အပြောင်းအလဲများ
Vol. 25 Ch. 248
"နတ်ဆိုးဧကရာဇ်သွေးဗီဇရှိသူတယောက်ရဲ့ အင်အားအစ်အမှန်ဆိုတာ ဒါမျိုးလား"
စုချန်းသည် ပြင်းထန်လှသော တိုက်ပွဲကို တိတ်တဆိတ်နှင့် ဘေးမှရပ်ကြည့်နေရင်း အံ့သြသင့်စွာ ရေရွတ်လိုက်သည်။ ဇုမျိုးနွယ်စု၏ ဦးလေးဆယ့်တစ်သည် သံစုံတီးဝိုင်းကြီးတဝိုင်းကို သရုပ်ဖော်နေသကဲ့သို့ ရန်သူများအကြားတွင် လူးလားပျံသန်းရင်း လှပစွာ တိုက်ခိုက်နေ၏။
ရှီကိုင်းဟွမ်သည် ရှေးယခင်ကတည်းက အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက်၏ အင်အားကို ရှင်းပြဖူးသလို ကိုယ်တိုင်လည်း အရိပ်အမြွတ်ခန့် ပြသဖူးသော်လည်း ယခုတိုက်ပွဲကို မြင်တွေ့ရသည့်အခါတွင်တော့ စုချန်းတယောက် မအံ့သြပဲ မနေနိုင်တော့။
အံ့သြမည်ဆိုလျင်လည်း အံ့သြလောက်စရာကောင်းအောင်ပင် တိုက်ပွဲတွင် ပြသနေသော အင်အားများက ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ကျောက်သားကျောက်ဆိုင်များ၊ သစ်ပင်ကြီးသစ်ပင်ငယ်များ မှန်သမျှတို့သည် ကြံ့ကြံ့ခံနိုင်စွမ်းမရှိပဲ မွမွကြေသုန်းကုန်ကြ၏။ လက်သီးတိုင်း၊ ခြေကန်ချက်တိုင်းသည် တောင်များကို ပြိုကွဲသွားစေရန်ပင် စွမ်းအားရှိလေသည်။
သို့တိုင်အောင် တိုက်ပွဲဝင်နေသူများသည် သူတို့၏ စွမ်းအင်လှိုင်းများကို ရန်သူများအပေါ်တွင် သီးသန့်ပစ်မှတ်ထားသောကြောင့်သာ တော်ပေတော့သည်။ ထိုသို့မဟုတ်ပဲ ၎င်းတို့၏ စွမ်းအားများကိုသာ စိတ်ရှိလက်ရှိ ထုတ်လွှတ်လိုက်ပါက ပျက်စီးခြင်းပမာဏသည် ယခုထက် အဆပေါင်းများစွာ ပိုပေလိမ့်မည်။
ကြောက်စရာအင်အားနှင့် ကြောက်စရာ သွေးဗီဇများပေတကား။
တိုက်ပွဲစဉ်အတွင်း အားအနည်းဆုံးဟု ဆိုနိုင်သည့် မျိုးနွယ်စုခြောက်စု၏ အစောင့်များသည်ပင် စုချန်း ထင်ထားသည်ထက် များစွာ ပို၍ အားကောင်းနေ၏။ သို့သော်ငြားလည်း သူတို့အားလုံး ပူးပေါင်းလိုက်သည့်တိုင်အောင် ဦးလေးဆယ့်တစ် တယောက်တည်းကိုပင် မနိုင်ပဲ ဖြစ်နေကြရှာ၏။
"ရှင်နားလည်သွားပြီလား"
ဇုချန်းညှိုက စုချန်းကို ဖြတ်ခနဲ စိုက်ကြည့်ပြီး ပြောလိုက်၏။
