အမှောင်ထုကြီးတစ်ခု ဆိုက်ရောက်လာခြင်း ...
Vol. 31 Ch. 445
...
“ကျွန်မတို့ တကယ်ပဲ ဒီတိုင်း ထွက်သွားကြတော့မှာလား”
ရူဘီနှင့် အာရန်တို့သည် ဂရေရန်ဒေါ် မိသားစုအိမ်တော်၏ လသာဆောင်ပေါ်တွင် အဝေးမှ နေဝင်ချိန်ကို ကြည့်နေကြစဉ် ရူဘီမှမေးလိုက်ခြင်းဖြစ်၏။
“ဘာလို့လဲ ဒီမှာဧည့်သည်လာလုပ်ရတာကို မင်းက ဒီလောက်တောင် သဘောကျနေတာလား၊ ဒါဆိုဒီမှာပဲနေခဲ့ချင်လို့လား” ဟု အာရန်က မေးလိုက်ရာ ရူဘီသည် ချက်ချင်းပင် ကလေးငယ်တစ်ဦးကဲ့သို့ ခေါင်းကိုဆက်တိုက် ခါယမ်းပြလိုက်သည်။
ဘယ်လက်ရုံးအစောင့်အရှောက်၏ ညွှန်ကြားချက်အတိုင်း ၎င်းတို့သည် အန်ညာနှင့်အတူ ဂရေရန်ဒေါ် မိသားစုနယ်မြေသို့ လိုက်ပါလာခဲ့ခြင်းဖြစ်လေသည်။
သို့သော် ဤမျှသာ ဖြစ်၏။
အန်ညာသည် အခြားမိသားစုများကို သိမ်းပိုက်ရန် ထွက်သွားသောအခါ ၎င်းတို့အား သူမနှင့်အတူ ခေါ်မသွားခဲ့ပေ။
ယင်းအစား ၎င်းတို့ကို ဂရေရန်ဒေါ် မိသားစုအိမ်တော်တွင် ဧည့်သည်များအဖြစ်သာ ထားခဲ့ခြင်းဖြစ်သည်။
သူမ၏ ဆရာမက သူမကို တောင်းဆိုခဲ့ခြင်းဖြစ်သော်လည်း ဤဝန်ထုပ်ဝန်ပိုးနှစ်ဦးကို သူမသည် သယ်ဆောင်လိုစိတ် ရှိမနေခဲ့ချေ။
သို့သော် ၎င်းကလည်း အာရန်လိုချင်နေသောအရာအတိအကျပင် ဖြစ်သည်။
အာရန်သည် အန်ညာတစ်ယောက် မည်သို့သောလူမျိုးဖြစ်သည်ကို ကြိုတင်သိထားနှင့်ပြီးသား ဖြစ်သည်။
သူမသည် ၎င်းတို့အား လုံးဝ အနီးကပ် စောင့်ကြည့်ပေးချင်မည် မဟုတ်ပေ။
ထိုသို့ဖြစ်စေရန် အာရန်သည် သူမနှင့်အတူ ရှိနေစဉ်အချိန်တစ်လျှောက်လုံး သူမအား မျိုးစုံလိုက်၍နှောင့်ယှက်နေခဲ့သည်မဟုတ်ပါလား...။
သူမသည် အာရန်၏ အဆက်မပြတ် မေးမြန်းမှုများကြောင့် အလွန် ဒေါသထွက်ခဲ့ရကာ သူ့အား သတ်ချင်ခဲ့သည့် အချိန်များပင် ရှိခဲ့ပြီး သူမ၏ ဒေါသကို မနည်းထိန်းချုပ်ခဲ့ရလေ၏။
“ဘယ်လက်ရုံးအစောင့်အရှောက်က ငါတို့အစား ဒီက စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေကို ဂရုစိုက်ပေးလိမ့်မယ်။ ငါ့အတွက် တခြားအရေးတကြီး သွားစရာနေရာတစ်ခု ရှိနေတယ်”
အာရန်သည် ရူဘီအား ပြန်ပြောလိုက်ချိန်တွင် သူသည်ထွက်ခွာရန် အသင့်ဖြစ်နေပြီ ဖြစ်၏။
