ဝိညာဥ်တံခါး
Vol. 31 Ch. 436
...
ဘယ်လက်ရုံးအစောင့်အရှောက်၏ လက်ချောင်းလေးများ အာရန်၏ နဖူးနှင့် ထိတွေ့မိလိုက်သည်နှင့် အာရန်၏ မျက်လုံးသူငယ်အိမ်များသည် ရုတ်တရက် မည်းမှောင်သွားခဲ့သည်။
သူ့အတွက် ကမ္ဘာကြီးတစ်ခုလုံးသည် မှောင်မိုက်မှုများဖြင့် ဖုံးအုပ်သွားသည့်အလား ဖြစ်သွားခဲ့ပြီး အချိန်သည်ပင် နှေးကွေးသွားခဲ့လေသည်။
ဘယ်လက်ရုံးအစောင့်အရှောက်မှ ဝိညာဉ်ရှာဖွေခြင်းကို စတင်လိုက်သည်နှင့် မှောင်မိုက်ပြီး အဆုံးအစမဲ့သော မြူခိုးမှုန်များသည် အာရန်၏ ဦးခေါင်းထဲသို့ စတင် စိမ့်ဝင်လာနေခဲ့၏။
ဤလုပ်ငန်းစဉ်သည် စိတ်ဝိညာဉ်အပေါ် အလွန်ပြင်းထန်သည့် ထိခိုက်မှုဖြစ်စေနိုင်သည်ဟု လူသိများပြီး အတွေ့အကြုံမရှိသော ပုဂ္ဂိုလ်တစ်ဦးကသာ ထိုအရာကို လုပ်ဆောင်မိပါက အားနည်းသော ဝိညာဉ်များသည် လုပ်ငန်းစဥ်မစတင်ခင်မှာပင် ပျက်စီးသွားနိုင်ချေရှိနေလေသည်။
သို့သော် အာရန်အတွက်ကံကောင်းသည်မှာ ဘယ်လက်ရုံးအစောင့်အရှောက်သည် ဤစွမ်းအင်အသုံးပြုမှုတွင် လွန်စွာကျွမ်းကျင်ပိုင်နိုင်သူတစ်ဦးဖြစ်နေခြင်းပင်။
အာရန်၏ စိတ်ဝိဉာဏ်သည် တစ်စုံတစ်ယောက်မှ ဝင်ရောက် ကျူးကျော်ခံထားရသော်လည်း သူသည် မည်သည့်တုံပြန်မှုမျှ မပြသခဲ့ချေ။
သူ၏ လက်သီးများသည် တင်းတင်းကျပ်ကျပ် ဆုပ်ထားဆဲဖြစ်ပြီး ထိုလက်ထဲတွင် မှိန်ဖျော့စွာ တောက်ပနေသော သစ်သားမျက်နှာဖုံးအား ဖုံးကွယ်ထားခဲ့၏။
အာရန်၏ ခန္ဓာကိုယ်သည် ထိုစိတ်ဝိဉာဏ်တိုက်ခိုက်မှုအောက်တွင် တစ်ချက်မျှ တောင့်တင်းသွားခဲ့သော်လည်း သူ၏ မျက်နှာတွင်မူ မည်သည့်ပြောင်းလဲမှုမျှ မဖြစ်ပေါ်ခဲ့ပေ။
ဘယ်လက်ရုံးအစောင့်အရှောက်သည် အံ့အားသင့်စွာပင် အာရန်၏ ဦးခေါင်းအတွင်းသို့ သူ၏ သိစိတ်ကို လွယ်ကူစွာ ပို့လွှတ်နိုင်ခဲ့ပြီး အာရန်ဆီမှ ခုခံမှု အနည်းငယ်သာ တွေ့ကြုံခဲ့ရလေသည်။
သူမ၏ သိစိတ်ဝိညာဥ်သည် အာရန်၏ သိစိတ်ပင်လယ်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး ဝိညာဥ်တံခါး၏ အပြင်ဘက်တွင် ရပ်တန့်နေခဲ့သည်။
ဤတံခါးနောက်ဘက်တွင် အာရန်၏ မှတ်ဉာဏ်များ ရှိနေမည်ဖြစ်၏။
သူမသည် အာရန်၏ ဝိညာဥ်တံခါးကို မြင်လိုက်ရသောအခါ အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
တံခါးသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အလွန်တရာ ကြီးမားနေခဲ့ပြီး သူမ တစ်ခါမျှ မမြင်ဖူးသည့် ထူးခြားသော ပုံစံတစ်မျိုးဖြင့်တည်ရှိနေခြင်းဖြစ်၏။
သူမသည် နစ်ခရိုမန်ဆာမျှော်စင်မှ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဝိညာဉ်များကို ကိုင်တွယ်ရာတွင် အတွေ့အကြုံများစွာ ရှိခဲ့ဘူးလေသည်။