"တော်ဝင်သွေးဗီဇစွမ်းအင်ဆိုတာ ရှင်တို့နားလည်ထားတဲ့ သာမာန်လူတွေရဲ့ သွေးဗီဇနဲ့ တခြားစီပဲရှင့် ဒါကြောင့် သွေးဗီဇကန့်သတ်ချက်ကို ချိုးဖောက်ဖို့ဆိုတာ ရှင်တွေးထားသလောက် မလွယ်ဘူး တော်ဝင်သွေးဗီဇနဲ့ သာမာန်လူတွေရဲ့ကြားမှာ ခြားနားချက်က ကောင်းကင်နဲ့ မြေကြီးလောက်ကိုရှိတယ် တော်ဝင်မျိုးနွယ်စုတစုကပဲ နောက်ထပ် တော်ဝင်မျိုးနွယ်စုတစုကို အံတုဖက်ပြိုင်နိုင်တယ် ဒီတော့ ရှင့်ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို လက်လျှော့လိုက်ဖို့သင့်ပြီ ဒီအခြေအနေကို အမှန်အတိုင်း နားလည်သဘောပေါက်ထားပြီး ဒီအပေါ်မှာ ကိုယ့်အတွက် အကျိုးရှိအောင် ဆောင်ရွက်ခြင်းကသာလျင် အမှန်ဆုံးနည်းလမ်းလို့ ဆိုနိုင်မယ်"
"ဒီအပေါ်မှာ ကိုယ့်အတွက် အကျိုးရှိအောင် ဆောင်ရွက်ရမယ် ဟုတ်လား"
စုချန်းက ဇုချန်းညှိုကို ဖြတ်ခနဲ ကြည့်လိုက်၏။
"အဲဒီတော့ ကျုပ်က ဒီနည်းစနစ်ကို လက်ပြောင်းပေးပြီး ခင်ဗျား ကျုပ် မှတ်ညဏ်ကို ဖျက်ဆီးခွင့်ပြုပေးရမှာပေါ့ ဟုတ်လား"
ဇုချန်းညှိုက ရယ်မောလိုက်သည်။
"ဒါက ပထမအစီအစဉ်ပါရှင် ဒါပေမဲ့ အခုတော့ ကျွန်မ စိတ်ပြောင်းသွားပြီ ရှင်ဟာ ကျွန်မတို့ မျိုးနွယ်စုတွေ အချင်းချင်း ရန်တိုက်ပေးဖို့ လုပ်ထားပေမဲ့ ဘာပဲပြောပြော ဒါဟာ အတော် သတ္တိရှိတဲ့လုပ်ရပ်ပဲ ဒါကြောင့် ရှင်သာ ဇုမျိုးနွယ်စုကို ကူညီပြီး ကျွန်မတို့ နောက်ကလိုက်မယ်ဆိုရင် ရှင်နဲ့လက်ထပ်ဖို့ ကျွန်မ တကယ်စဉ်းစားပေးမယ်"
"အမှန်အတိုင်းပြောရရင် ကျုပ်အနေနဲ့ လက်ထပ်မဲ့ကိစ္စကို သိပ်ပြီးတော့ စိတ်မဝင်စားလှပါဘူးဗျာ ပြီးတော့ ခင်ဗျား ပြောလိုက်တဲ့အထဲမှာ မှားနေတာ တခုရှိသေးတယ် ခင်ဗျားတို့ မျိုးနွယ်စုတွေကြားထဲ တိုက်ပွဲဖြစ်လာအောင် ကျုပ်ကြံစည်ခဲ့တယ်လို့ ခင်ဗျားထင်နေတာဟာ မှားတယ်ဗျ အစကတည်းက သူတို့ဟာ ခင်ဗျားတို့ရဲ့ ပြိုင်ဘက်မဟုတ်မှန်း ကျုပ်သိထားပြီးသား ဒီတိုက်ပွဲမှာ တဖက်တည်းကသာ အလဲအကွဲနဲ့ သွေးမြေကျသွားမယ်ဆိုတာလည်း ကျုပ်က တွက်ဆထားပြီးသား"
"ဘယ်လို"
ဇုချန်းညှို စိတ်ဝင်စားလာ၏။
"အဲဒီလိုဆိုရင် ကျွန်မတို့ကို ဘာကြောင့် ရန်တိုက်ပေးနေတာလဲ ကျွန်မတို့ စိတ်ဆိုးမှာကို ရှင်မကြောက်ဘူးလား"
စုချန်းက ပြန်ရှင်းပြလိုက်သည်။
"ဘာကြောင့်လဲဆိုတော့ ဒီလူတွေက ကျုပ်ကို ဒုက္ခပေးနေလို့ပေါ့ဗျ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို ကျုပ် သတ်ပစ်လိုက်တယ်လေ"
ဇုချန်းညှို၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သည့် အရိပ်အယောင်များ ထင်ဟပ်လာ၏။
"လက်စသတ်တော့ အဲဒီလိုကိုး လက်ငှားပြီး သတ်လိုက်တဲ့သဘောပေါ့ အဲဒီလိုဆိုရင်လည်း ရှင် ဘာဖြစ်လို့ ကျွန်မတို့ကို ပွင့်ပွင့်လင်းလင်း မပြောတာလဲ ကျွန်မတို့ ရှင့်ကို ကူညီနိုင်သားပဲ"