သူသည် မကြာမီငရဲပြည်သို့ ဝင်ရောက်ရမည်ဖြစ်ကာ ထိုအတွက် ပိုမိုသန်မာလာရန် လိုအပ်လေသည်။
ထိုခွန်အားကို နစ်ခရိုမန်ဆာမျှော်စင်၌ သူ စုဆောင်းနိုင်မည်မဟုတ်ပေ။
သူသည် ရူဘီကို ဤနေရာတွင် ချန်ထားခဲ့၍လည်း ရလေသည်။
သို့သော် သူမကို သူနှင့်အတူ ခေါ်သွားခြင်းက ပို၍ ကောင်းသည်ဟု ယူဆမိခဲ့သည်။ ဤနေရာအစား တခြားတိုက်ကြီးတစ်ခုခုသည် သူမအတွက် ပို၍ လုံခြုံမည်ဖြစ်၏။
အာရန်သည် သူမအား သူမ၏ဖခင်ကို ကာကွယ်ပေးမည်ဟု ကတိပေးခဲ့မိသော်လည်း ထိုကတိကို မတည်နိုင်ခဲ့ပေ။
ထို့ကြောင့် သူ့အနေနှင့် ယခုအချိန်တွင် လုပ်ပေးနိုင်သည့်အရာမှာ သူမအတွက် ပိုမို လုံခြုံစေနိုင်သည့် အခြားတိုက်ကြီးတစ်ခုတွင် သူမကို ထားခဲ့ခြင်းပင်ဖြစ်လေသည်။
မိစ္ဆာဂိုဏ်းက ထိုအတွက် ပြီးပြည့်စုံသော နေရာပင် ဖြစ်သည်။
“ကျွန်မတို့ ဂရေရန်ဒေါ် မိသားစုကို သတိမထားမိစေဘဲ ဒီကနေ ထွက်သွားနိုင်ပါ့မလား”
ရူဘီသည် အာရန်အား မေးလိုက်ပြီးမှ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်မိသည်။
အာရန်သည် မည်သို့သော မွန်းစတားမျိုးဖြစ်သည်ကို သူမ လုံးဝ မေ့လျော့သွားခဲ့မိသည် မဟုတ်ပါလော...။
ဘယ်လက်ရုံးအစောင့်အရှောက်ပင် သူ့အား ထိန်းချုပ်၍ မရနိုင်ခဲ့လျှင် ဂရေရန်ဒေါ် မိသားစုက ရနိုင်ပါမည်လား..။
“ယီလန်ရေ ပက်ဂါဆပ်ကို အသင့်ပြင်ထား ပြီးပြီလား”
အာရန်သည် ရူဘီ၏ မိုက်မဲသောမေးခွန်းကို လျစ်လျူရှုပြီး ယီလန်အား မေးလိုက်သည်။
ယီလန်၏ အတည်ပြုချက်ကို ရရှိပြီးသည်နှင့် သူသည် ရူဘီ၏ လက်ကို ဆွဲရန် ပြင်လိုက်၏။
သို့သော် ထိုစဉ်မှာ အာရန်တစ်ယောက် ရုတ်တရက် ရင်ဘတ်ကို ဖိထားလိုက်မိသည်။
သူသည် ဟန်ချက်ပျက်သွားခဲ့ပြီးနောက် လသာဆောင်ပေါ်မှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။
ရူဘီသာ သူ့အား ဆွဲမထားခဲ့လျှင် သူသည် အမှန်တကယ်ပင် ပြုတ်ကျသွားနိုင်ပေသည်။
“ရှင်ဘာဖြစ်တာလဲ”
ရူဘီသည် အာရန်အား ဆွဲထားရန်ကြိုးစားလိုက်ပြီးနောက် အာရန်၏ ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်ရသောအခါ အလွန် စိုးရိမ်မိလိုက်သည်။
“သူမကို မိသွားပြီ”
အာရန်သည် သူ၏ နှလုံးခုန်မြန်နှုန်းကိုပင် သူပြန် မထိန်းချုပ်နိုင်တော့ဘဲ တိုးတိုးလေး ပြောလိုက်သည်။
