← Chapters

ပြန်လည်နိုးထခြင်း ..

Vol. 31 Ch. 439

ပြန်လည်နိုးထခြင်း ..

Vol. 31 Ch. 439

“ခင်ဗျားက ကျုပ်ကို အစစ်အမှန်ကမ္ဘာမှာ တိုက်ခိုက်ဖို့ကျိုးစားခဲ့သင့်တယ်လို့ အကြံပေးခဲ့သေးတာပဲ ဘာလို့လဲဆိုတော့ ကျုပ်က ဒီနေရာမှာဆို ကိုယ်ပိုင်စွမ်းအားကို အသုံးချနိုင်မှာမဟုတ်ဘူးလေ”

အာရန်က ဘယ်လက်ရုံးအစောင့်အရှောက်အား သူမပြောခဲ့သည့်အတိုင်း ပြန်ပြောလိုက်သဖြင့် သူမအား ကိုယ့်စကားနှင့်ကိုယ် တန်ပြန် လှောင်ပြောင်နေသကဲ့သို့ ခံစားမိလိုက်စေ၏။

“ဒါပေမဲ့ ဆန့်ကျင်ဘက်အားဖြင့် ဒီနေရာကို ဆန္ဒအလျောက် ဝင်လာတာကကိုက ခင်ဗျားရဲ့ အမှားပဲ။ အမှန်တကယ်ဆို အစစ်အမှန်ကမ္ဘာမှာကတည်းက ကျုပ်ကို သတ်ခဲ့သင့်တာ”

ဤကမ္ဘာတွင် ဓားဧကရာဇ်သည် အသန်မာဆုံးလူတစ်ဦး ဖြစ်ခဲ့နိုင်သည်။

ထို့ကြောင့် သိစိတ်ပင်လယ်တွင်လည်း သူသည် အားနည်းသူ တစ်ဦးမဖြစ်နိုင်ပေ။

ဘယ်လက်ရုံးအစောင့်အရှောက် ကီလီယာသည် ဤသိစိတ်ပင်လယ်အတွင်း၌မူ အာရန်တွင် သူမအား တန်ပြန်တိုက်ခိုက်နိုင်မည့် ဝှက်ဖဲများ မရှိနိုင်ဟု ယူဆထားခဲ့၏။

သို့သော် အာရန်အတွက်မူ ဓားဧကရာဇ်၏ ဝိညာဥ်ပုံရိပ် အကာအကွယ်ကြောင့် အစစ်အမှန်ကမ္ဘာထက်ပင် သူ၏ သိစိတ်ပင်လယ်ကမ္ဘာမှာ သူ့အတွက် ပို၍လုံခြုံဟန်ရလေသည်။

“ဒါ မဖြစ်နိုင်ဘူး။ သူ...သူက ဟိုးအရင်ကတည်းက သေဆုံးသွားခဲ့ပြီးမဟုတ်လား။ ရှင်က သူ့ရဲ့ သိစိတ်ပင်လယ်ကို ဘယ်လိုများ ဝင်ရောက်နိုင်သွားရတာလဲ။ သူ့လိုပုဂ္ဂိုလ်မျိုးနဲ့ စိတ်ဝိညာဥ်တိုက်ပွဲဆင်နွှဲမိခဲ့မယ်ဆိုရင်တောင် ဘယ်လိုလုပ်ပြီး အသက်ရှင်လွတ်မြောက်လာနိုင်ရတာလဲ”

ကီလီယာသည် ဤကိစ္စအကြောင်းပိုတွေးမိလေလေ ပို၍ ထူးဆန်းသည်ဟု ခံစားရလေလေပင်ဖြစ်လေ၏။

အရှင်သခင်များ မပေါ်ပေါက်သေးသည့် ခေတ်တွင် ဤပုဂ္ဂိုလ်သည် ဤတိုက်ကြီးတစ်ခုလုံးတွင် မည်မျှကြောက်မက်ဖွယ်ကောင်းသောအရာများ လုပ်ဆောင်ခဲ့သည်ကို သူမကောင်းစွာသိရှိထားခဲ့သည်။

