← Chapters

အိပ်မက်ဆိုး ...

Vol. 31 Ch. 444

အိပ်မက်ဆိုး ...

Vol. 31 Ch. 444

“သူမ ထိန်းချုပ်ခံလိုက်ရပြီ...”

ညွှန်ကြားရေးမှူးသည် စိတ်ညစ်ညူးစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။

သူ၏ယူဆချက် မှားယွင်းပါစေဟု အမှန်တကယ် ဆုတောင်းခဲ့သော်လည်း ဤအချိန်တွင်မူ ၎င်းသည် အနည်းနှင့်အများတော့ အတည်ပြုနိုင်ခဲ့ပြီဖြစ်၏။

ဘယ်လက်ရုံးအစောင့်အရှောက်သည် သူ့အား အချက်အလက်အမှားများကို ပေးရန် ကြိုးစားခဲ့သည်။

သူမနှင့် သူသည် သိပ်၍ အစေးမကပ်ခဲ့ကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ပဋိပက္ခများကို မျှော်စင်၏အကျိုးစီးပွားထက် ဘယ်တုန်းကမှ ဦးစားမပေးခဲ့ကြပေ။

သူမ၏အပြုအမူနှင့်ပတ်သက်သော အကြီးမားဆုံးပြဿနာမှာ သူမ၏ ပထမယူဆချက်ကို တိုက်ရိုက်ဆန့်ကျင်နေခြင်းပင်ဖြစ်သည်။

သူမသည် ယူဆချက်များတင်ပြရာတွင် ဤမျှမိုက်မဲသော ကောက်ချက်မျိုးကို ဖော်ပြမိရန်အထိ တုံးအသူတစ်ဦးတော့ မဟုတ်ခဲ့ပေ။

သူမသည် အနောက်ပိုင်းတိုက်အား တိုက်ရိုက်တိုက်ခိုက်ရန် တင်ပြခဲ့သည့်အခိုက်အတန့်တွင် သူသည် သူမနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိခဲ့ခြင်းဖြစ်၏။

၎င်းက သူမသည် အကျဉ်းသားနှစ်ဦးကို စစ်ဆေးပြီး ပြန်လာခဲ့သည့် အခိုက်အတန့်မှစ၍ အရာအားလုံး စတင်ခဲ့ခြင်းဖြစ်ဟန်ရသည်။

ညွှန်ကြားရေးမှူးသည် သူ၏တွေ့ရှိချက်ကို ယုံကြည်ရန် ခက်ခဲနေသေးသော်လည်း ၎င်းသည် လက်တွေ့အမှန်တရားပင် ဖြစ်၏။

အကျဉ်းသားနှစ်ဦးသည် ဤဖြစ်ရပ်၏နောက်ကွယ်တွင် ပါဝင်ပတ်သက်နေခဲ့ပြီး ၎င်းတို့သည် တစ်နည်းနည်းဖြင့် ဘယ်လက်ရုံးအစောင့်အရှောက်အား ခြယ်လှယ်နိုင်ခဲ့ဟန်တူသည်။

“သူတို့က ဝိညာဉ်တွေကို ဖျက်ဆီးနိုင်ရုံသာမက ကီလီယာလိုအဆင့်မျိုးရှိတဲ့သူတစ်ယောက်ကိုတောင် ခြယ်လှယ်နိုင်သေးတယ်။ အခုဆိုရင် ဖြစ်စဉ်က တကယ်ကို စိတ်ဝင်စားစရာ ပိုကောင်းလာပြီ”

ထိုသို့ကောက်ချက်ချပြီးနောက် သူ၏ဝတ်ရုံမှ အနက်ရောင်မီးလျှံများ ထတောက်လာခဲ့ပြီး အကျဉ်းခန်းတစ်ခုလုံးကို ဖုံးအုပ်ပစ်လိုက်သည်။

ညွှန်ကြားရေးမှူးသည် ဤနေရာအတွင်းရှိ ခြေရာလက်ရာအားလုံးကို သေချာစွာစစ်ဆေးပြီးနောက် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

.....