သူသည် ကီလီယာဆီမှ ဆက်သွယ်ချက်တစ်ခုကို ရရှိထားပြီးဖြစ်၏။
တစ်စုံတစ်ဦးက သူမ၏ သိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်ရှာဖွေရန် ကြိုးစားသည့်အခါ သူမ၏ဝိညာဉ်နှင့် မှတ်ဉာဏ်များကို ဖျက်ဆီးရန်အတွက် သူသည် သူမ၏စိတ်ထဲတွင် ပြင်ဆင်မှုအချို့ကို ချန်ထားရစ်ခဲ့သည်။
ထိုအရာ၏သက်ရောက်မှုအရ သူမ သေဆုံးသည့်အခိုက်အတန့်တွင် သူမ ခံစားခဲ့ရသည့်အရာအားလုံးကို သူသည် ထပ်တူ ခံစားရမည်ဖြစ်သည်။
၎င်းသည် ကီလီယာ၏ နှလုံးသားဆီမှ ထွက်ပေါ်လာခဲ့သောကြောက်ရွံ့မှုတစ်ခုဖြစ်ပြီး အာရန်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင်ရောက်ရှိလာခဲ့ခြင်းဖြစ်လေ၏။
သူမသည် သေဆုံးခါနီးတွင်ပင် အာရန်အား အဝေးဆုံးသို့ ထွက်ပြေးရန် ဆန္ဒရှိနေခဲ့လေသည်။
သူမရင်ဆိုင်ရသောသူသည် သူမအနေနှင့် မည်သို့မျှ အနိုင်ယူ၍ မရနိုင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ဟန်ရသည်။
၎င်းသည် ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော ဖြစ်တည်မှုတစ်ခုကဲ့သို့ပင်။
အာရန် ချန်ထားခဲ့သည့် အစီအစဉ်သည်ပင် ထိုလူ၏ ထိန်းချုပ်မှုအောက်ရှိ ကီလီယာ ၏ ဝိညာဉ်ကို ဖျက်ဆီးရန် မနည်းကြိုးစားခဲ့ရခြင်းဖြစ်ကာ ၎င်းက သူ့အား ဤမျှအထိ ဆိုးကျိုးများ သက်ရောက်စေခဲ့ခြင်းဖြစ်၏။
“ငါတို့ ဒီကနေ မြန်မြန်ထွက်သွားဖို့ လိုနေပြီ” အာရန်သည် ထရပ်ရန်ပင် မနည်း အားယူလိုက်ရကာ သူ၏ နှလုံးခုန်နှုန်းကိုပင် တည်ငြိမ်အောင်ထား၍ မရနိုင်သေးပေ။
အာရန်သည် ရူဘီနှင့်အတူ ယခင်ကစီစဉ်ထားသကဲ့သို့ ထွက်ခွာ၍ရတော့မည်မဟုတ်ပေ။
သူသည် ယီလန်အား အလျှင်အမြန်ပင် ဆင့်ခေါ်လိုက်ပြီး ဂိတ်တံခါးပေါက်တစ်ခုကို ဖန်တီးခိုင်းလိုက်သည်။
ဂိတ်တံခါးပေါက်မှတစ်ဆင့် အာရန်သည် ရူဘီအား အရှေ့ပိုင်းတိုက်ကြီးသို့ သူ၏ မဟာအကြီးအကဲတံဆိပ်ပြားနှင့်အတူ စေလွှတ်လိုက်လေသည်။
ဤတံဆိပ်ပြားဖြင့်ဆိုပါက ရူဘီသည် မိစ္ဆာဂိုဏ်းသို့ တပည့်အဖြစ် ဝင်ရောက်နိုင်မည်ဖြစ်ပြီး ဂိုဏ်း၏ ကာကွယ်မှုကိုလည်း ရရှိနိုင်မည်ဖြစ်၏။
