အညံ့ခံ
Vol. 6 Ch. 594
မစ္စတာ Mc ကိမ်းက နားမလည်နိုင်သေးသော အမူအရာဖြင့် ဖုန်းကို ယောင်အမ်းအမ်း ချလိုက်၏။
"အဲဒါက ... တကယ်ပဲလား ... သေချာရဲ့လား"
အက်ဒီက စိုးရိမ်စွာ မေးလိုက်သည်။
"ဒီသတင်းက ... မမှားနိုင်ဘူး ... "
Mc ကိမ်းက ခေါင်းအား ခါယမ်းလိုက်သည်။
"နတ်ဘုရား သတ်ဖြတ်ရေး အဖွဲ့ အနက်ရောင် ဝတ်စုံဝတ် စစ်သားတွေနဲ့ ပညာရှိ သုံးယောက် ... သူတို့ အားလုံး အသတ်ခံလိုက်ရပြီ ... ချန်းပေ့ရွှမ်းက ကလာ့ခ် နောက်ကို လိုက်ရင်းနဲ့ အမှတ်(၁၇) ရေတပ်ကိုပါ ဖျက်ဆီးခဲ့တယ်တဲ့"
"ဘယ်လိုတောင် ... "
အက်ဒီ၏ မျက်နှာက သွေးဆုတ် ဖြူရော်နေရာမှ ပို၍ အိုစာသွား၏။
သူသည် လမ့်မိသားစု၏ လူငယ်မျိုးဆက် တစ်ယောက်သာ ဖြစ်သည်။ သူ၏ အဆင့်အတန်းက မြင့်မားသည် ဆိုသော်လည်း ပြဿနာကြီးများ၌ ဝင်ပါနိုင်သည့် အဆင့်အတန်း မဟုတ်ချေ။
သို့သော်လည်း ယခုတွင်မူ သူသည် ချန်းပေ့ရွှမ်းနှင့် အမေရိကန်တို့၏ ပြဿနာ အကြား၌ အမှတ်မထင် ဝင်ပါနေမိခဲ့ပြီ ဖြစ်လေသည်။
"ငါတော့ ... သေပြီပဲ ... အဘိုးနဲ့ အဖေကို ဘယ်လို ရှင်းပြရမှာလဲ"
အက်ဒီမှာ မည်သို့ လုပ်ရမည်မှန်း မသိတော့ချေ။
အက်ဒီ ကဲ့သို့ပင် မစ္စတာ Mc ကိမ်း၏ မျက်နှာသည်လည်း မည်းမှောင်နေ၏။
ရေတပ်မ တစ်ခု၊ နတ်ဘုရား သတ်ဖြတ်ရေး အဖွဲ့ ... စသည်တို့ ဖျက်ဆီးခံရခြင်းက အမေရိကန် အထူး ဌာနအတွက်ပင် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သည်။ စီအိုင်အေ၏ လက်ထောက် ဒါရိုက်တာ တစ်ယောက် အနေဖြင့် ထိုဆုံးရှုံးမှု အတွက် သူ့တွင် တာဝန် ရှိသည်။
"မဖြစ်သေးဘူး ... အခြေစိုက် စခန်းကို ပြန်ပြီး ဒီကိစ္စကို ဒါရိုက်တာဆီမှာ အစီရင်ခံရမယ် ... "
Mc ကိမ်းက ထိုင်ရာမှ ထရင်း အက်ဒီအား နှုတ်ဆက်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း မထင်မှတ်စွာပင် အက်ဒီ၏ ပုံစံက သရဲတစ္ဆေ တစ်ကောင်ကို မြင်သည့် အလား အလွန်တရာ ကြောက်လန့်နေသည်ကို သူ သတိထားမိလိုက်သည်။
"ဘာဖြစ်လို့လဲ ... "
Mc ကိမ်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အက်ဒီ၏ နံဘေး တစ်နေရာ၌ ထိုင်နေသော အာရှသား လူငယ်လေး တစ်ယောက်ကို သတိထားမိလိုက်သည်။
"သူက ... ဘယ်သူလဲ"
