← Chapters

နှောင့်ယှက်ဟန့်တားခြင်း ၁

Vol. 25 Ch. 245

နှောင့်ယှက်ဟန့်တားခြင်း ၁

Vol. 25 Ch. 245

"ဝှစ်"

လေတိုးသံနှင့်အတူ မျက်နှာအုပ်ထားသော လူသည် လေထဲတွင် လှပစွာ ပျံသန်းလာပြီး ကျန်းတိန်ယွဲ့၏ ရှေ့မှောက်သို့ ဆင်းသက်လာ၏။

"မင်း ရလာပြီလား"

ကျန်းတိန်ယွဲ့က လက်နှစ်ဖက်ကို နောက်သို့ပစ်ပြီး အေးဆေးတည်ငြိမ်လှသော အမူအရာနှင့် မေးလိုက်သည်။

ထိုလူက မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ချလိုက်ပြီး စာအုပ်ကို ကျန်းတိန်ယွဲ့ထံသို့ ရိုသေစွာ ကမ်းပေးရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့ ရလာပါပြီခင်ဗျာ"

"ဘာအမှားအယွင်း ရှိသေးလဲ"

တတိယမယ်တော်ခွန်၏ မေးခွန်းဖြစ်သည်။

"အားလုံး အစီအစဉ်အတိုင်းပါပဲခင်ဗျာ ဘာအမှားအယွင်းမှ မရှိခဲ့ပါဘူး"

မျက်နှာအုပ်ထားသောလူက ပြန်ဖြေလိုက်သည်။ ထိုအချိန်တွင် ကျန်းတိန်ယွဲ့သည် စာအုပ်ကို လှန်လှောစစ်ဆေးလျက်ရှိသည်။ သူသည် စာအုပ်အတွင်းရှိ စကားလုံးတိုင်း၊ ဝါကျတိုင်းကို အသေးစိတ် စစ်ဆေးကြည့်၏။ ပို၍ စစ်ဆေးလေလေ သူ့အမူအရာမှာ ပို၍ လေးနက်လာလေေ ပင်။

"ခင်ဗျား ဘယ်လိုသဘောရသလဲ"

ကျန်းတောက်က ဝင်မေးလိုက်ပြန်သည်။ ကျန်းတိန်ယွဲ့မှာ တဖက်လူ၏ မေးခွန်းကို ပြန်မဖြေနိုင်သေး။ စာအုပ်ထဲတွင် ဈန်ဝင်စားလျက်သာ ရှိသေးသည်။ ထိုအခါ တခြားလူများ၏ စိတ်ထဲတွင် သို့လော သို့လောနှင့် စိုးရိမ်ပူပန်လာကြလေသည်။ အချိန်အတန်ကြာမှ ကျန်းတိန်ယွဲ့က စာအုပ်ကို ပိတ်ပြီး သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်သည်။

ထိုသက်ပြင်းချသံက တခြားလူများကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေ၏။

"ဘာလဲ အဲဒါ အတုကြီးလား"

"မဟုတ်ဘူး ဒီနည်းစနစ်ဟာ အင်မတန်ထူးခြားတဲ့ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့ ကျင့်ကြံနည်းတမျိုးပဲ အောင်မြင်နိုင်ချေ ၄၀ရာခိုင်နှုန်းအထိ ရှိတယ် တကယ်လို့ ရှုံးနိမ့်သွားရင်တောင် အဲဒီလူဟာ နှစ်ဝက်အကြာမှာ နောက်တကြိမ် ကြိုးစားပိုင်ခွင့်ရှိတယ် ဘာသွေးဗီဇမှမလိုဘူး ဘယ်လောက်တောင် တော်လိုက်တဲ့ပါရမီရှင်လဲလို့ ဒီလိုနည်းလမ်းမျိုးကို ပါရမီမှပဲ တီထွင်နိုင်မှာပဲ ဒီလောက် ရှုပ်ထွေးပြီး သိမ်မွေ့တဲ့နည်းလမ်းမျိုးကို ရှီကိုင်းဟွမ် စဉ်းစားနိုင်မယ်လို့ ဘယ်သူကထင်မှာလဲ ဘာပဲပြောပြော ဒီလူဟာ လူသားတွေ နှစ်ပေါင်းထောင်ချီကြိုးစားလို့ မအောင်မြင်ခဲ့တဲ့ အရာတခုကို အဆုံးသတ်နိုင်ခဲ့ပြီ"

