← Chapters

သိရှိသွားခြင်း …

Vol. 31 Ch. 443

သိရှိသွားခြင်း …

Vol. 31 Ch. 443

အန်ညာနှင့် လီယိုတို့သည် ခေါင်းဆောင်များ ဆုံးရှုံးထားသော အဓိကမိသားစုကြီးများကို သိမ်းပိုက်ရန် ထွက်ခွာလာခဲ့ကြသည်။

ထိုအရာက မိသားစုကြီးများအနေဖြင့် ၎င်းတို့၏ ဆုံးရှုံးမှုများပြီးနောက် မည်သည့်အနှောင့်အယှက်မှ ထပ်မံမဖန်တီးနိုင်စေရန် မျှော်စင်မှက ၎င်းတို့နှစ်ဦးအား ပေးအပ်ထားသည့် တာဝန်တစ်ခုလည်း ဖြစ်လေသည်။

နစ်ခရိုမန်ဆာမျှော်စင်သည် နောက်ဆုံးတွင် အဓိကမိသားစုကြီးများကို ဖိနှိပ်ရန်ဆုံးဖြတ်လိုက်ပြီး အားအကောင်းဆုံးမိသားစုနှစ်စုကို အခြားမိသားစုများအား သိမ်းပိုက်ရန် အခွင့်အရေးတစ်ခုလည်း ပေးလိုက်၏။

အန်ညာနှင့် လီယိုတို့သည် ၎င်းတို့၏မိသားစုများအတွက် အကျိုးကျေးဇူးအများဆုံးရရှိရန် ကြိုးစားရင်း တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်နေကြသည်။

နစ်ခရိုမန်ဆာမျှော်စင်ဘက်မှမူ ဤရှုပ်ထွေးမှု ပြေလည်သွားလျှင် ပြီးရောဟုသဘောထားကာ မိသားစုနှစ်စုထဲမှ မည်သည့်မိသားစုက အကျိုးအမြတ်ပိုရသည်ကိုပင် ဂရုစိုက်မည်မဟုတ်ပေ။

အန်ညာသည် သူ့နှင့်အတူ ဝန်ထုပ်ဝန်ပိုးအဖြစ် ဂျူနီယာတပည့်နှစ်ယောက်ကို ခေါ်ဆောင်လာရခြင်းကို မနှစ်သက်သော်လည်း သူမဆရာမ၏ အမိန့်ကိုမူ မလွန်ဆန်ဝံ့ခဲ့ချေ။

အန်ညာသည် သူမ ဆရာမ၏အကြံပြုချက်ကို လက်ခံလိုက်ပြီး အာရန်နှင့် ရူဘီတို့အား သူမနောက်သို့လိုက်ရန် ခေါ်လိုက်၏။

‘ကျွန်မ သခင့်အတွက် တခြားဘာ လုပ်ပေးရဦးမလား’ ဘယ်လက်ရုံးအစောင့်အရှောက်သည် စိတ်ချင်းဆက်သွယ်မှုဖြင့် အာရန်အား မေးလိုက်သည်။

အာရန်သည် ဘာမျှမကြားနိုင်သည့်အလား နောက်သို့ပင် လှည့်မကြည့်ခဲ့ပေ။

သို့တိုင် သူသည် စိတ်ဖြင့်ဆက်သွယ်၍ ညွှန်ကြားချက်အချို့ကိုမူပေးခဲ့သေးသည်။

‘ဖြစ်နိုင်ရင် င့ါရဲ့ ကလေးဘဝက ဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတင်သလင်းကျောက် ကို ရအောင်ယူပေးပါ။ ပြီးတော့ မိသားစုခေါင်းဆောင်တွေ သေဆုံးတဲ့ ဖြစ်ရပ်ဟာ သန့်စင်ဘုရားကျောင်းရဲ့ လက်ချက်ဖြစ်တယ်လို့ မျှော်စင်ကို ယုံကြည်အောင် လုပ်ဆောင်ပါ။ စစ်ပွဲကြီးအထိဖြစ်ဖို့ မလိုဘူး ဒါပေမဲ့ သန့်စင်အင်ပါယာကို စတင်တိုက်ခိုက်ဖို့တော့ လိုအပ်တယ်’