တစ်ချိန်တည်းတွင် ဘယ်လက်ရုံးအစောင့်အရှောက်သည်မျှော်စင်၏အပေါ်ထပ်တစ်နေရာတွင် ရောက်ရှိနေခဲ့လေသည်။

ဤအထပ်သည် မျှော်စင်သခင် နေထိုင်ရာအထပ်ဖြစ်သောကြောင့် အစောင့်အရှောက်များ ဝင်ရောက်ခွင့်တင်းကျပ်ထားသော အထပ်လည်း ဖြစ်လေ၏။ အစောင့်အရှောက်များသည် မျှော်စင်သခင်မှ အစည်းအဝေးတစ်ခုအတွက် ဆင့်ခေါ်လိုက်မှသာ ဤအထပ်သို့ ဝင်ရောက်ခွင့်ရှိကြသည်။ သို့သော် ယခုမူ ဘယ်လက်ရုံးအစောင့်အရှောက်သည် မျှော်စင်သခင်၏ ဖိတ်ကြားခြင်းမရှိဘဲ ရုတ်တရက်ရောက်လာခဲ့ခြင်းဖြစ်လေသည်။

သူမသည် မည်သူ့မျှ မမြင်စေရန် အလွန်ဂရုတစိုက်ရှိနေခဲ့ဟန်ရပြီး ၎င်းက သူမကဲ့သို့ ဘယ်လက်ရုံးအစောင့်အရှောက်တစ်ဦးအနေနှင့် ထိုသို့ပြုလုပ်နေခြင်းသည် အတော်လေးထူးဆန်းနေဟန်ရသည်။

သူမသည် မျှော်စင်သခင်၏အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး တစ်စုံတစ်ခုကို ရှာနေသည့်အလား နေရာတစ်ခုလုံးကို စတင်ရှာဖွေတော့သည်။

“သူ အဲဒါကို ဘယ်မှာထားခဲ့တာလဲ”

သူမသည် နေရာတစ်ခုလုံးနီးပါးကို ကြိုးစားရှာဖွေခဲ့သော်လည်း ထိုအရာကို မတွေ့ခဲ့ရပေ။

“ဒီမှာမှမရှိရင် ရှိနိုင်တဲ့တစ်နေရာပဲ ကျန်တော့တယ်...”

သူမသည် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် မျှော်စင်သခင်၏ သီးသန့်အခန်းတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုနေရာသို့ ဝင်ရောက်ခြင်းသည် သူမသာ အဖမ်းခံရပါက ရှင်းပြရန်အခွင့်အရေးပင် မရှိတော့ဘဲ ချက်ချင်းသေဒဏ်ထိုက်သော ရာဇဝတ်မှုပင်ဖြစ်၏။

ကံကောင်းစွာဖြင့် မျှော်စင်သခင်သည် ဤနေရာတွင် ရှိမနေခဲ့သောကြောင့် သူမသည် ပိုကောင်းသောအခွင့်အရေးတစ်ခု ရရှိခဲ့ခြင်းဖြစ်လေသည်။

“အဲဒါက ဒီမှာရှိနေတာပဲ”

သူမသည် မျှော်စင်သခင်၏ သီးသန့်အခန်းတွင်းသို့ ဝင်ရောက်လိုက်သည့်အခိုက်အတန့်မှာပင် အရာဝတ္ထုတစ်ခုကို လှမ်း၍မြင်လိုက်ရ၍ ရုတ်တရက်ဝမ်းသာအားရ ပြောလိုက်မိခြင်းဖြစ်သည်။

ထိုအခန်းတွင်း ဘယ်ဘက်ရှိ စင်လေးတစ်ခု၏ အပေါ်ဆုံးတန်း၌ သေးငယ်သော သလင်းကျောက်လေးတစ်ခု ရှိနေခဲ့သည်။

