ဦးလေးဆယ့်တစ်
Vol. 25 Ch. 247
ဤမူလကမ္ဘာကြီးဝယ် လူတိုင်းလက်ခံထားသော အမှန်တရားတခုရှိ၏။ ၎င်းမှာ မိမိထက် ကိုယ်ခန္ဓာစွမ်းအင်စုဆောင်းခြင်း အဆင့်အတန်း မြင့်မားသူများကို အနိုင်ရသည်မှာ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း မိမိထက် သွေးဗီဇသာလွန်နေသူများကို အနိုင်ရရန်မှာကား အလွန်ခက်ကြောင်းပင် ဖြစ်သည်။
ဥပမာအားဖြင့် အဆင့်မြင့်နတ်ဆိုးသတ္တဝါသွေးဗီဇကိုပင် စံသတ်မှတ်ချက်အဖြစ် ထား၍ ရှင်းပါမည်။
ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ရှိ သာမာန် ချီစွမ်းအားပညာရှင်များ၏ စွမ်းအင်အဆင့်အတန်းကို ၁၊ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်များကို ၅၊ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ၂၅၊ အလင်းတုန်ခါခြင်းနယ်ပယ်အတွက် ၁၂၅ဟု အသီးသီး သတ်မှတ်ထားလိုက်မည်ဆိုပါစို့။ ၎င်းတို့နှင့် နှိုင်းယှဉ်လျင် အဆင့်မြင့်နတ်ဆိုးသတ္တဝါ သွေးဗီဇပိုင်ရှင်များသည် ချီစုဆောင်းခြင်းနယ်ပယ်တွင် စွမ်းအင်အဆင့်အတန်း ၂၊ သွေးဆူပွက်ခြင်းနယ်ပယ်တွင် ၁၀၊ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွင် ၅၀နှင့် အလင်းတုန်ခါခြင်းနယ်ပယ်တွင် ၂၅၀ဟူ၍ အသီးသီး ရှိမည်ဖြစ်သည်။ အဆင့်မြင့်နတ်ဆိုးသတ္တဝါထက် မြင့်မားသည့် နတ်ဆိုးဘုရင်အဆင့် သွေးဗီဇပိုင်ရှင်များ၏ စွမ်းအင်အဆင့်အတန်းသည်ကား ၃၊ ၁၅၊ ၇၅ နှင့် ၃၇၅ဟူ၍ ရှိနေပေလိမ့်မည်။ နတ်ဆိုးဧကရာဇ်အဆင့် သွေးဗီဇပိုင်ရှင်များမှာကား ၄၊ ၂၀၊ ၁၀၀၊ ၅၀၀ဟူသော စွမ်းအင်အဆင့်အတန်းကို ပိုင်ဆိုင်ထားပေလိမ့်မည်။ သွေးဗီဇတဝက်သာ ပါသူများကိုကား တဆင့်နှိမ့်၍ စဉ်းစားရမည် ဖြစ်သည်။ ဥပမာအားဖြင့် နတ်ဆိုးဧကရာဇ်သွေးဗီဇ တဝက်ပါသူ သွေးနှောတယောက်၏ စွမ်းအင်အဆင့်အတန်းသည် နတ်ဆိုးဘုရင် သွေးဗီဇနှင့်သာ ညီမျှလေသည်။