သို့တိုင်အောင် သူမသည် ဤကဲ့သို့သော အရာမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ပုံမှန်အားဖြင့် လူသားတစ်ဦး၏ စိတ်ဝိညာဥ်ကို ကာကွယ်ပေးထားသော ဝိညာဥ်တံခါး သည် ရိုးရှင်းပြီး ယခုကဲ့သို့ ထင်ရှားသော ပုံစံများ ရှိမနေပေ။
ထို့ကြောင့် လူတစ်ယောက်၏ ဝိညာဉ် ခွန်အားကို ဆုံးဖြတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်း ဝိညာဥ်တံခါး၏ အရောင်များမှတစ်ဆင့်သာ ဖြစ်နိုင်လေ၏။
“ဒီလို တံခါးမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး... ဒါက ဘာကြီးလဲ”
သူမသည် တံခါးကို စူးစမ်းစွာဖြင့်စိုက်ကြည့်နေမိ၏။
ဝိညာဥ်တံခါးများတွက် အဆင့် ခုနစ်ဆင့် ရှိကြောင်း လူသိများပြီး ၎င်းတို့၏ ခွန်အားအရ အဆင့်သတ်မှတ်ထားခြင်းလည်း ဖြစ်လေသည်။
အဖြူရောင်၊ ခရမ်းရောင်၊ လိမ္မော်ရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင်နှင့် အနီရောင် တို့ဖြစ်ကြသည်။
သာမန်လူတစ်ဦး၏ ဝိညာဉ်တံခါးသည် အနီရောင်ဖြစ်ပြီး ထိုအရောင်ရှိသူသည် အားနည်းဆုံးသူပင်ဖြစ်လေ၏။
သူမ ရှာဖွေဖူးသည့် ဒဏ္ဍာရီအဆင့် သားရဲအချို့ပင်လျှင် ခရမ်းရောင် အဆင့်အထိသာ ရှိကြလေသည်။
အဖြူရောင်စစ်စစ် အခိုင်မာဆုံး ဝိညာဉ်တံခါးများကို ပိုင်ဆိုင်သူများသည် အရှင်သခင် လေးဦးတည်းသာ ရှိလေသည်။
ထူးဆန်းစွာပင် အာရန်၏ ဝိညာဉ်တံခါးတွင်မူ ထိုကဲ့သို့ အရောင်များ ရှိမနေခဲ့ပေ။
ယင်းအစား ၎င်းသည် သူမ တစ်ခါမျှ မမြင်ဖူးမကြားဘူးသော အရောင်တစ်မျိုးဖြစ်နေခဲ့၏။
အာရန်၏ ဝိညာဥ်တံခါးသည် အမှောင်ဆုံးညများထက်ပင် ပိုမိုမှောင်မိုက်၍ နက်မှောင်လွန်းနေခဲ့သည်။
၎င်းတွင် အရောင်အသွေးပင် ရှိနေဟန်မရဘဲ အလင်းရောင်ပင် ဤတံခါးရှေ့တွင် အရောင်တောက်ပနိုင်တော့မည့်ပုံ မပေါ်ပေ။
၎င်းဆီမှ မှောင်မိုက်လွန်းမှုကြောင့် မည်သည့်အရောင်မဆို အနားကပ်သွားမိပါက ဝါးမျိုခြင်းခံရမည့်ပုံပင်။
ထို့ထက်ပို၍ ထူးဆန်းသည်မှာ တံခါး၏ ပုံစံဖြစ်လေသည်။
၎င်းသည် လက်တံမရှိသော နာရီတစ်လုံးနှင့်ပင်ဆင်တူနေခဲ့ပြီး ၎င်း၏ အလယ်ဗဟိုတွင် သဲနာရီပုံစံတစ်ခုလည်း ရှိနေခဲ့ကာ ၎င်း၏ နှစ်ခြမ်းလုံးတွင် တူညီစွာ ဖြင့် ဗလာကျင်းနေလေသည်။
ထိုသဲနာရီပုံတွင် အက်ကွဲကြောင်းငယ်တစ်ခု ရှိနေခဲ့ကာ တစ်စုံတစ်ဦးက ပြီးပြည့်စုံစွာ ထွင်းထုထားသော ထိုသဲနာရီကို တမင်တကာ ဖျက်ဆီးခဲ့သလားဟုပင် ထင်မှတ်ရ၏။
ဘယ်လက်ရုံးအစောင့်အရှောက်သည် ထိုဝိညာဥ်တံခါးကို စိုက်ကြည့်လိုက်မိသောအခါ အနည်းငယ် စိတ်မသက်မသာဖြစ်မှုအချို့ကို ခံစားလိုက်ရသည်။
သူမသည် တံခါးအလယ်ရှိ သဲနာရီကို ပို၍ ကြည့်မိလေလေ သူမသည် ပို၍ ဆိုးရွားစွာ ခံစားရလေလေဖြစ်နေ၏။
