← Chapters

ဘယ်လိုမြင်လဲ

Vol. 31 Ch. 437

ဘယ်လိုမြင်လဲ

Vol. 31 Ch. 437

…..

ထိုဝိညာဥ်တံခါးသည် အာရန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသော်လည်း သူသည် ၎င်းကို ဖွင့်နိုင်ခြင်း မရှိခဲ့ပေ။

တံခါးပေါ်ရှိ ကန့်သတ်ချက်မှာ အလွန်အားကောင်းလှသဖြင့် သူသည် ၎င်းကို အနည်းငယ်မျှပင် ထိတွေ့နိုင်ခြင်းမရှိချေ။

“နောက်ဆုံးတော့ ငါတို့နှစ်ယောက်လုံး ဒီမှာ ပိတ်မိနေကြပြီ” ဟု အာရန်က ကီလီယာား ပြောလိုက်သည်။

“ဒီနေရာကနေ ထွက်ဖို့ တစ်ခုတည်းသော နည်းလမ်းက အဲဒီတံခါးကို ဖွင့်ဖို့ပဲ။ ဒါပေမဲ့ မင်းမြင်တဲ့အတိုင်း ငါ လုပ်လို့မရဘူး”

အာရန်သည် သူ ကိုယ်တိုင် တံခါးကို ဖွင့်မရနိုင်သောကြောင့် ကီလီယာ၏ အကူအညီဖြင့် ၎င်းကိုဖွင့်ရန် ကျိုးစားကြည့်ချင်ခဲ့မိ၏။

သူမသည် ဤနေရာတွင် သူ့ထက်များစွာ ပိုမိုကျွမ်းကျင်ကာ အတွေ့အကြုံလဲများလေသည်။

သူမသာ သူ၏ ထိုတံခါးကို ဖွင့်

ပေးနိုင်မည်ဆိုပါက ရန်နစ်ခရိုလိုင်း၏ မှတ်ဉာဏ်များကို နောက်ဆုံးတွင် မြင်တွေ့ခွင့်ရနိုင်လိမ့်မည်ဖြစ်၏။

ထိုအချိန်ရောက်သောအခါတွင်မူ သူမသည် သူ့အတွက် အသုံးမဝင်တော့ပေ။

သူမကို သူ၏ သိစိတ်ပင်လယ်တွင် ချုပ်နှောင်ထားရန် ထိုသစ်သားမျက်နှာဖုံးတွင် ထူးခြားသော စွမ်းရည်တစ်ခုရှိနေခဲ့လေသည်။

“အဲ့ဒီတံခါးကိုဖွင့်မဲ့အစား ရှင့်ကို အရင် ရှင်းပစ်လိုက်တာက ပိုကောင်းမယ်မဟုတ်လား” ဟု ကီလီယာက ပြန်ပြောလိုက်သည်။

“ရှင့်ရဲ့ဝိညာဥ်သာ ဖျက်ဆီးခံရရင် ဒီနေရာတစ်ခုလုံးက အလိုလိုပျက်စီးသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ရှင်ကျွန်မကို ဒီမှာ ဆက်ပြီး ချုပ်နှောင်ထားနိုင်ဦးမလား စောင့်ကြည့်ရသေးတာပေ့ါ”

သူမသည် အာရန်၏ စကားများကို အနည်းငယ်မျှပင် မယုံကြည်တော့ပေ။

၎င်းသည် သူ၏ ကိုယ်ပိုင် သိစိတ်ပင်လယ်ဖြစ်နေသည်။

သူကိုယ်တိုင်ပင် ဤနေရာမှ ထွက်မရဖြစ်နေသည် ဆိုခြင်းက မည်သို့ ဖြစ်နိုင်မည်နည်း။

ပို၍ ဆန်းကြယ်သည်မှာ တံခါးကို ဖွင့်ခြင်းက သူမကို ထွက်ခွာခွင့် ပေးနိုင်သည်ဟူသော သူ၏ ပြောဆိုချက်ပင်။

သူမသည် အရူးမဟုတ်ပေ။

ထိုဝိညာဥ်တံခါးကို ဖွင့်ခြင်းက သူမကို သူ၏ သိစိတ်ပင်လယ်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဦးတည်သွားစေမည်ဖြစ်ကာ ၎င်းက သူမအတွက် ပို၍ အန္တရာယ်များနိုင်သည်ကိုလည်း သူမ နားလည်ထားခဲ့သည်။