အမှန်တော့ အထက်တွင် ဖော်ပြခဲ့သည်များ အချက်အလက်များသည် ကိန်းဂဏန်း အရေအတွက်များသာဖြစ်ပြီး တစုံတယောက်၏ စွမ်းအင်ကို အကြွင်းမဲ့ ကိုယ်စားပြုနိုင်သည်တော့ မဟုတ်။ အကြင်သူ သွေးဗီဇ နိုးထလာသည့်နောက်ပိုင်းတွင် ၎င်း၏ ပါရမီနှင့် ကြိုးစားအားထုတ်မှုသာလျင် ပို၍ အခရာကျပေသည်။ ဂျီဟန်းယင်သည် နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင် မဟုတ်သော်ငြား သူမ၏ အင်အားမှာကား နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင်များ အဆင့်တွင် ရှိနေသည်ကို ကြည့်လျင် ဤအချက်ကို မြင်သာ၏။
မည်သို့ဆိုစေ အဆိုပါ ကိန်းဂဏန်း အရေအတွက်များသည် အဓိပ္ပါယ်ပြည့်ဝသော သုံးသပ်ချက်များ ချမှတ်နိုင်ဖို့ အသုံးဝင်နေဆဲပင်။
အရေးအကြီးဆုံး သုံးသပ်ချက်မှာကား နတ်ဆိုးဧကရာဇ်အဆင့် သွေးဗီဇပိုင်ရှင်များသည် အဆင့်မြင့် နတ်ဆိုးသတ္တဝါ သွေးဗီဇပိုင်ရှင်များထက် မည်သည့်နေရာတွင်မဆို သာလွန်နေကြောင်းပင်တည်း။
ထို့ကြောင့် ဇုမျိုးနွယ်စုအနေနှင့် ဤခရီးစဉ်တွင် လူများများ မလွှတ်ခဲ့ပေ။
တနည်းအားဖြင့် ဇုမျိုးနွယ်အတွက် လောင်စန်းနိုင်ငံသည် အဓိက နေရာမဟုတ်။ ထို့ကြောင့် လူများများလွှတ်မည့်အစား အရည်အသွေးရှိသော လူတယောက်တည်းသာ လွှတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုလူတယောက်တည်းသည်ပင် ဤနေရာတွင် ရှိနေသမျှ လူများအားလုံးကို ရင်ဆိုင်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ယခုလည်း ကျန်းတိန်ယွဲ့၏ နှုတ်ဖျားမှ အလင်းတုန်ခါခြင်းနယ်ပယ်၊ နတ်ဆိုးဧကရာဇ်အဆင့် သွေးဗီဇဟူသော စကားကိုကြားလိုက်ရသောအခါ လူတိုင်းလိုလိုသည် ထိတ်လန့်တုန်လှုပ်သွားကြကုန်၏။
ထိုအချိန်မှာပင် တောအုပ်အတွင်းမှ အနက်ရောင်ဝတ်ဆင်ထားပြီး ဆံပင်များဖြူနေသော လူတယောက် ထွက်လာ၏။ ဆံပင်ဖြူနေခြင်းကိုသာ ထည့်မတွက်လျင် ထိုလူသည် သက်လတ်ပိုင်းအရွယ်ခန့်သာရှိပြီး ယေဘုယျအားဖြင့် ကြည့်ကောင်းသော ရုပ်ရည်ရှိသည်ဟု ဆိုနိုင်၏။ သူ့မျက်လုံးအစုံသည် အရောင်တလက်လက် တောက်ပလျက်ရှိပြီး ထူးခြားဆန်းပြားသော အရှိန်အဝါတမျိုးကို ဆောင်နေ၏။
"ဦးလေးဆယ့်တစ်"
ဇုချန်းညှိုက ထိုလူကို နှုတ်ဆက်လိုက်သည်။ သို့သော် ဦးတော့မညွတ်ချေ။ ဇုမျိုးနွယ်တွင် အမျိုးသမီးများသည် ဦးဆောင်သူနေရာတွင် ရှိနေရာ တဖက်လူက ဦးလေးဆယ့်တစ်ဖြစ်နေသည့်တိုင် ဇုချန်းညှိုအနေနှင့် ဦးညွတ်ရန်မလိုအပ်။
