← Chapters

နှောင့်ယှက်ဟန့်တားခြင်း ၂

Vol. 25 Ch. 246

နှောင့်ယှက်ဟန့်တားခြင်း ၂

Vol. 25 Ch. 246

အနက်ရောင်ဝတ်ဆင်ထားသော လူလေးယောက် စတင်လှုပ်ရှားလာသည်နှင့် ကျန်းတိန်ယွဲ့က အထင်အမြင်သေးသော လေသံနှင့် အော်ဟစ်အမိန့်ပေးလိုက်သည်။

"သွေးဆူပွက်ခြင်းနယ်ပယ်က ဝါစဉ်နုကောင်လေးတွေပေါ့ ဟုတ်လား လူများများလွှတ်ပေးလိုက်ရင် မင်းကို သိပ်ပြီး မျက်နှာသာပေးရာ ရောက်သွားမယ် ယွင့်ဟူ၊ လိုင်ယိ၊ ချန်းယု၊ ဟူယိ မင်းတို့လေးယောက် ရှေ့ထွက်ပြီး ဒီကောင်တွေကို ပညာနည်းနည်းပေးလိုက်စမ်း"

"ဟုတ်"

ပြိုင်တူ ဟစ်ကြွေးသံနှင့်အတူ အစောင့်လေးယောက် ရှေ့ထွက်လာပြီး အနက်ရောင်ဝတ်ဆင်ထားသော လူလေးယောက်နှင့် မျက်နှာချင်းဆိုင်မိကြလေသည်။

စက္ကန့်ပိုင်းအတွင်း လူရှစ်ယောက် အပြန်အလှန် တိုက်ခိုက်လျက်ရှိလေပြီ။ အချိန်အတန်ကြာမျှ တိုက်ခိုက်ပြီး ကျန်းမျိုးနွယ်စုမှ အစောင့်လေးယောက်သည် နောက်ဘက်သို့ လွင့်စင်သွားကြ၏။

ခွန်အားစစ်စစ်ချင်း ယှဉ်ပြိုင်သော ဤတပွဲတွင် ကျန်းမျိုးနွယ်စုဘက်မှ ပြတ်ပြတ်သားသား ရှုံးနိမ့်သွားခဲ့လေပြီ။

ထိုအချိန်မှာပင် အနက်ရောင်ဝတ်ဆင်ထားသော လူလေးယာက်သည် ရှေ့သို့တဟုန်ထိုး ခုန်ထွက်ပြီး ကျန်းမျိုးနွယ်စု အစောင့်လေးယောက်၏ ရင်ဘက်ကို လက်ဝါးများဖြင့် ရိုက်ချလိုက်ကြသည်။ ၎င်းတို့၏ လှုပ်ရှားမှုမှာ အလင်းတမျှ မြန်ဆန်လှပေရာ ကျန်းမျိုးနွယ်အစောင့်များ လုံးဝမရှောင်နိုင်။ တဖက်လူ၏ လက်ဝါးများသည် ၎င်းတို့၏ ရင်ဝကို ကျကျနနပင် ထိမှန်သွားလေသည်။

လေထဲတွင် သွေးတန်းကြီးလေးတန်း ထွက်ပေါ်လာပြီး ကျန်းမျိုးနွယ်အစောင့်လေးယောက်၏ ကိုယ်ခန္ဓာသည် မြေကြီးပေါ်သို့ ခြေပစ်လက်ပစ်နှင့် ပြုတ်ကျလာ၏။

ကျန်းတိန်ယွဲ့၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ အစကတည်းက ရန်သူများသည် သာမာန်လူမဟုတ်ဟု ယူဆထားသော်လည်း မိမိတပည့််များ ဤမျှ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားလိမ့်မည်ဟုတော့ ကျန်းတိန်ယွဲ့ လုံးဝထင်မထား။ ယခုတော့ အထင်နှင့်အမြင်လွဲခဲ့ရပေပြီ။

အနက်ရောင်ဝတ်ဆင်ထားသူလေးယောက်သည် အနိုင်ရလိုက်သော်လည်း နောက်ဆုတ်မသွားသေးပဲ ရှေ့သို့ဆက်တိုးလာ၏။

"တယ်လဲထောင်လွှားလှချည်လား"

ကျန့်တောက်က ဒေါသတကြီးနှင့် မာန်မဲလိုက်သည်။ ထို့နောက် သူက လက်ထောင်ပြလိုက်ရာ အစောင့်များ ရှေသို့ထွက်လာကြပြန်၏။ ဤတကြိမ်တွင်တော့ အစောင့်ရှစ်ယောက်တိတိ ရှိလေသည်။

