← Chapters

ကမ္ဘာ၏ မယုံကြည်နိုင်မှု

Vol. 6 Ch. 593

ကမ္ဘာ၏ မယုံကြည်နိုင်မှု

Vol. 6 Ch. 593

"ချန်းပေ့ရွှမ်းက အမေရိကန် စစ်တပ်ကို တိုက်ခိုက်ခဲ့တယ် ... " ထိုသတင်း ပျံ့နှံ့သွားသည်နှင့် တစ်ကမ္ဘာလုံး အံ့အားသင့် သွားကြတော့၏။

အမေရိကန်သည် ၁၉၅၀ အလွန်မှ စ၍ ကမ္ဘာ့၏ အရှင်သခင် ဖြစ်လာခဲ့သည်။

သူတို့သည် ခရစ်ယာန် ဘုရားကျောင်းကို ကမ္ဘာ့ စင်မြင့်မှ ပျောက်ကွယ်ရန် တွန်းအား ပေးနိုင်ခဲ့ သလို  အမှောင် ခုံရုံးကိုလည်း အင်္ဂလန်တွင်သာ အခြေစိုက်ရန် ဖိအားပေးနိုင်ခဲ့သည် အထိ အင်အား ကြီးမားခဲ့သည်။

ဥရောပ ဒေသတွင်း  နိုင်ငံများစွာ စုပေါင်းထားသည့် ဥရောပ ယူနီယံ ပင်လျှင် အမေရိကန်အား မယှဉ်နိုင်ပေ။

အခြားတစ်ဖက်၌ ချန်းဖန်သည် ကမ္ဘာ၏ အစွမ်း အထက်ဆုံးသော ပုဂ္ဂိုလ် ဖြစ်သည်။ သူ့အား "မဟာအင်အားကြီး ချန်း" ဟုပင် ခေါ်ဆိုကြသည်။

သူသည် ဥရောပ ယူနီယံ၏ မြေထဲပင်လယ် ရေတပ်ကို အနိုင်ယူခဲ့ အပြင် အမှောင် ခုံရုံးကိုလည်း အမြစ်မှ စ၍ ရှင်းလင်းပစ်ခဲ့သည်။

ထိုကဲ့သို့သော အင်အားစု နှစ်ခု၏ တင်းမာသော အခြေအနေက ကမ္ဘာရှိ လူတိုင်းအား စိတ်ဝင်စားစေသည်။

"ချန်းပေ့ရွှမ်းက အမေရိကန် ရေတပ်ကို တိုက်ခိုက်ခဲ့တာ တကယ်ကြီးလား ...  အမေရိကန်က သူ အနိုင်ယူခဲ့တဲ့ ဥရောပ မဟုတ်ဘူးနော် ... "

"အင်းလေ ...  ဥရောပရဲ့ ရေတပ် အင်အားစုတွေ အကုန်လုံး ပေါင်းရင်တောင် အမေရိကန်ရဲ့ ဒုတိယမြောက် ရေတပ်ကို မယှဉ်နိုင်ဘူး ...  အမေရိကန်က ကမ္ဘာရဲ့ အကြီးမားဆုံး အင်အား ဆိုတာ ချန်းပေ့ရွှမ်း မသိတာလား ... "

"ချန်းပေ့ရွှမ်းက ရူးသွားတာလား ...  အမေရိကန်က သတ်မှာ သူ မကြောက်ဘူးလား"

များစွာသော လူများက ချန်းဖန်၏ အဆင်အခြင်မဲ့မှု အတွက် ခေါင်းခါမိကြသည်။

ချန်းဖန်သည် ပုဂ္ဂိုလ်ရေး အရ အလွန်ပင် အစွမ်းထက်သည်။ သူ၏ လက်အောက်၌ ဥရောပ ယူနီယံ၏ တပ်များပင်လျှင် ကျဆုံး ရသည်။ သို့သော်လည်း သူ ယခု ရင်ဆိုင်နေရသည့် ရန်သူမှာ အမေရိကန် ဖြစ်သည်။