"ခုလို ဒုက္ခပေးရတဲ့အတွက် စိတ်မကောင်းပါဘူး ဦးလေးဆယ့်တစ် သတင်းကျိုးပေါက်မှုကို ထိန်းသိမ်းဖို့ သူတို့အားလုံးကို သတ်ပစ်လိုက်ပါ
ဟေ့ တယောက်မှ မလွတ်စေနဲ့"
ဇုချန်းညှို၏ နောက်ဆုံးစကားသည် အနက်ရောင်ဝတ်ဆင်ထားသော လူလေးယောက်ကို ရည်ရွယ်ခြင်း ဖြစ်သည်။ အမိန့်သံကြားသည်နှင့် ထိုလူလေးယောက်သည် အရပ်လေးမျက်နှာသို့ ဖြန့်ခွဲခုန်ထွက်ကာ ထောင့်တထောင့်စီတွင် မတ်တပ်ရပ်နေလိုက်ကြသည်။ ၎င်းတို့သည် သွေးဆူပွက်ခြင်းနယ်ပယ်အဆင့် ချီစွမ်းအားပညာရှင်များသာ ဖြစ်သော်လည်း ဇုမျိုးနွယ်၏ နတ်ဆိုးဧကရာဇ်အဆင့် သွေးဗီဇကိုပိုင်ဆိုင်ထားခြင်းကြောင့် အင်အားတွင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်များနှင့် ညီမျှလေသည်။
ထိုအချိန်တွင် ကျန်းတိန်ယွဲ့၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွား၏။
"နေကြပါအုံး ကျုပ်တို့ အေးအေးဆေးဆေး ညှိုနှိုင်းလို့ရသားပဲ"
သို့သော် ဇုချန်းညှိုကတော့ ရက်ရက်စက်စက်ပင် အမိန့်ပေးလိုက်သည်။
"လူသေတွေကသာ လျှို့ဝှက်ချက်တွေကို အကောင်းဆုံး ထိန်းသိမ်းနိုင်တာရှင့် တိုက်ကြစမ်း"
ဦးလေးဆယ့်တစ် စတင်လှုပ်ရှားပြီ။ သူ၏ လှုပ်ရှားမှုမှာ အလင်းကဲ့သို့ လျင်မြန်လှ၏။ မျက်စေ့တမှိတ်အတွင်း သူသည် အစောင့်တဦး၏ ဘေးနားသို့ ရောက်သွားပြီး ထိုအစောင့်၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်သည်။ သနားစရာ အစောင့်၏ ခေါင်းတခုလုံး မွမွကြေသွား၏။ ထို့နောက် သူသည် နောက်ထပ် အစောင့်တဦး၏ ဘေးနားတွင် ပြန်ပေါ်လာပြန်၏။ ထိုအစောင့်က ကြောက်အားလန့်အားနှင့် လက်နှစ်ဘက်ကို မြောက်ကာ တဖက်လူ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့လှုပ်ရှားမှုမှာ တဖက်လူ၏ လှုပ်ရှားမှုနှင့် မယှဉ်သာအောင် နှေးကွေးနေ၏။ သူတတ်နိုင်သည်မှာ ဦးလေးဆယ့်တစ်၏ လက်က သူ့ရင်ဝကို ထိုးဖောက်သွားသည်ကို ကြည့်နေရုံမျှသာ ဖြစ်သည်။ ဦးလေးဆယ့်တစ်၏ လက်ချက်ကြောင့် သူ့ရင်ဝတွင် အပေါက်ကြီးတပေါက် ဖြစ်ပေါ်လာ၏။
ဒါ...ဒါ...ငါ့နှလုံးသား....
