ထင်မြင်ယူဆချက်များ
Vol. 25 Ch. 243
ကုချိန်းလွှာကို မြင်လိုက်ရသည်နှင့် စုချန်း၏ စိတ်အာရုံတခုလုံးသည် ဟာလာဟင်းလင်း ဖြစ်သွားကာ ဦးနှောက်တခုလုံး အလုပ်မလုပ်ပဲ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူသည် ကုချိန်းလွှာအား ငူငူကြီး စိုက်ကြည့်နေမိလေသည်။
လက်ရှိအချိန်တွင် စုချန်း၏ အဖြစ်မှာ မယားငယ်ထားမိသော လင်ယောကျာ်း မယားကြီးနှင့် ပက်ပင်းတိုးမိသည်နှင့် တူလှပြီး ထိုခံစားချက်သည် သူ့ကို ထိတ်လန့်ကြောက်ရွံ့စေ၏။ ဂနာမငြိမ်ဖြစ်စေ၏။ စိတ်အားငယ်စေ၏။
သို့သော် ထိုခံစားချက်များအားလုံးသည် ရုတ်ချည်းလိုလို ပျောက်ကွယ်သွား၏။ အကြောင်းမှာ ကုချိန်းလွှာတယောက် လှည့်ထွက်သွားသောကြောင့်ပင်။ သူမသည် စုချန်းကို လုံးဝလှည့်မကြည့်ခဲ့။
ထိုခနမှာပင် စုချန်းသည် နှလုံးသားတခုလုံး ထုတ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ တချိန်တည်းမှာပင် ကုချိန်းလွှာ ထွက်သွားခြင်းကြောင့် စိတ်သက်သာရခြင်းနှင့် အထင်လွဲခံလိုက်ရခြင်းကြောင့် ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း စသည့် အမျိုးမျိုးအဖုံဖုံသော ခံစားချက်များကို စုချန်းတယောက် အူသည်းလှိုက်သည်း ခံစားနေရတော့သည်။
ဇုချန်းညှိုကတော့ စုချန်း၏ပုံစံကို သတိထားမိသွားဟန်ဖြင့် လက်ဆွဲပြီး မေးလိုက်သည်။
"ဘာမှားနေလို့လဲ"
"အိုး ဘာမှမဟုတ်ပါဘူး"
စုချန်းက အကြည့်ကို ရုတ်သိမ်းပြီး ပြောလိုက်၏။
"ကဲ ကျုပ်တို့ ဆက်သွားရအောင် လမ်းလျှောက်ရင်းနဲ့မှ စကားပြောကြတာပေါ့"
ထို့နောက် သုံးယောက်သား ထိုနေရာမှ ထွက်ခွာသွားကြကုန်၏။ ကျောင်းသားများမှာလည်း နောက်ထပ် စိတ်လှုပ်ရှားဖွယ် ကြည့်စရာရှုစရာများ မရှိတော့လေရာ တဖြည်းဖြည်း လူစုခွဲသွားကြကုန်၏။
လမ်းပေါ်တွင် လူတယောက်မှ မရှိတော့မှ ကုချိန်းလွှာသည် တောအုပ်ငယ်အတွင်းမှ ပြန်လည်ထွက်ပေါ်လာ၏။ သူမသည် အဝေးဆီမှ မပီဝိုးတဝါး မြင်နေရသည့် စုချန်း၏ ကျောပြင်ကို ငေးကြည့်နေ၏။ သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်များ တလိမ့်ချင်း စီးကျလျက်ရှိသည်။ အချိန်အတန်ကြာအောင် ငိုကြွေးနေပြီးမှ သူမသည် ထိုနေရာမှ ထွက်ခွာသွားလေသည်။