သူမသည် ၎င်းအကြောင်းကို ပို၍ တွေးတောလေလေ ၎င်းက သူ၏နောက်ထပ် အခြားထောင်ချောက်တစ်ခု ဖြစ်နိုင်သည်ဟု သူမ ပို၍ ခံစားရလေလေဖြစ်၏။

ထိုလူငယ်က သူမကို ထိုတံခါးအား ဖွင့်ပေးစေလိုနေခဲ့သည်။

ထို့ကြောင့် သူမသည် တံခါးအား ဖွင့်ရန် အကြံအစည်ကို လက်လျှော့လိုက်ပြီးမှသာ သူ သည် သူမရှေ့တွင် ပေါ်လာခဲ့ခြင်းဖြစ်ပေသည်။

သူသည် သူမအား အကြောင်းတစ်ခုခုကြောင့် ထိုဝိညာဥ်တံခါးကို ဖွင့်စေလိုသည်မှာ ရှင်းလင်းနေ၏။

၎င်းသည် ထောင်ချောက်တစ်ခုမဟုတ်လျှင်ပင် သူမအတွက် ကောင်းမွန်သော အရာ တစ်ခု ဖြစ်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ဤလူငယ်သည် သူမ၏ မိတ်ဆွေမဟုတ်ပေ။

သူသည် ဝိညာဉ်များကိုပင် ဖျက်ဆီးပစ်နိုင်သော အခြားတိုက်တစ်ခုခုမှ သူမ၏ ရန်သူတစ်ဦးပင် ဖြစ်လေသည်။

ထို့ကြောင့် ထိုလူငယ်နှင့် အတူတကွ လိုက်ပါ ကစားပေးမည့်အစား သူမသည် သူ့အား တိုက်ရိုက်သတ်ဖြတ်လိုက်ခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

ဤလူငယ် ပျောက်ကွယ်သွားသည်နှင့် ဝိညာဥ်တံခါးအပါအဝင် ဤနေရာတစ်ခုလုံး သည်လည်း ပျောက်ကွယ်သွားမည်ဖြစ်ကာ သူမကိုလည်း ဤနေရာဆီမှ လွတ်မြောက်စေလိမ့်မည်ဖြစ်လေ၏။

သူမသည် သူမ၏ စွမ်းရည်များကို အပြည့်အဝ ယုံကြည်ထားသောကြောင့် ဤသိစိတ်ပင်လယ်အတွင်း၌ အာရန်အား အနိုင်ယူနိုင်မည်ဟု လုံးဝ ယုံကြည်မှုရှိနေခဲ့သည်။

၎င်းက အာရန်၏ နယ်ပယ်ဖြစ်သော်လည်း သူမသည် စိတ်ဝိညာဥ်တိုက်ပွဲများတွင် အတွေ့အကြုံများစွာရင့်ကျပ်နေခဲ့ပြီးဖြစ်ကာ သူမ၏ ဝိညာဉ်မှာလည်း ပိုမို၍ သန်မာလေသည်။

အာရန်ပင် စိတ်ကူးမယဉ်နိုင်သော အရာများစွာကို သူမ အတွေ့အကြုံအရ ရင်ဆိုင်ခဲ့ဘူးပြီးဖြစ်ကာ ၎င်းက ဤနေရာတွင် သူမ၏ အကြီးမားဆုံး အားသာချက်လည်း ဖြစ်ပေသည်။

သူမသည် အခြားသူများ၏ သိစိတ်ပင်လယ်များတွင် တိုက်ပွဲများစွာ ဆင်နွှဲခဲ့ဘူးသော အတွေ့အကြုံလည်း ရှိလေ၏။

ဆန့်ကျင်ဘက်အားဖြင့် အာရန်အတွက်မှာမူ ဤကဲ့သို့သော သိစိတ်ပင်လယ်အတွင်း အခြားသူတစ်ဦးနှင့် ရင်ဆိုင်ရခြင်းသည် ယခုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သူ၏ တုံ့ပြန်မှုများအရ သူမကောက်ချက်ချနိုင်သည်။

သိစိတ်ပင်လယ်အတွင်းရှိ စိတ်ဝိညာဥ် တိုက်ပွဲသည် အပြင်ဘက်အစစ်အမှန်ကမ္ဘာရှိ တိုက်ပွဲများနှင့် လုံးဝကွဲပြားခြားနားလေသည်။

