← Chapters

ဇက်ဖာ

Vol. 31 Ch. 441

ဇက်ဖာ

Vol. 31 Ch. 441

….

“ငါက သူ့ကို သတ်ခဲ့တယ်ဟုတ်လား ဘာလို့ အဲဒီလိုလုပ်ရမှာလဲ”

ရန်၏ အတိတ်သည် အာရန်အတွက်မူ ဗလာကျင်းထားသော ပန်းချီကားတစ်ချပ်ပမာပင်။

အာရန်သည် ရန် နစ်ခရိုလိုင်း၏ အတိတ်ကို သွယ်ဝိုက်သောနည်းဖြင့်သာ အနည်းငယ်ကြားဖူးခဲ့လေသည်။

အချို့က ထိုသူအား သမိုင်းတစ်လျှောက် ရက်စက်ရမ်းကားခဲ့သည့် လူများထဲတွင် အဆိုးဝါးဆုံးလူတစ်ဦး ဖြစ်သည်ဟုပင် သတ်မှတ်ခဲ့ကြသည်။

အချို့ကမူ ၎င်းအား အမှန်တကယ်တည်ရှိခဲ့ခြင်းမရှိသည့် ပါးစပ်ရာဇဝင်ကဲ့သို့ ဒဏ္ဍာရီတစ်ခုသာ ဖြစ်သည်ဟု ယုံကြည်ထားကြလေသည်။

နတ်ဆိုးဝါးမြိုသူမှလွဲ၍ ရန်နစ်ခရိုလိုင်းအပေါ် အကောင်းမြင်ပေးခဲ့သူ တစ်ဦးတစ်လေမျှပင် ရှိခဲ့ဟန်မရပေ။

ဤကမ္ဘာရှိ အရှင်သခင် လေးဦးသည်ပင်လျှင် သူ့အား သတ်နိုင်ရန်အတွက် ပူးပေါင်းခဲ့ကြရလေသည်။

ကီလီယာကြောင့် အာရန်သည် နောက်ဆုံးတွင်မူ ရန် နစ်ခရိုလိုင်း၏ အတိတ်ကို အနည်းငယ် တူးဆွခွင့်ရနိုင်ခဲ့ပြီး ၎င်းသည် ဇက်ဖာ နစ်ခရိုလိုင်း၏ သေဆုံးမှုနှင့်အတူ နစ်ခရိုမန်ဆာမျှော်စင်မှ စတင်ခဲ့ခြင်းဖြစ်၏။

“ဘယ်သူမှ ရှင် ဘာကြောင့်အဲ့လို လုပ်ခဲ့တယ်ဆိုတာကို မသိခဲ့ကြဘူး။ ဒါပေမဲ့ ရှင်က သူ့ဆီကနေ အမွေဆက်ခံသူနေရာကို လုယူဖို့အတွက် လုပ်ခဲ့တယ်လို့တော့ အများက ယုံကြည်ထားခဲ့ကြတယ်။ ပြီးတော့ အဲဒီအချိန်တုံးက ရှင် သုံးနှစ်သားလေးပဲ ရှိသေးတယ်လေ”

ကီလီယာ၏ အဖြေကြောင့် အာရန်သည် မေးရိုးများ အောက်သို့ ပြုတ်ကျမတတ်ပင် ဖြစ်သွားခဲ့ရသည်။

သူသည် လူတစ်ယောက်ကို ပထမဆုံးစတင် သတ်ဖြတ်ခဲ့စဥ်အချိန်က သုံးနှစ်သာ ‌လေးသာ ရှိသေးသည်တဲ့လား။

သူမသည် အဘယ်ကြောင့် ဤမျှ အဓိပ္ပာယ်မရှိသည့်အရာကို ပြောနေရသနည်း။

သို့မဟုတ်အကယ်၍ ဤအတိုင်းသာအမှန်တကယ်ဖြစ်ခဲ့ခြင်းဆိုပါက ရန် နစ်ခရိုလိုင်းသည် မည်မျှ ထူးဆန်းသောလူတစ်ဦးဖြစ်နေခဲ့သနည်း။

“လူတစ်ယောက်က သုံးနှစ်သားကလေးလေးတစ်ယောက်ရဲ့ လက်ချက်နဲ့ ဘယ်လိုများ သေဆုံးနိုင်မှာမို့လဲ။ ဇက်ဖာဆိုတဲ့ကောင်က အဲ့လောက်တောင် သောက်သုံးမကျတာလား။ သူ က ငရဲကိုတောင် အံတုနိုင်တဲ့အထိ ကြမ်းထော်နေပြီး ဒီဘာမဟုတ်တဲ့ သုံးနှစ်သားကလေးတစ်ယောက်ကိုတော့ မနိုင်ခဲ့ဘူးပေါ့လေ”