ထိုခေတ်တွင် ကောင်းကင်နဂါးမှာ သမုဒ္ဒရာပိုင်းကို အုပ်စိုး၍ ဓားဧကရာဇ်မှာမူ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အုပ်စိုးခဲ့ကြသည်။

ထိုခေတ်သည် ကောင်းကင်နဂါး၏ သေဆုံးခြင်းနှင့်အတူ သမုဒ္ဒရာတစ်ခုလုံး နီရဲသွားခဲ့ကာ ဓားဧကရာဇ်သည်လည်း ၎င်းနှင့်မရှေ့မနှောက်မှာပင် သေဆုံးသွားခဲ့ရလေသည်။

ဤသို့ဖြင့် အရှင်သခင် လေးဦး၏ ခေတ်သစ်တစ်ခု ရောက်ရှိလာခဲ့ပြီး ဤကမ္ဘာအတွင်း အသီးသီး အုပ်စိုးခဲ့ကြသည်။

ကီလီယာသည် အာရန်အား စိုက်ကြည့်၍ တစ်ဖန်ပြန်မေးလိုက်သည်။

“ရှင်ရဲ့အစစ်အမှန်က ဘာလဲ ရှင်ကဘယ်သူလဲ”

“ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျား ဘာလို့ မဖော်ထုတ်နိုင်ရတာလဲ” အာရန်သည် ဘယ်လက်ရုံးအစောင့်အရှောက်အား တန်ပြန်မေးလိုက်ပြီးနောက် သူမဆီသို့ ပိုမိုနီးကပ်စွာ လျှောက်လာခဲ့လိုက်သည်။

ထိုသို့လျှောက်လာစဥ်မှာပင် အာရန်၏ ခန္ဓာကိုယ်သည် သူ၏ အစစ်အမှန်ပုံစံသို့ ပြန်လည် ပြောင်းလဲသွားခဲ့သည်။

ယခုပုံစံက အားလုံးဆီမှ သူလျှို့ဝှက်ထားခဲ့သော သူ၏ မူလအစစ်အမှန် သွင်ပြင်ပင်ဖြစ်၏။

ရှုယင်ပင် သူ၏ ယခုသွင်ပြင်ကို မသိရှိထားပေ။

အာရန်သည် သူ၏ မျက်နှာမှာ ပုံစံပြောင်းလဲ၍ အစစ်အမှန်ပုံစံ ပြန်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ကီလီယာရဲ့ မျက်လုံးများ လုံးဝ တုန်လှုပ်ခြောက်ခြားသွားခဲ့မိသည်။

ထို့နောက်...

“ဟား... ဟားဟားဟား... ဟားဟားဟားဟား”

ကီလီယာသည် ခေါင်းကို မော့လိုက်ကာ ကောင်းကင်ကို ကြည့်ရင်း စတင် ရယ်မောလိုက်တော့သည်။

“ကျွန်မ ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ။ အခုတော့ အားလုံး ကိုနားလည်သွားပါပြီ နောက်ဆုံးတော့ ဒါတွေအကုန်လုံးက ရှင့်လက်ချက်ပဲပေါ့”

အာရန်သည် ကီလီယာတစ်ယောက် ရယ်မောနေခဲ့သော်လည်း သူမ၏ စိတ်ဝိညာဉ်ဆီမှ တိုက်ရိုက်ထွက်ပေါ်လာသော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်တစ်ခုကိုမူ ခံစားမိလိုက်၏။

ကီလီယာသည် ဝိညာဥ်ပုံရိပ်များဖြင့် သူ့အား သတ်ရန် ကြိုးစားခဲ့စဥ်ကပင် ဤမျှ ရန်လိုမှုမျို မပြသခဲ့ပေ။

ထိုစိတ်ခံစားချက်သည် သူ့ရဲ့ လက်ရှိလုပ်ဆောင်မှုများထက် သူ၏မူလသွင်ပြင်သို့ ပြန်လည်ပြောင်းလဲလိုက်ခြင်းနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေဟန်ရသည်။

“ရန်နစ်ခရိုလိုင်း...”

