အစစ်အမှန်ဗီလိန် ...
Vol. 31 Ch. 440
အာရန်သည် နှစ်ဖက်မျက်နှာဖုံးအား ဘယ်လက်ရုံးအစောင့်အရှောက်၏ မျက်နှာပေါ်တွင် ဂရုတစိုက် တပ်ဆင်ပေးလိုက်သည်။
ထိုသစ်သားမျက်နှာဖုံးသည် အမျိုးသမီး၏ အသားအရေနှင့် တစ်သားတည်း ပေါင်းစပ်သွားပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့၏။
အစောပိုင်းက သူမ၏ မျက်နှာပေါ်တွင် စွန်းထင်းနေသော သွေးများသည်ပင်ပြန်လည် ပျောက်ကွယ်သွားခဲ့ပြီး သူမ၏ အသားအရေသည် နဂိုအတိုင်း ပြန်လည်စိုပြေလာခဲ့သည်။
သူမ၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြစ်ကာ အသက်ပြန်ရှူစပြုလာခဲ့၏။
ထို့နောက်ရုတ်တရက် ဘယ်လက်ရုံးအစောင့်အရှောက်သည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
သူမ ပထမဆုံး မြင်လိုက်ရသူမှာ အာရန်ပင်ဖြစ်၏။
သို့သော် သူမ၏ အကြည့်တွင် ယခင်က ကဲ့သို့ ရန်လိုမှုများ မရှိတော့ပေ။
ယင်းအစား သူမ၏ မျက်နှာအမူအရာသည် အာရန်ကို ကြည့်လိုက်သောအခါ ပို၍ ပင် ထူးခြားနေပုံရသည်။
“မင်း ငါ့ကို သတ်ချင်နေသေးလား”
အာရန်က ကီလီယာအား ထိုသစ်သားမျက်နှာဖုံးမှ မည်မျှ အလုပ်လုပ်ကြောင်း စမ်းသပ်လိုသောကြောင့် မေးကြည့်လိုက်ခြင်းဖြစ်သည်။
“ရှင့်ကို ဘယ်လိုများ နာကျင်အောင် လုပ်နိုင်မှာလဲ။ ရှင်က... ကျွန်မရဲ့ သခင်ပဲလေ” ဟု ဘယ်လက်ရုံးအစောင့်အရှောက်က ထိုသို့ပြန်ပြောလိုက်သည်။
“ဒါနဲ့မင်းနာမည် ဘယ်လိုခေါ်လဲ”
“ကျွန်မနာမည်က ကီလီယာပါ”
သူမ၏ မျက်လုံးများတွင် အာရန်အား ကြည့်နေသောအချိန်တွင် နာခံမှုများရှိနေခဲ့ပြီး ယခုအခါ သူမသည် လုံးဝ ကွဲပြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားသည့်အလားပင်။
“မျက်နှာဖုံးက ကောင်းကောင်း အလုပ်လုပ်နေပုံရတယ်။ စနစ်ဆီကရတဲ့ အဆင့်မြင့်ပစ္စည်းတွေက တော်တော်လေးကောင်းမွန်တာပဲ” အာရန်သည် သူ့ကိုယ်သူ တိုးတိုးလေး ပြန်ပြောလိုက်၏။
