စာအုပ်ခိုးယူခြင်း
Vol. 25 Ch. 244
စုချန်း ပြောသည့်စကားကို ကြားလိုက်သည်နှင့် ဇုချန်းနှင့် ဇုချန်ူညှိုတို့သည် ချက်ချင်းလိုလိုပင် နိုးနိုးကြားကြား ဖြစ်ကုန်ကြသည်။
"မျက်နှာအုပ်ထားတဲ့လူကို ခင်ဗျားက ဘယ်လိုလုပ်ရှာမှာလဲ"
စုချန်းက ပုံရိပ်ဖမ်းငွေပြားကို ညွှန်ပြရင်း ပြောလိုက်သည်။
"ကြည့်လေ မျက်နှာဖုံးစွပ်ထားတဲ့လူဟာ ကိုင်းဟွမ်ကောင်းကင်ဘုံ စာအုပ်ကို ခိုးယူသွားနိုင်ပေမဲ့ ကျုပ်ရဲ့ ထောင်ချောက်တော့ မိသွားသေးတယ် သူ ဆေးပုလင်းကို တိုက်ချသွားတယ်"
ဇုချန်းတို့နှစ်ယောက်လည်း စုချန်း ညွှန်ပြသည့်အတိုင်း ကြည့်ရှုလိုက်ကြ၏။ ထိုအခါ မျက်နှာအုပ်ထားသူသည် စာအုပ်ကို ယူငင်ချိန်ဝယ် ဆေးပုလင်းငယ်တလုံးကို တိုက်မိကြောင်း သူတို့ တွေ့လိုက်ရသည်။ အမှန်တော့ တိုက်မိသည်ဟု ဆိုခြင်းထက် စာအုပ်နှင့် ဆေးပုလင်းကို ချိတ်ကလေးနှင့် တွယ်ထားသည်ဟု ဆိုလျင် ပို၍မှန်ပေလိမ့်မည်။ စာအုပ်ကို ယူပါက ဆေးပုလင်းကလည်း မလွဲမသွေ ပြုတ်ကျပေလိမ့်မည်။ ဆေးပုလင်း ပြုတ်ကျသည်နှင့် အထဲတွင် ရှိနေသည့် ဆေးရည်များ စီးကျလာပေလိမ့်မည်။ သို့သော် ပုံရိပ်ဖမ်းငွေပြားပေါ်တွင် သူတို့ မြင်တွေ့ရသည်မှာကား မည်သည့် ထူးခြားသော ဖြစ်ရပ်မှ ပေါ်ပေါက်လာခြင်း မရှိသလို မည်သည့်ဆေးရည်မှ စီးကျလာခြင်းမရှိ။ ဆေးပုလင်းသည် ဘာဆေးမှ ထည့်ထားခြင်းမရှိသည့် ပုလင်းအလွတ်နှင့်သာ တူနေ၏။
သို့သော် စုချန်းက ထောင်ချောက်ဟု ပြောလိုက်၍ ဆေးပုလင်းသည် ရိုးရိုး ပုလင်းအလွတ်တော့ ဟုတ်ပုံမရ။
"ပုလင်းထဲမှာ ဘာရှိလို့လဲ"
ဇုချန်းညှိုက မေးလိုက်၏။
"ကီလိုမီတာတထောင် အမွှေးနံ့သာ"
စုချန်းက ပြန်ဖြေလိုက်သည်။
စုချန်း၏ စကားကို ကြားလိုက်ရသောအခါ သူတို့နှစ်ယောက်၏ မျက်လုံးများမှာ အရောင်တောက်သွား၏။ စုချန်းအနေနှင့် ထပ်မံရှင်းပြရန် မလိုတော့မှန်း သိသာနေသည်။
ဇုချန်းညှိုက ပြောလိုက်၏။
"အမွှေးနံ့ခံကြွက်တကောင် မြန်မြန်သွားရှာ ဇုမျိုးနွယ်စုရဲ့ လျှို့ဝှက်နည်းစနစ်ကို ခိုးယူဝံ့တဲ့လူ ဘယ်သူလဲ မြန်မြန်သိရအောင် အမွှေးနံ့နောက်ကို ခြေရာခံလိုက်ကြမယ်"
ဇုချန်းညှို၏ စကားအရ ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို ဇုမျိုးနွယ်စု၏ ပိုင်ဆိုင်မှုဟုသာ သဘောထားကြောင်း သိသာနေသည်။
"အဲဒီလူကို တွေ့ပါပြီတဲ့ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"
ဇုချန်းက မေးခွန်းထုတ်လိုက်၏။
"ကိုင်းဟွမ်ကောင်းကင်ဘုံ အပြင်ကိုပေါက်ကြားလို့ လုံးဝမဖြစ်ဘူး ဒီတော့ အဲဒီနည်းစနစ်ကို ထိတွေ့မိတဲ့လူမှန်သမျှ...သေကိုသေရမယ်"
