မင်းက ရန်နစ်ခရိုလိုင်းမဟုတ်လား
Vol. 31 Ch. 448
….
ညွှန်ကြားရေးမှူးသည် နောက်ဆုံးတွင် စတင်ရွေ့လျားလိုက်ပြီး သူ၏အမြန်နှုန်းမှာ လေးလံသောဓားကြီးကို သယ်ဆောင်ထားရသော်လည်း အာရန် ထင်ထားသည်ထက် များစွာပို၍ မြန်ဆန်နေဆဲပင်။
‘သူရဲ့ ခွန်အားတွေအားလုံးကို အဲ့ဒီလှုပ်ရှားမှုမှာ ထည့်ထားလိုက်တာလား’
အာရန်သည် အနည်းငယ် အံ့အားသင့်စွာ တွေးမိလိုက်သည်။
ညွှန်ကြားရေးမှူးသည် အာရန်၏ ရှေ့တည့်တည့်တွင် ပြန်ပေါ်လာခဲ့ပြီး အာရန်လည်း ထိုလူ၏ လျှင်မြန်သော လှုပ်ရှားမှုများနှင့်ထပ်တူ သူ၏ အရှိန်ကို ထပ်မံ၍ မြင့်တင်လိုက်ရ၏။
ဓားနှစ်ချောင်း ထိမိသွားပြီး အမှောင်စွမ်းအင်နှင့် ကောင်းချီးစွမ်းအင်တို့ ထိပ်တိုက်ရင်ဆိုင်မိသောအခါ မီးပွားလေးများပင် ဖွာကနည်း ထွက်ပေါ်လာခဲ့သည်။
ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခု ထိပ်တိုက်ရင်ဆိုင်မိသောအခါ တစ်ခုနှင့်တစ်ခု အနိုင်ယူရန် ကြိုးစားတော့သည်။
ထို သက်ရောက်မှုကပင် ၎င်းတို့နှစ်ဦးအား နောက်သို့ အတင်းပြန်ကန်ထုတ် လိုက်သလို ဖြစ်သွားသောအခါမှသာ ပုံရိပ်နှစ်ခုသည် ပြန်လည် ကွဲသွား၏။
‘သူ့မှာ အင်အားအဲ့လောက်တောင် ရှိနေသေးတာလား’
အာရန်သည် ညွှန်ကြားရေးမှူး၏ စွမ်းဆောင်ရည်များကြောင့် ပို၍ပင် အံ့ဩသင့်မိသွားခဲ့ရသည်။
ပုံမှန်အားဖြင့် မှော်ပညာရှင်များသည် ခန္ဓာဆိုင်အားသုံးရသည့် တိုက်ခိုက်ရေး စွမ်းရည်များကို အလေးအနက်ထားခြင်း မရှိကြပေ။
သို့သော် သူ့ရှေ့မှလူကမူ အခြားမှော်ပညာရှင်များနှင့် အတော်လေး ကွဲပြားနေသည်။
သူသည် သေခြင်းစွမ်းအင်များကိုအသုံပြုသော နစ်ခရိုမန်ဆာ မှော်ပညာရှင်တစ်ဦးဖြစ်သော်လည်း သာမန်စစ်သည်တော်တစ်ဦးကဲ့သို့ပင် ခွန်အားအသုံးပြု၍ တိုက်ခိုက်နိုင်နေသည်။
သူသည် ထူးခြားသော လျင်မြန်မှုမျိုး ရှိနေရုံသာမက သန်မာသော ခွန်အားကိုလည်း ပိုင်ဆိုင်ထားသေး၏။
အာရန်သည် သူ၏ဖုံးကွယ်ထားသော စွမ်းရည်အချို့ကို အသုံးမပြုဘဲ သန့်စင်ဧကရာဇ်၏ စွမ်းရည်များဖြင့် ထိုလူအား အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်မိခဲ့သည်။