၎င်းကိုကြည့်ရင်း ဇုချန်းညှိုက ရယ်မောလိုက်၏။

"လူများများလွှတ်လိုက်ရင် ကျွန်မကို သိပ်ပြီး မျက်နှာသာပေးရာရောက်သွားလိမ့်မယ်လို့ တယောက်ယောက်ကများ ပြောခဲ့သလားလို့ ကဲ ခုလိုဆိုတော့ နှစ်ယောက် တစ်ယောက် တိုက်ရမဲ့ပွဲဖြစ်သွားပြီပေါ့"

ကျန်းတိန်ယွဲ့၏ မျက်နှာက ရဲရဲနီသွား၏။ ကျန်းတောက်က ဇုချန်းညှို၏ စကားကို ပြန်လည်တုံ့ပြန်လိုက်သည်။

"အစ်ကိုကြီးတိန်ယွဲ့ရဲ့ စကားဟာ ကျုပ်ရဲ့အမြင်ကို ကိုယ်စားမပြုဘူးကွ"

ဇုချန်းညှိုကား အနည်းငယ်မျှပင် အပြုံးမပျက်။

"ကံဆိုးတာက နှစ်ယောက် တစ်ယောက်လည်း မလုံလောက်သေးတာပဲရှင့်"

ပြော၍ပင်မဆုံးသေး။ အစောင့်များအနက်မှနှစ်ယောက်သည် နောက်ဘက်သို့ တဟုန်ထိုး လွင့်စင်သွား၏။

ကျန်းတောက် မျက်နှာပျက်ရလေပြီ။ တော်သေးသည်။ ထိုအချိန်မှာပင် ဟွမ်းမင်က ထပ်မံ အမိန့်ပေးလိုက်သည်။

"ဟေ့ မင်းတို့ပါ ဝင်တိုက်ကြစမ်း"

နောက်ထပ် အစောင့်ရှစ်ယောက် ရှေ့သို့ထွက်လာပြီး ကျန်လူများနှင့် ပူးပေါင်းကာ အနက်ရောင်ဝတ်ဆင်ထားသော လူလေးယောက်ကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။ တိုက်ပွဲမှာ လေးယောက် တစ်ယောက် တိုက်ပွဲ ဖြစ်သွားလေပြီ။ တိုက်ပွဲ၏ အခြေအနေမှာလည်း တဖြည်းဖြည်းနှင့် တည်ငြိမ်စပြုလာ၏။

တိုက်ပွဲဝင်နေသူများအားလုံးသည် လက်သီး၊ လက်ဝါးတို့ကိုသာ အသုံးပြု၍ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ဇုမျိုးနွယ်ဝင်လေးယောက်၏ တိုက်ခိုက်မှုမှာကား ရက်စက်ကြမ်းကြုတ်လှ၏။ ၎င်းတို့သည် အင်အားနည်းသော်လည်း တရစပ် တိုက်စစ်ဆင်လျက်ရှိသည်။ ၎င်းတို့၏ လက်သီးလက်ဝါးကွက်များတွင် ကြောက်မက်ဖွယ်ရာ အားအင်များ အပြည့်အဝ ပါဝင်နေ၏။ ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်သွားပါက ဇုမျိုးနွယ်ဝင် အနက်ရောင်ဝတ်ဆင်ထားသူလေးယောက်ကသာ အောင်ပွဲခံသွားဖွယ်ရာ ရှိသည်။

"ဒီစစ်သည်တော်လေးယောက်ဟာ ဘယ်ကလာတာလဲ ဘာကြောင့် ဒီလောက်ထိ အင်အားကောင်းနေတာလဲ"

တိုက်ပွဲကိုကြည့်ရင်း တတိယမယ်တော်ခွန်က တအံ့တသြနှင့် ရေရွတ်လိုက်၏။

သူမတို့ဘက်မှ ဝင်ရောက်တိုက်ခိုက်နေသည့် အစောင့်များသည် သက်ဆိုင်ရာ မျိုးနွယ်စုအသီးသီးမှ ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်သည်။ သူတို့၏ အဆင့်အတန်းသည် အနည်းဆုံး သွေးဆူပွက်ခြင်းနယ်ပယ်တွင် ရှိနေ၏။ ဤအနေအထားတွင် သူတို့ နိုင်ခြေမရှိဟုဆိုလျင် တဖက်လူများ၏ အင်အားသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်များ၏ အဆင့်နှင့် ညီမျှသည်ဟု ဆိုနိုင်သည်။