ထို့နောက်အာရန်သည် သူကိုယ်တိုင်လည်း ထိုဂိတ်တံခါးမှတစ်ဆင့် ထွက်ပြေးရင်ကောင်းမလားဟု တွေးလိုက်မိသည်။
သို့သော် သူ၏လက်ရှိအခြေအနေအရ ထိုကဲ့သို့ ဂိတ်တံခါးပေါက်မျိုးကို အသုံးပြုခြင်းသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံသကဲ့သို့ပင်တူညီနေသည်။
သူ့အတွက် ဂိတ်တံခါးပေါက်ကို အသုံးပြုခြင်းသည် ကျားကိုရှောင်ရန် ခြင်္သေ့၏ပါးစပ်ထဲသို့ ဝင်ရောက်ခြင်းနှင့် အတူတူပင်ဖြစ်၏။
ထို့ပြင် အစောပိုင်းလေးကပင် ကီလီယာဆီမှ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တန်ပြန်သက်ရောက်မှုတစ်ခုကို ခံထားခဲ့ရခြင်းဖြစ်ရာ ထိုသို့ခရီးသွားခြင်းသည် သူ့အတွက် အလွန်အန္တရာယ်များလွန်းလေသည်။
ဂိတ်တံခါးပေါက်များမှတစ်ဆင့် ခရီးသွားခြင်းမှ သူသည်အကြိမ်မည်မျှ အသက်ရှင်လျက်လွတ်မြောက်နိုင်မည်ကိုပင် မသေချာတော့ပေ။
ယခုသူ့အတွက်အကောင်းဆုံးမှာ လသာဆောင်မှ ခုန်ထွက်ပြီးနောက် ပက်ဂါဆပ်ဆီသို့သွားကာ ဝေဟင်ဖြင့်ပင် ခရီးဆက်ရန်ဖြစ်သည်။
အာရန်သည် သူ့အား စောင့်ဆိုင်းနေသော ပက်ဂါဆပ်ဆီသို့ ရောက်ရှိရန် ဂရေရန်ဒေါ် မိသားစုနယ်မြေမှ တတ်နိုင်သမျှ မရိပ်မိဘဲထွက်ခွာနိုင်ရန် ဖုံးကွယ်ခြင်းအစွမ်းကိုပင် အသုံးပြုခဲ့လေသည်။
လမ်းတစ်လျှောက်တွင် သူ့အား လိုက်လံရှာဖွေနေသလားဆိုသည့် သံသယစိတ်ဖြင့် ပတ်ဝန်းကျင်ကို အဆက်မပြတ် အာရုံစိုက်နေခဲ့သော်လည်း ကံကောင်းစွာပင် မည်သူမျှ သူ့နောက်သို့ လိုက်မနေခဲ့ပေ။
ထို့နောက်အာရန်သည် မကြာမီမှာပင် ပက်ဂါဆပ်တည်ရှိရာနေရာသို့ ရောက်ရှိသွားခဲ့သည်။
သူသည် ပက်ဂါဆပ်ပေါ်သို့ မတက်မီ သူ၏အစောပိုင်း ဝေဒနာကို အနည်းငယ်ပိုမို သက်သာရန် ကုသရေးဆေးလုံးတစ်ခုကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။
ထို့နောက်ပက်ဂါဆပ်သည် ၎င်း၏အတောင်ပံများကို ကျယ်ပြန့်စွာ ဖြန့်ကားပြီးနောက် ကောင်းကင်သို့ ပျံတက်သွားခဲ့လေသည်။
သို့သော် ၎င်းသည် ကောင်းကင်လမ်းကြောင်းပေါ်သို့မရောက်မီ လမ်းတစ်ဝက်မှာပင် အဝေးမှ ပြင်းထန်သောဓားချက်တစ်ချက် ရောက်ရှိလာခဲ့ကာ ပက်ဂါဆပ်၏ အတောင်ပံများကို လှီးဖြတ်ပစ်လိုက်၏။
ပက်ဂါဆပ်သည် ဟန်ချက်ပျက်သွားပြီးနောက် ကောင်းကင်မှ ပြန်လည်ပြုတ်ကျလာခဲ့တော့သည်။