သိစိတ်ပင်လယ်များတွင် ၎င်းတို့၏ ကိုယ်ပိုင်စည်းမျဉ်းများ ရှိနေကြရာ အစစ်အမှန်ကမ္ဘာရှိ စွမ်းရည်များကို အသုံးပြု၍ မရနိုင်ပေ။

“ဒါကို စီနီယာတစ်ယောက်ဆီက နောက်ဆုံး သင်ယူမှုအတွေ့အကြုံလို့ပဲ မှတ်ယူလိုက်‌ပေ့ါ” ဟု ကီလီယာက အာရန်အား ပြောလိုက်သည်။

ထို့နောက် သူမ၏ ပုံရိပ်သည် ရုတ်တရက် လှစ်ခနဲ ပျောက်ကွယ်သွားပြီး ဝိညာဉ်တစ်ဦးကဲ့သို့ အာရန်ရှေ့တွင် ဘွားကနည်း ပြန်ပေါ်လာခဲ့ရာ ဟင်းလင်းပြင်နှင့် အချိန်ဥပဒေသများမှတစ်ဆင့် ရွေ့လျားသွားသကဲ့သို့ထင်မှတ်ရ၏။

ကီလီယာ ၏ လက်ချောင်းတစ်ချောင်းသည် အာရန်၏ ရင်ဘတ်ပေါ်တွင် တင်ထားလျက်သားရှိနေခဲ့သည်။

ထိုလက်ချောင်းနှင့် ထိတွေ့မိသည်နှင့် အာရန်၏ ခန္ဓာကိုယ်သည် မည်သည့်ခုခံအားမျှမရှိသော အရုပ် တစ်ရုပ်သဖွယ် လွင့်ပျံထွက်သွားခဲ့လေ၏။

အာရန်တစ်ယောက် နောက်သို့ လွင့်စဥ်ထွက်သွားစဉ် သူမသည် သူ့ဘေးတွင် ထပ်မံပေါ်ထွက်လာခဲ့ပြီး အာရန်၏ လည်ပင်းကို ဆုတ်ကိုင်ကာ ပြင်းထန်သောအင်အားတစ်ခုဖြင့် မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်ပြန်သည်။

“ရှင့်ရဲ့ သိစိတ်ပင်လယ်ဖြစ်နေတာနဲ့ပဲ ရှင် လုပ်ချင်တာ လုပ်လို့ရနိုင်တယ်လို့ မဆိုလိုဘူး” ဟု ကီလီယာသည် အာရန်အား လေထဲသို့ ထပ်မံ မြှောက်တင်ရင်း ပြောလိုက်သည်။

“ဒီနေရာမှာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်တွေ အားလုံးက ဘာမှ အသုံးမဝင်တော့ဘူး။ အဲဒီအစား ရှင် ဝင်ရောက်ခဲ့ဘူးတဲ့ တခြားသူတွေရဲ့ သိစိတ်ပင်လယ်

တွေကနေ ရှင်ရယူနိုင်ခဲ့တဲ့ စွမ်းရည်တွေကိုပဲ အသုံးပြုနိုင်လိမ့်မယ်”

သူမသည် အာရန်၏ ခန္ဓာကိုယ်ကို ဘေးသို့ ထပ်မံပစ်လွှတ်ရင်းပြောလိုက်၏။

ဤတစ်ကြိမ်တွင် သူမသည် သူ့နောက်သို့ မလိုက်တော့ပေ။

ယင်းအစား အခြားပုဂ္ဂိုလ်တစ်ဦး အာရန်၏ နောက်တွင် ပေါ်လာခဲ့ရာ ၎င်း၏ မျက်နှာ သည် မီးများဖြင့် လုံးဝလောင်ကျွမ်းထားသကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုလူကလည်း အာရန်ကို ထပ်မံတိုက်ခိုက်ခဲ့ရာ အာရန်သည် သူ့ကိုယ်သူ တန်ပြန်ကာကွယ်ရန်ကျိုးစားခဲ့သော်လည်း ခြေလှမ်းအနည်းငယ်မျှ နောက်သို့ ဆုတ်ပေးလိုက်ရသည်။