စကားဆုံးသည်နှင့် ကျန်းတိန်ယွဲ့သည် ရှီကိုင်းဟွမ်အပေါ် လေးစားစိတ်နှင့် ခေါင်းကိုတဆတ်ဆတ်ညိတ်နေမိလေသည်။ ဤနည်းစနစ်သည် အမှန်တကယ်ပင် လေးနက်သိမ်မွေ့လှသောကြောင့် ကျန်းတိန်ယွဲ့တယောက် ရှီကိုင်းဟွမ်အပေါ် မလေးစားပဲမနေနိုင်တော့။

ကျန်းတိန်ယွဲ့၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်းလိုလိုသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြကုန်၏။

ထိုအခါ ဟွမ်းမင်က စကားစလိုက်သည်။

"သိပ်ကောင်းတယ် ဒီလို နတ်ဘုရားနည်းစနစ်က ခုဆိုရင် ကျုပ်တို့လက်ထဲရောက်လာပြီ ရှီကိုင်းဟွမ် လက်ဝါးကြီးအုပ်လို့ မရတော့ဘူး ကျုပ်တို့ ကြိုတင်သဘောတူထားတဲ့အတိုင်း ဒီနည်းစနစ်ကို ကျုပ်တို့မျိုးနွယ်စုဝင်တွေကလွဲပြီး တခြားလူတွေ သင်ကြားခွင့်မရှိစေရဘူး"

"ဒါဆိုရင် ကျုပ်တို့ ရှီကိုင်းဟွမ်ကို ဘယ်လိုလုပ်ကြမလဲ"

ကျုံးချီစိက ဝင်မေးလိုက်သည်။

"ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို သူ သိထားပြီးသားလေဗျာ"

"ဒီဆရာတပည့်နှစ်ယောက်ကို ရှင်းဖို့ အခွင့်အရေး ရှာကြတာပေါ့"

ကျန်းတိန်ယွဲ့က အေးစက်သောလေသံနှင့် ပြောလိုက်၏။

"ဒါတင်မကသေးဘူး ကျုပ်တို့အနေနဲ့ ကိုင်းဟွမ်ကောင်းကင်ဘုံအတွက် နောက်ထပ်နာမည်တမျိုး ရှာထားဖို့လည်း လိုသေးတယ်"

"ခု ဒီနည်းစနစ်ကို ကျုပ်တို့ မျိုးနွယ်စုခြောက်စု ပိုင်တာဆိုတော့ မျိုးနွယ်စုခြောက်စုကောင်းကင်ဘုံလို့ ခေါ်လို့ရသားပဲ"

ကျန်းတောက်က အကြံပေးလိုက်၏။ ထိုအခါ တတိယမယ်တော်ခွန်က ရယ်မောရင်း ဝင်ပြောလိုက်သည်။

"မဆိုးဘူး အဲဒီနာမည် ကောင်းသားပဲရှင့်"

ကျန့်ပါ့ရှန်းက သည်းမခံနိုင်တော့ဟန်ဖြင့် ဝင်အော်လိုက်သည်။

"အိုး ရှင်တို့အားလုံး အရေမရ အဖတ်မရတွေ ပြောနေကြတာပဲ မိတ္တူတွေမြန်မြန်ကူးကြပါလား ဒါမှ တယောက်တစုံစီ ယူလို့ရမှာပေါ့"

"ဒါပေါ့ ဒါပေါ့"