သူက တွေးလိုက်၏။ တဆက်တည်းမှာပင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
ထို့နောက် သူ့အမြင်အာရုံတခုလုံး မှောင်အတိကျသွားလေသည်။
ဦးလေးဆယ့်တစ်ကား အစောင့်၏ နှလုံးသားကို ဖောက်ခနဲမြည်အောင် ဖြစ်ညှစ်လိုက်ပြီး နောက်တယောက်ထံသို့ ခုန်ဝင်သွားပြန်၏။ သူ၏ လှုပ်ရှားမှုသည် နတ်ဆိုးတကောင်ကဲ့သို့ လျင်မြန်လှပြီး တိုက်ခိုက်မှုကလည်း ရက်စက်ကြမ်းကြုတ်လှသည်။
ဦးလေးဆယ့်တစ် တတိယအစောင့်၏ ဘေးနားသို့ မရောက်ခင်မှာပင် ကျန်းတိန်ယွဲ့က စတင်လှုပ်ရှားလာ၏။ သူက လေထဲသို့ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ခြင်း ဖြစ်သည်။ ကျန်းတိန်ယွဲ့၏ လက်ဝါးရိုက်ချက် ထွက်ပေါ်လာသည်နှင် မြေပြင်တခုလုံး အစိမ်းရောင်သန်းလာပြီး ဆူးပင်ဆူးခက်များ စတင်ပေါ်ပေါက်လာ၏။
ကျန်းတိန်ယွဲ့၏ ဤတကွက်ကိုတော့ အစိမ်းရောင်လက်ဝါး ဆူးကျော့ကွင်းလက်ချောင်းများဟု ခေါ်လေသည်။
ကျန်းမျိုးနွယ်စု၏ သွေးဗီဇသည် ဝိညာဉ်ချောက်သစ်ပင်နတ်ဆိုးမှ လာ၏။
ဤနေရာမှ အရှေ့မြောက်ဘက်သို့ သွားလျင် တန်ဖိုးကြီး ဆေးပင်များ ပေါကြွယ်ဝလှသည့် ဝိညာဉ်ချောက်ဟုခေါ်သော အသူတရာ နက်ရှိုင်းလှသော ချောက်ကြီးရှိလေသည်။ အလင်းနတ်ဘုရားနိုင်ငံတော် အောင်မြင်ဘုရင်ကြီး၏ ခေတ်ကာလတွင် ထိုချောက်နက်အတွင်း သစ်ပင်နတ်ဆိုးများ စတင်ပေါ်ပေါက်လာပြီး ဆေးဘက်ဝင်အပင်များအားလုံးကို တခြားလူများ မယူငင်နိုင်စေရန် လက်ဝါးကြီးအုပ်ထားခဲ့လေသည်။ နှစ်ပေါင်းရှစ်ဆယ်အတွင်း မည်သူတဦးတယောက်မှ ထိုချောက်နက်အတွင်း ခြေမချနိုင်ခဲ့။
ထိုအချိန်တွင် အရိုင်းချောက်မြို့တော်၏ ခေါင်းဆောင် ကျန်းချန်းဟန်ဟူသောလူသည် ပါရမီရှိပြီး ရဲစွမ်းသတ္တိရှိသော လူများကို ဆင့်ခေါ်ခဲ့လေသည်။ နောက်ဆုံးတွင် သူသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင် ၃၆ယောက်၊ သာမာန်မူလချီစွမ်းအားပညာရှင် အယောက် ၃၀၀နှင့် ခြေလျင်စစ်သား ၃၀၀၀အား စုစည်းနိုင်ခဲ့၏။ သုံးရက် သုံးညတိုင်တိုင် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျန်းချန်းဟန်တို့လူစုသည် သစ်ပင်နတ်ဆိုးများအား အနိုင်ရရှိခဲ့၏။
ဤနည်းအားဖြင့် ကျန်းချန်းဟန်သည် သစ်ပင်နတ်ဆိုးသွေးဗီဇကို ရရှိခဲ့ခြင်း ဖြစ်သည်။