"ဒါက ပိုပြီး သေချာတဲ့နည်းလမ်း ဖြစ်နေလို့ပေါ့ဗျာ"
စုချန်းက ထပ်မံရှင်းပြရပြန်သည်။
"ကျုပ်အနေနဲ့ ဒါကို နည်းနည်းလေးမှ အတိမ်းအစောင်း အဖြစ်မခံနိုင်ဘူးလေ တကယ်လို့ ကျုပ်ကသာ ကိုင်းဟွမ်ကောင်းကင်ဘုံကို ပေးမယ် ခင်ဗျားတို့က ကျုပ်အတွက် လူတချို့ကို သတ်ပေးပါလို့ ကမ်းလှမ်းလိုက်ရင် ခင်ဗျားတို့ဘက်က ဈေးဆစ်ကောင်းဆစ်လာနိုင်တယ် ခုလိုကျတော့ ခင်ဗျားတို့ လူသတ်ဖို့ ကျုပ်ဘက်က ကြိုးစားပမ်းစား အစပျိုးနေစရာမလိုတော့ဘူး ကဲ ဘယ်လောက်ကောင်းသလဲလို့"
"ရှင်ဟာလေ တကယ့်ကို ညဏ်နီညဏ်နက်များတဲ့ လူပါလား"
ဇုချန်းညှိုက ပါးစပ်ကို လက်ဝါးဖြင့်အုပ်ပြီး အားရပါးရ ရယ်မောကာ ပြောလိုက်၏။ သူမ၏ အမူအရာမှာ စုချန်း၏ အစီအစဉ်အတွက် အနည်းငယ်မျှ စိတ်ဆိုးဟန်မရှိ။
အမှန်တော့ သူမ စိတ်မဆိုးရသည့် တခုတည်းသော အကြောင်းပြချက်မှာ တိုက်ပွဲသည် စုချန်းပြောသကဲ့သို့ တဖက်သတ်တိုက်ပွဲသာ ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ဤအခြေအနေတွင် သူမအနေနှင့် စိတ်နှလုံးကို ပေါ့ပါးစွာ ထားနိုင်၏။ အကယ်၍ အခြေအနေသာ တမျိုးတဖုံ ပြောင်းလဲသွားပါက သူမ၏ စိတ်သဘောထားသည်လည်း ပြောင်းလဲသွားဖွယ်ရာရှိသည်။
သို့သော် ထိုအခိုက်မှာပင် တိုက်ပွဲ၏ အခြေအနေသည် တမျိုးတဖုံ ပြောင်းလဲသွား၏။ ထိုသို့ ပြောင်းလဲသွားလိမ့်မည်ဟု ဇုချန်းညှိုအနေနှင့် လုံးဝမျှော်လင့်မထားချေ။
တတိယမယ်တော်ခွန်သည် ဘုန်းခနဲ မြည်သံနှင့်အတူ တိုက်ပွဲစည်းဝိုင်းအတွင်းမှ အပြင်သို့ လွင့်စင်လာ၏။ ဤတကြိမ် သူမ လွင့်ထွက်လာခြင်းမှာ စတုတ္ထအကြိမ် ဖြစ်သည်။ သူမ၏ လက်တချောင်းသည် သွင်သွင်ကျိုးသွားပြီး နံရိုးနှစ်ချောင်းမှာ ရစရာမရှိအောင် ကြေမွသွား၏။ အားလုံးထဲမှ ကြောက်စရာအကောင်းဆုံးမှာ သူမ၏ မျက်လုံးတလုံး ကလော်ထုတ်ခံလိုက်ရခြင်း ဖြစ်သည်။
တတိယမယ်တော်ခွန်ကား မျက်လုံးတလုံး ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ သူမတွင် ကျန့်ပါ့ရှန်းကဲ့သို့ ကိုယ်လက်အင်္ဂါများ ပြန်လည်ကောင်းမွန်လာစေသော စွမ်းရည်မရှိ။ ထို့ကြောင့် မျက်လုံးတလုံး ပျက်စီးခြင်းသည် သူမအဖို့ တသက်စာပင်။ ထိုအခါ မိမိ၏ ရုပ်ရည်ကို အလွန်တရာ ဂုဏ်ယူတတ်သော တတိယမယ်တော်ခွန်အဖို့ အရူးတယောက်ပမာ ခံစားလိုက်ရသည်။