အာရန်သည် ကိုယ့်ကိုယ်ကိုယ် လက်ဖြင့် ပြန်ရိုက်ချင်စိတ်ပင် ပေါက်လာခဲ့၏။

“အဲဒီငမိုက်သား ဇက်ဖာက အဲ့ဒီအချိန် အသက်ဘယ်နှစ်နှစ်လောက်ရှိနေပြီလဲ”

အာရန်သည် ကီလီယာအား ထိုသို့ထပ်မံ မေးလိုက်ရာ နောက်ထပ် အံ့အားသင့်စရာကောင်းသည့် အဖြေတစ်ခုကို ထပ်မံရရှိခဲ့သည်။

“သူက ရှင့်ရဲ့ အမြွှာညီအစ်ကိုဆိုတော့ သူလည်း သုံးနှစ်သားလောက်ပဲ ရှိခဲ့ဦးမယ်ထင်တယ်”

အာရန်သည် ကီလီယာ၏စကားကြောင့် မည်သို့တုံ့ပြန်ရမှန်းပင် မသိတော့ပေ။

သူ ပထမဆုံး သတ်ခဲ့သည့်သူမှာ သူ၏အမြွှာညီအစ်ကိုဖြစ်နေခဲ့ပြီး ထိုအချိန်က သူတို့နှစ်ဦးစလုံးသည် သုံးနှစ်သားအရွယ်တွင်သာရှိနေခဲ့ကြသည်တဲ့လား..။

ထိုအသက်အရွယ်တွင် ကလေးများသည် ကောင်းစွာပင် စကားပြောနိုင်ကြဦးမည် မဟုတ်ပေ။

ထိုသို့သော အရာမျိုးကို သူသည် မည်ကဲ့သို့များ လုပ်နိုင်ခဲ့ရသနည်း။

“မင်း မတော်တဆဖြစ်သွားခဲ့တာကို ချဲ့ကားပြီးပြောနေတာတော့ မဟုတ်ပါဘူးနော်” ဟု အာရန်သည် ထပ်မံအတည်ပြုနိုင်ရန် မေးလိုက်၏။

ထိုစဥ်က သူ၏ အမြွှာညီအစ်ကို အမှန်တကယ် သေဆုံးခဲ့လျှင်ပင် ၎င်းသည် မတော်တဆမှုတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ထိုသို့ဆိုပါက သူနှင့် ဘာမှ မဆိုင်ခဲ့သည်လည်း ဖြစ်နိုင်သည်မဟုတ်လား။

မည်သူကများ လူသတ်မှုတစ်ခုအတွက် သုံးနှစ်သားအရွယ်ကလေးတစ်ယောက်ကို အပြစ်တင်ခဲ့ရသနည်း။

“အဲ့ဒီတုံးက ရှင့်လက်ထဲမှာ ရှင့်အစ်ကိုရဲ့သွေးတွေ စွန်းထင်းနေတဲ့ ဓားတစ်ချောင်းရှိနေခဲ့တယ်။ မျှော်စင်သခင်က အဲဒါကို မတော်တဆမှုတစ်ခုလို့ သတ်မှတ်ခဲ့မယ်ထင်လား” ဟု ကီလီယာက အာရန်၏မေးခွန်းကို မေးခွန်းဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။

“တစ်စုံတစ်ယောက်က သူ့ကို သတ်ပြီး ဓားကို ငါ့လက်ထဲ ထည့်ခဲ့တာလည်း ဖြစ်နိုင်တာပဲလေ”

အာရန်သည် လက်မခံနိုင်သေးဟန်ဖြင့် အနည်းငယ်စကားကပ်၍ပြောလိုက်၏။

“အဲ့ဒီအချိန် အခန်းထဲမှာ မှတ်တမ်းတင် သလင်းကျောက်တစ်ခု ရှိနေခဲ့တယ်။ အဲ့ဒီမှတ်တမ်းမှာလည်း ဘာပြုပြင်ထားတဲ့လက္ခဏာမှ ရှိမနေဘူးဆိုတာလည်း မျှော်စင်သခင်ကိုယ်တိုင် အတည်ပြုခဲ့ပြီးဖြစ်တယ်။ ရှင့်အစ်ကိုက အခြားသူတွေ ရောက်လာတဲ့အချိန်မှာ သေဆုံးနေပြီဖြစ်လို့ ဘာကိုမှ ပြောင်းလဲလို့ မရနိုင်ခဲ့ဘူး”