‘ကျွန်မ ကြိုးစားကြည့်နိုင်ပါတယ်၊ ဒါပေမဲ့ ငရဲတံခါးကို ဖွင့်ဖို့က အချိန်အရမ်း နီးကပ်နေပြီဆိုတော့ အနောက်ပိုင်းတိုက်ကို တိုက်ခိုက်ခိုင်းဖို့ မျှော်စင်ဘက်က ယုံကြည်အောင်ပြောဖို့ကတော့ တကယ့်ကို ခက်ခဲပါလိမ့်မယ်’

‘သူတို့ကို ယုံကြည်အောင်လုပ်ဖို့က မင်းရဲ့အလုပ်ပဲလေ။ သန့်စင်ဘုရားကျောင်းက ငရဲတံခါးဖွင့်တာကို နှောက်ယှက်ဖို့ စီစဉ်နေတယ်လို့ သူတို့ကို ပြောလိုက်ပါ။ စစ်ပွဲရဲ့ ဒုတိယဦးစားပေး မျက်နှာစာဖြစ်နေရင်တောင် နစ်ခရိုမန်ဆာမျှော်စင်အတွက် ပိုကောင်းတဲ့အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မယ်။ မင်း ငါ့ကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူးလို့တော့ ယုံကြည်ပါတယ်’

ထို့နောက် အာရန်သည် ဘယ်လက်ရုံးအစောင့်အရှောက်၏ အမြင်အာရုံအတွင်းမှ မကြာမီ ပျောက်ကွယ်သွားခဲ့သည်။

ဘယ်လက်ရုံးအစောင့်အရှောက်သည်လည်း အာရန်တို့ထွက်ခွာသွားပြီးနောက် တိတ်ဆိတ်စွာပင် နောက်သို့ပြန်လှည့်ကာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ရာ ခန်းမအတွင်းရှိ အခြားအဖွဲ့ဝင်များသာ စိတ်ရှုပ်ထွေး၍ ကျန်ရစ်ခဲ့ကြ၏။

ကီလီယာသည် နစ်ခရိုမန်ဆာမျှော်စင် အပေါ်ထပ်ရှိ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံရန် သွား‌ရောက်ခဲ့သည်။

ညွှန်ကြားရေးမှူးသည် လမ်းမှာပင် သူမနှင့် တွေ့ဆုံခဲ့ပြီး သူမအား မေးခွန်းအနည်းငယ် လှမ်း၍မေးလိုက်သည်။

“ဝိညာဉ်ရှာဖွေတာ အခြေအနေဘယ်လိုလဲ။ မင်း ဘာတွေများရှာတွေ့ခဲ့လဲ”

“သူတို့နှစ်ယောက်စလုံးက အပြစ်ကင်းပါတယ်။ ဒါတင်မကဘဲ သူတို့နှစ်ယောက်စလုံးက ကျွန်မအတွက် အတော်လေး အရည်အချင်းပြည့်မှီတယ် ပြောလို့ရတယ်။ ဒါကြောင့် ကျွန်မ သူတို့ကို ကျွန်မရဲ့တပည့်တွေအဖြစ် လက်ခံထားလိုက်တယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က ကျွန်မတို့ရဲ့ကျင့်စဥ်တွေနဲ့ လုံးဝအန်ဝင်ခွင်ကျဖြစ်နေကြတယ်။ ပြီးတော့ သူတို့ရဲ့ဝိညာဉ်တွေကလည်း ဝိညာဥ်ရှာဖွေမှုအတွင်းမှာ အတော်လေးကြံ့ကြံ့ခံနိုင်တဲ့အထိ သန်မာခဲ့ကြတယ်”