သူမသည် ဒေါသတကြီး အာရန်အား စိုက်ကြည့်လိုက်ပြီးနောက် တံတွေးတစ်ချက်ထွေးရင်း ပြောလိုက်၏။

“ရှင် ပြန်လာပြီလို့ ကျွန်မကောလဟာလတွေတော့ ကြားထားပါတယ်။ ဒါပေမဲ့ ကောလဟာလက ကောလာဟလတစ်ခုသက်သက်ပဲလို့ ယူဆထားခဲ့တာ။ ရှင်ခုလို နစ်ခရိုမန်ဆာမျှော်စင်ကို တကယ်ကြီး ပြန်လာလိမ့်မယ်လို့တော့ ကျွန်မလုံးဝ မမျှော်လင့်ခဲ့မိဘူး”

“ခင်ဗျား ကျုပ်အကြောင်းကို ကောင်းကောင်းသိထားပုံရတယ်”

အာရန်သည် ကီလီယာ၏ ရှေ့တွင် ရပ်လိုက်ရင်း ပြန်မေးလိုက်၏။

ထို့နောက် အာရန်သည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ကီလီယာ၏ ပါးပြင်ကို ညင်သာစွာ ထိတွေ့လိုက်သည်။

“ကျုပ်ကို လွမ်းနေတာလား”

အာရန်တွင် မူလ ရန်နစ်ခလိုလိုင်း၏ မှတ်ဉာဏ်များ မရှိသေးသောကြောင့် ကီလီယာအား မသိနိုင်ခဲ့ပေ။

သို့သော် ဤနှစ်ယောက်ကြားတွင် ကောင်းမွန်သော ခံစားချက်များ ရှိမနေဘူး ဆိုသည်ကိုမူ သေခြာစွာ သဘောပေါက်လိုက်မိ၏။

သူမလိုလူမျိုးမှ ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း တုံ့ပြန်မှုကပင် အဖြေသည် ရှင်းလင်းနေပြီ မဟုတ်ပါလော...။

“ရှင် ပြန်လာရဲတယ် ရှင်က တကယ့် လူမိုက်ပဲ။ ရှင် ကျွန်မကို ဒီနေရာမှာ သတ်လိုက်နိုင်ရင်တောင် ဒီကနေထွက်ပြေးနိုင်လိမ့်မယ်ထင်လား။ စည်းအထပ်ထပ်ခတ်နှိပ်ထားတဲ့ နစ်ခရိုမန်ဆာမျှော်စင်ကနေ ရှင်ဘယ်လိုမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး”

“ဘာလဲ ငရဲတံခါး ဖွင့်တော့မှာ မလို့လား...”

အာရန်သည် ကီလီယာအား ပြန်မေးလိုက်၏။

သူ၏တည်ရှိမှုကိုပင် သိမနေခဲ့သော မျှော်စင်သခင်သည် သူအတွက်နှင့် ဤနေရာတစ်ခုလုံးကို စည်းအထပ်ထပ်ခတ်နှိပ်ထားမည်ဆိုခြင်းသည် မဖြစ်နိုင်ပေ။

အထူးသဖြင့် သူတို့သည် မည်သည့်အရာကိုမျှအတည်ပြုနိုင်ခြင်းပင် မရှိသေးသောအချိန်တွင်ဖြစ်၏။

“ရှင်က ငရဲတံခါးဖွင့်တော့မယ်ဆိုတာကို သိနေတာလား... အာသိပြီ ဒါကြောင့် ရှင် ဒီကို ရောက်နေတာပဲ။ တကယ် မိုက်မဲတဲ့သူပဲ။ ရှင် တားလို့ ရမယ်ထင်နေတာလား။ ရှင် ငရဲပြည်ကို ပို့ခဲ့တဲ့သူက မကြာခင်ပြန်တတ်လာတော့မှာ သေချာတယ်။ ပြီးတော့ သူက ရှင့်ကိုကော ရှင်နဲ့ ဆက်စပ်နေတဲ့သူ အားလုံးဆီကိုပါ သေခြင်းတရားကို လက်ဆောင်အဖြစ် ယူဆောင်လာပေးလိမ့်မယ်။ ရှင် သူ့လက်ကနေ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး”

“ငါ ငရဲပြည်ကို ပို့ခဲ့တဲ့သူဟုတ်လား”