Mc ကိမ်းသည် လူငယ်လေး၏ မျက်နှာကို မြင်သည်နှင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားတော့၏။
ထိုလူငယ်လေးမှာ ယခုပင် သူတို့ ပြောနေသည့် "ချန်းဖန်" ဖြစ်နေသည် မဟုတ်ပါလား။
"ဆရာချန်း ... ဒါ ... ဒါက နားလည်မှုလွဲတာ ဖြစ်မှာပါ ခင်ဗျာ ... "
Mc ကိမ်းက တုန်ရီသော အသံဖြင့် ဆိုလိုက်သည်။
"စိတ်မပူနဲ့ ... ငါ ဒီကို လာတာ မင်းကို သတ်ဖို့ မဟုတ်ဘူး"
ချန်းဖန်က စားပွဲပေါ်မှ ဝိုင်ပုလင်းကို ကောက်ယူကာ အသင့် ရှိနေသော ဖန်ခွက် အတွင်း ငှဲ့ယူလိုက်သည်။ ထို့နောက် သူက စကားဆက် လိုက်၏။
"အက်ဒီလမ့် ... မင်းက ငါ့ကို ပါတီပွဲဆို ဖိတ်ပြီး သတ်ဖို့ ကြိုးစားခဲ့တယ် ... ငါ မင်းကို ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ"
အက်ဒီ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီ နေခဲ့၏။ သို့သော်လည်း သူ၏ နှုတ်မှ စကားတစ်ခွန်းပင် ထွက်မလာခဲ့ချေ။
"ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေး တစ်ခါ ပေးပြီးပြီ ... ဒါပေမဲ့ မင်းက အဲဒီ အခွင့်အရေးကို တန်ဖိုး မထားဘူးပဲ"
ချန်းဖန်က ခေါင်းကို ခါယမ်းလိုက်သည်။
"ကလန့် ... "
ရုတ်တရက် သူ၏ လက်ညိုးမှ ရွှေရောင် အလင်း တစ်ခု ထွက်ပေါ်ကာ အက်ဒီလမ့်၏ ခန္ဓာကိုယ် အတွင်း တိုးဝင်သွား၏။
"ခရက် ... "
ထိုခဏတွင်ပင် အက်ဒီလမ့်၏ ခန္ဓာကိုယ်က မီးခိုးများ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားတော့သည်။ သူကား ဤနေရာ၌ မည်သည့် အခါကမျှ မရှိခဲ့ သလိုပင်။
"ပင်တဂွန်နဲ့ အမေရိကန် အစိုးရကို ပြောလိုက် ... စစ်ပွဲကို စမယ် ဆိုရင် အဲဒါက ဘယ်တော့မှ လွယ်လွယ်ကူကူနဲ့ အဆုံးသတ်မှာ မဟုတ်ဘူးလို့ ... နောက် ငါကိုယ်တိုင် ဝါရှင်တန်ကို သွားပြီး အိမ်ဖြူတော်က လူတွေနဲ့ပါ တွေ့ရလိမ့်မယ်"
ချန်းဖန်က ဆိုရင်း ဖန်ခွက် အတွင်းမှ နောက်ဆုံး လက်ကျန်ဝိုင်ကို အဆုံးသတ် လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ဝေဝါးလာကာ ဟိုတယ် စားသောက်ဆိုင် အတွင်းမှ ရုတ်ခြည်း ပျောက်ကွယ် သွားတော့၏။
ချန်းဖန် ပျောက်ကွယ်သွား၍ အတန်ကြာသည် အထိ Mc ကိမ်းမှာ ငြိမ်သက် နေမိခဲ့သည်။ ထို့နောက် သူက ခေါင်းကို ခါယမ်းရင်း သက်ပြင်း တစ်ချက် ချလိုက်၏။