ထိုသို့ပြောပြီး ကျန်းတိန်ယွဲ့က ခေါင်းညိတ်ပြလိုက်ရာ သူ့နောက်တွင်ရပ်နေသော လူတယောက် ရှေ့တက်လာပြီး ကျောက်စိမ်းပြားတချို့ကို ဆွဲထုတ်လိုက်သည်။ ထိုလူသည် ကျောက်စိမ်းပြားများကို စာအုပ်ဆီသို့ ညွှန်ပြလိုက်ရာ စာအုပ်ထဲရှိ အချက်အလက်များအားလုံး ကျောက်စိမ်းပြားများဆီသို့ ကူးပြောင်းရောက်ရှိလာလေသည်။ ရှေးဟောင်အာကင်နာနည်းစနစ်တမျိုးပေတည်း။

ဤနည်းအားဖြင့် လူတိုင်းသည် ကိုင်းဟွမ်ကောင်းကင်ဘုံ နည်းစနစ်မိတ္တူ တယောက်တစုံစီ ရရှိလိုက်ကြ၏။

မိမိလက်ထဲသို့ နည်းစနစ်မိတ္တူများ ရောက်လာသည်နှင့် ၎င်းတို့သည် မူရင်းနှင့် မိတ္တူကို အသည်းအသန် တိုက်စစ်နေကြ၏။ ထိုသို့ စစ်ရခြင်းမှာ ကိုင်းဟွမ်ကောင်းကင်ဘုံက သူတို့အတွက် အသုံးဝင်၍မဟုတ်။ သူတို့အားလုံးအနက် အနိမ့်ဆုံးလူသည်ပင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွင် ရှိလေရာ သွေးဆူပွက်ခြင်းနယ်ပယ်နှင့်သာ သက်ဆိုင်သည့် ကိုင်းဟွမ်ကောင်းကင်ဘုံက သူတို့အတွက် အဘယ်မှာ အသုံးဝင်မည်နည်း။ သို့သော် မိတ္တူပွားပေးသူက ကျန်းမျိုးနွယ်ဝင် ဖြစ်နေ၍ မယုံသင်္ကာဖြစ်ကာ အသည်းအသန် စစ်ဆေးနေကြခြင်းပင်။

လက်စသတ်တော့ သူတို့အုပ်စုသည် တယောက်နှင့်တယောက် မယုံကြည်ကြပါကလား...

မိမိတို့၏ မိတ္တူများကို စိတ်တိုင်းကျ စစ်ဆေးပြီးသည့်နောက် ကျန်းတိန်ယွဲ့က စကားစလိုက်သည်။

"ကဲ ကျုပ်တို့ရဲ့ လာရင်းရည်ရွယ်ချက် အောင်မြင်ပြီ ဒီကနေ့မှာ ကျုပ်တို့ဟာ ကိုယ့်မျိုးနွယ်စုအသီးသီးအတွက် ကြီးမြတ်တဲ့ကောင်းကျိုးကို ဆောင်ကြဉ်းနိုင်ခဲ့ပြီ"

"အလုပ်လည်းပြီးပြီဆိုတော့ အောင်ပွဲခံမယ့်နေရာလေးဘာလေး မရှာသင့်ဘူလား"

ကျန်းတောက်က ရယ်မောရင်း ပြောလိုက်၏။

"ကောင်းတယ်ရှင့် ကောင်းတယ် နောက်ဆုံးတော့ အားရပါးရ စားလို့ရပြီ"

ကျန့်ပါ့ရှန်းကလည်း ဝမ်းသာအားရနှင့် အော်ဟစ်လိုက်သည်။

"ဒါဆိုလည်း ကျုပ်တို့အားလုံး အိမ်စိမ်းကြီးကိုသွားပြီး မိန်းကလေးတွေ ကတာခုန်တာလေး ကြည့်ရင်းနဲ့...."