အာရန်သည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို အနည်းငယ်စောင်းငဲ့လိုက်ပြီး သူမ ဘာပြောနေကြောင်းကို အသဲအသန်စဥ့်စားမိလိုက်သည်။

ငရဲတံခါးဖွင့်ခြင်းသည် သူနှင့် မည်သို့သက်ဆိုင်နေခဲ့သည်ကို သူ နားမလည်နိုင်ခဲ့ချေ။

သူက ဘယ်သူ့ကို ငရဲပြည် ပို့ခဲ့တာလဲ။

တိတိကျကျ ပြောရရင် ရန်နစ်ခရိုလိုင်းက ဘယ်သူ့ကို ငရဲပြည် ပို့ခဲ့တာလဲ...။

ကီလီယာသည် ထပ်မံစကားများ မပြောတော့ပေ။

ယင်းအစား သူမသည် လက်ထဲတွင် ဓားမြှောင်တစ်ချောင်းကို မှော်ဆန်စွာ ဆင့်ခေါ်လိုက်၏။

အခုအချိန် အာရန်သည် သူမ၏ သတ်မှတ်အကွာအဝေးအတွင်း၌ လုံးဝ ရောက်ရှိနေပြီဖြစ်သဖြင့် သူမသည် ၎င်းကို အခွင့်ကောင်းယူ၍ ဓားမြှောင်အား အာရန်၏ ရင်ဘတ် တည့်တည့်ဆီသို့ ထိုးစိုက်ချလိုက်လေသည်။

သို့သော် ထိုဓားမြှောင်သည် အာရန်၏ ရင်ဘတ်အတွင်းသို့ စိုက်ဝင်သွားရမည့်အစား လက်မအနည်းငယ်အကွာတွင်ပင် ရပ်တန့်သွားခဲ့သည်။

ထို့နောက် ဓားမြှောင်သည် ကီလီယာ၏လက်မှလွတ်ထွက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။

အဆိပ်သင့်သကဲ့သို့ အစိမ်းရောင်အစင်းကြောင်းများသည် ကီလီယာ၏ ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်လာခဲ့လေသည်။

ပါးလွှာသော အစိမ်းရောင်ကြိုးတစ်ချောင်းမှ သူမ၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားသလိုပဲ။

ထိုကြိုးသည် သူမရဲ့ ခန္ဓာကိုယ်ကို တစ်စစီလှီးဖြတ်ပစ်လိုက်လေသည်။

ထို့နောက်သူမ၏ ခန္ဓာကိုယ် အပိုင်းအစများသည် မြေပြင်ပေါ်သို့ အထွေးလိုက် ပြုတ်ကျသွားခဲ့၏။

ကီလီယာရဲ့ စိတ်ဝိညာဥ်ကို ဓားဧကရာဇ်မှ လုံးဝ ဖျက်ဆီးပစ်လိုက်လေသည်။

ထို့ပြင် ယခု ဓားဧကရာဇ်သည် သူ၏ အစစ်အမှန်ပုံစံပင် မဟုတ်ပေ။

၎င်းမှာ ဤနေရာတွင် အာရန်အား ကာကွယ်ပေးဖို့အတွက် ဝိညာဥ်ပုံရိပ် တစ်ခုအဖြစ် အာရန်၏ သိစိတ်ပင်လယ်အတွင်း ဖန်တီးထားခြင်းသက်သက်မျှသာဖြစ်လေသည်။

အာရန်သည် ကီလီယာ၏ အကြွင်းအကျန်အပိုင်းအစအချို့ကို စိုက်ကြည့်ရင်း အတွေးများထဲမှာ နစ်မြောနေခဲ့၏။

ဤအမျိုးသမီးသည် သူ့အားအဖြေတစ်ခုပင် မပေးပဲ အဘယ်ကြောင့် ချက်ခြင်း တိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့ခြင်းအား နားမလည်နိုင်ဖြစ်နေရလေသည်။

သူမသည် သေခြင်းတရားကို အမှန်တကယ်ပင် ဆာလောင်နေ၍လော..။

သို့မဟုတ် သူမအစောပိုင်း မြင်ထားရသော ဝိညာဥ်ပုံရိပ်မှာ မည်သူ၏ ဝိညာဥ်ပုံရိပ်ဖြစ်နေသည်ကိုပင် သူမ မေ့လျော့သွား၍လော....။