“ ဇက်ဖာက သေခြင်းမှော်ပညာအတွက် ပိုပြီးသင့်တော်တဲ့ ခန္ဓာကိုယ်နဲ့ မွေးဖွားလာခဲ့တဲ့သူဖြစ်ခဲ့ပေမဲ့ ရှင့်ရဲ့ လက်ချက်နဲ့ပဲ သေဆုံးခဲ့ရတယ်။ နောက်ဆုံးမှာ ရှင်တစ်ယောက်ပဲကျန်ခဲ့တာမလို့ ရှင်ကပဲ နစ်ခရိုမန်ဆာမျှော်စင်ရဲ့ အမွေဆက်ခံသူတစ်ဦး ဖြစ်လာခဲ့ရတယ်”

မျက်နှာဖုံး၏ ထိန်းချုပ်မှုသာရှိမနေခဲ့လျှင် ကီလီယာ လိမ်ညာနေသည်ဟုပင် အာရန်တစ်ယောက် ကြိမ်းသေ သံသယဝင်မိလိမ့်မည်ဖြစ်၏။

သူမသည် သူမ၏ စကားအပေါ်တွင် လွန်စွာယုံကြည်မှု ရှိနေသောကြောင့်သာ သူမ၏ စကားများသည် အမှန်တရားများဖြစ်နိုင်သည်ဟု သူ ယုံကြည်လိုက်ရသည်။

နစ်ခရိုမန်ဆာမျှော်စင်သခင်၏ ရာထူးကို ဆက်ခံနိင်ရန်အတွက် ရန်သည် သူ၏ အမွှာညီအစ်ကိုကိုပင် သုံးနှစ်သားအရွယ်၌ ပြန်လည်သတ်ဖြတ်ခဲ့သည်တဲ့လား။

ထိုအရာသည် လက်ခံနိုင်စရာကော ရှိသေးရဲ့လား။

ထိုအရာမျိုးသည် လုံးဝလူမဆန်သည့် အကြီးစားဗီလိန်တစ်ဦးသာ ပြုလုပ်မည့်အရာမျိုး ဖြစ်လေသည်။

ရန် နစ်ခရိုလိုင်းသည် ထိုစဥ်က အမှန်တကယ်ပင် ဤမျှဆိုးသွမ်းလွန်းခဲ့သူလား..။

သို့သော် ဤနေရာတွင် တစ်စုံတစ်ခု လွဲချော်နေသည်ဟု အာရန်တစ်ယောက် ခံစားနေရဆဲပင်။

“ဒါဆို မျှော်စင်သခင်ကက င့ါအစ်ကိုအရင်းကို ပြန်သတ်တာ သိပြီးတဲ့နောက်မှာတောင် ငါ့ကို ဘာလို့ အမွေခံအဖြစ် ဆက်လက်ရွေးချယ်ခဲ့သေးတာလဲ...”

အာရန်သည် ရန်နစ်ခရိုလိုင်း၏ ကျန် အကြောင်းအရာများကို ပိုမိုမေးမြန်းရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် အခန်းအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရလေသည်။

လူများစွာသည် ဤအကျဥ်းခန်းဆီသို့ အလျင်အမြန်ပင် ပြေးလာနေဟန်ရလေ၏။

ဘာကြောင့် ထိုသို့ဖြစ်ရသည်ကိုလည်း သူ နားလည်လေသည်။

အမှန်ဆိုလျှင် ဤလူများ၏ တုံ့ပြန်မှုမှာ အလွန်မြန်ဆန်နေခဲ့သည်။

ပုံမှန်အားဖြင့် နစ်ခရိုမန်ဆာမျှော်စင်ရှိလူများသည် သာမန်အစေခံတစ်ဦးအား စုံစမ်းစစ်ဆေးနေစဉ် ဘယ်လက်ရုံးအစောင့်အရှောက်ကိုယ်တိုင် ထိခိုက်ဒဏ်ရာရသွားသည်ဟု လာပြောသော မိန်းကလေးတစ်ဦး၏ စကားကို ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

“ခု မင်း ဘာဆက်လုပ်ရမယ်ဆိုတာ သိတယ်မဟုတ်လား”

အာရန်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ၏ မျက်လုံးများ ပြန်လည် မှိတ်ထားလိုက်၏။

ကီလီယာသည်လည်း လျင်မြန်စွာ အာရန်၏ နဖူးပေါ်တွင် သူမ၏ လက်ချောင်းကို တင်ထားလိုက်သည်။

သို့သော် သူမသည် သူ့အား သာမန် ထိတွေ့ရုံမှလွဲပြီး အခြားမည်သည့်အရာကိုမျှ မပြုလုပ်ခဲ့ပေ။

မကြာမီတွင် အစောင့်များ အထဲသို့ ပြေးဝင်လာခဲ့သည်။

၎င်းတို့အားလုံးသည် ဘယ်လက်ရုံးအစောင့်အရှောက်ဖြစ်သူ ကီလီယာ ကောင်းကောင်းမွန်မွန်သာ ရှိနေသေးသည်ကို သတိပြုမိလိုက်ကြသည်။

ရူဘီ ဖော်ပြခဲ့သည့်အတိုင်း သူမ၏ မျက်နှာအမူအရာသည် ဖြူဖျော့နေခြင်းမျိုးမရှိပေ။

နှုတ်ခမ်းတွင် သွေးအနည်းငယ်ထွက်နေခြင်းမျိုးပင် မရှိချေ။

ထို့အစား သူမသည် ဝိညာဉ်ရှာဖွေခြင်းလုပ်ငန်းစဥ်တွင် နစ်မြောနေပုံသာရလေ၏။

ထိနေရာတွင် အာရန်၏ မျက်နှာသည်သာ ဖြူဖျော့နေခဲ့ပြီး နာကျင်မှုဝေဒနာတစ်ခုကို ကြိတ်မှတ်၍ ခံယူနေရပုံ‌ပေါ်လေသည်။

ထို့နောက်တအောင့်အကြာတွင် ကီလီယာသည် သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်ပြီး သူမ၏လက်ကို အာရန်ဆီမှ ပြန်ရုပ်သိမ်းလိုက်သည်။

“င့ါအချိန်တွေ ပုပ်သွားတာပဲအဖတ်တင်တယ် အလကားပဲ။ သူ့ရဲ့မှတ်ဉာဏ်တွေထဲမှာ စိတ်ဝင်စားစရာလဲ ဘာမှမရှိဘူး” ဟု ကီလီယာသည် စိတ်ပျက်စွာ ညည်းညူလိုက်သည်။

မကြာမီပင် ထိုနေရာသို့ ရောက်လာကြသူများအပေါ် သူမ၏ အကြည့်ရောက်ရှိသွားခဲ့သည်။

သူမ၏ အေးစက်စက် အကြည့်အောက်တွင် ခန်းမမှူးသည်ပင် တောင့်တင်းသွားရပြီး သူအဘယ်ကြောင့် ဤနေရာကို လာခဲ့မိသည်ကိုပင် ပြန်လည် တွေးတောနေမိလိုက်သည်။

၎င်းတို့အနေဖြင့် ဤမကောင်းဆိုးဝါးမအပေါ် စိုးရိမ်ပူပန်မိခဲ့ခြင်းမှာ လုံးဝရယ်စရာဟာသတစ်ခုလိုပင်ဖြစ်နေလေ၏။

သူမနှင့်ပတ်သက်၍ မည်သည့်မှားယွင်းမှုမှ ရှိနေခဲ့ဟန်မရပေ။

“မင်းတို့တွေ ဒီနေရာမှာ င့ါကို အာရုံပျံ့လွင့်အောင် လာလုပ်တဲ့အတွက် ကောင်းမွန်တဲ့အကြောင်းပြချက်တစ်ခုပေးဖို့လိုမယ် တကယ်လို့ မပေးနိုင်ရင် မင်းတို့ လုံးဝ နောင်တရသွားစေရမယ်” ဟု ကီလီယာသည် ရောက်ရှိလာကြသော သေခြင်းရှင်ခြင်းခန်းမမှလူများအား ပြန်ပြောလိုက်သည်။

အာရန်အပေါ် သူမ၏ အပြုအမူသည် သစ်သားမျက်နှာဖုံး၏ လွှမ်းမိုးမှုကြောင့် များစွာ ပြောင်းလဲသွားခဲ့သည်။