၎င်းက သူမ မသိသော တစ်စုံတစ်ခုမှ သူမအား စောင့်ကြည့်နေသည့်အလား ခံစားရစေသော ထူးဆန်းသည့် ခံစားချက်တစ်ခုပင်ဖြစ်လေ၏။
သူမသည် နစ်ခရိုမန်ဆာမျှော်စင်တွင် စိတ်ဓာတ်အခိုင်မာဆုံးသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သော်လည်း ယခု ဝိညာဉ်ရှာဖွေခြင်းဖြစ်စဥ်ကိုမူ ဆက်လက်၍ လုပ်ဆောင်လိုစိတ် မရှိတော့ပေ။
ဤဝိညာဉ်တံခါးတွင် ထူးဆန်းသည့် အရာများစွာ ရှိနေသောကြောင့် သူမပင်လျှင် အနည်းငယ် တုံ့ဆိုင်းနေခဲ့မိသည်။
“သာမန်လူတစ်ယောက်ဆီမှာ ဒီလို ဝိညာဉ်တံခါးမျိုး ရှိနေမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရှာဖွေမှုကို ဆက်လုပ်စရာ မလိုတော့ဘူး”
အာရန်သည် မိသားစုခေါင်းဆောင်များ သေဆုံးခြင်းတွင် တာဝန်ရှိသူဖြစ်ကြောင်း သူမ အတည်ပြုနိုင်ခဲ့ပြီးဖြစ်၏။
ထိုလူများ၏ ဝိညာဉ်များကို ဖျက်ဆီးနိုင်သူသည် သာမန်လူတစ်ဦး မဖြစ်နိုင်ပေ။
ထိုဝိညာဉ်တံခါးအရ အာရန်သည် အစေခံအဖြစ် ဟန်ဆောင်နေသူ တစ်ဦးသာဖြစ်ကြောင်း သူမအား အတည်ပြုပေးခဲ့သည်။
သူမသည် တံခါးကို ကျောခိုင်းပြီး ထိုနေရာမှထွက်ခွာရန်ပြင်လိုက်သည်။
ထိုစဥ်မှာပင် အပြင်ဘက်ကမ္ဘာတွင် အာရန်၏ လက်ထဲရှိ သစ်သားမျက်နှာဖုံးလေးသည် ရုတ်တရက် အရောင်များ တောက်ပလာခဲ့ပြီး သူ၏ လက်ချောင်းများကြားမှတဆင့် အလင်းရောင်အချို့ပင် ထွက်ပေါ်လာခဲ့၏။
သို့သော် ကံကောင်းစွာပင် ထိုထွက်လာသော အလင်းရောင်အနည်းငယ်သည် ရူဘီ၏ အာရုံကို ဖမ်းစားနိုင်လောက်သည်အထိ မတောက်ပခဲ့ပေ။
ရူဘီသည် အာရန်ရှေ့တွင် ရုပ်တုကဲ့သို့ ရပ်နေသော ဘယ်လက်ရုံးအစောင့်အရှောက် ဆီကိုသာ ပို၍ အာရုံစိုက်နေမိခဲ့သည်။
“ဘာလို့ ထွက်သွားလို့ မရတာလဲ”
အာရန်၏ သိစိတ်ပင်လယ်အတွင်းတွင်ပင် ရှိနေဆဲဖြစ်သောကြောင့် ဘယ်လက်ရုံးအစောင့်အရှောက်၏ မျက်နှာအမူအရာများ ရုတ်တရက် မှောင်မိုက်သွားခဲ့ရသည်။
သူမသည် ထွက်ခွာရန် ကြိုးစားလိုက်သောအခါ မသိရသော အင်အားတစ်ခုမှ သူမအား တားဆီးထားသည်ဟု ခံစားလိုက်ရ၏။
ယခုအချိန်တွင် ဘယ်လက်ရုံးအစောင့်အရှောက်သည် သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကြားတွင် မည်သည့် ဆက်သွယ်မှုကိုမျှ မခံစားရတော့ပေ။
သူမသည် ထောင်ချောက်တစ်ခုအတွင်းသို့ ကျရောက်သွားပြီဟု သဘောပေါက်လိုက်သောအခါ သူမ၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားရခြင်းလည်း ဖြစ်လေသည်။
အကယ်၍ ဤလူငယ်သည် ဤမျှခွန်အားကြီးသူတစ်ဦးဖြစ်ပါက အဘယ်ကြောင့် သူမအား သူ၏ သိစိတ်ပင်လယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခွင့် ပေးခဲ့ရသနည်း။
အဖြေမှာ ရိုးရှင်းလှလေသည်။
ဤ လူငယ်က ဤသို့ ဖြစ်လာစေလိုသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။