"ဟွမ်းမင် ကျွန်မတို့က စားဖို့သွားမှာလေ အပျက်မတွေရှာဖို့သွားမှာမဟုတ်ဘူး"

"အစားကောင်းအသောက်ကောင်းနဲ့ မိန်းမလှလေးတွေဆိုတာ အမြဲတမ်း ဒွန်တွဲနေတဲ့ အရာတွေပဲဗျ အစားအသောက်ကောင်းတွေရှိရက်နဲ့ မိန်းမလှလေးတွေ မရှိဘူးဆိုရင် နောင်တရစရာ ဖြစ်နေမှာပေါ့"

"ကျွန်မ ပြောပါအုံးမယ် ကျွန်မတို့ မြောက်နယ်စပ်ဥယျဉ်ကိုပဲ သွားကြမယ် အဲဒီမှာ အစားကောင်းအသောက်ကောင်းတွေရတယ် ပိုပိုလျံလျံလည်း ထည့်ပေးတယ်"

"ထားလိုက်စမ်းပါ ကျန့်ပါ့ရှန်းရာ ကျုပ်တို့က ဗိုက်ဆာရင် ဘယ်နေရာမှာမဆို အဝစားလို့ရတယ် ခင်ဗျားလိုမဟုတ်ဘူးဗျ"

သူတို့လူစုသည် အထက်ပါအတိုင်း ငြင်းလိုက်ခုံလိုက်နှင့် လမ်းလျှောက်လျက်ရှိကြသည်။ ယခုအချိန်ထိ ဘယ်နေရာကို သွားမည်မှန်း ဆုံးဖြတ်၍ မရသေး။ မည်သို့ဆိုစေ သူတို့၏ ခြေလှမ်းများကတော့ ရှည်လျားရစ်ခွေမြို့တော်ကို ဦးတည်လျက်ရှိ၏။

ထိုအခိုက်မှာပင် ကျန်းတိန်ယွဲ့က လမ်းလျှောက်နေရာမှ ဖြတ်ခနဲ ရပ်တန့်လိုက်သည်။ သူတို့ရောက်ရှိနေသောနေရာမှာ မြက်ခင်းလွင်ပြင်ငယ် ဖြစ်သည်။ ဘေးနားတွင်တော့ ထင်းရှုးတောအုပ်လေး ရှိနေ၏။ ကျန်းတိန်ယွဲ့သည် ထင်းရှုးတောအုပ်ကို စူးရှသောမျက်လုံးအစုံဖြင့် စိုက်ကြည့်နေ၏။ သူ့မျက်နှာမှာ တင်းမာလျက်ရှိပြီး သူ့ပုံစံမှာ သတိကြီးကြီးထားဟန် ပေါ်နေသည်။

"အဖိုးကြီးကျန်း ဘာဖြစ်နေတာလဲ"

တယောက်က ကျန်းတိန်ယွဲ့၏ ထူးဆန်းသော အမူအရာကို ကြည့်ရင်း မေးလိုက်သည်။ သူတို့ထဲမှ တချို့သည် တခြားလူများထက် မြန်မြန်ဆန်ဆန် သဘောပေါက်လွယ်သူများ ဖြစ်သည်။ သိပ်မကြာမီ သူတို့အားလုံးသည် တောအုပ်အတွင်းသို့ သတိကြီးကြီးထားက စိုက်ကြည့်လျက် ရှိကြလေပြီ။

ကျန်းတိန်ယွဲ့က စတင်စကားပြောလိုက်သည်။

"တောအုပ်ထဲက မိတ်ဆွေ ခင်ဗျားတို့ပုန်းနေရင် လာရင်းကိစ္စကို ကျုပ်တို့သိမှာမဟုတ်ဘူး ဒီတော့ ထွက်လာပြီး စကားပြောလိုက်ပါလားဗျာ"

"ဟင်း ...နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီပဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ အစတုန်းကတော့ ဒီကိစ္စကို လွယ်လွယ်ကူကူ အဆုံးသတ်နိုင်မယ်လို့ ထင်နေခဲ့တာ မှားသွားပြီပေါ့"