၎င်းသည် သာမန်ပုံပေါက်နေသော်လည်း ၎င်းသည် သူမရှာဖွေနေခဲ့သော မှတ်တမ်းတင်သလင်းကျောက်ပင်ဖြစ်လေ၏။

“ဒီလိုအရာမျိုးကို မျှော်စင်သခင်က လူမြင်ကွင်းမှာ ထားထားလိမ့်မယ်လို့ မတွေးမိခဲ့ဘူး။ ဒါပေမဲ့ သူက ဒီကို တစ်ယောက်ယောက်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့မှာလည်း မဟုတ်ပါဘူးလေ”

ဘယ်လက်ရုံးအစောင့်အရှောက်သည် ထိုစင်လေးရှိရာသို့ ပိုမိုနီးကပ်စွာ လျှောက်သွားခဲ့ရာ စင်ပေါ်တွင် ထူးဆန်းသော အနုပညာပစ္စည်းများစွာကို တင်ထားကြောင်း ထပ်မံတွေ့လိုက်ရသည်။

သို့သော် အများစုမှာ ဆုတံဆိပ်များကဲ့သို့ အသုံးပြုထားဟန်ရသော မျှော်စင်သခင်၏ သီးသန့်ရတနာများဖြစ်ကြသည်။

ကီလီယာသည် မှတ်တမ်းတင်သလင်းကျောက်မှလွဲ၍ ဘာကိုမှ မထိမိစေရန် အလွန်ဂရုတစိုက်ကိုင်တွယ်ခဲ့သည်။

သူမသည် သလင်းကျောက်ကိုသာ ဂရုတစိုက်ရယူလိုက်ပြီးနောက် သေချာစွာ စူးစမ်းကြည့်လိုက်မိ၏။

သူမသည် ထိုမှတ်တမ်းတင်သလင်းကျောက်အား စူးစိုက်ကြည့်နေရင်းဖြင့် တစ်ခုခုနှင့်ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေသည့်အလား အနည်းငယ် တုံ့ဆိုင်းနေပုံရသည်။ သူမ၏စိတ်ရှုပ်ထွေးမှုသည် မျှော်စင်သခင်အား သစ္စာဖောက်ခြင်းနှင့် မပတ်သက်ပေ။

“အဲဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတာကို ငါ ကြည့်သင့်လား။ ငါကြားထားတဲ့အတိုင်း တကယ်ပဲ ဖြစ်ခဲ့တာလား။ ဒါမှမဟုတ် အဲဒီအချိန်က တကယ်တမ်းတစ်ခုခု မှားယွင်းနေခဲ့တာလား”

သူမသည် ဤနေရာတွင် အန္တရာယ်ရှိမှန်း သိရက်နှင့် သူမ၏ စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ မှတ်တမ်းတင်သလင်းကျောက်ကို ဖွင့်ကြည့်မိလိုက်လေသည်။

သလင်းကျောက်ထဲတွင် အချိန်ကြာမြင့်စွာကတည်းက လုံခြုံစွာထားရှိခဲ့သော မှတ်တမ်းတစ်ခုကို စတင်ပြသတော့သည်။

ထိုမြင်ကွင်းတစ်ခု စတင်ပေါ်လာပြီး ကီလီယာသည် စိတ်ဝင်စားစွာ ကြည့်ရှုနေမိခဲ့သည်။

“ဒါက...”