ရုရှားနှင့် ဥရောပသည် တစ်ချိန် တစ်ခါက တောက်ပခဲ့သည် ဆိုသော်လည်း ထိုအရာများသည် သမိုင်းစာအုပ်တွင်သာ ကျန်ရစ်ခဲ့သည့် အိုဟောင်းသော အရာများ ဖြစ်သည်။ ယနေ့ခေတ်ကား အမေရိကန် ပြည်ထောင်စု၏ ခေတ် ဖြစ်သည်။

အမေရိကန်၏ စစ်အင်အားသည် ကမ္ဘာပေါ်ရှိ နိုင်ငံ အားလုံးပေါင်း၏ အင်အားထက်ပင် ပိုမို သာလွန်သည်။ အာရှ၏ တရုတ်သည် နည်းပညာပိုင်း၌ တဟုန်တည်း တိုးတက်လာသည် ဆိုသော်လည်း အမေရိကန်နှင့် ယှဉ်လျှင် နှစ်နှစ်ဆယ်ခန့် နောက်ကျ ကျန်ရစ်နေဆဲ ဖြစ်သည်။

***

စီအိုင်အေ၏ သီးသန့်ဖိုရမ် တစ်ခုလုံးကား ပို့စ် အသစ်များဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေ၏။

"ချန်းပေ့ရွှမ်းက အမေရိကန်ကို ဘာလို့ တိုက်ခိုက်တာလဲ ...  တစ်ယောက်ယောက်များ သိကြသလား"

တစ်ယောက်က ပို့စ်တင်ကာ မေးသည်။

"ငါ သိရသလောက်ဆို အမေရိကန်က နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့ကို လွှတ်ပြီး ချန်းပေ့ရွှမ်းကို လုပ်ကြံခိုင်းတယ် တဲ့ ...  ဒါပေမဲ့ ချန်းပေ့ရွှမ်းက အခြေအနေတွေကို ပြောင်းပြန် လှန်ပစ်ပြီး သူတို့ကို ပြန်လိုက်သတ်တယ် တဲ့ ...  အဲဒီလို နတ်ဘုရား သတ်ဖြတ်ရေး အဖွဲ့ရဲ့ လူတစ်ယောက် နောက်ကို လိုက်ရင်းနဲ့ ချန်းပေ့ရွှမ်းနဲ့ အမှတ်(၁၇) ရေတပ်တို့ မြောက်ပင်လယ်မှာ ထိပ်တိုက် တွေ့တာပဲ တဲ့ ...  အဲဒီနောက်  အမှတ်(၁၇) ရေတပ်ကိုပါ ချန်းပေ့ရွှမ်းက ဖျက်ဆီး လိုက်တယ်တဲ့လေ"

တစ်ယောက်က ပြန်ဖြေလိုက်သည်။

သူ၏ အဖြေက ဖတ်မိသူတိုင်းအား မယုံကြည်နိုင်မှုဖြင့် ဆွံ့အ သွားစေသည်။

အမေရိကန်၏ အမှတ်(၁၇) ရေတပ်သည် ကမ္ဘာ ပေါ်ရှိ နိုင်ငံ အများစု၏ ရေတပ် အင်အားထက်ပင် ပိုမို သာလွန်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းက ထိုရေတပ်အား ဖျက်ဆီးခဲ့သည် ဟု ဆိုသည်။

"အမေရိကန်ရဲ့ နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့ ဟုတ်လား ...  အမေရိကန်က သူတို့ရဲ့ လျှို့ဝှက် လက်နက်ကို ထုတ်သုံးလိမ့်မယ် လို့ ငါ မထင်ထားမိဘူး"

အမေရိကန် စစ်တပ်နှင့် ရင်းနှီးမှု ရှိသူ တချို့က ရေးကြသည်။

"နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့ ဆိုတာ ဘာလဲ... ငါလည်း တစ်ခါမှ မကြားဖူးပါလား ...  အမေရိကန်မှာ တန်ခိုးရှင် အဆင့် တစ်ယောက်မှ မရှိဘူးလို့တောင် ငါ ထင်ထားတာ"