ကံမကောင်းစွာဖြင့် သူသည် ထိုလူနှင့် ပို၍တိုက်ခိုက်မိလေလေ ၎င်းသည် ထိုသို့ မဖြစ်နိုင်တော့ကြောင်း ပို၍သိလာလေလေပင်တည်း။
ထို့ကြောင့်အာရန်သည် သေခြာစွာ တိုက်စစ်ဆင် တုံ့ပြန်ရန် ပြင်ဆင်လိုက်ရတော့သည်။
သို့သော် ထိုသို့ အာရန်တစ်ယောက် ပြန်လည်တိုက်စစ်ဆင်ရန် ပြင်ဆင်နေစဉ်မှာပင် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
သူ၏ သိစိတ်အာရုံအားလုံးက သူ့အား တစ်ချိန်တည်းတွင် သတိပေးလိုက်ကြသည်။
ထို့နောက် အာရန်သည် လျင်မြန်စွာပင် ဘေးသို့ ငုံ့၍ သူ၏ လည်ပင်းအား နောက်ဘက်ဆီမှ လှမ်းဆွဲညှစ်လိုက်သော လက်တစ်ဖက်အား မနည်းပင် လုရှောင်လိုက်သည်။
အာရန်သည် လျင်မြန်စွာ ဘေးသို့ခုန်ဆုတ်လိုက်ပြီးနောက် နောက်တွင် ပေါ်လာသောလူကို လှမ်းမြင်လိုက်ရသောအခါ လွန်စွာ အံ့အားသင့်သွားခဲ့ရသည်။
“ကီလီယာ မင်းလား”
အာရန်သည် သေဆုံးသွားပြီဟု ယူဆထားခဲ့သော ဘယ်လက်ရုံးအစောင့်အရှောက်အား မြင်လိုက်ရသဖြင့် လှမ်း၍မေးလိုက်မိသည်။
သေဆုံးခြင်းကသာ သူမအပေါ် သူ၏ ထိန်းချုပ်မှုကို ဖျက်ဆီးပစ်နိုင်မည်မဟုတ်ပါလား..။
“ဟင် မဟုတ်သေးဘူး၊ တစ်ခုခုက မူမမှန်နေဘူး”
သူမ၏ မျက်လုံးများသည် ယခင်ကကဲ့သို့ အသက်ဝင်မနေတော့သည်အား သူ သတိပြုမိလိုက်ရာ သူမသည် ယခင်ကနှင့် များစွာကွာခြားသွားဟန်ရလေ၏။
သူမ၏အသားအရည်သည်လည်း အလွန်ဖြူဖျော့နေခဲ့ပြီး သူမ၏ နှလုံးခုန်သံသည်လည်း ရပ်တံ့နေခဲ့သည်မှာ အတော်ကြာပြီဖြစ်သကဲ့သို့ပင်။
ထိုသို့ဖြစ်နေသော်လည်း သူမသည် ဤနေရာတွင် ရှိနေဆဲဖြစ်လေသည်။
“ဖုတ်ကောင်ဖြစ်သွားတာလား”
အာရန်သည် မျက်မှောင်ကြုတ်ရင်း ဤနေရာတွင် ထင်ထားသည်ထက် ရှုပ်ထွေးလာပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ကီလီယာသည် ဖုတ်ကောင်ဖြစ်သွားပြီဖြစ်သော်လည်း သူမ၏စွမ်းရည်များကိုမူ ဆက်လက် အသုံးပြုနိုင်နေဆဲပင်ဖြစ်၏။
ဆိုလိုသည်မှာ သူမကို ဖုတ်ကောင်အဖြစ် ပြောင်းလဲပေးခဲ့သောသူသည် နစ်ခရိုမန်ဆာမျှော်စင်၏ မြင့်မားသော အဆင့်တစ်ခုတွင် ရှိနေမည်ဟု ဆိုလိုလေသည်။
သူမကို မျှော်စင်သခင် ကိုယ်တိုင်ကပင် ဖုတ်ကောင်အဖြစ် ပြောင်းလဲခဲ့ခြင်းများလား...။