သူသည် အက်ဒီလမ့်၏ သေဆုံးမှုကို အနည်းငယ်မျှပင် အရေးလုပ်ခြင်း မရှိချေ။ ချန်းဖန်နှင့် အမေရိကန်တို့၏ တိုက်ပွဲ၌ အက်ဒီလမ့် မဆိုထားနှင့် လမ့်မိသားစု တစ်ခုလုံးပင်လျှင် အရေးမပါချေ။
***
ပင်တဂွန် အတွင်းရှိ လူတိုင်းသည် အမှတ်(၁၇) ရေတပ် ဖျက်ဆီးခံရကြောင်း သတင်းနှင့် ချန်းဖန်၏ အမှာစကားကို ရသည်နှင့် ဒေါသ ထွက်ကုန်ကြတော့သည်။
ဗာဂျီးနီးယား၊ နယူးယော့ခ်၊ ကာရေဘီယန် ပင်လယ်တို့၌ အခြေစိုက်နေသော နျူကလီးယား စွမ်းအားသုံး လေယာဉ်တင် စစ်သင်္ဘော များစွာမှာ လန်ဒန်သို့ စတင်ကာ ထွက်ခွာလာကြသည်။
ထို့အတူ အတ္တလန္တိတ် ပင်လယ်၏ ရေတပ် အင်အားစု တစ်ဝက်ခန့်သည်လည်း လန်ဒန်ရှိရာသို့ ချီတက်လာသည်။
ဥရောပတွင် အခြေစိုက်ထားသော အမေရိကန် စစ်စခန်းများသည်လည်း တိုက်ပွဲ အတွက် အဆင်သင့် အနေအထားကို ပြင်ဆင်ကြသည်။
မရေမတွက်နိုင်သော ရေတပ်၊ လေတပ်များက တပ်များက လန်ဒန်ကို ဗျူဟာကျကျ စက်ဝိုင်း သဏ္ဌာန် ဝိုင်းပတ် ထားကြ၏။
သူတို့ ယူဆောင်လာသော နျူကလီးယား လက်နက် တစ်ခုတည်း ပင်လျှင် ဥရောပ တစ်ခုလုံးကို ဖျက်ဆီးရန် လုံလောက်နေပြီ ဖြစ်သည်။
စစ်ပွဲကား စတင်ချေတော့မည်။
အမေရိကန်၏ ဒေါသကို ခံစားမိသည်နှင့် ဥရောပ၊ ရုရှား၊ တရုတ် အစရှိသော နိုင်ငံကြီးများက စစ်တပ် အစည်းဝေးပွဲများ အရေးပေါ် ခေါ်ယူကြသည်။ သူတို့က စစ်ပွဲကို မလိုလားရာ အမေရိကန်တို့အား တိုက်ခိုက်ခြင်း မပြုရန် ကမ်းလှမ်းကြသည်။
အင်္ဂလန် ဝန်ကြီးချုပ် ဆိုလျှင် အမေရိကန် သံရုံးသို့ တစ်နေ့တည်း၌ သုံးကြိမ်ကြိမ် တိုင်တိုင်သွားရောက်ကာ အမေရိကန်ကို စစ်တပ် ပြန်လည် ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။
နိုင်ငံ အားလုံးထဲ၌ အင်္ဂလန်သည် အစိုးရိမ်ဆုံး ဖြစ်သည်။
ထိုစစ်ပွဲသည် အင်္ဂလန်တွင်သာ စတင်ခဲ့သည်။ အမှတ်(၁၇) ရေတပ်မသည်လည်း အင်္ဂလန် ရေပိုင်နက် မြောက်ပင်လယ်၌ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ အမှန်ဆိုလျှင် အင်္ဂလန်သည် ထိုကိစ္စ၌ ဝင်မပါလိုချေ။ သို့သော်လည်း လက်ရှိ အခြေအနေက မပါမဖြစ်သော အနေအထားတွင် ရောက်နေပြီ ဖြစ်သည်။