ဇုချန်းညှိုက ပြတ်သားစွာ ပြောလိုက်၏။ သူမ၏ လေသံတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ လွှမ်းမိုးနေလေသည်။
ဇုချန်းလည်း ဇုချန်းညှို၏ အမိန့်ကို နာခံရန် ထိုနေရာမှ ထွက်ခွာသွား၏။ ခြေရာခံလုပ်ငန်းအတွက် သူ့လူများကို စုစည်းရန် ထွက်ခွာသွားသည်ဟုဆိုလျင် ပို၍မှန်ပေလိမ့်မည်။ ဇုချန်း ထွက်ခွာသွားပြီးနောက် ဇုချန်းညှိုနှင့် စုချန်းသာလျင် ကျန်ရစ်ခဲ့တော့သည်။ ထိုအခါ စုချန်းက သက်ပြင်းချရင်း ပြောလိုက်၏။
"ကိစ္စတွေဟာ ဒီလောက်ထိ ကြီးကြီးမားမား ဖြစ်ပျက်သွားလိမ့်မယ်လို့ ကျုပ်မထင်ခဲ့ဘူး ဒီကိစ္စကြောင့် ကျုပ်တို့ကြားက သဘောတူညီချက်ကို မထိခိုက်ဖို့ ကျုပ်မျှော်လင့်တယ်"
ဇုချန်းညှိုကလည်း စုချန်း မည်သည့်သဘောတူညီချက်ကို ရည်ရွယ်ပြောဆိုနေမှန်း သဘာဝကျကျပင် နားလည်လိုက်၏။ အမှန်တော့ သူမကိုယ်တိုင်က စုချန်းကို ထက်မြက်သည်ဟု ယူဆကာ အတော်လေး သဘောကျခဲ့သည်။ သို့သော် မမျှော်လင့်ပဲ အနမ်းခံလိုက်ရပြီးနောက်ပိုင်း သူမ၏ စိတ်ထဲတွင် စုချန်းကို တဏှာရူးတယောက်ဟုသာ ယူဆထားတော့သည်။ အနည်းငယ်မှ နှစ်လိုခြင်း မရှိတော့။ ယခု ပြသနာအသစ်တရပ် ပေါ်ပေါက်လာပြနထသောအခါ သူမ အတော်လေး မကျေမနပ် ဖြစ်နေခဲ့လေပြီ။ ထိုအခါ ဟန်ဆောင်ပန်ဆောင်မျှပင် မဖော်ရွေနိုင်တော့ပဲ အေးစက်သော လေသံနှင့် စုချန်းကို ပြန်လည်တုံ့ပြန်လိုက်သည်။
"ရှင့်အနေနဲ့ အိပ်မက်နယ်ပယ်ထဲက ကြော်ငြာကို ဖြုတ်ချပြီး ဇုမျိုးနွယ်စုရဲ့ သောကဖြေသစ္စာကို ခံယူပြီးရင် ကျွန်မတို့ သဘောတူညီချက်ရဲ့ အဆုံးသတ်ပိုင်းကို ဆက်လက်လုပ်ဆောင်လို့ ရသွားပြီ"
"သောကဖြေသစ္စာဆိုတာ ဘာလဲ"
ဇုချန်းညှို၏ စကားကို စုချန်း နားမလည်နိုင်ပဲ ဖြစ်နေ၏။
"သောကဖြေသစ္စာဆိုတာ ဇုမျိုးနွယ်စုရဲ့ မူပိုင်နည်းစနစ်တမျိုးပဲ ဆိုပါတော့ ဒီနည်းစနစ်က လူတယောက်ကို သတ်မှတ်ထားတဲ့ အချိန်ကာလတခုအတွင်း ဖြစ်ပျက်ခဲ့သမျှကို မေ့လျော့သွားစေနိုင်အောင် စွမ်းဆောင်နိုင်တယ် ဒီသစ္စာကို ခံယူလိုက်တာနဲ့ ရှင်ဟာ ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို လုံးဝမေ့လျော့သွားလိမ့်မယ် ဒါဆိုရင် ကျွန်မတို့ရဲ့ သဘောတူညီချက်ဟာလည်း ပြီးပြည့်စုံပြီလို့ ယူဆနိုင်မယ်"
အခြေအနေတချို့က မြန်မြန်ဆန်ဆန်ပင် ပြောင်းလဲနေခဲ့ပြီ ဖြစ်ရာ ဇုချန်းညှိုက စုချန်းကို ဖုံးကွယ်မနေတော့ပဲ ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်သည်။
လက်စသတ်တော့ အဲဒီလိုကိုး...