ညွှန်ကြားရေးမှူးသည် သူမအား တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သော်လည်း ဘာမှ တော့ ပြန်မပြောခဲ့ပေ။

သူမ၏လုပ်ရပ်များသည် ထူးဆန်းနေသော်လည်း ဤသို့ ထူးဆန်းသောအရာများကို သူမလုပ်ခဲ့သည်မှာ ယခုသည် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

သူသည် အာရန်၏ အရည်အချင်းများအကြောင်း လီယိုထံမှ ကြားဖူးခဲ့ပြီးဖြစ်၏။

လီယိုသည် သူ့ဆရာနှင့် တွေ့ဆုံခွင့်ပြုရန်ပင် သူ့အား တောင်းပန်ခဲ့သေးသည်။

သို့သော် သူသည် မျှော်စင်သခင်ထံသို့ သတင်းပို့ရန် အလျင်လိုနေသဖြင့် ထိုလူငယ်၏တောင်းဆိုမှုကို ငြင်းဆန်ခဲ့သည်။

“အရေးမပါတဲ့အရာတွေ နားထောင်ဖို့ ငါ ဒီကိုရောက်လာတာ မဟုတ်ဘူး။ တရားခံအကြောင်း မင်း ဘာသိခဲ့လဲ ဆိုတာပဲပြောပြပါ”

ညွှန်ကြားရေးမှူးသည် အဓိကအချက်ကို ပြန်ရောက်အောင် စကားကို ပြန်ခင်းလိုက်ပြီးနောက် ၎င်းသည် သူ၏ အမှန်တကယ် စိုးရိမ်ပူပန်မှုလည်း ဖြစ်လေ၏။

“သူတို့ရဲ့ မှတ်ဉာဏ်တွေထဲကနေ ကီးလ် မိသားစုနယ်မြေကို ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်နဲ့ တူတဲ့သူတစ်ယောက်က အမှန်တကယ်တိုက်ခိုက်ခဲ့တာကို ကျွန်မ အတည်ပြုနိုင်ခဲ့တယ်။ ကျွန်မ မြင်ခဲ့ရတဲ့အတိုင်းဆို ဒါက လုံးဝ အတုအယောင် မဟုတ်နိုင်ဘူး”

“ကျွန်မရဲ့ ပထမဆုံးယူဆချက်က မှားယွင်းခဲ့မယ်ထင်တယ်။ ကာဒီနယ်ရဟန်းအမတ်တွေ အများကြီးရှိနေနိုင်ပေမဲ့ အဲ့ဒီအချိန်က ထရီနီယယ် တစ်ယောက်တည်းပဲ တိုက်ခိုက်နေခဲ့တာပါ။ ကြည့်ရတာ အကြောင်းတစ်ခုခုကြောင့် ကာဒီနယ်ရဟန်းအမတ်တွေကြားမှာ မကျေလည်မှုအချို့ဖြစ်ခဲ့တဲ့အတွက်ကြောင့် သူတို့က ထရီနီယယ်လ်ကို နောက်ကျောကနေ ဓားနဲ့ထိုးခဲ့ကြပုံရပါတယ်”

ညွှန်ကြားရေးမှူးသည် ဘာမှ ပြန်မပြောခဲ့ပေ။

သို့သော် သူသည် မျက်မှောင်အနည်းငယ်ကြုတ်သွားခဲ့ပြီး သူ၏အကြည့်မှာ လည်း အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