အာရန်သည်လည်း ပက်ဂါဆပ်ပေါ်မှ ခုန်ဆင်းလိုက်ရလေသည်။
ပက်ဂါဆပ်မှာမူ အာရန်ကဲ့သို့ ကံမကောင်းခဲ့ပေ။
၎င်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး နာကျင်စွာ အော်ဟစ်လိုက်သံတစ်ခုသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကျယ်လောင်စွာ ပျံ့နှံ့သွားခဲ့သည်။
“ဘာလို့ ဒီလောက် မြန်မြန်ထွက်သွားဖို့ အလျင်လိုနေရတာလဲ။ ငါတို့ရဲ့ ဧည့်ဝတ်ပြုမှုကိုတောင် သေချာမပြုရသေးဘူးလေ”
ထိုစဉ် စကားသံတစ်ခု ထွက်ပေါ်လာကာ ၎င်း၏ မူလဇစ်မြစ်ကို ရှာဖွေ၍မရနိုင်ပေ။
၎င်း အသံသည် နေရာတိုင်းမှ ပဲ့တင်ထွက်ပေါ်လာသကဲ့သို့ပင်။
အာရန်သည် ပတ်ဝန်းကျင်၏ အပူချိန်များ အလွန်မြန်ဆန်စွာ မြင့်တက်လာနေသည်ကို ခံစားမိလိုက်သည်။
လရောင်ဖြင့် လှပလျက်ရှိသော ပတ်ဝန်းကျင်တစ်ခုလုံးသည် ရုတ်တရက် အမှောင်ထုကြီးတစ်ခု၏ ဖုံးအုပ်ခြင်းကို ခံလိုက်ရလေသည်။
ထို့အပြင် အမည်မသိသော သီးသန့်နယ်မြေတစ်ခု ဖြစ်ပေါ်လာသောကြောင့် လအရိပ်သည်ပင် အမှောင်ထု၏ ဖုံးကွယ်ထားခြင်းကို ခံလိုက်ရ၏။
အနက်ရောင်မီးလျှံကြီးတစ်ခုသည် ကောင်းကင်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့ပြီး ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမြိုသွားသကဲ့သို့ပင်။
“မင်းက နစ်ခရိုမန်ဆာတွေ ညွှန်ကြားရေးမှူး လို့ ခေါ်တဲ့သူ ဖြစ်ရမယ်။ ဒီလို မျက်လှည့်ပြတဲ့အစွမ်းလောက်နဲ့ ရှိုးထုတ်နေတာတွေ ရပ်လိုက်တော့”
အာရန်သည် ခနဲ့တဲ့တဲ့လေသံဖြင့် ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
“ခင်ဗျားသာ ခုလိုပုန်းအောင်းမနေဘဲ ကျုပ်ကို ပေါ်တင်လာရင်ဆိုင်ရင် ပိုပြီးကောင်းမယ်ထင်တယ်”
အာရန်သည် ထိုသို့ပြောပြီးသည်နှင့် ကောင်းချီးစွမ်းအင်အချို့ဖြင့် ဓားမြှောင်တစ်လက်ကို ဖန်တီးလိုက်လေသည်။
ထို့နောက်အာရန်သည် ထိုဓားမြှောင်အား သူ၏ဘယ်ဘက်ရှိ အလွန်တိကျသော နေရာတစ်ခုအား ပစ်လွှတ်လိုက်၏။
လက်တစ်ဖက်သည် အမှောင်ထုထဲမှ ထွက်လာခဲ့ကာ ကောင်းချီးစွမ်းအင်များဖြင့် ဖန်တီးထားသော ဓားမြှောင်လေးကို လှမ်း၍ ဖမ်းဆုပ်ထားလိုက်သည်။
...
#Catfoot