ရှင်းပြချက်ဇယားတွင် ဤမျက်နှာဖုံး မည်သို့အလုပ်လုပ်သည်ကို သေခြာရှင်းပြထားသော်လည်း ဤမျှ ကောင်းစွာ အလုပ်လုပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အာရန်သည် ပထမဆုံးအကြိမ် ဤဆုလာဘ်အား ဖော်ပြချက်မပါဘဲ ရွေးချယ်စရာတစ်ခုအဖြစ် ကမ်းလှမ်းခံခဲ့ရသောအခါ ၎င်းပစ္စည်းသည် သူကိုယ်တိုင်အတွက်သာ အသုံးပြုရမည့်အရာဖြစ်မည်ဟု ထင်မှတ်မိခဲ့သည်။
ထို ဆုလာဘ်ကို အမှန်တကယ်လက်ခံရရှိပြီးသောအခါမှသာ ဤပစ္စည်း မည်မျှ ထူးခြားကြောင်း သူ သဘောပေါက်ခဲ့ရသည်။
နှစ်ဖက်မျက်နှာဖုံးသည် ပိုင်ရှင်ကိုယ်တိုင် အသုံးပြုရန်အတွက် မဟုတ်ပေ။
ယင်းအစား ၎င်းသည် အသုံးပြုသူ၏ သိစိတ်ပင်လယ်ကို ကာကွယ်ပေးရန်ဖြစ်လေသည်။
မျက်နှာဖုံး၏ အမှန်တကယ်အသုံးဝင်သည့်နေရာမှာ တစ်စုံတစ်ဦးမှ ၎င်းတို့၏ သိစိတ်ပင်လယ်ကို ကျူးကျော်ဝင်ရောက်သောအခါမျိုးတွင် ဖြစ်လေ၏။
မျက်နှာဖုံး၏ သက်ရောက်မှုအရ
မျက်နှာဖုံးပိုင်ရှင်အပါအဝင်ကျူးကျော်ဝင်ရောက်သူသည် စိတ်ဝိညာဥ်တိုက်ပွဲအတွင်း ၎င်းတို့ထဲမှ တစ်စုံတစ်ဦး သေဆုံးသည့်အခါမှသာ သိစိတ်ပင်လယ်အတွင်းမှ ပြန်လည် ထွက်ခွာ၍ ရပေလိမ့်မည်ဖြစ်သည်။
အကယ်၍ ထိုတိုက်ပွဲအတွင်း မျက်နှာဖုံးပိုင်ရှင်သာ သေဆုံးသွားခဲ့ပါက ထိုမျက်နှာဖုံးသည် အသုံးမဝင်တော့ဘဲ ပျက်စီးသွားမည်ဖြစ်လေ၏။
သို့သော် ပိုင်ရှင်က ကျူးကျော်ဝင်ရောက်သူကို သတ်နိုင်ခဲ့မည်ဆိုပါကမူ ထိုမျက်နှာဖုံး၏ အစစ်အမှန်အသုံးဝင်မှုသည် စတင်အသက်ဝင်လာခဲ့မည်လည်း ဖြစ်လေသည်။
ကျူးကျော်ဝင်ရောက်သူ၏ ပျက်စီးသွားသော စိတ်ဝိညာဥ် အပိုင်းအစများကို ထိုသေးငယ်သော သစ်သားမျက်နှာဖုံးလေးက ပြန်လည်စုစည်းပေးကာ ၎င်း၏ သေဆုံးခြင်းအား ကာကွယ်ပေးထားမည်ဖြစ်၏။
ထိုစိတ်ဝိညာဥ်အပိုင်းအစများကို မျက်နှာဖုံးအတွင်းတွင် ပြန်လည်စုစည်း၍ အသစ်တဖန် ပြန်လည်ဖန်တီးယူမည်ဖြစ်သည်။
၎င်းစိတ်ဝိညာဥ်အသစ်သည် ယခင်ကအတိုင်း လုံးဝ ထပ်တူညီနေမည်လည်း ဖြစ်လေသည်။
သို့သော် ထိုနေရာတွင် ပြောင်းလဲမှုအသေးစားလေးတစ်ခုတော့ ပြုလုပ်ထားမည်ဖြစ်၏။
၎င်းမှာ ပိုင်ရှင်အပေါ် သစ္စာစောင့်သိစိတ်ကို ထိုစိတ်ဝိညာဥ်၏ အနက်ရှိုင်းဆုံးနေရာတွင် ထည့်သွင်းမြှုပ်နှံထားလိုက်ခြင်းပင်တည်း။