အလွန်သာယာသော စကားပြောသံနှင့်အတူ တောအုပ်အတွင်းမှ အလွန်လှပသော မိန်းကလေးတယောက် ထွက်ပေါ်လာ၏။ ထိုမိန်းကလေးမှာ ဇုချန်းညှိုပေတည်း။

မခေါ်ပဲရောက်လာသည့် ဧည့်သည်သည် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်တွင်သာ ရှိနေသေးသော်လည်း ကျန်းတိန်ယွဲ့ကတော့ စိတ်မသက်မသာ ဖြစ်သွား၏။ ထို့နောက် သူက အေးစက်သော လေသံနှင့် မေးလိုက်သည်။

"တခြားလူတွေကော"

"ဟေ့ ထွက်လာခဲ့ကြတော့ ဒီမှာ ရှင်တို့ကိုပါ တွေ့ချင်လို့တဲ့"

ဇုချန်းညှိုက နောက်လှည့်ကာ အော်ပြောလိုက်သည်။ တောအုပ်အတွင်းမှ နောက်ထပ် လူခုနှစ်ယောက် ထွက်လာ၏။ ဇုချန်း၊ စုချန်းနှင့် တခြားလူများပင် ဖြစ်သည်။

"ဟင် စုချန်း"

စုချန်းကို မြင်တွေ့လိုက်သည်နှင့် ကျန်းတိန်ယွဲ့တို့လူစုက ဒေါသတကြီးနှင့် အော်ဟစ်လိုက်ကြ၏။

"တခုခုမှားနေပြီဆိုတာ စကတည်းက ကျုပ်ကောင်းကောင်းသိတယ်"

ကျန်းတိန်ယွဲ့က ဒေါသတကြီးနှင့် ပြောလိုက်သည်။ သူ့မျက်နှာမှာကား မဲမဲမှောင်နေ၏။

စုချန်းက ပြုံးလိုက်သည်။

"ဒါ ကျုပ်နဲ့ မဆိုင်ဘူးဗျ လူတချို့က ခင်ဗျားလက်ထဲရောက်နေတဲ့ စာအုပ်ကို ခင်ဗျား တသက်လုံး ပိုင်သွားမှာကို မလိုလားဘူး ဖြစ်နေတာ"

ထိုအခါ ကျန်းတိန်ယွဲ့က ဇုချန်းညှိုကို ဖြတ်ခနဲ လှမ်းကြည့်ရင်း မေးလိုက်၏။

"ကိုင်းဟွမ်ကောင်းကင်ဘုံက မင်းတို့ ပိုင်တာလား"

ဇုချန်းညှိုက အေးစက်သော လေသံနှင့် ပြန်ဖြေလိုက်သည်။

"စုချန်းက ဒါကို ကျွန်မတို့အတွက် ပေးထားပြီးပြီ ဒါကို ရှင်တို့ ခိုးယူသွားခဲ့တယ်"

ကျန်းတိန်ယွဲ့က ရှင်းပြရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ စကားမစမီ ကျုံးချီစိက ကြားဖြတ်ဝင်ပြောလိုက်သည်။

"ခိုးတော့ ဘာဖြစ်သလဲ"

အင်အားကြီးမားသူများကိုသာ ရှင်းပြရန်လိုသည်။ ကိုယ့်ထက် အင်အားနည်းပါးသူများကို အဘယ်ကြောင့် အောက်ကျခံ၍ ရှင်းပြနေမည်နည်း။

ကျန်းတိန်ယွဲ့တို့ဘက်တွင် ပျမ်းမျှ လူလေးဆယ်မှ ငါးဆယ်အထိ ရှိသည်။ ထိုအထဲတွင်မှ ဆယ်ယောက်သည် အနည်းဆုံး ယန်ဖွင့်လှစ်ခြင်းနယ်ပယ် သို့မဟုတ် ထိုထက်မြင့်မားသော နယ်ပယ်တွင် ရှိနေကြ၏။ ထို့ပြင် ကျန်းတိန်ယွဲ့ကိုယ်တိုင်သည် အလင်းတုန်ခါခြင်းနယ်ပယ်တွင် ရှိနေပြီး ကျုံးချီစိနှင့်ကျန့်ပါ့ရှန်းသည်လည်း အလင်းတုန်းခါခြင်းနယ်ပယ်အတွင်း ချည်းနင်းဝင်ရောက်နေခဲ့လေပြီ။