မိမိ၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းထက် တဆင့်မြင့်အင်အားပိုင်ဆိုင်ထားသူဟူသည် မူလကမ္ဘာကြီးတွင် အလွန်ရှား၏။ သို့သော် ရှားရုံနှင့် လုံးဝမရှိဟုတော့ မဆိုနိုင်ပေ။

ကျန်းတိန်ယွဲ့ကိုယ်တိုင်လည်း ထိုအချင်းအရာကို ကောင်းစွာ သတိပြုမိ၏။ ထိုအခါ သူ့မျက်နှာသည်လည်း ပို၍ သုန်မှုန်လာလေသည်။

သို့သော် ကျန့်ပါ့ရှန်းကား ထိုကိစ္စကို အနည်းငယ်မျှ ဂရုမစိုက်။

"အဲဒီတော့ ဘာဖြစ်သလဲ ဒီကောင်တွေက သာမာန် စစ်သည်တော်တွေပဲဟာကို ကျွန်မတို့ဘက်က အစောင့်တွေ အများကြီးကျန်သေးတာပဲ"

"လူမိုက် မင်းဘာသိလို့လဲ"

ကျန်းတိန်ယွဲ့က ဒေါသတကြီးနှင့် ငေါက်ငမ်းလိုက်သည်။

"ကျုပ်တို့ရန်သူတွေဟာ လူမိုက်မဟုတ်ဘူး လူနည်းနည်းနဲ့ ဝင်တိုက်ရဲကတည်းက သူတို့မှာ တခြားအစီအစဉ်တွေ ရှိတာ သိသာနေတယ် အားလုံး သတိထားကြ သူတို့ကျုပ်တို့ကို ခြုံခိုတိုက်ခိုက်ဖို့ စီစဉ်ထားတာ သေချာသလောက်ရှိတယ်"

ကျန်းတိန်ယွဲ့၏ စကားကြောင့် ဇုချန်းညှို အားရပါးရ ရယ်မောလိုက်သည်။

"သိပ်လဲစိတ်မပူပါနဲ့ ကျွန်မတို့က ခြုံခိုမတိုက်ပါဘူး တကယ်တော့ ရှင်တို့ကို ခြုံခိုတိုက်ဖို့လည်းမလိုပါဘူး တယောက်ပဲတိုက်ရင် လုံလောက်ပြီ"

"ဘာကွ"

ဇုချန်းညှို၏ စကားကြောင့် ကျန်းတိန်ယွဲ့တို့လူစု ကြက်သေသေသွား၏။

ဇုချန်းညှို လက်ညှိုးတချောင်းထောင်ပြရင်း စကားဆက်သည်။

"ဟုတ်တယ် တယောက်ပဲ အဲဒီလူရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ရင် ရှင်တို့အားလုံး အသက်ရှင်နိုင်ပြီ"

သူမ၏ စကားဆုံးသည်နှင် လေပြင်းမုန်တိုင်းတခု စတင်ဖြစ်ပေါ်လာ၏။ ပတ်ဝန်းကျင်တခုလုံး လေတိုးသံများ တဟူးဟူးမြည်လာပြီး အရပ်ရှစ်မျက်နှာမှ လေများ ပြင်းပြင်းထန်ထန် တိုက်ခတ်လာ၏။ အားကောင်းလှသော လေလှိုင်းများနှင့်အတူ ကြောက်စရာကောင်းသည့် ဖိအားတမျိုးလည်း အတူတကွ ပါလာ၏။ တဆက်တည်းမှာပင် လေလှိုင်းများအတွင်းမှ လက်တချောင်း ဘွားခနဲ ပေါ်ပေါက်လာ၏။ ထိုလက်သည် လေဟာနယ်ထဲမှ ပေါ်ပေါက်လာသကဲ့သို့ ထင်မှတ်ရလေသည်။

"အခြေအနေမကောင်းဘူးဟေ့"

၎င်းကိုမြင်သည်နှင့် ကျန်းတိန်ယွဲ့၊ တတိယမယ်တေ်ခွန်နှင့် တခြားလူများက ငယ်သံပါအောင် အော်ဟစ်လိုက်ကြသည်။