"ဘယ်နည်းနဲ့ ဖြစ်ဖြစ် ... အမေရိကန်တွေကို ငါတို့ ပိုင်နက်ထဲ နျူကလီးယားဗုံးချခွင့် မပြုနိုင်ဘူး ... ချန်းပေ့ရွှမ်းက အခု လန်ဒန်မှာ ရှိနေတာ ... သူ့ကိုသာ တိုက်ခိုက်မယ် ဆိုရင် လန်ဒန် ပြည်သူတွေကိုပါ ထိခိုက်နိုင်တယ်"
အင်္ဂလန် နိုင်ငံတော် ကာကွယ်ရေး ဌာန အတွင်း၌ ဗိုလ်ချုပ်များသည် အသည်းအသန် ဆွေးနွေး နေကြ၏။
"ချန်းပေ့ရွှမ်းကို အင်္ဂလန်ကနေ ထွက်ခွာဖို့ ငါတို့ ပြောသင့်လား ... "
ရေတပ် ဗိုလ်ချုပ်ကြီးက မေးသည်။
"မဖြစ်နိုင်ဘူး ... ချန်းပေ့ရွှမ်းက လန်ဒန်မှာ ဆိုတော့ ငါတို့ အနေနဲ့ သူ့ကို ကာကွယ် ပေးသင့်တယ်"
ဒုတိယ ဗိုလ်ချုပ်ချုပ်ကြီးက ငြင်းဆိုသည်။
ထိုအရာက ကျင့်ကြံသူများနှင့် တိုက်ခိုက်ရာ၌ မဟာ အင်အားကြီး နိုင်ငံများ ကြုံတွေ့ရတတ်သော အဓိက ပြဿနာ ဖြစ်သည်။
အကယ်၍ ချန်းဖန်သာ လန်ဒန်မြို့ အတွင်း နေပါက အမေရိကန် အနေဖြင့် နျူကလီးယား သုံးရန် ဂရုစိုက်ရပေလိမ့်မည်။ မဟုတ်လျှင် သန်းချီသော လူများ၏ အသက်များ ဆုံးရှုံးရနိုင်သည်။
ယခုက ဒုတိယ ကမ္ဘာစစ် အတွင်း မဟုတ်ချေ။ ထိုကဲ့သို့သော လူသေမှုကြီးကို အမေရိကန် သမ္မတပင်လျှင် ကိုင်တွယ်နိုင်မည် မဟုတ်ချေ။
"ငါ ပင်တဂွန်ကို သွားပြီး ဝန်ကြီးချုပ်နဲ့ စကားပြောကြည့်မယ် ... ဒီပြဿနာကို အေးအေးဆေးဆေး ပြီးအောင် ငါတို့ ဖြေရှင်းရမယ်"
အင်္ဂလန် ကာကွယ်ရေး ဝန်ကြီး လောရင့်က ဆိုသည်။
ရုရှား၊ တရုတ်နှင့် ပြင်သစ် စသော နိုင်ငံများကလည်း ထိုပြဿနာကို ငြိမ်းချမ်းစွာသာ ပြီးစေလိုသည်။
သို့သော်လည်း အမေရိကန်ကမူ ဤသို့ တုန့်ပြန်၏။
"ချန်းပေ့ရွှမ်း ကိုယ်တိုင် ငါတို့ကို တောင်းပန် ရမယ် ... နောက်ပြီး ရှင်သန်ခြင်း ရေစင် ဖော်စပ်နည်းကိုလည်း လက်လွှဲပေးရမယ့် အပြင် မိုးကြိုး တိမ်တိုက်တွေကို ဆင့်ခေါ်နိုင်တဲ့ လက်နက်ကိုလည်း ပေးအပ်ရမယ် ... ဒါ့အပြင် သူ့ရဲ့ အပြစ်တွေကို ဆေးကြောဖို့ အတွက် ထောင် ၁၀ နှစ် ကျခံရမယ်"
"မိုးကြိုးငါးခု ချိပ်တံဆိပ်ကို လက်လွှဲပေးဖို့နဲ့ ထောင်ဆယ်နှစ် ကျခံဖို့ ... ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး"
အမေရိကန်၏ တောင်းဆိုမှုကို ကြားသည်နှင့် မြောက်ပိုင်းချုံး ဂိုဏ်းဝင်များက ခေါင်းခါယမ်း မိကြသည်။