ဇုချန်းညှိုတို့၏ အကြံအစည်ကို နောက်ဆုံးတော့ စုချန်း နားလည်သဘောပေါက်သွားလေပြီ။
သူနှင့် ရှီကိုင်းဟွမ်သည် ဇုမျိုးနွယ်များနှင့် ပတ်သက်၍ အတော်အတန် ဆွေးနွေးတိုင်ပင်ပြီး ဖြစ်လေရာ ကျန်ကိစ္စများကို ကြိုတင်တွက်ဆနိုင်သော်လည်း တခုသော အကောင်းအရာနှင့် ပတ်သက်၍ကား နားမလည်နိုင်ပဲ ဖြစ်နေခဲ့ကြ၏။ ၎င်းမှာ အကယ်၍ ဇုမျိုးနွယ်အနေနှင့် စုချန်းနှင့် သဘောတူညီမှုယူနိုင်လျင်ပင် ရှီကိုင်းဟွမ်ကို မည်သို့ ထိန်းချုပ်မည်နည်း။
နောက်ဆုံး စုချန်း သေသွားသည်ထားအုံး။ ရှီကိုင်းဟွမ် ကျန်နေသေးသည်။ ရှီကိုင်းဟွမ်သည် သာမာန်လူမဟုတ်။ နဂါးကျောင်းတော်မှ ဆရာဖြစ်သည်။ သူ့ကို သတ်လိုက်လျင် ကြီးမားသော ကသောင်းကနင်း ဖြစ်ရပ်များ ပေါ်ပေါက်လာမည်မှာ အမှန်ပင်။
သို့သော် သောကဖြေသစ္စာနှင့် ဆိုလျင်ကား ဘာသံမှမကြားပဲ တိတ်ဆိတ်ငြိမ်သက်စွာ ပြီးဆုံးသွားပေလိမ့်မည်။ ဇုမျိုးနွယ်စုသည် သောကဖြေသစ္စာကို ရှီကိုင်းဟွမ်အတွက် အထူးတလည် စီစဉ်ထားခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် မည်သည့် ပြသနာမှ ပေါ်လာစရာ အကြောင်းမရှိတော့သလို မည်သူမှ သေရန်မလိုတော့ပဲ ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်သည် ဇုမျိုးနွယ်စု၏ လက်ထဲသို့ လုံးလုံးလျားလျား ကျရောက်သွားပေလိမ့်မည်။
တဖန် သူတို့သာ စုချန်းအပေါ် သောကဖြေသစ္စာကို လိုအပ်သည်ထက် ပိုသုံးလိုက်ပါက စုချန်းသည် သဘောတူညီချက်ကိုပါ မေ့သွားနိုင်စရာ ရှိသည်။ ထိုသို့ မေ့သွားပါက ဇုမျိုးနွယ်ဘက်မှ သဘောတူညီချက်ပါ အရာများကို စုချန်းအား ပေးစရာမလိုတော့။
အတော်လေး ကောင်းမွန်သည့် အကြံအစည်ပင် ဖြစ်သည်။
စုချန်း ကြိတ်ရယ်မောလိုက်သည်။ သူ့နှလုံးသားများမှာကား အထူးပင် အေးစက်တင်းမာလျက်ရှိသည်။
ဝါကျတကြောင်းတည်းနှင့် စုချန်းကို ဘယ်လောက်များများ ပြောပြလိုက်မိပြီမှန်း ယခုအချိန်ထိ ဇုချန်းညှိုတယောက် သဘောမပေါက်သေး။ သူမ၏ စိတ်အာရုံထဲတွင်လည်း လက်ရှိပြသနာကသာ တချိန်လုံး လွှမ်းမိုးလျက်ရှိလေသည်။ ဖြစ်ပေါ်နေသော အပြောင်းအလဲများက မြန်ဆန်လွန်းလှပေရာ သူမ အမှန်တကယ်ပင် စိတ်ရှုပ်ထွေးနေ၏။
သဘောတူညီမှုရတဲ့အချိန်မှ ကိုင်းဟွမ်ကောင်းကင်ဘုံကို တစုံတယောက် ခိုးယူသွားတယ်ဆိုတာ သာမာန်တိုက်ဆိုင်မှုကော ဟုတ်ပါ့မလား...