သို့သော်ငြားလည်း သူမ ထွက်ခွာသွားပြီးနောက် သိပ်မကြာမီပင် ထိုနေရာသို့ နောက်ထပ်မိန်းကလေးတယောက် ရောက်လာပြန်၏။ ထိုမိန်းကလေးမှာကား ဇုမျိုးနွယ်စုမှ မိန်းကလေးယွဲ့ညှန်ပင် ဖြစ်သည်။ သူမသည် ပျောက်ကွယ်သွားသော ကုချိန်းလွှာ၏ ပုံရိပ်ကိုကြည့်ပြီး ရယ်မောလိုက်၏။
"စိတ်ဝင်စားစရာပဲ ကြည့်ရတာ ပျောက်ဆုံးနေတဲ့ ကွင်းဆက်တခုကို အစဆွဲထုတ်မိပြီနဲ့တူတယ်"
ထိုအချိန်မှာပင် အေးစက်လှသော အသံတသံ ထွက်ပေါ်လာ၏။
"သူ့ကိုကြည့်ရတာ မထင်မရှားချစ်သူတယောက်ပဲဟာကိုဘယ်လိုလုပ်အသုံးဝင်နိုင်ပါ့မလဲ"
ယွဲ့ညှန်က ပြန်ပြောလိုက်သည်။
"အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကံသေကံမ မပြောနိုင်ဘူး အရာအားလုံး အစီအစဉ်အတိုင်းသာ ဖြစ်လာရင် ဒီလိုအမှတ်မထင် တွေ့ရှိမှုမျိုးက အသုံးမလိုတော့ဘူး ဒါပေမဲ့ တကယ်လို့သာ..."
ဤနေရာအရောက်တွင် သူမက စကားကို ဆက်မပြောတော့ပဲ ရပ်လိုက်၏။
အေးစက်သောအသံက ပြန်လည်ထွက်ပေါ်လာပြန်သည်။
"ပြသနာတစုံတရာ ပေါ်လာမယ် ထင်လို့လား ဒီကောင်လေးက အင်မတန် ဝါနုသေးတယ် ကြော်ငြာဖြုတ်ချမဲ့ကိစ္စသာ ရှိမနေခဲ့ရင် အစောကြီးကတည်းက သူ့ကို ရှင်းပစ်လို့ရတာပဲ"
"ဘာပဲဖြစ်ဖြစ် နဂါးကျောင်းတော်ထဲမှာပဲ ရှိသေးတယ်ဆိုတော့ သတိထားတာ မမှားဘူး"
"ဒီကိစ္စကို စိတ်မပူနဲ့ နဂါးကျောင်းတော်ထဲမှာ သဘောတူညီမှုယူထားတဲ့လူတချို့ရှိတယ် ဒီတော့ ရှီကိုင်းဟွမ်ကို အသာလေးထိန်းထားလို့ရတယ် မင်းဘက်က စုချန်းကို အာရုံစိုက်ထားဖို့ပဲလိုတယ်"
"ဒါပေမဲ့ ကျွန်မရဲ့စိတ်ထဲမှာတော့ ကိစ္စတွေက ထင်သလောက် မရိုးရှင်းဘူးလို့ ထင်နေမိတယ်"
စကားဆုံးသည်နှင့် ဇုယွဲ့ညှန်သည် မျက်မှောက်ကုတ်ကာ တစုံတရာကို လေးလေးနက်နက် စဉ်းစားလျက်ရှိသည်။
"သိပ်လည်း အစိုးရိမ်လွန်မနေပါနဲ့"
စကားဆုံးသည်နှင့် အေးစက်သောအသံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ဇုယွဲ့ညှန်က သက်ပြင်းချလိုက်သည်။ ဘာမှတော့ ပြန်မပြောလိုက်။
ပို၍ ခက်ခဲသော ပြသနာများကို ပို၍ အဆင့်မြင့်သော လူများက ဖြေရှင်းပေလိမ့်မည်။ ဇုယွဲ့ညှန်၏ အဓိကတာဝန်မှာ စုချန်းနှင့် သဘောတူညီမှုရရန်သာ ဖြစ်သည်။ အကယ်၍ ဤတာဝန်ကိုသာ အောင်မြင်အောင် မထမ်းဆောင်နိုင်ပါက သူမအတွက် ရှုံးနိမ့်ခြင်းမည်ပေ၏။ အထက်ပါအတိုင်း တွေးတောပြီး သူမသည် မူလစွမ်းအင်မျှော်စင်ဆီသို့ သွက်လက်ပေါ့ပါးစွာ လျှောက်သွားလိုက်လေသည်။