ဖြူနက် နတ်ဆိုး အမဲလိုက်သူက နားမလည်စွာ မေးလိုက်သည်။

"အမေရိကန်မှာ ကျင့်ကြံသူ တန်ခိုးရှင် ရှိချင်မှ ရှိမယ် ...  ဒါပေမဲ့ ဓာတ်ခွဲခန်းထုတ် တန်ခိုးရှင်တော့ ရှိမှာ သေချာတယ် ...  အမေရိကန်ရဲ့ လက်ရှိ နည်းပညာနဲ့ ဆိုရင် တန်ခိုးရှင် အဆင့်ကို ဖန်တီးဖို့က ခက်မယ် မထင်ဘူးလေ"

သွေးတောင်ပံ အဖွဲ့၏ ခေါင်းဆောင်က အဖြေပေးသည်။

"အမှန်ပဲ ...  အင်္ဂလန်မှာ ဆိုရင် သွေးစစ်သည်တွေ ရှိတယ် ...  ရုရှားမှာလည်း သွေးဝံပုလွေ စစ်တပ် ရှိတယ် ...  အမေရိကန်ရဲ့ နည်းပညာက အင်္ဂလန် ရုရှားတို့ထက် အများကြီး မြင့်တယ် ...  သူတို့က အထူး စွမ်းအား ရှိတဲ့ ကလေးတွေ အတွက် မှော်ကျောင်းတွေတောင် ဖွင့်ထားတယ်လို့ ငါ ကြားတယ် ... "

တိုက်ပွဲဘုရင်က ရေးသည်။

"နောက်ပြီးတော့ ...  အမေရိကန်မှာ နတ်ဘုရား ဝတ်စုံလို့ ခေါ်တဲ့ အထူး ဝတ်စုံတွေလည်း ရှိတယ် တဲ့ ...  အဲဒီ ဝတ်စုံကို ဝတ်တာနဲ့ တန်ခိုးရှင် တစ်ယောက်တောင် သူတို့ကို သတ်နိုင်မှာ မဟုတ်တော့ဘူး ဆိုပဲ ...  အဲဒါက အမှန်လား ဆိုတာတော့ ငါလည်း သေချာ မသိဘူး"

တိုက်ပွဲဘုရင်၏ မျှဝေပေးမှုက လူ အများအား ဆွံ့အ သွားစေသည်။ သူ၏ စကားသာ အမှန်ဆိုလျှင် အမေရိကန်သည်  လက်ရှိ ကမ္ဘာထက် တစ်ဆင့်မြင့်သော နည်းပညာကို ပိုင်ဆိုင်ထားသည် ဟုပင် ဆိုနိုင်သည်။

"အဲဒါက အမှန်ပဲ ...  အမေရိကန်က အထူး ဝတ်စုံတွေကို စမ်းသပ် ထုတ်လုပ်နေတာ နှစ်ဆယ်ချီ နေပြီ ...  နောက်ဆုံးထုတ် ဝတ်စုံ တစ်ချို့ဆို နျူကလီးယား ပေါက်ကွဲမှုကနေတောင် ကာကွယ် ပေးနိုင်တယ်တဲ့"

မစ္စတာ လေ့လာသူက ဝင်ရောက် ရေးလိုက်သည်။

"ဘယ်လို ...  လာနောက် နေတာလား"

သူ၏ စကားက ဖိုရပ် တစ်ခုလုံးအား အုံ့ကြွ သွားစေ၏။

"မစ္စတာ လေ့လာသူ ...  အမေရိကန်က အဲ့လို လျှို့ဝှက်ချက်မျိုးကို အကြာကြီး ဘယ်လို ထိန်းသိမ်း ထားတာလဲ"

ဖြူနက် နတ်ဆိုး အမဲလိုက်သူက မေးလိုက်သည်။

"အမေရိကန် အစိုးရရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်တာ ဆိုလို့ ကုလ သမဂ္ဂ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေရယ် ခရစ်ယာန် ဘုရားကျောင်းနဲ့ အမှောင်ခုံရုံးလောက်ရယ်ပဲ ရှိတယ် ... "