အထက်ပါအတိုင်း စဉ်းစားပြီး ဇုချန်းညှို၏ စိတ်ထဲတွင် သံသယဝင်လာ၏။ သို့သော် သံသယကို အတည်ပြုနိုင်ရန် မည်သည့် သက်သေသက္ကရမှ သူမတွင် မရှိ။
ထို့နောက် သူတို့နှစ်ယောက်သည် တယောက်နှင့်တယောက် မကောင်းသော ရည်ရွယ်ချက်ကိုယ်စီနှင့် ရန်ညိုးသိုကာ အတွေးများလျက် ရှိကြလေသည်။ ထိုအချိန်မှာပင် ဇုချန်း၏ သတင်းပို့စကား ရောက်ရှိလာ၏။ သူနှင့်အတူ အမွှေးနံခံကြွက်တကောင်လည်း အတူတကွ ပါလာသည်။ ထိုမျှသာမကသေး သူသည် တခြားဇုမျိုးနွယ်ဝင်များလည်း စုစည်းပြီးခဲ့လေပြီ။
ဇုချန်းညှို ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး အမွှေးနံ့နောက်သို့ ခြေရာခံလိုက်ရန် ပြင်ဆင်လိုက်သည်။ ထိုအခိုက်မှာပင် တစုံတခုကို ရုတ်တရက် တွေးတောမိဟန်ဖြင့် သူမက စုချန်းကို ရုတ်တရက် လှည့်မေးလိုက်သည်။
"ဒါနဲ့ ရှင်ဟာ ရှင့်အကျိုးအတွက် အုပ်စုနှစ်စုကို ရန်တိုက်ပေးဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်"
စုချန်း၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးဟန်များ ပေါ်ပေါက်လာသည်။
"ခင်ဗျား ဘာတွေပြောနေမှန်း ကျုပ် မသိပါလားဗျာ"
လူတဖက်သား ဘဝင်ကျသွားစေလောက်သော အလိမ်အညာမျိုး ဖြစ်စေရန် ထိုအလိမ်အညာသည် ယုတ္တိရှိဖို့လိုသလို လိမ်ညာသူ သရုပ်ဆောင်ကောင်းရန်လည်း လိုအပ်ပေသည်။
ယခုလည်း စုချန်း၏ အမူအရာက တကယ့် ရိုးသားဖြူစင်သူတယောက်နှင့် တူလှသည်။ ဇုချန်းညှိုကိုယ်တိုင်ပင် သူမ၏ အတွေး မှန်မမှန် သေသေချာချာ မဆုံးဖြတ်နိုင်ပဲ ဖြစ်သွား၏။
သို့သော် သူမက ချက်ချင်းဆိုသလို စုချန်းကို ဖမ်းဆွဲရင်း ပြောလိုက်သည်။
"ရှင်ပါ ကျွန်မနဲ့ အတူလိုက်ခဲ့"
ဇုချန်းညှိုသည် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်အတွင်း၌သာ ရှိသေးသော်လည်း သူမ၏ ဖမ်းချုပ်မှုကို စုချန်းတယောက် မည်သို့မှ ရှောင်တိမ်းနိုင်စွမ်းမရှိ။ စုချန်း အတော်လေး အံ့သြသင့်သွား၏။ မည်သို့ဆိုစေ ဤတကွက်နှင့်ပင် လှည့်ဖျားနှလုံးသားသွေးဗီဇ၏ စွမ်းရည်ကို စုချန်း နားလည်သဘောပေါက်သွား၏။ ဇုချန်းညှိုဘက်မှ ထိပ်တန်းစွမ်းရည်များကို ထုတ်မသုံးသေးသည့်တိုင်အောင် စုချန်းသည် သူမ၏ ပြိုင်ဘက် မဟုတ်သေးချေတကား။
