွဲ့ကျနေသတဲ့"

"ကြည့်စမ်း မိန်းကလေးက ဒီကောင့်ကို လူမြင်ကွင်းမှာတောင် နှိပ်ပေးနေတာလားဟ"

"နေ့ခင်းကြောင်တောင် ဒီလို လူမြင်မကောင်းတဲ့ အပြုအမူမျိုးကို လုပ်နေကြတာကိုး ရိုင်းလိုက်လေကွာ ငါတို့ ဒါကို ဆက်မကြည့်သင့်တော့ဘူးဟေ့"

အထက်ပါအတိုင်း တယောက်တပေါက် ပြောဆိုဝေဖန်နေကြသော်လည်း ကျောင်းသားများ၏ စိတ်ထဲတွင် စုချန်စကို မနာလိုဖြစ်နေကြသည်ကတော့ အမှန်ပင်။

စုချန်းအဖို့ကား ခေါင်းခါပြရုံသာ တတ်နိုင်တော့သည်။

"ကျုပ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ မိန်းကလေးတယောက်အပေါ် မှီခိုရတဲ့ အနေအထားမျိုးထိ ကျုပ် မရောက်သေးပါဘူးဗျာ"

"ဒါပေမဲ့ ယောကျာ်းအများစုကတော့ သူတို့ရဲ့ အဆင့်အတန်းကို ပြသဖို့ မိန်းကလေးတွေကို သုံးကြတာပဲ မဟုတ်လား"

ဇုချန်းညှိုက စုချန်း၏ နားရွက်အနီးသို့ တိုးကပ်ပြီး ကြားသာရုံမျှသော လေသံနှင့် ပြောလိုက်၏။

သူမ၏ မွှေးကြိုင်သော ကိုယ်သင်းနံ့က စုချန်း၏ နှာခေါင်းဝတွင် ကလူ၏သို့မြှု၏သို့ လုပ်လျက်ရှိသည်။ ထိုအခါ စုချန်း၏ နှလုံးသားသည် တဖြည်းဖြည်း တုန်ခါလာ၏။ သို့သော် သူက စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလေသည်။

"မိန်းကလေးစု ခင်ဗျား ဒီအတိုင်း ဆက်လုပ်နေရင် ကျုပ်ကိုကျုပ် ထိန်းနိုင်တော့မှာ မဟုတ်ဘူးဗျ ဘာလဲ ခင်ဗျားကကျောင်းသားအားလုံး ကျုပ်အပေါ် မနာလိုဖြစ်သွားစေချင်တာလား ခင်ဗျားက ဒီလိုဆန္ဒရှိတယ်ဆိုရင်တောင် သတိပေးတားမြစ်ချက်တွေကို ကျုပ်က ဆန့်ကျင်မှာမဟုတ်ဘူး"

ဇုချန်းညှိုက မျက်ခုံးပင့်ရင်း ပြောလိုက်၏။

"အဲဒီလိုလား ဘာလဲ သခင်လေးစုက သတ္တိမရှိလို့လား"

ဇုချန်းညှို၏ အမူအရာနှင့် စကားကြောင့် စုချန်း ဒေါသထွက်လာ၏။

"ကျုပ် သတ္တိရှိမရှိ ခင်ဗျား တခါလောက် စမ်းကြည့်ပါလား"

ထို့နောက် သူက ရုတ်တရက် နောက်သို့လှည့်လိုက်ပြီး ဇုချန်းညှိုကို ပွေ့ဖက်ကာ အားရပါးရ နမ်းရှိုက်လိုက်တော့သည်။

ဇုချန်းညှို မှင်သက်သွား၏။

သူမ လုံးဝ မှင်သက်သွားခြင်း ဖြစ်သည်။

ဇုချန်းညှိုကဲ့သို့ပင် ပတ်ဝန်းကျင်ရှိ လူများအားလုံးလိုလိုသည်လည်း မှင်သက်အံ့သြကုန်ကြလေသည်။ အံ့သြမည်ဆိုလျင်လည်း အံ့သြလောက်စရာပင်။ မူလကမ္ဘာကြီးအတွင်း မှီတင်းနေထိုင်ကြသော လူများသည် အတော်အတန် ပွင့်လင်းကြသော်လည်း လူရှေ့သူရှေ့တွင် နမ်းရှိုက်ခြင်းကိုတော့ ပြုလုပ်လေ့မရှိကြပေ။