(ဘာသာပြန်သူမှတ်ချက်။ ။ နှစ်ဖက်မျက်နှာဖုံးရဲ့ အလုပ်လုပ်ပုံကို ဥပမာပေးရရင် ဂိမ်းစက်တွေကို Jailbreak လုပ်တဲ့ဖြစ်စဥ်နဲ့ဆင်တူပါတယ်။ သူက မူလ Firmware ကို Clone ရိုက်ပြီး Custom Firmware ပြန်ပြင်ရေးလိုက်တာမျိုး၊ ရုတ်တရက်ကြည့်ရင် မူလ Firmware နဲ့ဆင်တူပေမဲ့ ပိုင်ရှင်က စိတ်ကြိုက်ပြန်ပြုပြင်လို့ ရသွားတာမျိုးပေါ့။)
ထိုမျက်နှာဖုံးကို မရရှိမီ အာရန်သည် အကယ်၍ သူသာ ဝိညာဥ်ရှာဖွေခြင်း ပြုလုပ်ခံခဲ့ရပါက ငရဲတံခါးကို ရှာမတွေ့နိုင်မှီ ငရဲလက်မှတ်ကို အသုံးပြု၍ ထွက်ပြေးလွတ်မြောက်နိုင်သဖြင့် ဘယ်လက်ရုံးအစောင့်အရှောက်အား သတ်ပစ်ကာ အသွင်ပြောင်းလဲခြင်းအစွမ်းဖြင့် ထိုအစောင့်အရှောက်နေရာတွင် ဝင်ယူ၍ အချိန်တစ်ခုအထိ ဟန်ဆောင်နေထိုင်ရန် စီစဥ်ထားခဲ့ခြင်းဖြစ်သည်။
ဤဆုလာဘ် ရရှိလိုက်ခြင်းက သူ၏ အစီအစဉ်ကို ပြောင်းလဲစေခဲ့သည်။
အာရန်သည် အလျင်စလို လုပ်စရာမလိုတော့ပေ။ ဤနေရာရှိ အခြေအနေများကို ပိုမိုနားလည်ရင်း အချိန်ယူနိုင်ပြီဖြစ်၏။
တစ်ချိန်တည်းမှာပင် အာရန်သည် ဘယ်လက်ရုံးအစောင့်အရှောက်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ၎င်းက သူ့အား နစ်ခရိုမန်ဆာမျှော်စင်တွင် အခွင့်အာဏာတစ်ခု ရရှိစေလိုက်သလိုပင်။
ထို့နောက် အာရန်အတွက် အသုံးဝင်သော နောက်ထပ် တစ်စုံတစ်ဦးကို ထပ်မံ ရယူနိုင်ခဲ့ပြီလည်းဖြစ်လေသည်။
“ငရဲပြည်အကြောင်း မင်း သိထားသမျှ အားလုံးကို ပြောပြပါ။ အဲဒါက ဘယ်လိုနေရာမျိုးလဲ၊ နစ်ခရိုမန်ဆာမျှော်စင်က ဘာလို့ ငရဲတံခါးကို ဖွင့်ဖို့ အသဲအသန် ကြိုးစားနေရတာလဲ” အာရန်သည် ဘယ်လက်ရုံးအစောင့်အရှောက်အား တိုက်ရိုက်ပင် မေးလိုက်သည်။
သူမ၏ စိတ်ဝိညာဥ်သည် လုံးဝ ပြန်လည်ကောင်းမွန်လာပြီဖြစ်သောကြောင့် သူမ၏ မှတ်ဉာဏ်များသည် နဂိုအတိုင်းမည်သည့်ဆုံးရှုံးမှုမျှ မရှိပေ။
၎င်းက အာရန်အား သူအချိန် ကြာမြင့်စွာကတည်းက လိုချင်နေခဲ့သော အဖြေများကို ရရှိရန် အခွင့်အရေးတစ်ခုလည်း ဖြစ်လေသည်။
“ငရဲပြည်ဆိုတာ ကျွန်မတို့ ဒီကမ္ဘာ