မစ္စတာ လေ့လာသူက ခဏမျှ ရပ်ကာ ဆက်လက် ရေးလိုက်သည်။

"အမေရိကန်ရဲ့ နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့နဲ့ နတ်ဘုရား ဝတ်စုံ ...  နောက်ပြီး လျှပ်စစ်သံလိုက် အမြောက် ...  အဲဒါတွေ အားလုံးက ခရစ်ယာန် ဘုရားကျောင်းနဲ့ အမှောင် ခုံရုံး အတွက် ဖန်တီးထားတာ ...  တကယ်လို့ ချန်းပေ့ရွှမ်းကသာ အမည်မသိ လက်နက်ကို ထုတ်မပြခဲ့ရင် အမေရိကန်ကလည်း သူတို့ရဲ့ လျှို့ဝှက် လက်နက်တွေကို ထုတ်သုံးမှာ မဟုတ်ဘူး"

အမေရိကန်သည် စစ်စခန်းပေါင်း တစ်ရာ့ ရှစ်ဆယ်ကို ကမ္ဘာနေရာ ဒေသ အနှံ့၌ အခြေစိုက် ထားသည်။ သူတို့သာ သတ်ချင်ပါက တန်ခိုးရှင် အဆင့်ပင် ပြေးလွတ်လိမ့်မည် မဟုတ်ပေ။ သူတို့ အထူး ထုတ်လုပ်ထားသည့် လက်နက်များ ဆိုလျှင် မည်မျှ အစွမ်းထက်နေမည်မှာ ပြောနေစရာပင် မလိုချေ။

"ဒါပေမဲ့ အထူး ဝတ်စုံတွေ လျှပ်စစ်သံလိုက် အမြောက်တောင်နဲ့တောင် ...  အမေရိကန်က ချန်းပေ့ရွှမ်းကို မသတ်နိုင်ခဲ့ဘူးနော်"

တစ်ယောက်က မေးလိုက်သည်။

"ငါရထားတဲ့ အချက်အလက်တွေ အရဆို အမေရိကန်က ချန်းပေ့ရွှမ်းကို သတ်ဖို့ အတွက် အထူး ဝတ်စုံ တစ်ဒါဇင် နတ်ဘုရား ဝတ်စုံ တစ်ခု  ကောင်းကင် အရှင်သခင် ခန္ဓာကိုယ် ပိုင်ရှင် ကိုးယောက် အပြင် လျှပ်စစ်သံလိုက် အမြောက် သုံးစင်း အထိ သုံးခဲ့တယ် ... "

မစ္စတာ လေ့လာသူက ရှည်လျားစွာ ရေးသည်။

"လျှပ်စစ်သံလိုက် အမြောက်တွေကို ထိန်းချုပ်တဲ့ သူတွေက ပညာရှိများ လို့ ခေါ်တဲ့ လျှို့ဝှက် အဖွဲ့ကလူတွေ တဲ့ ...  သူတို့တွေက ကောင်းကင် ဝိညာဉ်သခင်တွေချည်းပဲ ...  လျှပ်စစ်သံလိုက် အမြောက်တွေက အသံထက် ဆယ်ဆ မြန်အောင် ပစ်နိုင်တယ် ...  ဒါပေမဲ့ အဲဒါတွေက ချန်းပေ့ရွှမ်းရဲ့ ဆံပင် တစ်ပင်ကိုတောင် မဖျက်ဆီး နိုင်ခဲ့ဘူးတဲ့လေ"

မစ္စတာ လေ့လာသူ၏ ရှင်းလင်းချက်က လူတိုင်းအား တိတ်ဆိတ် သွားစေ၏။

အရှင်သခင် ခန္ဓာကိုယ် ပိုင်ရှင် ကိုးယောက်၊ နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့၊ ကောင်းကင် ဝိညာဉ်သခင် နှင့် လျှပ်စစ်သံလိုက် အမြောက်...။