စုချန်းကို ဖမ်းချုပ်ပြီးသည်နှင့် ဇုချန်းညှိုသည် မျှော်စင်အပြင်ဘက်သို့ တဟုန်ထိုး ပြေးထွက်သွား၏။
သူတို့ထွက်ခွာသွားပြီး အချိန်အတန်ကြာသော် ဘေးတံခါးဝမှ လူတယောက် ပေါ်လာသည်။ ထိုလူမှာ တိမ်တိုက်ကျားသစ်ပေတည်း။
သူက သံမဏိ၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။
"ထတော့ သူတို့ သွားကုန်ပြီ"
"မထနိုင်ဘူးဗျ တကိုယ်လုံး နာနေတာပဲ"
သံမဏိက အံကြိတ်ရင်း ပြောလိုက်သည်။
"သူတို့ ကျွန်တော့ရဲ့ ဒဏ်ရာကိုတောင် စစ်ဆေးမသွားကြဘူး အသားလွတ်ကြီး ထုရိုက်ခံလိုက်ရတာ အလကားဖြစ်ကုန်ပြီ"
_______________×××_______________×××__________
ဇုချန်းညှိုသည် စုချန်းအား နဂါးကျောင်းတောင် အပြင်ဘက်သို့ အတင်းအဓမ္မပင် ခေါ်ယူလာခဲ့လေသည်။ ကျောင်းအပြင်တွင်ကား ဇုချန်း၊ ဇုယွဲ့ညှန်နှင့် တခြားလူများ အဆင်သင့် စောင့်ဆိုင်းလျက်ရှိကြသည်။ ထိုနေရာတွင် ဇုချန်းနှင့် ဇုယွဲ့ညှန်အပြင် သန်မာထွားကျိုင်းသော လူလေးယောက် ရှိနေ၏။ ကြည့်ရသည်မှာ ဇုမျိုးနွယ်စု၏ အစောင့်များ ဖြစ်ပုံရသည်။ သူတို့၏ လူအင်အားမှာ သိပ်အထင်ကြီးစရာမရှိ။ သို့သော် ဇုမျိုးနွယ်များအနေနှင့် ၎င်းကို ပြသနာတရပ်ဟု ယူဆပုံမရ။ ဇုယွဲ့ညှန်၏ လက်များပေါ်တွင် သေးငယ်သော သားရဲသတ္တဝါတကောင် ရှိနေသည်။ ထိုသတ္တဝါမှာ အမွှေးနံ့ခံကြွက်ပင်ဖြစ်သည်။ ၎င်းသည် အမွှေးနံ့ ထွက်ပေါ်လာရာ နေရာဆီသို့ တည့်တည့်မတ်မတ်ပင် ပြေးထွက်သွားလေသည်။
ဇုချန်းညှိုသည် ကြွက်နောက်သို့ ထပ်ချပ်မကွာ လိုက်ပါရင်း သူ့လူများကိုပါ အမိန့်ပေးလိုက်သည်။
"လိုက်ကြစို့"
သူတို့အဖွဲ့ထဲတွင် ဇုချန်းညှိုသည် အင်အားအနည်းဆုံးဖြစ်သော်လည်း အဆင့်အတန်းကျတော့ တခြားလူများထက် မြင့်မားနေပုံရသည်။
ထို့နောက် သူတို့သည် ရှေ့သို့ တဟုန်ထိုး ပြေးထွက်ရင်း အမွှေးနံ့ခံကြွက်နောက်သို့ ပြေးလိုက်ကြတော့သည်။ ထိုအချိန်တွင် ဇုယွဲ့ညှန်က စုချန်းကို ကြည့်ရင်း မေးလိုက်သည်။