သူမသည် ကြည့်မိလေလေ သူမ၏မျက်နှာအမူအရာများ ပိုမို၍ မှောင်မိုက်လာလေလေ ဖြစ်၏။

“မင်း ကြည့်လို့ပြီးပြီလား”

ကီလီယာသည် သလင်းကျောက်အတွင်းရှိ မြင်ကွင်းများရှိ မယုံကြည်နိုင်ဖွယ် ဖြစ်ရပ်တစ်ခုအတွင်း စိတ်နစ်မြောနေစဉ် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။

သူမသည် ရုတ်တရက် လန့်ဖြန့်သွားပြီး နောက်သို့လှည့်ကြည့်လိုက်သည်။

ဤအခန်းလေးသည် ပုံမှန်အားဖြင့် မှောင်မိုက်မှုများဖြင့် ကြီးစိုးနေခဲ့ပြီး အပြာရောင်အလင်းငယ်အချို့ဖြင့်သာ မြင်ကွင်းများကို မြင်နိုင်ရန် ဖော်ပြပေးထားခြင်း ဖြစ်လေသည်။

ယင်းအစား ယခုမူ အခန်းတစ်ခုလုံးသည် အနက်ရောင်မီးလျှံများနှင့် ပိုမိုမှောင်မိုက်သွားခဲ့ကာ ထိုမီးလျှံများသည် ပူလောင်ရမည့်အစား အနည်းငယ် အေးစက်နေသည်ဟုလည်း ခံစားမိလိုက်သည်။

“မင်းက အရမ်းမဆင်မခြင် လုပ်တတ်ပေမဲ့ ခုလိုအလွယ်တကူ ကျရှုံးခဲ့လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားမိခဲ့ဘူး”

ညွှန်ကြားရေးမှူးသည် ကီလီယာကို စိုက်ကြည့်နေပြီး အနည်းငယ် စိတ်မကောင်းဖြစ်နေဟန်ရကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

၎င်းတို့နှစ်ဦးသည် မျှော်စင်အတွင်းတွင် ပဋိပက္ခများ မကြာခဏဖြစ်ပွားလေ့ရှိခဲ့သော်လည်း ၎င်းတို့သည် နစ်ခရိုမန်ဆာမျှော်စင်၏ အရေးကြီးသော ပင်မထောက်တိုင်များပင် ဖြစ်နေကြဆဲဖြစ်၏။

ထို့ကြောင့် သူသည် မည်မျှဒေါသထွက်ခဲ့စေကာမူ စည်းတစ်ခုတော့ အမြဲထားထားလေ့ရှိခဲ့သည်။

သို့သော် ယခုမူ ဤသို့မဖြစ်နိုင်တော့ပေ။ ယခုအချိန်တွင် နစ်ခရိုမန်ဆာမျှော်စင်၏ ပင်မထောက်တိုင်များထဲမှ တစ်ခုသည် ထာဝရဆုံးရှုံးသွားရတော့မည်ဖြစ်လေသည်။

ကီလီယာ၏ မျက်လုံးများလည်း ကျဉ်းမြောင်းသွားခဲ့သည်။ ညွှန်ကြားရေးမှူးသည် အရာအားလုံးကို မြင်တွေ့ခဲ့ပြီးဖြစ်ဟန်ရကာ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားနိုင်ရန် သူမသည် သူ့အား သတ်ရုံသာရှိတော့သည်။

အကယ်၍ သူမသာ ဖော်ထုတ်ခံလိုက်ရပါက သူမ၏သခင်ကို ဆက်လက်ကူညီနိုင်တော့မည်မဟုတ်ပေ။

“ရှင် ဘယ်လိုများ ရှာတွေ့သွားတာလဲ”

ထိုလူ၏ မျက်လုံးများသည် တစ်စက္ကန့်မျှပင် ကီလီယာထံမှ မခွာဘဲ ပြန်ဖြေလိုက်သည်။

“အခုချိန်မှာ အဲဒါက အရေးပါသေးလို့လား”

“ရှင် မှန်တယ်။ ခုရှင်က ဘယ်လိုပဲဖြစ်ဖြစ် သေရတော့မှာမို့လို့ ဒါကလည်း အရေးမကြီးတော့ပါဘူး။ ဒီအကြောင်းကို ရှင်သိပြီးသားဆိုရင် ကျွန်မဆီကို တစ်ယောက်တည်း ရောက်မလာခဲ့သင့်ဘူး”