“ဒါနဲ့ ရှင်က သိစိတ်ပင်လယ် ဘယ်လောက်များများ ဝင်ရောက်ခဲ့ဘူးလဲ။ ပြီးတော့ ဘယ်လောက်များများ ဖျက်ဆီးခဲ့ဘူးလဲ။ ခုရှင်ရင်ဆိုင်နေရတဲ့ သူတို့အားလုံးက အခု ကျွန်မရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေပြီ။ ကျွန်မ သူတို့ရဲ့ စွမ်းရည်တွေကို အသုံးပြုနိုင်ရုံသာမက သူတို့ရဲ့ ရုပ်ပုံတွေကို ဒီမှာ ဖန်တီးနိုင်တယ်”

“ရှင်ရဲ့အစွမ်းအစမျိုးနဲ့ဆိုရင် အစစ်အမှန်ကမ္ဘာမှာသာ ကျွန်မနဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ရမှာ။ ဒီနေရာက ကျွန်မရဲ့ အိမ်ကွင်းဆိုလဲဟုတ်တယ် ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ”

ဘယ်လက်ရုံးအစောင့်အရှောက်သည် တဖြည်းဖြည်းကျဆင်းလာသော မြူမှုန်များကို ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းဖျားများတွင် လှောင်ပြောင်မှုအရိပ်အယောင်အချို့ ပါရှိနေခဲ့၏။

ထို့နောက် အာရန်တစ်ခါမျှ မမြင်ဘူးသော လူများသည် တစ်ယောက်ပြီးတစ်ယောက် အာရန်၏ သိစိတ်ပင်လယ်အတွင်း၌ ပေါ်လာခဲ့ကြသည်။

၎င်းတို့အားလုံးသည် ကီလီယာ၏ သိစိတ်ပင်လယ် တိုက်ပွဲများတွင် အနိုင်ယူခြင်းခံခဲ့ရသောသူများ ဖြစ်ကြလေသည်။

၎င်းတို့ထဲမှ အများစုသည် သေဆုံးခဲ့ပြီးသားများ ဖြစ်ကြသော်လည်း ကီလီယာမှ ၎င်းတို့၏ သိစိတ်ပင်လယ်အတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်စဥ်ကတည်းကပင် ၎င်းတို့၏ ဝိညာဥ်အစိတ်အပိုင်းများကို ရယူနိုင်ခဲ့ပြီး ဖြစ်နေ၏။

၎င်းက ကီလီယာအား ဤတိုက်ပွဲများတွင် ပို၍ အန္တရာယ်များစေသည့် အဓိကအချက်လည်း ဖြစ်လေသည်။

ဤကမ္ဘာရှိ အစွမ်းထက်သော လူအများစုသည် ၎င်းတို့၏ ဝိညာဉ်များကို အခြားသူများက ရှာဖွေခြင်း မခံရသောကြောင့် သို့မဟုတ် အလားတူ အခြားသူများကို မလုပ်ဆောင်ခဲ့ကြသောကြောင့် ဤနေရာတွင် အတွေ့အကြံများမရှိကြပေ။

အာရန်သည် တဖြည်းဖြည်း သန်မာလာသည်မှာ မှန်သော်လည်း ကီလီယာကဲ့သို့ အင်အားကြီးမားသော လူများစွာ၏ စိတ်ဝိညာဉ်များကို ဝင်‌ရောက်တိုက်ခိုက်ခဲ့ဘူးခြင်း မရှိချေ။

သူမကဲ့သို့ ခြိမ်းခြောက်နိုင်စွမ်းရှိသော တစ်စုံတစ်ဦး၏ သိစိတ်ပင်လယ်ဆိုပါက ပို၍ပင် ဆိုးပေလိမ့်မည်။

“ဒီလို ထူးခြားတဲ့ သိစိတ်ပင်လယ်တစ်ခုကို ဖျက်ဆီးပစ်ရမှာ တကယ်ကို ဝမ်းနည်းစရာပဲ”

ကီလီယာသည် အဝေးရှိ ထူးဆန်းသောတံခါးကြီးကို စိုက်ကြည့်နေရင်း ထိုတံခါးနောက်ကွယ်တွင် မည်သည့်အရာများ ရှိနေမလဲဆိုသည်ကို သူမ စူးစမ်းလိုနေဆဲပင်။