ကီလီယာသည် ယနေ့ အမှန်တကယ်ပင် ထူးဆန်းနေသည်ဟု သူ ခံစားနေရသည်။

သူမ၏ ရှင်းပြချက်တွင် ဟာကွက်များစွာ ရှိနေခဲ့လေသည်။

တကယ်တမ်းဆိုရင် သူမ၏ အစောပိုင်း ပထမယူဆချက်က ပိုမို၍ အဓိပ္ပာယ်ရှိနေခဲ့သည်။

သို့တိုင် သူမသည် ယူဆချက်ကို ဤမျှမြန်မြန်ဆန်ဆန်ပင် ပြောင်းလဲသွားခဲ့သည်တဲ့လား။

၎င်းက သူမတွင်တစ်စုံတစ်ရာမှားယွင်းနေသည်ဟု သူ့အားသတိထားမိလိုက်စေသည်။

ကီလီယာသည် သန့်စင်ဘုရားကျောင်းဘက်မှ ငရဲတံခါးဖွင့်မည့်ကိစ္စကို သိထားပြီး ဖြစ်နိုင်သည်ဟု ယူဆမိသည့်အကြောင်းကိုပင် ဆက်လက်ရှင်းပြနေခဲ့သည်။

သူမသည် သူမ၏ယူဆချက်အတွက် အကြောင်းပြချက်များစွာ ပေးခဲ့ပြီး အတတ်နိုင်ဆုံး အဓိပ္ပာယ်ရှိအောင် ကြိုးစားခဲ့သည်။

နောက်ဆုံးတွင် သူမသည် နစ်ခရိုမန်ဆာမျှော်စင်ဘက်မှ သန့်စင်ဘုရားကျောင်း၏ လက်ဦးမှုရယူခြင်းအား ကာကွယ်ရန် သန့်စင်အင်ပါယာအား မိမိတို့ဘက်မှ စတင် တန်ပြန်တိုက်ခိုက်ရန် ဒုတိယအဖွဲ့တစ်ဖွဲ့ ဖွဲ့ထားသင့်သည်ဟုလည်း အကြံပြုခဲ့၏။

အကောင်းဆုံး ထိုးစစ်က အကောင်းဆုံး ကာကွယ်မှုပင်ဖြစ်သည်ဟုလည်း ရှင်းပြခဲ့လေသည်။

“စိတ်ဝင်စားစရာပဲ... မင်း ပြောသမျှ အားလုံးက ဆက်စပ်ကြည့်ရင် အဓိပ္ပာယ်ရှိနေတယ်။ ငါ သေသေချာချာ စဉ်းစားလိုက်ပါမယ်”

ညွှန်ကြားရေးမှူးသည် ပြုံး၍ ပြန်ပြောလိုက်သည်။

သို့သော် သူ၏အပြုံးက ကီလီယာအား ဖြတ်ကျော်သွားသောအခါတွင်မူ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် သူ၏မျက်နှာအမူအရာသည် အလွန်စိတ်ရှုပ်ထွေးနေဟန် ပြောင်းလဲသွားခဲ့၏။

စက္ကန့်အနည်းငယ်အကြာတွင် သူ၏ပုံရိပ်သည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နော် ညွှန်ကြားရေးမှူးသည် အောက်ထပ်တစ်နေရာတွင် ပြန်ပေါ်လာခဲ့ပြီး မျှော်စင်ရှိ လူများ၏ တည်နေရာများကို စောင့်ကြည့်ရန် တာဝန်ယူထားရသော ခန်းမမှူးတစ်ဦးထံသို့ ချဉ်းကပ်လိုက်သည်။

“ကီလီယာ အစောပိုင်းက တပည့်အဖြစ် လက်ခံထားတဲ့ လူငယ်နှစ်ယောက် ခု ဘယ်မှာလဲ” ဟု သူက မေးလိုက်သည်။

“သူတို့နှစ်ယောက် အန်ညာနဲ့အတူ မျှော်စင်က ထွက်ခွာသွားကြပါပြီ။ ခုချိန်ဆို ဂရေရန်ဒေါ် မိသားစုရဲ့ နယ်မြေမှာ ရှိနေလောက်ပြီ” ဟု ခန်းမမှူးသည် စိတ်ရှုပ်စွာဖြင့် ပြန်ဖြေပေးလိုက်သည်။