ထိုလက်ကြီးသည် ကျန်းတိန်ယွဲ့တို့ဘက်မှ အစောင့်များကို တမုဟုတ်ချင်း တိုက်ချသွားလေရာ ထိုလက်လမ်းကြောင်းတွင် ကျရောက်နေသည့် အစောင့်မှန်သမျှ ပေါက်ကွဲထွက်ကုန်ကြသည်။ ဝဲကတော့ကဲ့သို့ ချာချာလည်၍ တိုက်ခတ်နေသော လေသည် အစောင့်များကို အရိုးတခြား အသားတခြား ဖြစ်သွားစေ၏။ ထိုလက်သည် အရှိန်အဟုန်နှင့် ရှေ့သို့ ရွေ့လျားလျက်ရှိသည်။ စက္ကန့်ပိုင်းအတွင်း ကျန်းတိန်ယွဲ့တို့ဘက်မှ အစောင့်အတော်များများ သေကြေကုန်ကြ၏။

လက်ကြီး၏ အရှိန်အဟုန်မှာကား အနည်းငယ်မျှ နှေးကွေးသွားခြင်းမရှိပဲ ယခင်ကထက်ပင် ပို၍ မြန်လာသေး၏။

ထိုအချိန်တွင် ကျန့်ပါ့ရှန်းက ကျယ်လောင်စွာ အော်ဟစ်ပြီး ထိုလက်ကြီးကို လက်သီးဖြင့် ထိုးချလိုက်၏။

ကျန့်ပါ့ရှန်း၏ လက်သီးကို သင်းတုန်းဓားကမ်းပါးရှိ ရာပေါင်းများစွာသော ကျောက်တုံးကျောက်ဆောင်ကြီးများနှင့် ခိုင်းနှိုင်း၍ပင် ရနိုင်၏။

ကျန့်ပါ့ရှန်းဟူသည် နှယ်နှယ်ရရ မဟုတ်ပေ။ မြောက်ပိုင်းမြစ်မှ နာမည်ကြီးပုဂ္ဂိုလ် ကျယ်ဟန်းပင် ကျန့်ပါ့ရှန်း၏ လက်ထဲတွင် ရှုံးနိမ့်ဖူး၏။ ထိုတိုက်ပွဲတွင် ကျယ်ဟန်းသည် နတ်ဆိုးမျက်နှာအကာအကွယ်ကို အသုံးချခဲ့သည်။ သို့သော် ကျန့်ပါ့ရှန်းက လက်သီးတချက်တည်းနှင့် အကာအကွယ်ကို ကျိုးပဲ့စေခဲ့ပြီး ကျယ်ဟန်းကို သေဆုံးစေခဲ့သည်။

ထိုစဉ်က ကျန့်ပါ့ရှန်းသည် အင်အား၏ သုံးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့သည်။ ဤတကြိမ်တွင်တော့ ကျန့်ပါ့ရှန်းက ရှိသမျှ အင်အားကို ထုတ်သုံးထားခြင်း ဖြစ်သည်။ ကြံဓားသွေးဗီဇကို အဆုံးစွန်ထိ နှိုးဆွထားသည့် လက်သီးချက်ဖြစ်လေရာ အင်အားမှာ ကြောက်မက်ဖွယ်ရာ ပြင်းထန်လှ၏။

သို့သော် ဤတကြိမ်တွင်တော့ ကျန့်ပါ့ရှန်း၏ လက်သီးချက်သည် အချည်းနှီး ဖြစ်သွားခဲ့လေပြီ။ ထိုမျှသာမကသေး သူမ၏ လက်တချောင်းလုံးသည် ရစရာမရှိအောင် ကြေမွသွားပြီး သူမ၏ တကိုယ်လုံးသည်လည်း အရုပ်ကြိုးပြတ်သည့်စွန်ပမာ နောက်ဘက်သို့ လွင့်စင်သွား၏။

"တိုက်ကြမယ်ဟေ့"

ကျန်းတောက်က စတင်ဆော်သြလိုက်၏။

ထိုအချိန်တွင် ကျုံးချီစိက ဓားကိုဆွဲထုတ်လိုက်သည်။ ဓားသွားမှ ထွက်ပေါ်နေသော အေးစက်သည့် အလင်းရောင်သည် မြင်ရသူအပေါင်းကို ကျောချမ်းသွားအောင် စွမ်းဆောင်နိုင်ပေ၏။

တတိယမယ်တော်ခွန်ကလည်း လေထဲသို့ ခုန်တက်လိုက်သည်။ သူမ၏ လက်သည်းများကား ကောင်းကင်ကို ဖောက်ထွင်းတော့မည်ဟုပင် ထင်ရလေသည်။