ကီလီယာသည် ညွှန်ကြားရေးမှူးအား ကောင်းစွာသိထားလေသည်။

မျှော်စင်သခင်မရှိသည့်အချိန်တွင် သူသည် နစ်ခရိုမန်ဆာမျှော်စင်တွင် အားအကောင်းဆုံးတစ်ဦးဟု ဆိုနိုင်သည်။

သို့သော် သူမသာ သူမ၏အစွမ်းများအားလုံးကို ထုတ်သုံးမည်ဆိုပါက သူ၏အားနည်းချက်များကို သိထားသူတစ်ဦးအနေဖြင့် သူ့အား သတ်နိုင်မည်ဟု သူမကိုယ်သူမ သေချာနေခဲ့သည်။

သူမသည် ဤတိုက်ပွဲအတွင်း သေဆုံးသွားနိုင်ချေရှိနေသော်လည်း သူမ၏သခင်ကို ဖော်ထုတ်ခံရခြင်းထက်တော့ ပို၍ကောင်းပေဦးမည်။

သူမသည် မှတ်တမ်းတင်သလင်းကျောက်ကို သူမ၏ သိုလှောင်ရတနာထဲသို့ သိမ်းဆည်းလိုက်ကာ အစွမ်းကုန်တုံ့ပြန်ရန် ပြင်ဆင်လိုက်သည်။

ညွှန်ကြားရေးမှူးသည် နောက်ထပ်တစ်ကြိမ် သက်ပြင်းထပ်ချလိုက်ပြီး ခေါင်းကို ညင်သာစွာ ခါလိုက်သည်။

“ငါ တစ်ယောက်တည်းလာခဲ့တယ်လို့ ဘယ်တုန်းက ပြောမိလို့လဲ” ဟု ပြန်လည်မေးလိုက်ရာ သူ၏စကားလုံးများက ကီလီယာ၏ နားထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ကျရောက်သွားခဲ့သည်။

“ဘယ်သူ...”

ကီလီယာသည် ထပ်မံမေးရန် ကြိုးစားသော်လည်း သူမ၏နှလုံးသားသည် ရုတ်တရက် အေးခဲသွားခဲ့သည်။

သူမ၏နောက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့သော တည်ရှိမှုတစ်ခု ပေါ်လာခဲ့သည်။

“ဘ-ဘယ်လိုလုပ်...”

သူမသည် စကားလုံးတစ်လုံးတည်းသာ ပြောနိုင်ခဲ့ပြီး သူမ၏ခန္ဓာကိုယ်သည် ထိုနေရာတွင်ပင် အေးခဲသွားခဲ့သည်။

သူမသည် ဒူးထောက်ကျသွားပြီး အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိခဲ့ပေ။

သူမ၏ အစောပိုင်း သိုလှောင်ရတနာထဲတွင် လုံခြုံစွာသိမ်းထားခဲ့သော မှတ်တမ်းတင်သလင်းကျောက်သည် သူ့ဘာသာသူ အပြင်သို့ ထွက်လာခဲ့ကာ ဟင်းလင်းပြင်ကို ဖြတ်၍ ရွေ့လျားနိုင်သော အမည်မသိစွမ်းအားတစ်ခု၏ ဆောင်ယူမှုကြောင့် သူမ၏နောက်သို့ အလိုလို ပျံထွက်သွားခဲ့သည်။

ထိုပုဂ္ဂိုလ်က သူမဆီသို့ ပိုမိုနီးကပ်စွာ လျှောက်လာစဉ် သူ၏ခြေသံများကိုပင် မကြားရချေ။

ထို့နောက် ကီလီယာသည် သူမ၏ခေါင်းပေါ်တွင် ညင်သာစွာ ပွတ်သပ်နေသော လက်တစ်ဖက်ကို ခံစားမိလိုက်သည်။

#Catfoot

All Chapters