ထိုကဲ့သို့သော အင်အားစုကြီးပင် ချန်းပေ့ရွှမ်းကို အနိုင် မယူနိုင်ဟု ဆိုသည်။ ချန်းပေ့ရွှမ်းသည် လူသား ဟုတ်ပါသေး၏လော။

"ဖြစ်နိုင်တာက ...  နျူကလီးယား တစ်ခုပဲ ချန်းပေ့ရွှမ်းကို ခြိမ်းခြောက် နိုင်တော့မယ်နဲ့ တူတယ်"

မစ္စတာ လေ့လာသူက စကားဝိုင်းကို သုံးသပ်ချက်ဖြင့် အနှစ်ချုပ် လိုက်တော့၏။

***

"ချန်းပေ့ရွှမ်းက အမေရိကန် သင်္ဘောတွေကို မြှုပ်ပစ်လိုက်တယ် ဟုတ်လား ... "

ကျားဖြူမှာ ထိုသတင်းကို ကြားကြားချင်း ထိုင်ခုံမှပင် ထခုန်လိုက်မိသည်။

ထိုလုပ်ရပ်က အမေရိကန်ကို စော်ကားလိုက်ခြင်းနှင့် အတူတူပင်။ ပြဿနာများကား နောက်ပြန်လှည့်၍ ရတော့မည် မဟုတ်ချေ။

"ဒါရိုက်တာ ...  အမေရိကန်က ဒီကိစ္စမှာ စမှားခဲ့တာလို့ ကျွန်မ ထင်တယ် ...  ကျွန်မတို့ အနေနဲ့ ချန်းပေ့ရွှမ်း ဒုက္ခရောက်မှာကို ဒီ အတိုင်း ထိုင်ကြည့် မနေသင့်ဘူးလို့ ထင်တယ်"

ပျံလွှားနီလေးက ဆိုလိုက်သည်။

သူမသည် အထူးဌာန၏ စစ်သား တစ်ယောက် ဖြစ်ရာ အမေရိကန် မည်မျှအထိ မောက်မာကြောင်းအား သိရှိထားသည်။ သူတို့သည် ချန်းပေ့ရွှမ်းအား သတ်ဖြတ်ရန် အတွက် မည်မျှ ကြီးမားသည့် အရင်းအနှီးကို မဆို ထုတ်သုံးမည်မှာ သေချာသည်။

"စစ်မပူနဲ့ ...  ဗိုလ်ချုပ်ချန်းက ငါတို့လူ တစ်ယောက်ပဲဟာ ...  သူ့ကို ငါတို့ ကူညီမှာပါ"

ဒါရိုက်တာ ရှောင်က ထိုင်ရာမှ ထရင်း ဆိုလိုက်သည်။

"ခေါင်းဆောင်ကြီးတွေကို ငါ သွားပြီး တင်ပြလိုက်ဦးမယ် ...  ငါတို့ အနေနဲ့ ချန်းပေ့ရွှမ်းရဲ့ အသက်အတွက် တာဝန်ယူဖို့ မသေချာပေမဲ့ ...  သူ့မိသားစုကိုတော ဘေးကင်း လုံခြုံအောင် လုပ်ပေးရမယ်"

များစွာသော နိုင်ငံ ခေါင်းဆောင်များသည် ချန်းဖန်၏ အကြောင်းကို ကြားသည်နှင့် ဆွံ့အ ကုန်ကြ၏။ အချို့က ချန်းဖန်၏ ရဲရင့်မှု အတွက် ချီးကျူးမိကြသည်။ သို့သော်လည်း အချို့ကမူ ချန်းဖန်၏ အနာဂတ် အတွက် ခေါင်းခါ မိကြသည်။

"ချန်းပေ့ရွှမ်းသာ အမေရိကန်နဲ့ ပြဿနာမှာ အသက်ရှင် လွတ်မြောက်နိုင်ခဲ့ရင် ...  သူက မဟာအင်အားကြီး ချန်းဆိုတဲ့ နာမည်နဲ့ တကယ်ပဲ ထိုက်တန်ပြီ"