အနမ်းမှာ သိပ်မကြာလိုက်ပါ။ သို့သော် လူအများ၏ စိတ်ထဲတွင် စွဲမြဲစွာ မှတ်မိသွားစေရန်တော့ လုံလောက်၏။

ဇုချန်းညှိုသည် အတန်ကြာ မှင်သက်နေပြီးမှ ပြန်လည်သတိရလာ၏။ သူမက စုချန်းကို ကပျာကယာ တွန်းထုတ်လိုက်သည်။

"ရှင်......"

စုချန်းအနေနှင့် ဤလုပ်ရပ်မျိုးကို လုပ်ရဲလိမ့်မည်ဟု သူမ လုံးဝထင်မထား။ အစက သူမတို့နှစ်ယောက်သည် ကစားပွဲတပွဲကို ကစားနေခြင်းသာ ဖြစ်သည်။ ယခုတော့ မျက်စေ့တမှိတ်အတွင်း အရာအားလုံးသည် အစစ်အမှန်ကဲ့သို့ မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့လေပြီ။ မည်သို့ဆိုစေ ဇုချန်းညှိုတယောက် အတော်လေး ဝရုန်းသုန်းကား ဖြစ်သွား၏။

စုချန်းက ပြုံးစေ့စေ့နှင့် ပြောလိုက်သည်။

"ကျုပ် ခင်ဗျားကို သတိပေးသားပဲ ခင်ဗျားမှ နားမထောင်တာ"

ဇုချန်းညှို ပြင်းစွာ ဒေါသထွက်လာ၏။ သို့သော် ပတ်ဝန်းကျင်မှ သြဘာပေးသံများ ထွက်ပေါ်လာကြောင်း သူမ ကြားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ ကျောင်းသာထုကြီးသည် လက်ခုပ်သြဘာပေးရင်း အော်ဟစ်နေကြ၏။

"နောက်တခေါက်ဟေ့ နောက်တခေါက်"

နောက်တခေါက် ဟုတ်လား...သေလိုက်ပါလား...

ဇုချန်းညှို ကြိတ်၍ ကျိန်ဆဲလိုက်သည်။ ထို့နောက် သူမက စုချန်းကို လှည့်ကြည့်ပြီး ပြောလိုက်၏။

"ရှင် နိုင်သွားပြီ ကျွန်မတို့ကို အရူးလုပ်တာလည်းတော်လောက်ပြီ ခုက အလုပ်စကားပြောရမဲ့အချိန်ပဲ"

"ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သားပဲ"

စုချန်းက ရယ်မောရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ဒီနေရာက အလုပ်စကားပြောဖို့ မသင့်တော်လှဘူး ကျုပ်တို့ မူလစွမ်းအင်မျှော်စင်ကို သွားကြမယ် သွားရင်းနဲ့မှ စကားပြောကြတာပေါ့"

"ကောင်းပြီ"

စုချန်း ဘာမှဆက်မပြောတော့ပဲ သူ့ခြေလှမ်းများကို မူလစွမ်းအင်မျှော်စင်သို့ ဦးတည်လိုက်သည်။ သူ့စိတ်ထဲတွင်တော့ ဝမ်းသာပျော်ရွှင်လျက်ရှိသည်။

သို့သော် ထွက်ခွာမည့်ဆဲဆဲမှာပင် စုချန်း၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွား၏။

လူအုပ်ထဲမှ မျက်လုံးတစုံကလည်း သူ့ကို ပြန်လည်စိုက်ကြည့်လျက်ရှိသည်။

ထိုမျက်လုံးတစုံ၏ ပိုင်ရှင်မှာကား ..

ကုချိန်းလွှာပင် ဖြစ်လေသတည်း။

All Chapters