"အမေရိကန် ဘာစီစဉ်နေတယ် ဆိုတာ ဘယ်သူက တိတိကျကျ သိမှာလဲ ... သူတို့က ဆရာ့ကို သီးသန့် နေရာ တစ်ခုမှာ ဖမ်းထားပြီး နျူကလီးယား ဗုံးနဲ့ သတ်ပစ်ဖို့ လုပ်နေတာလဲ ဖြစ်နိုင်တာပဲလေ"
ယူကီရှီရိုဆာက သုံးသပ်သည်။
"ဟုတ်တယ် ... နောက်ပြီး ဆရာက ဘာမှ အမှားလုပ်ထားတာ မဟုတ်ဘူး ... ပင်တဂွန်နဲ့ ဆရာ့ကို လုပ်ကြံဖို့ အမိန့်ပေးတဲ့ သူတွေပဲ တောင်းပန်သင့်တယ်"
အားရှိူ့ကလည်း ဒေါသတကြီး ဆိုသည်။
ယခု ပြဿနာ၌ အမေရိကန် နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့က ချန်းဖန်အား စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ချန်းဖန် ဘက်မှ လွန်ကြူးသော အရာ တစ်စုံတစ်ရာပင် မရှိချေ။
"ခင်ဗျားရဲ့ အမြင်ကရော ... မစ္စတာ ချန်း"
အင်္ဂလန်၏ နိုင်ငံခြားရေး ဝန်ကြီး ခရစ်က ချန်းဖန်အား တည်ငြိမ်စွာ ကြည့်လိုက်သည်။
သို့သော် ချန်းဖန်က ထိုမေးခွန်းကို ပြန်မဖြေချေ။ သူ့အစား အန်ရာကသာ အေးစက်သော လေသံဖြင့် ဝင်ပြောလိုက်၏။
"ငါတို့ အမြင်နဲ့ သူ့အမြင် အတူတူပဲ ... အမေရိကန်ကို ပြောလိုက်ပါ ... မြောက်ပိုင်းချုံး ဂိုဏ်းက သူတို့ကို မကြောက်ဘူးလို့ ... တကယ်လို့ သူတို့ကသာ တိုက်ခိုက်ချင်ရင် ငါတို့ ဘက်ကလည်း အဆင်သင့်ပဲလို့"
နောက်ဆုံး၌ ခရစ်မှာ ဆောင်းရာသီ နန်းတော်မှ တိတ်ဆိတ်စွာသာ ပြန်ထွက်လာခဲ့ရသည်။
မြောက်ပိုင်းချုံး၏ တုန့်ပြန်မှုကို ကြားသည်နှင့် အမေရိကန်သည် ထိန်းမရအောင် ဒေါသထွက် လာခဲ့၏။
သူတို့က နျူကလီးယား တင် လေယာဉ် တစ်စင်းကို လန်ဒန်မြို့နှင့် ဆောင်းရာသီ နန်းတော် အပေါ်၌ တစ်ကြိမ် ပျံဝဲကာ စစ်ရေး ပြသည်။ ထို့အပြင် စစ်သင်္ဘောများကိုလည်း စင်္ကာပူသို့ စေလွှတ်ကာ နဂါးခန်းမကို ကျူးကျော် စေသည်။
မြောက်ပိုင်းချုံးကား တကယ့် ဒုက္ခတွင်းထဲ ရောက်နေခဲ့ပြီ ဖြစ်သည်။
ချန်းဖန်၏ ရန်သူများ ဖြစ်ကြသော ဟောင်ဂိုဏ်း၊ ဂျပန် သိုင်းလောက စသည့် အဖွဲ့အစည်းများမှာမူ ကြိတ်ကာ ပျော်ရွှင် နေကြသည်။
တစ်ချိန်တည်း၌ တရုတ် သိုင်းလောကမှာမူ တိတ်ဆိတ်၍သာ နေခဲ့သည်။ လူတစ်ယောက် မည်မျှပင် အစွမ်းထက် စေကာမူ အမေရိကန်အား ယှဉ်နိုင်မည် မဟုတ်ချေ။
"ချန်းပေ့ရွှမ်းရဲ့ ဘဝက အဆုံးသတ်တော့မှာလား ... "
ထိုအရာကား လူတိုင်း စိတ်အတွင်းမှ သိချင်နေသော မေးခွန်း တစ်ခုပင်။
***