အာရန်သည် ခေါင်းခါလိုက်ပြီး စိတ်ပျက်စွာဖြင့် ကီလီယာရဲ့ ဝိညာဥ်အကျွင်းအကျန်များ ပျောက်ကွယ်သွားနေတာကိုသာ စိုက်ကြည့်နေခဲ့မိ၏။

ဓားဧကရာဇ်၏ဆင့်ခေါ်ထားသော ဝိညာဥ်ပုံရိပ်သည်လည်း အာရန်တစ်ယောက် အန္တရာယ်ကင်းသွားပြီဖြစ်သဖြင့် အလိုလိုပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

အာရန်သည် တစ်ချိန်လုံး မလှုပ်မယှက် တည်ရှိနေခဲ့သော ထူးဆန်းသည့် တံခါးကြီးကိုသာ ထပ်မံပြန်ကြည့်လိုက်မိသည်။

သူ သိချင်နေသော အရာများစွာ ရှိနေခဲ့သော်လည်း အခုအချိန်ထိ မည်သည့်အရာကိုမျှ မသိရသေးချေ။

ထို့နောက် အာရန်သည် သက်ပြင်းတစ်ချက်ချလိုက်ကာ သူ၏ သိစိတ်ပင်လယ်နှင့် ဝိညာဥ်တံခါးကို ခေတ္တမေ့ထားလိုက်၏။

....

ထို့နောက်တအောင့်ကြာသောအခါ အပြင်ဘက်အစစ်အမှန်ကမ္ဘာမှာ အာရန်သည် မျက်လုံးများပြန်ပွင့်လာခဲ့ပြီး သူ၏ ခြေရင်းတွင်မူ လဲကျနေခဲ့သော ကီလီယာ၏ ခန္ဓာကိုယ်ကို မြင်တွေ့လိုက်ရလေသည်။

သို့သော် ရူဘီကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

အကျဥ်းခန်းကို ပိတ်ထားသော သတ္တုတံခါးသည်လည်း ပွင့်လျက်ရှိနေတုန်းပင်။

“သူမက အစောင့်တွေကို သွားပြောဖို့ ပြေးထွက်သွားတာထင်တယ်” ဟု အာရန်တစ်ယောက် တွေးလိုက်မိပြီး အလင်းရောင်အချို့ တောက်ပနေသော သစ်သားမျက်နှာဖုံးလေးအား စိုက်ကြည့်လိုက်သည်။

“ကဲ အားလုံး အဆင်သင့်ဖြစ်ပြီ ထင်တယ်”

ထို့သို့ပြောပြီးနောက် အာရန်သည် ဒူးတစ်ဖက်ထောက်လိုက်ကာ ကိုင်ဆုတ်ထားသော လက်သီးတစ်ဖက်ကို ဖြေးညှင်းစွာ ဖွင့်လိုက်၏။

ထိုအခါ သူ၏လက်ဖဝါးတွင် အစောပိုင်း သေးငယ်ဟန်ရသော သစ်သားမျက်နှာဖုံးကလေးသည် တဖြည်းဖြည်း ပုံမှန်မျက်နှာဖုံးတစ်ခု အရွယ်အထိ ကြီးလာခဲ့လေသည်။

သို့သော် သစ်သားပုံစံအတိုင်းပင် ရှိနေဆဲပင်။

အာရန်သည် ကီလီယာ၏ အသက်ဓာတ်ကင်းမဲ့နေသော ခန္ဓာကိုယ်အား တစ်ချက် စိုက်ကြည့်လိုက်သည်။

သူမ၏ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်နေရာများတွင် သွေးများ စီးကျလျက်ရှိနေခဲ့၏။

ထို့နောက်အာရန်သည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ထို သစ်သားမျက်နှာဖုံးအား အမျိုးသမီး၏ မျက်နှာပေါ်တွင် တပ်ပေးလိုက်သည်။

“ကဲ မင်းလည်း ပြန်နိုးထဖို့ အချိန်တန်ပြီ”

#Catfoot

All Chapters