"သူ့ကို ဘာကြောင့်အတူခေါ်လာတာလဲ"
ဇုချန်းညှိုက ပြန်ဖြေလိုက်သည်။
"ဒါတွေအကုန်လုံးဟာ သူ့ကြောင့်ဖြစ်ရတာ တခုခု မှားယွင်းသွားတာနဲ့ သူ့ကို သတ်ပစ်လိုက်မယ်"
"ကောင်းတယ်"
လူတိုင်းက ဇုချန်းညှို၏ စကားကို လက်ခံသဘောတူလိုက်ကြသည်။ ထိုအဆိုပြုချက်ကို စုချန်းက စိတ်မသက်မသာ ဖြစ်သွားဟန်ဖြင့် ပြောလိုက်၏။
"ခုနကပဲ ခင်ဗျားဟာ ကျုပ်မိန်းမလုပ်ဖို့ သဘောတူခဲ့တယ် အခု ကျုပ်ကိုသတ်ဖို့ ပြောနေပြန်ပြီ ဒီအတိုင်းသာဆိုရင် ကျုပ်တို့ အလုပ်ဆက်လုပ်လို့ မရတော့ဘူးဗျ"
"ရှင့်ပါးစပ်ကို ပိတ်ထားစမ်း ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ် တခြားလူနောက် ပါသွားတာ ရှင်အသုံးမကျလို့ပဲ"
"ဒါကတော့ဗျာ ကျုပ်က ဒီနည်းစနစ်ကို လျှို့ဝှက်ထားဖို့ အစီအစဉ်မှ မရှိတာကိုး ခင်ဗျားတို့သာ ပေါ်မလာဘူးဆိုရင် လူတိုင်း အိပ်မက်နယ်ပယ်ထဲမှာ ဒီနည်းစနစ်ကို အိပ်မက်အမှုန်တရာနဲ့ ဝယ်ယူနိုင်မယ် ဘယ်သူမှ ခိုးနေဝှက်နေစရာ မလိုတော့ဘူးလေ"
"တိတ်စမ်း ဒီလောက် တန်ဖိုးကြီးတဲ့ နည်းစနစ်ကို ဒီလိုဈေးနှုန်းနဲ့ ရောင်းဖို့စဉ်းစားနေတာကို ကြည့််ရင် ရှင်ဟာ ပစ္စည်းဥစ္စာရဲ့ တန်ဖိုးကို မသိတဲ့ လူမိုက်မှန်း သိသာနေပြီ"
"ဒါပေမဲ့ ဒီလိုတန်ဖိုးကြီးတဲ့နည်းစနစ်ကို တီထွင်ခဲ့တာဟာ အဲဒီလူမိုက်ပဲဗျ ညဏ်ထက်မြက်တဲ့ ခင်ဗျားလိုလူမဟုတ်ဘူး ဒါကြောင့် ခင်ဗျားအနေနဲ့ ဒီနည်းစနစ်ကို ထိန်းချုပ်ချင်ရင် ကျုပ်လိုလူမိုက်မျိုးနဲ့ သဘောတူညီမှု ယူထားဖို့လိုတယ် ဒါကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားမှရမယ်ဗျ ဒါကြောင့် ကျုပ်ပြောချင်တာက ခင်ဗျားတို့ နည်းစနစ်စာအုပ် ခိုးယူသွားတဲ့လူကို သတ်ပြီးရင်တောင် ကျုပ်တို့ရဲ့ သဘောတူညီချက်က အဆုံးမသတ်သေးဘူးဆိုတာပဲ"
"ရှင်...."
စုချန်း၏ စကားကြောင့် ဇုချန်းညှိုတယောက် ဒေါသထွက်ကာ ဘာပြောရမှန်းမသိပဲ ဖြစ်နေရှာသည်။
ထို့နောက် သူတို့သည် ငြင်းရင်းခုန်ရင်းနှင့်ပင် အမွှေးနံ့နောက်သို့ ဆက်လက်ခြေရာခံနေကြလေသည်။