သစ်ပင်နတ်ဆိုးဟူသည် လူစုလူဝေးနှင့် တိုက်ခိုက်မှုများတွင် အထူးကျွမ်းကျင်သော နတ်ဆိုးသတ္တဝါဖြစ်သည်။ ယခုလည်း ကျန်းတိန်ယွဲ့၏ တိုက်ခိုက်မှုကြောင့် မြေပြင်တခုလုံး အစိမ်းရောင်သန်းလာပြီး ထောင်နှင့်သောင်းနှင့်ချီသော နွယ်ပင်နွယ်ခက်များသည် မြေကြီးထဲမှ တိုးထွက်လာကာ ဦးလေးဆယ့်တစ်အား ချုပ်နှောင်ထားလိုက်တော့သည်။ တိုက်ပွဲစဉ်တလျှောက် ကျန်းတိန်ယွဲ့၏ အကောင်းဆုံး တိုက်ကွက်ပေတည်း။
သို့တိုင်အောင် ကျန်းတိန်ယွဲ့က သူ့လူများကို အော်ဟစ်အကူအညီ တောင်းလိုက်၏။
"ဟေ့ ကျုပ်ကို ကူညီကြအုံး ဒီလူကို ကြာကြာချုပ်မထားနိုင်ဘူးကွ"
ကျန်းတိန်ယွဲ့၏ အသံကိုကြားသည်နှင့် ကျန့်ပါ့ရှန်းက ဟိန်းသံတချက်ပြုပြီး လေထဲသို့ ခုန်တက်လိုက်၏။ သူမ၏ ကြီးထွားသန်မာလှသော ကိုယ်ကာယသည် လေထဲတွင် တရှိန်ထိုး ပျံသန်းသွားပြီး သူမ၏ ကိုယ်ခန္ဓာမှ ရွှေဝါရောင်အလင်းတန်းများ ထွက်ပေါ်လာကြောင်း လရောင်အောက်ဝယ် အံ့သြစဖွယ် မြင်တွေ့ရလေသည်။ တဆက်တည်းမှာပင် သူမ၏ အရေပြားပေါ်တွင် ဆူးချွန်များ တိုးထွက်လာ၏။ ၎င်းမှာ ဖြူကောင်တကောင်၏ ပုံပန်းသွင်ပြင်နှင့် တူလှသည်။
ရွှေဝါရောင် အစွန်းနှစ်ထပ်သံချပ်ကာပေတည်း။
ကြံ့ဓားသွေးဗီဇပိုင်ရှင်များသည် ထိုကဲ့သို့သော သံချပ်ကာမျိုးကို ဖန်တီးနိုင်၏။ ၎င်းသည် ခုခံရာတွင် အလွန်အင်အားကြီးမားသကဲ့သို့ ရန်သူကိုလည်း ထိခိုက်ဒဏ်ရာရစေနိုင်သည်။
ထို့နောက် သူမက ညာဖက်လက်သီးကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ရေပြင်ညီဆိုက်ရောက်လက်သီး ဖြစ်သည်။ ဤတကြိမ်တွင်တော့ သူမ၏ လက်သီးမှ ကြီးမားသော ဦးချိုကြီးတခု တိုးထွက်လာ၏။ ရွှေရောင်ဦးချို ဧကရာဇ်လှံပေတည်း။ ဤတကွက်၏ အနှစ်သာရမှာ လက်သီးသည် လှံဖြစ်သလို လှံသည်လည်း လက်သီးဖြစ်ရမည် ဟူ၏။
ကျန့်ပါ့ရှန်း၏ လက်သီးသည် ဦးလေးဆယ့်တစ်ဆီသို့ အရှိန်ပြင်းစွာနှင့် ပြေးဝင်လာခဲ့ပြီဖြစ်သည်။
ထိုအချိန်မှာပင် ကျုံးချီစိကလည်း စတင်တိုက်ခိုက်လိုက်သည်။ အမှန်တော့ သူဓားမှာ ပထမအကြိမ်ကတည်းက ကျိုးသွားခဲ့ပြီဖြစ်သည်။ သို့သော် သုံးလက်မခန့်တော့ ကျန်နေသေး၏။ ကျုံးချီစီက အနှီဓားကျိုးနှင့်ပင် ဦးလေးဆယ့်တစ်ကို လှမ်းထိုးလိုက်ခြင်း ဖြစ်သည်။ ဓားချက် ထွက်ပေါ်လာသည့်အချိန်တွင် ဓားကျိုး၏ ထိပ်ဖျားမှ ပုံသဏ္ဍန်မရှိသော ဓားသွားတချောင်း ထွက်လာသကဲ့သို့ ထင်ရသည်။ ကျုံးချီစိအတွက် ဓားကျိုးသွားခြင်းမှာ ပြသနာဟုတ်ပုံမရ။ အကြောင်းမှာ သူအသုံးချသည်မှာ ဓားတချောင်းလုံးမဟုတ်ပဲ ဓားဖျားကလေးသာ ဖြစ်နေသောကြောင့်ပင်တည်း။ ကျုံးချီစိ၏ ဤတကွက်ကိုတော့ အာရုံဦးလင်းရောင်စဉ်ကွဲထွက်ခြင်း ဓားကွက်ဟု ခေါ်လေသည်။ ဓားအလင်းရောင်သည် ဓားကဲ့သို့ပင် တဖက်လူကို ထိခိုက်ဒဏ်ရာရစေနိုင်သော ဓားကွက်မျိုး ဖြစ်သည်။
ထို့ပြင် သူ၏ ဘယ်ဖက်လက်ကောက်ဝတ်မှလည်း သွေးများ ပန်းထွက်လာ၏။ ထိုသွေးစက်များသည် တဖြည်းဖြည်း စုစည်းပြီး သွေးပုံတူတကောင်အဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းသည် သွေးမောင်းနှင်သူ သားရဲမျိုးစိတ်များ၏ သွေးဗီဇမူလစွမ်းရည်တမျိုးပင် ဖြစ်သည်။ သွေးစက်များမှ သွေးပုံတူ တကောင်ပြီးတကောင် ထွက်ပေါ်လာပြီး မျက်စိတမှိတ်အတွင်း သွေးပုံတူ ခြောက်ကောင်တိတိ ပေါ်ထွက်လာ၏။ သွေးပုံတူများ၏ လက်ထဲတွင်လည်း ဓားသဏ္ဍန်များ ပေါ်ပေါက်လာပြီး ဦးလေးဆယ့်တစ်ကို ပြိုင်တူ ထိုးနှက်လိုက်ကြရာ ဓားပင်လယ်ကြီးတခု ဖြစ်ပေါ်လာသကဲ့သို့ ထင်မှတ်ရလေသည်။
ကြယ်ခုနှစ်စင်း ဓားပုံစံပေတည်း။ သွေးမောင်းနှင်သူသားရဲသွေးဗီဇ၏ အဓိကစွမ်းရည်မှာ လူတဦးတည်းက ထိုကဲ့သို့ ပူးပေါင်းတိုက်ခိုက်မှုမျိုးကို ဖော်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် ကျန်းတောက်၊ တတိယမယ်တော်ခွန်နှင့် ဟွမ်းမင်တို့ကလည်း တိုက်ပွဲအတွင်းသို့ ပူးပေါင်းပါဝင်လာကြ၏။ သူတို့သုံးယောက်၏ အင်အားမှာ ကျန်သုံးယောက်ထက် လျော့နည်းသော်လည်း သူတို့မျိုးနွယ်စုအသီးသီးတွင် ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြလေရာ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုက ဟာကွက်မရှိသလောက် စေ့စပ်လှသည်။ သူတို့၏ တိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်တခုလုံး ပြင်းထန်အားကောင်းလှသည့် ချီအားလှိုင်းများနှင့် ပြည့်နှက်လာလေရာ ဘေးမှရပ်ကြည့်နေသော ဇုချန်းညှိုတို့ လူစုသည်ပင် နောက်သို့ ဆုတ်ပေးလိုက်ရ၏။
ကြောက်မက်ဖွယ် ပူးပေါင်းတိုက်ကွက်နှင့် ရင်ဆိုင်နေရသော်လည်း ဦးလေးဆယ့်တစ်က အရယ်ပင်မပျက်။
"ဟဲ ဟဲ မင်းတို့က ကျုပ်ကို ဒီလို ထိန်းချုပ်ထားလို့ ရမယ်ထင်သလား"