သူမသည် တိုက်ပွဲစည်းဝိုင်းအတွင်းသို့ တမုဟုတ်ချင်း ပြန်လည်ခုန်ဝင်လာ၏။ ထိုအချိန်တွင် ကျန်လူများသည် ဦးလေးဆယ့်တစ်နှင့် အသည်းအသန် တိုက်ခိုက်နေဆဲသာ ရှိသေးသည်။ သို့သော် မည်သူမှ သူ့ပြိုင်ဘက်မဟုတ်ကြပေ။ ဤပုဂ္ဂိုလ်သည် နတ်ဆိုးတကောင်အလား တိုက်ပွဲစည်းဝိုင်းအတွင်း လွန်းထိုးလှုပ်ရှားကာ ကျန်းတိန်ယွဲ့တို့လူစုကို ခေါင်းမဖော်နိုင်အောင် တိုက်ခိုက်လျက်ရှိသည်။
ထိုအချိန်တွင် ကျန်းတိန်ယွဲ့တို့ဘက်မှ အစောင့်အတော်များများ သေဆုံးကုန်ကြလေပြီ။ မြေကြီးပေါ်တွင်ကား အလောင်းများနှင့် ပြည့်နှက်လျက်ရှိသည်။
သို့သော် အစုလိုက်အပြုံလိုက် လူသတ်ပွဲကား ဆက်လက်ဖြစ်ပွားလျက်သာ ရှိ၏။ ဦးလေးဆယ့်တစ်သည် အလွန်သေးအေးလှသော လူသတ်သမားတယောက် ဖြစ်ပုံရသည်။ သူသည် ကျန်းတိန်ယွဲ့နှင့် သူ့အဖော်များ မည်မျှပင် အသနားခံနေစေကာမူ တယောက်ပြီးတယောက် လက်ရဲဇက်ရဲနှင့် သတ်ဖြတ်လျက်ရှိလေသည်။
ခွေးသူတောင်းစား...
တတိယမယ်တော်ခွန်သည် အကြီးအကျယ် ဒေါသူပုန်ထလျက် ရှိချေပြီ။
ထိုအခိုက်မှာပင် နူးညံ့လှသော ရယ်မောသံတချက်ကို သူမ ကြားလိုက်ရ၏။ ရယ်သံမှာ သိပ်မကျယ်လှ။ သို့သော် ထိုရယ်သံသည် တတိယမယ်တော်ခွန်၏ နှလုံးသားအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွား၏။
သူမက ရယ်သံ ထွက်ပေါ်လာရာ နေရာကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။ ထိုအခါ ခပ်လှမ်းလှမ်းမှ သူမကို စိုက်ကြည့်နေသော စုချန်းကို မြင်တွေ့လိုက်ရ၏။
စုချန်းသည် သူမကို တည့်တည့်မတ်မတ်ပင် စိုက်ကြည့်နေလေသည်။ သူ့မျက်နှာပေါ်တွင်တော့ အလွန်တောက်ပသော အပြုံးတမျိုး ပေါ်ပေါက်နေ၏။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသောအခါ စုချန်းက နှုတ်ခမ်းကို လှုပ်ရုံမျှ လေသံနှင့် ရေရွတ်လိုက်သည်။
"လူမိုက်တွေ"
စုချန်း ဘာပြောလိုက်မှန်း သဲသဲကွဲကွဲ မကြားလိုက်သည့်တိုင် တတိယမယ်တော်ခွန်အနေနှင့် သူ့စကားကို ခန့်မှန်းရုံလောက်တော့ ခန့်မှန်းနို်င်၏။
စုချန်းကား သူမတို့ကို လှောင်ပြောင်နေခြင်းပေတကား။
ခွေးကောင်လေး...
တတိယမယ်တော်ခွန်က ကြိတ်၍ ကျိန်ဆဲလိုက်သည်။ စုချန်းကား ကစားပွဲတခုကို ဘေးမှရပ်ကြည့်နေသည့်ပမာ သူမတို့ကို ကြည့်ရင်း လှောင်ပြောင်လျက်ရှိလေ၏။
ဒါတွေအကုန်လုံးဟာ ဒင်းစနက်တွေပဲ...
စုချန်းကား ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ် ပေးလိုက်သလိုလိုနှင့် သူမတို့ကို ဘေးဒုက္ခရောက်စေခဲ့ပြီကော...
လက်စသတ်တော့ ဒါတွေအကုန်လုံးဟာ ဒင်းရဲ့အကြံတွေပဲကိုး...