ဤလူငယ်လေးက မည်သို့သော လူမျိုးနည်း။

ဤကဲ့သို့သော အရာတစ်ခု သူ၏ သိစိတ်ပင်လယ်အတွင်း မည်သို့ ‌ရောက်ရှိနေရသနည်း။

သူသည် ဒီနေရာမှာပင် သေဆုံးရတော့မည်ဖြစ်သော်လည်း ဒီသိစိတ်ပင်လယ်မှ ဝိညာဥ်အဆီအနှစ်များကို စုတ်ယူနိုင်မည်ဆိုပါက သူမအတွက် သိပ်တော့ မဆိုးလှပေ။

အာရန်၏ သိစိတ်ပင်လယ်အတွင်းရှိ ဝိညာဥ်အဆီအနှစ်များကိုသာစုတ်ယူနိုင်ခဲ့ပါက သူမသည် နောက်ပိုင်းတွင်ဤနေရာအကြောင်းထပ်မံ၍ စူးစမ်းနိုင်လေသည်။

“ဒါပေမဲ့ အဲ့ဒီကျရင်ကော ငါ အဖြေတစ်ခုကို ရနိုင်ပါ့မလား”

ကီလီယာသည် သက်ပြင်းတစ်ချက်ချလိုက်သည်။

အာရန် သေဆုံးသွားသည်နှင့် ဤနေရာရှိ ဝိညာဥ်တံခါးနှင့် သိစိတ်ပင်လယ်တစ်ခုလုံးသည် လုံးဝပျောက်ကွယ်သွားတော့မည်ဖြစ်လေ၏။

အာရန်၏ ဝိညာဥ်အား သတ်ဖြတ်ရန် သူမ၏ ဝိညာဥ်ပုံရိပ်များဖြင့်ပင် လုံလောက်သောကြောင့် သူမကိုယ်တိုင် ဆက်လက်လှုပ်ရှားရန်ပင် မလိုအပ်တော့ပေ။

အနည်းဆုံးတော့ သူမသည်် အာရန်ဆီမှ အသံတစ်သံကို မကြားရသေးမှီအထိ ထိုသို့ ထင်မှတ်ခဲ့လေသည်။

“ပညာရှိတွေ တိတ်ဆိတ်နေတဲ့အခါ ငမိုက်သားတွေက ပျော်မြူးနေကြတယ်” အာရန်သည် ကီလီယာက ခေါ်ထားသော ဝိညာဥ်ပုံရိပ်များဆီမှ ရှောင်ရှားရင်း ပြန်ပြောလိုက်သည်။

အာရန်သည် သိစိတ်ပင်လယ်၏ စည်းမျဉ်းများကို လုံးဝမသိထားသူတော့ မဟုတ်ပေ။

နစ်ခရိုမန်ဆာမျှော်စင်ရှိရာ မြောက်ဘက်တိုက်သို့ မလာမီကပင် ထူးခြားသည့် အိပ်မက်တစ်ခုကြောင့် သိစိတ်ပင်လယ်အကြောင်း သူသတိထားမိခဲ့ပြီးဖြစ်သည်။

ယီလန်ပင်လျှင် ထိုအိပ်မက်သည် အာရန်၏ စိတ်ဝိညာဉ်နှင့် အပြန်အလှန်ဆက်သွယ်နိုင်သော တစ်စုံတစ်ဦး၏ သိစိတ်ပင်လယ်တစ်ခုသာ ဖြစ်ရမည်ဟု သူ့အား အတည်ပြုပေးခဲ့သည်။

ထိုအချိန်ကပင် သူမသည် သူ့အား သိစိတ်ပင်လယ်၏ စည်းမျဉ်းများအကြောင်းကို ပြောပြခဲ့ဘူးလေသည်။

“မင်းပြောသလိုပဲ တစ်စုံတစ်ယောက်ရဲ့ သိစိတ်ပင်လယ်ထဲကို ဝင်ရောက်ဘူးရုံနဲ့ သူတို့ရဲ့ စွမ်းရည်တွေကို ရယူနိုင်တယ်ထင်တယ်။ ဒီလိုဆို ကျုပ်ကို ဒီလိုယုံကြည်မှု မျိုးပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စွမ်းရည်အချို့ကိုကော ဘယ်လိုမြင်လဲ”

အရန်သည် မကောင်းသော ခံစားချက်တစ်ခုကိုခံစားမိလိုက်သလိုပုံ

ဖြင့် မျက်မှောင်ကြုတ်နေသော ကီလီယာအား လှမ်း၍ မေးလိုက်လေသည်။

#Catfoot

All Chapters