ထိုအချိန်တွင် စုချန်း၊ ဇုချန်းညှိုနှင့်် ဇုချန်းတို့သည် မူလစွမ်းအင်မျှော်စင်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် စကားပြောလိုက် ရယ်မောလိုက်နှင့် ကနဦး မကျေနပ်မှုများမှာ တိမ်တိုက်သဖွယ် လွင့်ပြယ်သွားခဲ့ပြီးပုံ ပေါ်သည်။ စုချန်း၏ လုပ်ရပ်ကို ဇုချန်းညှိုက လက်ခံသဘောတူလိုက်ပြီးနောက် အရာအားလုံးမှာ နေသားတကျနှင့် တည်ငြိမ်နေခဲ့လေပြီ။
"ဒီတော့ ကျွန်မတို့ အိပ်မက်နယ်ပယ်ထဲကို ဝင်ပြီး ကြော်ငြာကို ဖြုတ်ချနိုင်ပြီလား"
ဇုချန်းညှိုက စုချန်း၏ လက်မောင်းများကို မှီတွယ်ရင်း မေးလိုက်သည်။
"ခင်ဗျားတို့ ဒီလောက်တောင် အလျင်လိုနေတာလား"
စုချန်းက ပြန်မေးလိုက်၏။
"ကြော်ငြာကို ဖုံးအုပ်ဖို့ ကျွန်မရဲ့ မိခင်ဟာ တရက်ကို မူလကျောက်တုံး တသိန်းထိ ကုန်ကျနေတာရှင့် အဆင့်ငါးအိပ်မက်အရာရှိရဲ့ ကြော်ငြာကို ဖုံးအုပ်ရတာ တကယ်မလွယ်ဘူး အက်ဒမန်တင်းနည်းစနစ်တခုတည်းနဲ့ ကျွန်မတို့ရဲ့ အစီအစဉ်တခုလုံး ရစရာမရှိအောင် ပျက်စီးသွားခဲ့ရတယ်"
အနည်းဆုံးတော့ ဤစကားသည် ဇုချန်းညှိုအနေနှင့် ပထမဆုံးအကြိမ် အရိုးသားဆုံး ပြောလိုက်သောစကားဟု ဆိုနိုင်သည်။ ရေပြင်ညီတောင် ဇုမျိုးနွယ်စု၏ စီးပွားရေးလုပ်ငန်းများသည် အင်မတန် ကျယ်ပြန့်ပြီး ဤပမာဏကိုဘစိုက်ထုတ်နိုင်သည့်တိုင်အောင် နေ့တိုင်း မူလကျောက်တုံး တသိန်းကုန်ကျနေလျင်တော့ ရေရှည်တွင် တောင့်ခံနိုင်ရန် မလွယ်ကူလှပေ။
"အဲဒါဆိုလည်း ကောင်းပြီ ခနလေးစောင့်"
စုချန်းက ဇုချန်းညှို၏ စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်ရင်း ပြောလိုက်သည်။ ထို့နောက် သူက အခန်းတွင်းသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျယ်လောင်သော အသံတသံကို ကြားလိုက်ရသည်။ သုံးယောက်သား အသံထွက်ပေါ်လာရာ နေရာကို ချာခနဲ လှည့်ကြည့်လိုက်ကြ၏။ ထိုအချိန်မှာပင် ဘေးတံခါးပေါက်မှနေ၍ လူတယောက် အခန်းထဲသို့ ပြေးဝင်လာ၏။ ထိုလူမှာကား စုချန်း၏ တပည့်ကျော် သံမဏိပေတည်း။
သံမဏိသည် ရှေ့သို့ ယိမ်းထိုးလှုပ်ရှားနေ၏။ သူ့တကိုယ်လုံးမှာလည်း သွေးများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။
"သခင်"
"သံမဏိ"
စုချန်းက သံမဏိ၏ ဘေးနားသို့ ကမန်းကတန်း ပြေးသွားပြီး မေးလိုက်သည်။
"ဘာတွေဖြစ်လာတာလဲ"
"တယောက်ယောက် စာကြည့်တိုက်ထဲ အတင်းဝင်လာပြီး ယူ...ယူ...."