အများအားဖြင့် ညွှန်ကြားရေးမှူးကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် သာမန်အရေးမပါသော ကိစ္စလေးများတွင် ဂရုစိုက်လေ့မရှိပေ။

သူသည် မျှော်စင်သခင် မရှိချိန်တွင် မျှော်စင်မှာ အမိန့်များကို ထိမ်းချုပ်ကွက်ကဲနိုင်သည့် အခွင့်အာဏာမျိုး ရှိထားသူလည်းဖြစ်လေ၏။

“ကျုပ် လူတစ်ယောက်ကို ခေါ်ပြီး သူတို့ကို ပြန်လာစေဖို့ ပြောလိုက်ရမလား” ခန်းမမှူးမှ ပြန်မေးလိုက်၏။

“မလိုဘူး”

ထိုသို့ပြန်ပြောပြီးနောက် ညွှန်ကြားရေးမှူးသည် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အနက်ရောင်မီးတောက်များ ပျံ့နှံ့လာ၍ နောက်သို့ပြန်လှည့်လိုက်သည်။

အနက်ရောင်မီးတောက်များ ပျောက်ကွယ်သွားသောအခါ ထိုလူ၏ပုံရိပ်ကိုလည်း မတွေ့ရတော့ပေ။

....

ထို့နောက် တစ်ချိန်တည်းမှာပင် အာရန်အား အစောပိုင်း ထိန်းသိမ်းထားခဲ့သော အကျဉ်းခန်းထဲတွင် သေးငယ်သော အနက်ရောင်မီးတောက်ငယ်လေးတစ်ခု လင်းလက်လာခဲ့သည်။

မီးတောက်ငယ်သည် မကြာမှီမှာပင် ကြီးမားစွာ ထတောက်လောင်လာပြီး မကြာမီ မှာပင် အကျဉ်းခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ထို့နောက် မီးတောက်သည် အကျဉ်းခန်းအလယ်တွင် ရပ်နေသော ညွှန်ကြားရေးမှူး၏ နောက်ကျောတွင် မီးများတောက်လောင်နေသော ဝတ်ရုံတစ်ခုအဖြစ် ကျုံ့ဝင်သွားခဲ့သည်။

ညွှန်ကြားရေးမှူးသည် သာမန်လူတစ်ဦး မမြင်နိုင်သည့်အရာတစ်ခုကို မြင်ရန် ကြိုးစားနေသည့်အလား အကျဉ်းခန်းပတ်လည်ကို အာရုံစူးစိုက်စွာ ဝေ့ဝိုက် ကြည့်ရှုလိုက်သည်။

“နဂါးလျှာအစွမ်း...”

ညွှန်ကြားရေးမှူးသည် လုံးဝ ပျောက်ကွယ်လုနီးပါးဖြစ်နေသော အလွန်သေးငယ်သည့် ခြေရာလေးတစ်ခုကို သတိပြုမိပြီး တိုးတိုးလေးပြောလိုက်မိသည်။

ထို့နောက် ခြောက်သွေ့နေသောသွေးစက် တစ်စက်ကိုလည်း သတိပြုမိလိုက်သည်။

သူသည် သူ့လက်ကို ဆန့်ထုတ်ပြီး ကြမ်းပြင်ပေါ်ရှိ ထိုသွေးစက်ကို ထိကြည့်လိုက်သည်။

ထိုသွေးသည် ပုံမှန်ဟုတ်ပုံမရပေ။

၎င်းသည် ဘယ်လက်ရုံးအစောင့်အရှောက်ကဲ့သို့ သေခြင်းစွမ်းအင်များနှင့် အလွန်ရင်းနှီးနေသူတစ်ဦး၏ သွေးဖြစ်နေ၏။

“ဟင်း.... အဲဒီမိုက်မဲတဲ့ အမျိုးသမီးကတော့....သူမကို သတိထားလုပ်ဆောင်ဖို့ ငါ အတန်တန်သတိပေးခဲ့တယ်....”

#Catfoot

All Chapters