ကျန်းတောက်ကလည်း သူ၏ ကြီးမားသော လက်ဝါးများကို ဖြန့်ကာ ရိုက်ချလိုက်သည်။ လက်ဝါးမှ ထွက်ပေါ်လာသော လေအဟုန်သည် ပြင်းထန်လှသည့် ချီအားလှိုင်းများကို သယ်ဆောင်လာ၏။

ဟွမ်းမင်သည်လည်း သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ ဓားတချက်စီတိုင်းသည် တစုံတယောက်၏ ဝိညာဉ်ကို ငရဲသို့ ပို့ဆောင်ပေးရန် လိုအပ်သည်ထက်ပင် ပိုနေသေး၏။

သို့သော်ငြားလည်း မျိုးနွယ်စုလေးစုမှ ထိပ်သီးပုဂ္ဂိုလ်လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုသညိ နေလာ၍နှင်းပျောက်ရသည့်ပမာ အဟောသိကံသာ ဖြစ်သွားရရှာသည်။ ဓားရောင်များ ပျောက်ကွယ်သွား၏။ လက်သည်းကုပ်ချက်များ ပျက်ပြယ်သွား၏။ လက်ဝါးရိုက်ချက်များ အားပျော့သွား၏။ ထို့နောက် လေးဦးသားသည် အလွန်မြန်ဆန်လှသော အရှိန်အဟုန်နှင့် နောက်ဘက်သို့ လွင့်စင်သွားတော့သည်။

လက်တချောင်းတည်း။

တချောင်းဆိုမှ ပီဘီ လက်တချောင်းတည်းသာ။

သို့သော် ထိုလက်တချောင်းသည်ပင် မျိုးနွယ်စုခြောက်စုမှ ထိပ်တန်းပုဂ္ဂိုလ်ငါးယောက်ကို ဒဏ်ရာရစေရန် လုံလောက်နေခဲ့ချေသည်တကား။

သို့သော် ထိုလက်ကြီး၏ တိုက်ခိုက်မှုက ထိုမျှလောက်နှင့် ရပ်တန့်မည့်ပုံမပေါ်။

ထိုအခိုက်မှာပင် ကျန်းတိန်ယွဲ့က စတင်လှုပ်ရှားလိုက်လေသည်။

စတင်လှုပ်ရှားလိုက်သည်နှင့် သူ့လက်ဖဝါးတခုလုံးသည် ကျောက်စိမ်းကဲ့သို့ အစိမ်းရောင်တောက်ပလာ၏။ လက်ဝါးရိုက်ချက်နှင့်အတူ ပါလာသော ချီအားလှိုင်းများသည် အဆုံးအစမရှိသော စွမ်းအင်များကို သယ်ဆောင်လာလေသည်။ ထိုစွမ်းအင်များသည် စကြာဝဋာကြီး၏ သဘာဝဖြစ်စဉ်များကိုပင် ပျက်ပြယ်သွားစေမည်ဟု ထင်မှတ်ရသည်။ လက်ဝါးရိုက်ချက် ထွက်ပေါ်လာသည်နှင့် သူ့ရှေ့ရှိ မြေပြင်သည် ကျောက်စိမ်းကဲ့သို့ အစိမ်းရောင်သန်းလာ၏။

အစိမ်းရောင်လက်ဝါးပေတည်း။

ထိုလက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်တွေ့ရသောအခါ လက်ကြီး၏ ရှေ့သို့ တိုးလာသော အရှိန်အဟုန်သည် နှေးကွေးသွားပြီး တုံ့ဆိုင်းစပြုလာ၏။

ထိုအချိန်တွင် ကျုံးချီစိအပါအဝင် တခြားလူများအားလုံး မြေကြီးပေါ်တွင် ပိုးလိုးပက်လက် လဲကျနေကြပြီး သွေးအန်နေကြ၏။

"မင်းတို့ အဆင်ပြေရဲ့လား"

ကျန်းတိန်ယွဲ့က သူ့လူများ၏ အခြေအနေကို အော်ဟစ်မေးမြန်းလိုက်သည်။

"ကျုပ်ဒဏ်ရာက သိပ်မများပါဘူး"