" ဘာကို ယူသွားတာလဲ"
စုချန်းက ကပျာကယာ မေးလိုက်၏။
"သူ ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို ယူသွားပြီ သခင်"
စကားဆုံးသည်နှင့် သံမဏိသည် မျက်ဖြူလန်ကာ နေရာမှာပင် သတိလစ်သွားတော့သည်။
ဘာ!!!
ဇုချန်းနှင့် ဇုချန်းညှိုတို့သည် မျက်လုံးများ ပြာဝေသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို တယောက်ယောက်က ယူသွားသတဲ့လား...ဘာတွေဖြစ်ကုန်ပြီလဲ...
ထို့နောက် သူတို့နှစ်ယောက်သည် စုချန်းကို စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ အမူအရာမှာလည်း ချက်ချင်း ပြောင်းလဲသွား၏။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သို့သော် စုချန်းကိုယ်တိုင်လည်း ဘာမှ သိသေးပုံမရ။
"စုချန်း ဘာတွေဖြစ်နေသလဲဆိုတာ ကျုပ်တို့ကို သေသေချာချာ ရှင်းပြရင်ကောင်းမယ်ထင်တယ်"
ဇုချန်းက ဒေါသတကြီးနှင့် မေးလိုက်သည်။
"ဟုတ်တယ်ရှင် မူလစွမ်းအင်မျှော်စင်ထဲကို တခြားလူတွေ ဘယ်လိုလုပ် ဝင်နိုင်တာလဲ"
ဇုချန်းညှိုကလည်း မယုံသင်္ကာနှင့် ပြောလိုက်၏။
ဇုချန်းညှို၏ စကားကြောင့် စုချန်း၏ မျက်လုံးထဲတွင် အလင်းရောင်တချက် ဝင်းလက်သွားသည်။
"စာကြည့်တိုက်ထဲမှာ ပုံရိပ်ဖမ်းငွေပြား ရှိတယ် ဖွင့်ကြည့်လိုက်ရင် ဘာတွေဖြစ်ခဲ့သလဲဆိုတာ သိရမှာပဲ"
စကားဆုံးသည်နှင့် သူက စာကြည့်တိုက်အတွင်းသို့ တဟုန်ထိုး ပြေးဝင်သွားလိုက်သည်။ ဇုချန်းနှင့် ဇုချန်းညှိုကလည်း တယောက်မျက်နှာ တယောက်ကြည့်ကာ စုချန်းနောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားကြလေသည်။
စာကြည့်တိုက်တခုလုံးမှာကား ရှုတ်ပွလျက်ရှိပြီး မသိလျင် မုန်တိုင်းဝင်မွှေသွားသည်ဟုပင် ထင်မှတ်ရ၏။ အခန်းတွင်းသို့ ရောက်သည်နှင့် စုချန်းက ထောင့်တထောင့်ရှိ မူလစွမ်းအင်ပုံစံငွေပြားလေးကို ဆွဲထုတ်လိုက်သည်။ ပုံရိပ်ဖမ်းငွေပြားပေတည်း။
၎င်းကို နှိုးဆွလိုက်သည်နှင့်် မျက်နှာကို ဖုံးကွယ်ထားသော လူတယောက်ကို သူတို့ မြင်တွေ့လိုက်ရသည်။ စာကြည့်တိုက်တနေရာတွင်ကား ကိုင်းဟွမ်ကောင်းကင်ဘုံဟု ရေးသားထားသော စာအုပ်တအုပ် ရှိနေ၏။ထိုလူသည် စာအုပ်ကို ယူငင်ပြီး အခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားကြလေသည်။ သို့သော် အခန်းဝမှာပင် သံမဏိနှင့် ရင်ဆိုင်တိုးမိကြ၏။ သံမဏိသည် ကျယ်လောင်စွာ အော်ဟစ်ပြီး ထိုလူကို တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်လိုက်သည်။ သို့သော် သံမဏိမှာ ထိုလူ၏ ပြိုင်ဘက် ဟုတ်ပုံမရ။ တချက်တည်းနှင့် နောက်ဘက်သို့ လွင့်ထွက်သွားပြီး သွေးများ အန်ထုတ်လိုက်တော့သည်။ ထိုလူသည်လည်း ထွက်ပြေးရန် အခွင့်အရေး ရသွားလေသည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဇုချန်းညှိုသည် ဒေါသတကြီးနှင့် အော်ဟစ်နေ၏။ သူမ၏ ကိုယ်ခန္ဓာမှာလည်း နတ်ပူးသကဲ့သို့ တုန်ယင်နေလေသည်။
သူမတို့သည် ဤအခြေအနေထိ ရောက်လာရန် များစွာ ကြိုးစားအားထုတ်ခဲ့ရ၏။ ယခုတော့ ဘယ်ကရောက်လာမှန်းမသိသည့် လူတယောက်က ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို အလွယ်တကူ ယူငင်သွားခဲ့လေပြီ။ သူမတို့၏ အစီအစဉ်သည် တင်္ဒဂအတွင်း ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီဖြစ်သည်။
ထိုအခါ ဇုချန်းက ဒေါသထွက်နေသော လေသံနှင့် မေးလိုက်သည်။
"မင်း ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို တီထွင်ခဲ့တယ်ဆိုတာ တခြား သိတဲ့လူတွေ ရှိသလား"
စုချန်း ပြန်ဖြေလိုက်သည်။
"လူနည်းနည်းလောက်ပေါ့ ပြီးတော့ ကျုပ်တို့က ဒါကို လျှို့ဝှက်ချက်တခုလို့ ဘယ်တုန်းကမှ သဘောမထားခဲ့ဘူးလေ"
"ဘာကြောင့်လဲ ဘာကြောင့် လျှို့ဝှက်မထားခဲ့တာလဲ"
စုချန်းက ဇုချန်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။
"ဘာကြောင့်လဲဆိုတော့ ကျုပ်တို့က ဒီနည်းစနစ်ကို အပြင်မှာ ရောင်းချဖို့ စီစဉ်ထားတာကိုးဗျ ဒါကလည်း တခြားကြောင့်မဟုတ်ဘူး ခင်ဗျားတို့က ကျုပ်ရဲ့ ကြော်ငြာကို ဖုံးကွယ်ထားလို့ပဲ"
ဇုချန်း ကြက်သေသေသွား၏။ ပြီးမှ ကိုင်းဟွမ်ကောင်းကင်ဘုံကို ကိုယ်ကျိုးအတွက် အသုံးချရန် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး ဟူသော စုချန်း၏ စကားကို သူ ရုတ်တရက် ပြန်လည်အမှတ်ရလာသည်။ ထို့ကြောင့် မူလစွမ်းအင်မျှော်စင်အတွင်း ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ရှိနေကြောင်း တခြားလူများ သိရှိနေသည်မှာ အံ့သြစရာမဟုတ်တော့။
အကယ်၍ ဇုမျိုးနွယ်စု၏ ကြားဝင်နှောင့်ယှက်မှုကြောင့်သာ မဟုတ်လျင် တခြားလူများအနေနှင့် ကိုင်းဟွမ်နည်းစနစ်ကို မူလစွမ်းအင်မျှော်စင်အတွင်းသို့ ဤသို့ အတင်းအဓမ္မယူငင်ရန် မလိုအပ်ပေ။ သူတို့အနေနှင့် ထိုနည်းစနစ်ကို အိပ်မက်နယ်ပယ်အတွင်းတွင် ဈေးသက်သက်သာသာနှင့် အလွယ်တကူ ဝယ်ယူနိုင်သည် မဟုတ်ပါလား။