တတိယမယ်တော်ခွန်သည် စက္ကန့်ပိုင်းအတွင်း ဖြစ်ရပ်တခုလုံးကို နားလည်သဘောပေါက်သွား၏။
သူမ အကြီးအကျယ် စိတ်နာလာ၏။ ထို့နောက် သူမသည် ဦးလေးဆယ့်တစ်ကို တိုက်ခိုက်နေရာမှ ဦးတည်ချက်ပြောင်းကာ စုချန်းဆီသို့ တဟုန်ထိုး ခုန်ဝင်လိုက်တော့သည်။ သူမနှင့်အတူ စုချန်းကိုပါ သေရွာသို့ အတူတကွ ခေါ်သွားရန် ဆုံးဖြတ်လိုက်ခြင်းပင်။
တတိယမယ်တော်ခွန် ခုန်ဝင်လာသည်ကို မြင်သည်နှင့် စုချန်းက ဇုချန်းညှို၏ လက်ကို ဆွဲရင်း ပြောလိုက်သည်။
"သတိထား ဒီမိန်းမ ရူးနေပြီ ကျုပ်ကို ကာကွယ်ပေးအုံး"
ထိုသို့ ပြောပြီးသည်နှင့် သူက ဇုချန်းညှိုကို သူ့ရှေ့သို့ တွန်းပို့လိုက်၏။
ဇုချန်းညှိုကား ဤအခြေအနေကို အနည်းငယ်မျှ မျှော်လင့်မထား။ ထိုအခါ သူမသည် နဝေတိမ်တောင်နှင့် တတိယမယ်တော်ခွန်၏ လမ်းကြောင်းကို သွားရောက်ပိတ်ဆို့လျက်သား ဖြစ်သွားလေသည်။
တတိယမယ်တော်ခွန်သည် ဇုချန်းညှိုကိုလည်း စုချန်းနှင့်် ထပ်တူထပ်မျှပင် မုန်းတီးနေ၏။ သူမ၏ ရှေ့တွင် ဇုချန်းညှို ရောက်လာသည်ကို တွေ့သည်နှင့် လက်သည်းဖြင့် အားရပါးရ ကုပ်ချလိုက်တော့သည်။
တတိယမယ်တော်ခွန်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင် ဖြစ်သည်။ ဇုချန်းညှိုသည် နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင် ဖြစ်နေသည့်တိုင် စွမ်းအင်နယ်ပယ်နှစ်ခုအကြား ကွာဟချက်က ကြီးမားလှ၏။ ဇုချန်းညှိုအနေနှင့် တတိယမယ်တော်ခွန်၏ ဤတကွက်ကို မည်သို့မျှ ရှောင်တိမ်းနိုင်စွမ်းမရှိ။
ထိုအခိုက်မှာပင် ဦးလေးဆယ့်တစ်သည် မျက်လှည့်ပြလိုက်သကဲ့သို့ ဇုချန်းညှို၏ ရှေ့တွင်ပေါ်လာပြီး တတိယမယ်တော်ခွန်၏ ဦးခေါင်းကို လက်ဝါးဖြင့်် ရိုက်ချလိုက်တော့သည်။ ဖရဲသီးကို ဓားထက်ထက်ဖြင့် ထက်ခြမ်းခွဲလိုက်သည့်ပမာ တတိယမယ်တော်ခွန်၏ ဦးခေါင်းသည် နှစ်ခြမ်းကွဲသွား၏။ ဦးနှောက်နှင့် အသားစိုင်များ၊ သွေးများ မြေကြီးပေါ်တွင် ပြန့်ကျဲသွားလေသည်။
ထိုအခြေအနေကို အခွင့်ကောင်းယူကာ တခြားလူများက ဦလေးဆယ့်တစ်ကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြ၏။
ဦးလေးဆယ့်တစ်သည် ၎င်းတို့၏ တိုက်ခိုက်မှုများကိုဘအနည်းငယ်မျှ ဂရုမစိုက်။ သူ့အနေနှင့် အလွယ်တကူ ရှောင်တိမ်း၍ ရနေသည် မဟုတ်ပါလား။
သို့သော် ထိုအချိန်မှာပင် သူက တစုံတခုကို စဉ်းစားမိလိုက်သည်။
လက်ရှိတွင် သူသည် ဇုချန်းညှို၏ ရှေ့တွင် မတ်တပ်ရပ်နေ၏။
သူသာ ရှောင်တိမ်းလိုက်ပါက တိုက်ခိုက်မှုများအားလုံး ဇုချန်းညှိုဆီသို့သာ စုပြုံကျရောက်လာပေတော့မည်။