လောကရဲ့ အပြင်ဘက်က သီးခြားကမ္ဘာလောက တစ်ခုပါ။ အဲ့ဒီကမ္ဘာဟာ ဘယ်ကတည်းက စတင်တည်ရှိနေတာလဲဆိုတာတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။ ကျွန်မတို့ ဒီကမ္ဘာကြီး မတည်ရှိခင်ကတည်းက ငရဲပြည်ကမ္ဘာက တည်ရှိနေခဲ့တာလို့လည်း ပြောကြပါတယ်။ ကျွန်မတို့ နစ်ခရိုမန်ဆာတွေကတော့ ငရဲပြည်ကနေ ခွန်အားတွေ ရရှိထားကြတာ ဖြစ်ပါတယ်တယ် “
“ဒါကို အနောက်တိုက်ကအခေါ်အဝေါအရဆို ကောင်းချီးပေးမှုတစ်ခုဆိုပါတော့၊ ဒါပေမဲ့ ကျိန်စာတစ်ခုနဲ့ ပိုတူတယ်လို့ပြောရမယ်။ အဲ့ဒီကျိန်စာကြောင့်ပဲ ကျွန်မတို့တတွေဟာ ဖုတ်ကောင်တွေကို အုပ်စိုးနိုင်စွမ်းရှိလာတာဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဝိညာဉ်တွေမှာတော့ ငရဲအမှတ်အသားတစ်ခုစီ မှတ်သားခံထားရပြီး ဖြစ်တယ်”
“ကျွန်မတို့ နစ်ခရိုမန်ဆာတွေဟာ သေဆုံးသွားတာနဲ့ အခြားသာမန်လူတွေလို ပြန်လည်မွေးဖွားဖို့ အခွင့်အရေး မရှိတော့ပါဘူး။ ကျွန်မတို့ဝိညာဉ်တွေက ငရဲပြည်ကို ရောက်သွားမှာဖြစ်ပြီး ငရဲဘုံလို နေရာမှာ ထာဝရ နှိပ်စက်ခံရလိမ့်မယ်လို့ ဆိုထားပါတယ်”
“အဲဒီနေရာက ဒီလောက်ဆိုးဝါးနေရင်လည်း ဘာလို့ အဲဒီနေရာကို ဝင်ပေါက်ဖွင့်ဖို့ ဒီလောက်အသဲအသန် ကြိုးစားနေရတာလဲ”
အာရန်သည် အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ထပ်မံ မေးလိုက်၏။
ကီလီယာပြောသည့်အတိုင်းဆိုပါက ငရဲပြည်သည် နစ်ခရိုမန်ဆာများအတွက် ကိုယ်ပိုင်ငရဲတစ်ခုလိုပင်ဖြစ်လေသည်။
ဤသို့ဆိုပါက နစ်ခရိုမန်ဆာများသည် အဘယ်ကြောင့် ထိုငရဲကို ဝင်ရောက်နိုင်ရန် အသဲအသန်ကြိုးစားနေကြရသနည်း။
အဘယ်ကြောင့် ထိုသို့ သွားရောက်ရန် ဤမျှ စိတ်အားထက်သန်နေကြရသနည်း။
“အကြောင်းပြချက် နှစ်ခု ရှိတယ်။ ပထမတစ်ခုက ငရဲက ကျွန်မတို့ကို ခွန်အားတွေပေးလို့ပါ။ ငရဲတံခါးသာ အပြည့်အဝ ပွင့်သွားခဲ့မယ်ဆိုရင် နေရာနှစ်ခုကြားက ဆက်သွယ်မှုက ပိုပြီးအားကောင်းလာလိမ့်မယ်။ အဲဒါက တစ်နည်းအားဖြင့် နစ်ခရိုမန်ဆာတွေ အားအကောင်းဆုံးဖြစ်မယ့် အချိန်တစ်ခုလို့ ပြောလို့ရတယ်”
“ဒါဆို မင်းတို့တွေ ငရဲတံခါးကို ဖွင့်ချင်နေတာကို မင်းတို့ရဲ့ ရန်သူတွေကို ရှင်းထုတ်ဖို့ အစီအစဉ်ပေ့ါ။ သန့်စင်ဘုရားကျောင်းက ဒီလောက် မတည်မငြိမ်ဖြစ်နေတာ အံ့သြစရာမရှိတော့ပါဘူး”