ကျုံးချီစိက ပြောပြောဆိုဆိုပင် ရင်ဘတ်ကို ဖိရင်း မတ်တပ်ရပ်လိုက်သည်။ ထိုအချိန်မှာပင် တတိယမယ်တော်ခွန်နှင့် တခြားလူများကလည်း နှေးကွေးစွာ မတ်တပ်ရပ်လိုက်ကြသည်။

"ကျန့်ပါ့ရှန်း မင်း အသက်ကောရှိသေးရဲ့လား"

ကျန်းတိန်ယွဲ့က စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်မေးမြန်းလိုက်ပြန်သည်။

"ဒါပေါ့ ကျွန်မက အလွယ်တကူနဲ့ သတ်လို့ရမဲ့ လူစားမျိုးမှမဟုတ်တာ"

ကျန့်ပါ့ရှန်း၏ အက်ကွဲသော အသံ ထွက်ပေါ်လာသည်။ စကားဆုံးသည်နှင့် ကျန့်ပါ့ရှန်းသည် သူမ၏ ပုံစံအတိုင်း သူတို့ဆီသို့ လမ်းလျှောက်လာ၏။ သူမ၏ ညာလက်တချောင်းလုံးမှာကား ရစရာမရှိအောင် အစိတ်စိတ် အမွှာမွှာ ဖြစ်နေခဲ့လေပြီ။ သို့သော် ကျန့်ပါ့ရှန်းကား ထိုဒဏ်ရာကို အနည်းငယ်မျှ ဂရုမစိုက်။ လမ်းလျှောက်နေရင်းနှင့်ပင် သွေးအလိမ်းလိမ်း ပေကျံနေသော ဒဏ်ရာမှ လက်အသစ်တချောင်း စတင်ထွက်ပေါ်စပြုလာ၏။ သူတို့ဘေးနားသို့ မရောက်ခင်မှာပင် သူမ၏ လက်သည် အကောင်းပကတိ ဖြစ်သွားခဲ့လေပြီ။

ကျန့်ပါ့ရှန်းက ကျန်းတိန်ယွဲ့၏ ဘေးနားသို့ လျင်မြန်စွာ ပြေးကပ်လိုက်ပြီး ပြောလိုက်သည်။

"ဒီလူရဲ့ အင်အားက ကြောက်စရာကောင်းလှချည်လား"

ထိုလူသည် လက်တချောင်းတည်းနှင့် သူတို့၏ တိုက်ခိုက်မှုအားလုံးကို ပျက်ပြယ်စေခဲ့သည့်အပြင် သူတို့ကိုပါ ဒဏ်ရာရရှိစေခဲ့သည် မဟုတ်ပါလား။ သူတို့မကြောက်လန့်ပဲ အဘယ်မှာနေနိုင်အံ့နည်း။

ကျုံးချီစိက ဝင်ပြောလိုက်ပြန်သည်။

"ဒီလူဟာ ဝိညာဉ်ကျွမ်းလောင်ခြင်းနယ်ပယ်အဆင့်ပညာရှင်များ ဖြစ်နေမလားပဲ"

ဝိညာဉ်ကျွမ်းလောင်ခြင်းနယ်ပယ်အဆင့် ပညာရှင်များ၏ အင်အားသည် နတ်ဆိုးသတ္တဝါဧကရာဇ်တကောင်၏ အင်အားနှင့် ညီမျှပြီး အလွန်တွေ့ရခဲလေသည်။ သူတို့အားလုံး ထိုလူစားမျိုး တယောက်တလေကိုပင် ဤနေ့ဤအချိန်ထိ မမြင်ဖူး။

သို့သော် ကျန်းတိန်ယွဲ့က ခေါင်းခါလိုက်၏။

"ဒီလူဟာ ဝိညာဉ်ကျွမ်းလောင်ခြင်းနယ်ပယ်အဆင့် မဟုတ်နိုင်ဘူး"

"ဘယ်လို"

လူတိုင်းလိုလိုသည် ကျန်းတိန်ယွဲ့ကို မယုံနိုင်ဟန်ဖြင့်် ငေးကြည့်နေကြလေသည်။

ထိုအခါ ကျန်းတိန်ယွဲ့က မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုရှိသော လေသံနှင့် ပြောလိုက်၏။

"ဒီလူဟာ အလင်းတုန်ခါခြင်းနယ်ပယ်မှာပဲ ရှိနေသေးတယ် ဒါပေမဲ့ သူ့ရဲ့ သွေးဗီဇကတော့ နတ်ဆိုးဧကရာဇ်အဆင့် သွေးဗီဇပဲ"

All Chapters