အမှောင်ကမ္ဘာ၏ ခေါင်းဆောင် တစ်ယောက်က မှတ်ချက်ချ၏။

အခြားလူများက သူ၏ မှတ်ချက်အား ကြောက်ရွံ့စွာဖြင့် ခေါင်းညိတ် မိကြသည်။

အကယ်၍ ချန်းဖန်သာ အမေရိကန်၏ အနေအထားကို ယိမ်းယိုင်အောင် လုပ်နိုင်ပါက ကမ္ဘာ၏ အရှင်သခင် အသစ် ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။

***

ချန်းဖန်ကမူ အခြားလူများ၏ စိတ်ဝင်စားမှုကို သိလည်း မသိ သလို ဂရုလည်း မစိုက်ချေ။ သူသည် တိုက်ပွဲဖြစ်ပွားရာ မြောက်ပင်လယ်မှ လန်ဒန်ဆီသို့ လျင်မြန်စွာ ပျံသန်းနေခဲ့သည်။

သူ့အနေဖြင့် အဓိက တာဝန်ရှိသူ တစ်ဦးကို သတ်ဖြတ်ရပေဦးမည်။

အက်ဒီလမ့်သည် အမေရိကန် စစ်တပ်ကို အမိန့်ပေးနိုင်သူ မဟုတ်သည့်တိုင် ယခု ကိစ္စ၌ အဓိက လှုံ့ဆော်ခဲ့သူ ဖြစ်သည်။

"အက်ဒီလမ့် ...  မင်း အပြစ်အတွက် လမ့် မိသားစု တစ်ခုလုံးပါ ငါသတ်ပစ်မယ်"

ချန်းဖန်က တော်ဝင်ဟိုတယ်အား လှမ်းမျှော်ကြည့် လိုက်၏။ ထိုခဏ၌ သူ၏ မျက်လုံးတွင် အေးစက်မှု တစ်ခု လျှင်မြန်စွာ ဖြတ်ပြေးသွား၏။

အင်္ဂလန် နိုင်ငံ၊ လန်ဒန်မြို့၊ တော်ဝင်ဟိုတယ် ...

"မစ္စတာ Mc ကိမ်း ...  ခင်ဗျားဟာက အဆင်ရော ပြေပါ့ မလား ... "

အက်ဒီမှာ ယခုထိ စိတ်ပူနေဆဲ ဖြစ်သည်။

"မင်းကိုမင်းလည်း ကြည့်ပါဦး အက်ဒီ ...  အခုထိ ငါ့ကို မယုံကြည်သေးဘူး ...  ဘယ်လို လူမျိုး ဖြစ်ဖြစ် ကလာ့ခ်တို့ လက်ကနေ  လွတ်မှာ မဟုတ်ဘူး ဆိုတာ မှတ်ထား"

Mc ကိမ်းက ယုံကြည်ချက် ရှိစွာ ဆိုလိုက်သည်။

ထိုစဉ်မှာပင် ရုတ်တရက် သူ၏ ဖုန်း မြည်လာ၏။ သူက ဖုန်းကို ကောက်ကိုင်ကာ အက်ဒီအား တစ်ချက် မျက်လုံး မှိတ်ပြလိုက်၏။

"တွေ့လား ...  သူတို့ ပြီးနေလောက်ပြီ ... "

Mc ကိမ်းက ဖုန်းကို ပေါ့ပေါ့ပါးပါးပင် သူ၏ နားသို့ ကပ်လိုက်သည်။ သို့သော်လည်း ခဏ အကြာ၌ သူ၏ မျက်နှာက မည်းမှောင်တက် လာခဲ့တော့သည်။

"ဘာ ...  နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့ ရှုံးသွားတယ် ...  ချန်းပေ့ရွှမ်းလည်း အသက်ရှင်နေတုန်း ဟုတ်လား ... "

ရုတ်တရက် ဟိုတယ် စားသောက်ဆိုင်က တိတ်ဆိတ်သွား သလို အက်ဒီ၏ မျက်နှာသည်လည်း ရုတ်ခြည်းပင် ဖြူရော် သွားတော့၏။

***

All Chapters