အာရန်သည် သူ၏ မေးစေ့ကို ပြန်ပွတ်သပ်လိုက်ရင်း အရာအားလုံးကို ဆက်စပ်မိသွားလေသည်။
နစ်ခရိုမန်ဆာများအတွက် ငရဲပြည်သည် ဒဏ္ဍာရီလာ သမန်းဝံပုလွေများအတွက် လပြည့်ညကဲ့သို့ သက်ရောက်မှုမျိုးပင်။
သူတို့သည် ငရဲတံခါးအား အတင်းအကျပ်ဖွင့်လှစ်ကာ အရာအားလုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေကြခြင်းများလား...။
“မင်းမှာ အကြောင်းပြချက် နှစ်ခု ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဒါဆို ဒုတိယအကြောင်းပြချက်က ဘာလဲ”
အာရန်သည် ကီလီယာမှာ အရေးကြီးသော နောက်ထပ်အကြောင်းပြချက်တစ်ခု ရှိသေးကြောင်း ဖော်ပြခဲ့သည်ကို အမှတ်ရလိုက်သဖြင့် ဆက်မေးလိုက်၏။
“ဒုတိယအကြောင်းပြချက်ကလည်း အရေးကြီးပါတယ်။ ပထမတစ်ခုထက်တောင် ပိုပြီးအရေးကြီးရင် ကြီးနေနိုင်တယ်။ အဲဒါက ‘အဲ့ဒီလူ’ အဲဒီမှာ ရှိနေလို့ပါ။ မျှော်စင်သခင်က သူ့ကို ပြန်ခေါ်ထုတ်လာချင်နေခဲ့တာပါ”
“’အဲ့ဒီလူ’ ဆိုတာ ဘယ်သူ့ကိုပြောတာလဲ”
အာရန်သည် စိတ်ဝင်စားစွာဖြင့် မေးလိုက်ရင်း ထိုပုဂ္ဂိုလ်သည် မြောက်ပိုင်းတိုက်ကြီး၏ အဓိကဇာတ်လိုက်များ ဖြစ်နေမလားဟု တွေးမိလိုက်သည်။
သို့မဟုတ် အဓိကဇာတ်လိုက် ပေါ်လာခြင်းသည် မတော်တဆမှုတစ်ခုဖြစ်ပြီး နစ်ခရိုမန်ဆာမျှော်စင်၏ အစစ်အမှန်ပစ်မှတ်မှာ တခြားတစ်ဦးပင်များလား...။
“ဇက်ဖာ... ဇက်ဖာ နစ်ခရိုလိုင်း”
ကီလီယာသည် အမည်နာမည်တစ်ခုကို ရေရွတ်ပြလိုက်ရာ အာရန်တစ်ယောက် လုံးဝ တိတ်ဆိပ်သွားခဲ့ရသည်။
အာရန်သည် ထိုပုဂ္ဂိုလ်၏ နာမည်သည်ထူးဆန်းသဖြင့် အံ့အားသင့်သွားခြင်း မဟုတ်ခဲ့ပေ။
သူအမှန်တကယ် အံ့အားသင့်သွားခဲ့သည်မှာ ထိုပုဂ္ဂိုလ်၏ နောက်ဆုံးနာမည်ကြောင့်ပင်ဖြစ်၏။
ထိုပုဂ္ဂိုလ်၏နောက်ဆုံးနာမည်သည် သူ၏ နာမည်နှင့် အတူတူပင်ဖြစ်လေသည်။
အာရန်၏ မူလခန္ဓာကိုယ်ပိုင်ရှင်နာမည်သည် ရန်နစ်ခရိုလိုင်းဖြစ်သော်လည်း နစ်ခရိုမန်ဆာမျှော်စင်မှ ကယ်တင်လိုနေသော ပုဂ္ဂိုလ်မှာ ဇက်ဖာနစ်ခရိုလိုင်း ဖြစ်နေလေသည်။
“သူနဲ့ ငါနဲ့ကြားမှာ ဘယ်လို ဆက်စပ်မှုတွေရှိနေမလဲ” ဟု အာရန်သည် သူ၏အတွေးများထဲတွင် နစ်မြောရင်း ကီလီယာအား မေးလိုက်၏။