“ရှင် ဘယ်သူလဲ” ဟု ဘယ်လက်ရုံးအစောင့်အရှောက်သည် ကျယ်လောင်စွာ မေးလိုက်မိသည်။
သူမ၏ စကားလုံးများက အာရန်၏ အဆုံးစမဲ့သော သိစိတ်ပင်လယ်အတွင်းတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“တစ်ယောက်ယောက်ရဲ့ အိမ်ထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာပြီးမှ မင်းက သူဘယ်သူလဲဆိုပြီး ပြန်မေးနေပါ ပကောလား”
ဘယ်လက်ရုံးအစောင့်အရှောက်ဖြစ်သူ ကီလီယာ၏ နောက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
သူမသည် အသံလာရာဆီသို့ အလျင်အမြန် လှည့်ကြည့်လိုက်ရာ အာရန်သည် အဖြူရောင်သဲများကဲ့သို့ ဖြူဖွေးနေသော မြေပြင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
“ရှင် ဘယ်သူလဲ” ဟု ကီလီယာက ထပ်မံ၍ အေးစက်စွာ မေးလိုက်သည်။
“ရှင် နစ်ခရိုမန်ဆာမျှော်စင်ကနေ ထွက်ပြေးနိုင်မယ်လို့ တကယ်ထင်နေတာလား”
“ဘယ်သူက ထွက်ပြေးဖို့ စီစဉ်နေတယ် ပြောလို့လဲ”
အာရန်က ရိုးရှင်းစွာ ပခုံးတွန့်ပြရင်းပြန်လည်တုံ့ပြန်လိုက်၏။
“ငါသာ ပြေးချင်မယ်ဆိုရင် ပထမကတည်းက ဒီကို လိုက်လာခဲ့စရာ အကြောင်းမရှိဘူးလေ ဟုတ်တယ်မလား”
အာရန်သည် စကားပြောနေစဉ်မှာပင် ကီလီယာထံ ပိုမိုနီးကပ်စွာ လျှောက်လာခဲ့ပြီး သူမက သူ့အား ပထမဆုံး တွေ့ဆုံခဲ့စဉ်က ပြုမူခဲ့သလိုမျိုး သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
ရယ်စရာ ကောင်းသည်မှာ ကီလီယာသည်် တစ်လှမ်းနောက်ဆုတ်လိုက်ပြီး သူ၏ ထိတွေ့မှုကို ရှောင်ရှားခဲ့ခြင်းပင်။
အာရန်သည် ကီလီယာ၏ လုပ်ဆောင်မှုများကို ထပ်မံ၍ ဂရုမစိုက်တော့ပေ။
သူသည် သူမဘေးမှ ဖြတ်လျှောက်သွားပြီး အဝေးရှိ ဝိညာဥ်တံခါးဆီသို့ ချဉ်းကပ်သွားခဲ့သည်။
၎င်းက သူ၏ မှတ်ဉာဏ်များကို ကာကွယ်ပေးထားသော တံခါးဖြစ်သည်။
ပို၍ တိတိကျကျပြောရမည်ဆိုလျှင် ၎င်းက ရန်နစ်ခရိုလိုင်း၏ လျှို့ဝှက်ချက်များကို ကာကွယ်ပေးထားသော တံခါးလည်းဖြစ်လေသည်။
“မင်းက ငါ့ကို ဒီတံခါး ဖွင့်ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ငါ တကယ်မျှော်လင့်ထားခဲ့မိတာ။ ဒါပေမဲ့ မင်းက ငါထင်ထားတာထက်တောင် အများကြီး ပိုပြီးကြောက်တတ် နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ထို့နောက်အာရန်သည် သူမ၏ရှေ့တွင်ပင် ယင်းဝိညာဥ်တံခါးကို ထိတွေ့လိုက်ရာ မသိသော အင်အားတစ်ခုက သူ့အား ပြန်လည် တွန်းထုတ်လိုက်သည်။
အာရန်၏ လက်တစ်ဖက်သည် ထိုထိမှန်သွားသော လျှပ်စီးကြောင်းကဲ့သို့ အရာကြောင့် ခဏတာ ထုံထိုင်းသွားခဲ့သည်။
ထိုလက်ကို ပြန်လည်လှုပ်ရှားနိုင်ရန်အတွက် အာရန်သည် အချိန်တအောင့်ခန့် ယူလိုက်ရ၏။
#Catfoot