ထို့နောက် သူက လက်တဖက်ကို မြောက်လိုက်ရာ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်ဘုံတခုလုံး ပွင့်ထွက်သွားတော့မတတ် ထင်မှတ်ရသည်။ တဆက်တည်းမှာပင် ဦးလေးဆယ့်တစ်ကို ရစ်ပတ်ထားသော နွယ်ပယ်များပင် မွမွကြေကုန်ပြီး သူ့ပတ်ပတ်လည်တွင် အပေါက်တပေါက် ပေါ်ပေါက်လာ၏။
အပေါက်မှ ခုန်ထွက်လိုက်သည်နှင့် ဦးလေးဆယ့်တစ်တယောက် ကျန့်ပါ့ရှန်း၏ ရေပြင်ညီဆိုက်ရောက်လက်သီးနှင့် စတင်ရင်ဆိုင်ရ၏။ သူက လက်ဝါးကိုဖြန့်ပြီး ရိုက်ချလိုက်ရာ ကျန့်ပါ့ရှန်းခမျာ လေထဲသို့ နောက်တကြိမ်လွင့်စင်သွားပြန်၏။ သူမ၏ ရွှေရောင်သံချပ်ကာသည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရှာသည်။
ထိုအချိန်တွင် ဦးလေးဆယ့်တစ်သည် ထောင်ချောက်၏ အပြင်ဘက်သို့ လွတ်လွတ်ကျွတ်ကျွတ် ရောက်ရှိသွားပြီဖြစ်သည်။ ထိုအခါ သူက ဓားပင်လယ်နှင့် ထပ်မံရင်ဆိုင်ရပြန်သည်။ ခံစစ်အရာတွင် ကျုံးချီစိသည် ကျန့်ပါ့ရှန်းလောက် မထူးချွန်။ သို့သော် တိုက်စစ်အရာတွင်တော့ ကျုံးချီစိကို ယှဉ်နိုင်သူမရှိပေ။ ကြယ်ခုနှစ်ပွင့်ဓားပင်လယ်မှ ဓားချက်တိုင်းသည် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့် အရှိန်အဝါတမျိုးကို သယ်ဆောင်ထား၏။
ထိုအခိုက်မှာပင် ဦးလေးဆယ့်တစ်၏ ကိုယ်ခန္ဓာမှ အနီရောင်ရေလှိုင်းကြီးများ ထွက်ပေါ်လာ၏။ အနီရောင်ရေလှိုင်းကြီးများ၏ ကြားထဲတွင် ကြီးမားသည့် သွေးမြေခွေးကြီးတကောင် လူးလွန့်လျက်ရှိကြောင်း သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
မျက်စေ့တမှိတ်အတွင်း ဓားရောင်များ ပျောက်ကွယ်သွားပြီး ကျုံးချီစိသည် နောက်ဘက်သို့ လွင့်စင်သွားကာ သွေးများ ပွက်ခနဲ အန်ထုတ်လိုက်လေသည်။ မရပ်မတန့်နိုင်သည် ရေလှိုင်းကြီးများ၏ တွန်းကန်အားကြောင့် ကျန်လူများလည်း ကျုံးချီစိကဲ့သို့ပင် နောက်ဘက်သို့ လွင့်စင်သွားကြလေသည်။
"ရေလှိုင်းနီ...သွေးမြေခွေး...ဒါ လှည့်ဖျားနှလုံးသား နတ်ဆိုးဧကရာဇ်သွေးဗီဇတွေပဲ မင်းတို့က ရေပြင်ညီတောင် ဇုမျိုးနွယ်ကလား"
ကျန်းတိန်ယွဲ့ ထိတ်လန့်တကြားနှင့် မေးလိုက်၏။
"မင်း..မင်းတို့...လောင်စန်းနိုင်ငံမှာ ဘာလာလုပ်တာလဲ"
"မင်းက စကားတော်တော်များတာပဲ"
ဦးလေးဆယ့်တစ်က ပြောပြောဆိုဆို လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ သွေးမြေခွေးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသတည်း။