တဖက်မှ ရန်သူများကို ကြည့်ပါ။ ဇုချန်းနှင့် ကိုယ်ရံတော်လေးယောက်သည် သွေးဆူပွက်ခြင်းနယ်ပယ်တွင် ရှိနေပြီး ဦးဆောင်သူ ဇုချန်းညှိုမှာကား သွေးဆူပွက်ခြင်း နယ်ပယ်အတွင်း၌သာ ရှိနေသေး၏။ ဇုယွဲ့ညှောင်တယောက်သာလျင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွင် ရှိနေလေသည်။ ထို့ကြောင့် အင်အားခြင်းမှာ အဆမတန် ကွာခြားနေ၏။

ဤအနေအထားတွင် ကိုယ့်ထက် အင်အားနည်းသူများအား ဘာအတွက်ကြောင့် ရှင်းပြနေမည်နည်း။ ကျုံးချီစီအဖို့ သူတို့နှင့် စုချန်းအကြား သဘောတူညီချက်ကို ရှင်းပြရမည်ကိုပင် ပျင်းစရာကောင်းသည်ဟု ခံစားနေရလေသည်။

ထိုအချိန်တွင် ဇုချန်းညှိုကလည်း တခုတည်းသော အကြောင်းအရာကိုသာ စဉ်းစားနေ၏။

သူမအနေနှင့် ထိုလူများ ကိုင်းဟွမ်နည်းစနစ်ကို ခိုးယူသည်ဖြစ်စေ၊ စုချန်းက ပေးလိုက်သည် ဖြစ်စေ အနည်းငယ်မျှ ဂရုမစိုက်။

သူမက စိတ်ဝင်စားသော အကြောင်းအရာကိုသာ ဦးတည်မေးမြန်းလိုက်သည်။

"ရှင်တို့အားလုံး ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်ကို ကြည့်ပြီးသွားပြီလား"

ဇုချန်းညှိုကား တဖက်လူများ၏ အဖြေကိုပင် စောင့်ဆိုင်းနိုင်တော့ပုံမရ။ သူမက ခေါင်းတချက်ခါရင်း စကားပြန်ဆက်လိုက်သည်။

"ထားလိုက်တော့ ဖြေဖို့မလိုတော့ဘူး စာအုပ် လက်ထဲရောက်လာကတည်းက မှန်မမှန် စစ်ဆေးပြီးမှတော့ မကြည့်ပဲ ဘယ်နေပါတော့မလဲ ရှင်တို့ကို ကြည့်ရတာ မျိုးနွယ်စု တစုတည်းကမဟုတ်မှန်း မြင်ရုံနဲ့ သိသာနေတယ် ဒီလိုအခြေအနေမှာ အလိမ်မမိအောင် စာအုပ်ကို ပိုပြီးသေသေချာချာ စစ်ဆေးမှာပဲ ဒီပြသနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရှင်တို့အားလုံးကို သတ်ပစ်တာပဲ"

ဇုချန်းညှို၏ စကားကြောင့် ကျန်းတိန်ယွဲ့၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ယှက်သန်းလာ၏။

"ကလေးမ မင်းစကားပြောတာ လေလုံးထွားလှချည်လား"

ကျန်းတိန်ယွဲ့၏ စကားကို ဇုချန်းညှို ဂရုမစိုက်။

"ကျွန်မ လေလုံးထွားနေတာလား တကယ်ပြောနေတာလား ခနနေရင် ရှင်တို့သိမှာပေါ့ တိုက်ကြစမ်း"

ဇုချန်းညှို၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် အနက်ရောင်ဝတ်ဆင်ထားသော လူလေးယောက်က စတင်လှုပ်ရှားလာတော့သည်။

All Chapters