ကီလီယာသည် သူမ၏ စိတ်ဝိညာဥ်မှာ ပြန်လည်ပြုပြင်ခံထားရသော်လည်း သူမ၏ မှတ်ဉာဏ်များမှာမူ မူလအတိုင်း အပြည့်အဝကျန်ရှိနေဆဲပင်ဖြစ်လေသည်။
သူမသည် အာရန်၏ အစစ်အမှန်မျက်နှာကို သိရှိထားပြီးဖြစ်၏။
သို့သော် မျက်နှာဖုံး၏အစွမ်းကြောင့် သူမ၏ မှတ်ဉာဏ်များတွင် သူ့နှင့်ပတ်သက်သော အချက်အလက်များကို မည်သူမျှ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။
အနာဂတ်တွင် တစ်စုံတစ်ဦမှ သူမအား ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ခဲ့မည်ဆိုလျှင်ပင် ထိုအရာကို သိနိုင်လိမ့်မည်မဟုတ်ပေ။
“ဇက်ဖာနစ်ခရိုလိုင်းက ရှင် ပထမဆုံး သတ်ခဲ့တဲ့သူပါ” ကီလီယာက အာရန်၏အမေးကို ပြန်ဖြေလိုက်သည်။
အာရန်က သူမ၏ အဖြေကို ကြားလိုက်သောအခါ သူ၏ နဖူးကို ပြန်လည် ပွတ်သပ်လိုက်မိသည်။
ရန်နစ်ခရိုလိုင်းသည် ဤကမ္ဘာတွင် ရန်သူများဖန်တီးရသည်ကို အားမရသေးသဖြင့် ငရဲပြည်ထိပင်သွားရောက်၍ ရန်သူများ ဖန်တီးခဲ့ခြင်းများလား....။
ဤအချိန်မှာပင် အာရန်တစ်ယောက် ဇက်ဖာနစ်ခရိုလိုင်းမှာ မြောက်ပိုင်းတိုက်၏ အဓိကဇာတ်လိုက်ဖြစ်ကြောင်း ခံစားမိလိုက်လေသည်။
ယခုအချိန်အထိ အာရန်သည် အဓိကဇာတ်လိုက်များ၏ ပဋိပက္ခများအတွင်း တတိယလူနေရာမှသာ ပါဝင်ခဲ့ရခြင်းလေသည်။
ဤတစ်ကြိမ်တွင်မူ သူသည် တိုက်ရိုက် ပါဝင်ပတ်သက်တော့မည်ဖြစ်၏။
ဇက်ဖာနစ်ခရိုလိုင်းသည်သာ အဓိကဇာတ်လိုက်ဖြစ်နေပါက ၎င်း၏ ဇာတ်လမ်းတွင် အာရန်ကိုယ်တိုင်သည် အဓိကဗီလိန်တစ်ယောက်ဖြစ်နေသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား...။
သို့သော် အာရန်သည် မူလက အရှေ့တိုက်ရှိဇာတ်လမ်းအတွင်း အကြီးအကဲရန်အဖြစ် ရဲ့လန်၏လက်ထဲတွင် သေဆုံးသွားရမည့် သာမန်ဗီလိန်တစ်ဦးသာဖြစ်လေသည်။
အရှေ့တိုက်၏မူလဇာတ်လမ်းအတိုင်းဆိုပါက သူသည် ယခုကဲ့သို့ အဘယ်ကြောင့် ဤဇာတ်လမ်းတွင် ဆက်လက် ပါဝင်နိုင်မည်နည်း။
အာရန်သည် ပို၍တွေးမိလေလေ ဤကမ္ဘာ၏ ထူးခြားပြီး အစီအစဥ်မကျမှုများ အကြောင်းကို ပို၍တွေ့ရှိလာလေလေ ဖြစ်လေ၏။
#Catfoot