ထို့ပြင် သူတို့၏ ကြားဝင်နှောင့်ယှက်မှုသည် စုချန်းတို့၏ ဖြန့်ဝေမည့်အစီအစဉ်ကို နှောင့်နှေးစေခဲ့ရုံသာမက ထိုနည်းစနစ်အပေါ် စိတ်ဝင်စားနေသည့် လူတို့ကိုပါ နားလည်မှုလွဲမှားစေခဲ့လေသည်။
ထိုလူများသည် ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို လူကြားထဲ ဖြန့်ဝေမည့် စုချန်းနှင့် ရှီကိုင်းဟွမ်တို့၏ အစီအစဉ်ကို သိကြသည်မဟုတ်။ ထိုအခါ ၎င်းတို့သည် အခြေအနေတရပ်လုံးကို ခြုံငုံသုံးသပ်ပြီး ဤနည်းစနစ်မျိုးကို ပိုင်ဆိုင်ထားသူသည် ရတနာတပါးသဖွယ် လျှို့ဝှက်လုံခြုံစွာ သိမ်းဆည်းထားလိမ့်မည်ဟုသာ တထစ်ချယူဆလိုက်ကြကုန်၏။ နောက်ဆုံးတွင် ၎င်းတို့သည် ငွေကြေးသို့မဟုတ် တခြားရတနာများနှင့် ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို လှဲလှယ်မည့်နည်းလမ်းကို စွန့်ပယ်လိုက်ကြပြီး အတင်းအဓမ္မလုယူရန် ကြိုးစားလာကြခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့ ကြုံတွေ့နေရသော ပြသနာသည် အံ့သြစရာမရှိဟုသာ ဆိုရပေတော့မည်။
ဇုချန်းနှင့် ဇုချန်းညှိုတို့သည် စက္ကန့်ပိုင်းအတွင်း အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ ကောက်ချက်ဆွဲပြီး ဖြစ်သည်။ သူတို့၏ သုံးသပ်ချက်သည် မှားယွင်းနိုင်စရာမရှိဟုလည်း သူတို့ ယုံကြည်ထားကြ၏။ သူတို့နှစ်ယောက် အလိုအလျောက် သဘောပေါက်လိုက်ခြင်းကြောင့် စုချန်းအဖို့ ရှင်းပြရသက်သာသွားသည်ဟု ဆိုနိုင်၏။ ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်မှုရသွားကြလေရာ သူတို့သည် စုချန်းအပေါ်တွင်လည်း မယုံသင်္ကာ မဖြစ်ကြတော့။
ဇုချန်းနှင့် ဇုချန်းညှိုတို့ကား အတော်ပင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြ၏။ သူတို့အတွက် အခွင့်အရေးကောင်းတရပ် လက်လွတ်ဆုံးရှုံးသွားပြီဖြစ်ကြောင်း သေချာသွားလေပြီ။ ထိုအခိုက်မှာပင် ပုံရိပ်ဖမ်းငွေပြားကို ဆက်လက်ကြည့်ရှုနေသော စုချန်းထံမှ အာမေဋိတ်သံတချက် ထွက်ပေါ်လာ၏။
"ဘာအံ့သြစရာများ တွေ့လို့လဲ"
ဇုချန်းက မျှော်လင့်ချက်ကင်းမဲ့စွာနှင့် မေးလိုက်သည်။
"သူတို့ကို ရှာတွေ့နိုင်လိမ့်မယ်လို့ ကျုပ်ထင်တယ်"
စုချန်းက ပြန်ဖြေလိုက်၏။