သို့သော် အခြားသူများအပေါ်တွင်မူ သူမ၏ အပြုအမူမှာ ယခင်အတိုင်း အတူတူပင်ဖြစ်နေဆဲပင်။

သူမ၏ စရိုက်လက္ခဏာများသည် ပြောင်းလဲမသွားခဲ့ပေ။

“စီနီယာအမ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကျုပ်တို့ကို လာအကြောင်းကြားတဲ့သူရှိနေခဲ့ပါတယ်။ ဒ့ါကြောင့် ကျုပ်တို့ ဒီကို စစ်ဆေးဖို့ လာခဲ့ကြတာပါ”

ရဲရင့်သော အဖွဲ့ဝင်တစ်ဦးသည် အခြေအနေတစ်ခုလုံးကို ရှင်းပြရန် ကျိုးစားရင်း ပြန်ဖြေပေးလိုက်သည်။

“ဟိုး... ငါက မင်းတို့ စိုးရိမ်တာကို ဘယ်အချိန်ကတည်းက လိုအပ်သွားရတာလဲ။ တစ်ယောက်ယောက်က အဓိပ္ပာယ်မရှိတဲ့အရာတွေ ပြောရင်တောင် မင်းတို့က မျက်စိမှိတ်ယုံလိုက်ကြတာပဲလား။ မင်းတို့မှာ အားလပ်ချိန်တွေ အများကြီး ရှိနေပုံရတယ်”

သေခြင်းရှင်ခြင်းခန်းမမှအဖွဲ့ဝင်များအားလုံးသည် ထိုအမျိုးသမီး၏ ပြင်းထန်သော အကြည့်အောက်တွင် ဖိနှိပ်ခံလိုက်ရလေသည်။

၎င်းတို့အားလုံးသည် ရူဘီအား အပြစ်တင်ချင်နေကြသော်လည်း ဤအခြေအနေတွင် ဘယ်လက်ရုံးအစောင့်အရှောက်၏ ခွင့်ပြုချက်မရှိဘဲ တစ်လက်မပင် မရွေ့လျားဝံ့ကြပေ။

ရူဘီသည်လည်း ပို၍ပင် ဆိုးရွားသည့် အခြေအနေတစ်ခုတွင် ရောက်ရှိနေခဲ့သည်။

သူမ မြင်ခဲ့သည့်အရာများသည် ယခုလက်တွေ့နှင့် အဘယ်ကြောင့် ဤမျှ ကွဲပြားနေခဲ့ရသနည်း။

သူမသည် အမှန်တကယ်ပင် စိတ်ကူးယဉ်မိခဲ့တာများလား...။

တကယ်တမ်း မည်သည့်အရာများဖြစ်ပျက်သွားခဲ့သည်ကို သူမ နားမလည်နိုင်တော့ပေ။

သို့သော်လည်း သူမသည် ဘာလုပ်ရမည်ကို နားလည်ရန် လုံလောက်စွာ ဉာဏ်ကောင်းနေသေး၏။

ရူဘီသည် ချက်ချင်း ဒူးထောက်၍ တောင်းပန်လိုက်သည်။

“ဒါက ကျွန်မရဲ့ အမှားပါရှင် ။ ကျွန်မ နစ်ခရိုမန်ဆာမျှော်စင်ကိုရောက်ဘူးတာ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် အခြေအနေကို နားလည်မှုလွဲသွားခဲ့တာပါ။ ကျွန်မ ပိုပြီး နားလည်ခဲ့သင့်တယ်”

ရူဘီသည် ဘယ်လက်ရုံးအစောင့်အရှောက်၏ မျက်နှာကိုပင် မော့ကြည့်ဝံ့ခြင်းမရှိတော့ဘဲ သူမ၏ ဦးခေါင်းကိုငုံ့၍ ဒူးထောက်နေခဲ့သည်။

ခန်းမအဖွဲ့ဝင်များသည်လည်း ရူဘီနည်းတူ လိုက်လံဒူးထောက်လိုက်ကြကာ ဘယ်လက်ရုံးအစောင့်အရှောက်အား ဝိုင်း၍တောင်းပန်လိုက်ကြသည်။

ထို့နောက် ၎င်းတို့အားလုံးသည် ကီလီယာ၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ သူတို့၏ အမြီးများ မီးလောင်ခံလိုက်ရသကဲ့သို့ ထိုနေရာမှဝေးရာဆီသို့ တပြိုင်နက်တည်း အားသွန်ခွန်စိုက် ပြေးထွက်သွားခဲ့ကြလေသည်။

#Catfoot

All Chapters