မျှော်စင်သခင်သည် သူ့အား လျှော့တွက်၍ ညွှန်ကြားရေးမှူးတစ်ဦးတည်းကိုသာ စေလွှတ်ခဲ့သည်ဟု အာရန် ထင်မိခဲ့လေသည်။
သို့သော် လက်တွေ့တွင်မူ ထိုအရာနှင့် များစွာကွဲပြားနေဟန်ရ၏။
ညွှန်ကြားရေးမှူးတစ်ဦးတည်းသာဆိုလျှင် သူ အနိုင်ယူနိုင်စွမ်းရှိသေးသည်။
သို့သော် ယခုမူ ကီလီယာ၏ ဖုတ်ကောင်ပင် ပါဝင်လာပြီဖြစ်၏။
၎င်းတို့နှစ်ဦးစလုံးသည် ယခုအချိန်ထိ ၎င်းတို့၏ အစစ်အမှန် စွမ်းရည်များကိုပင် စတင်အသုံးပြုကြခြင်း မရှိသေးပေ။
“သူတို့နှစ်ယောက်တည်းဆိုရင်တော့ ငါ အနိုင်ယူနိုင်ကောင်းပါရဲ့”
အာရန်သည် သူ့ကိုယ်သူ နှစ်သိမ့်ရန် ကြိုးစားလိုက်စဥ်မှာပင ကောင်းကင်တွင် နောက်ထပ် အခြားရှိနေမှုတစ်ခုကို ထပ်မံ၍ ခံစားလိုက်ရသည်။
အာရန်သည် မျက်မှောင်ကြုတ်ရင်း သူ၏ ခေါင်းကိုမော့လိုက်ရာ ဒဏ္ဍာရီလာ ဖုတ်ကောင်သားရဲတစ်ကောင်သည် ကောင်းကင်တွင် လွတ်လပ်စွာ ပျံသန်းလာနေသည်ကို တွေ့လိုက်ရ၏။
အန်ညာ၏ ဖုတ်ကောင်နဂါးနှင့် နှိုင်းယှဉ်ပါက ကောင်းကင်ရှိ ဖုတ်ကောင်နဂါးသည် လုံးဝကွဲပြားသော အဆင့်တစ်ခုတွင် ရှိနေလေသည်။
၎င်းသည် ဖုတ်ကောင်ဇာတ်အသွင်းမခံရမှီက နဂါးများ၏ ထိပ်ဆုံးအဆင့်တွင် ရပ်တည်ခဲ့ဘူးသော သင့်လျော်သည့် အရွယ်ရောက်ပြီးသား နဂါးတစ်ကောင် ဖြစ်ဟန်ရ၏။
“ဒီထက်ပိုဆိုးတာကော ရှိနိုင်ဦးမှာလား”
အာရန်သည် အသက်ကိုခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သန့်စင်ဧကရာဇ်၏ ဓားကို ဆုတ်ကိုင်ထားသော သူ၏ လက်သည် ပိုမို၍ တင်းကြပ်လာခဲ့သည်။
“ဟင်”
အာရန်တစ်ယောက် စကားအနည်းငယ် ပြောရန်ပြင်လိုက်စဥ်မှာပင် သူ၏ မျက်နှာအမူအရာများ ချက်ချင်း မှောင်မိုက်သွားခဲ့ရသည်။
ဂိတ်တံခါးပေါက်တစ်ခု ကောင်းကင်တွင် ပွင့်လာသောအခါ ပတ်ဝန်းကျင်ရှိ အချိန်နှင့်ဟင်းလင်းပြင် ဥပဒေသများ ပုံစံပျက်ယွင်းသွားသည်ကို သူခံစားမိ လိုက်သောကြောင့်ပင်တည်း...။
“သေခြင်းအလံကိုများ ငါ လွှင့်ထူလိုက်မိလို့လား”
အာရန်သည် ကိုယ့်နှဖူးကိုကိုယ်လက်ဖြင့် ပြန်ရိုက်လိုက်မိကာ ဤသို့သော အမှားမျိုးကို သူ အဘယ့်ကြောင့်လုပ်မိခဲ့သည်ကို နားမလည်နိုင်တော့ပေ။
အာရန်သည် သူ့ကိုယ်သူ နှစ်သိမ့်လိုက်တိုင်းတွင် အရာများက သူ့အတွက် ပိုမို၍ဆိုးရွားလာခဲ့လေသည်။
သူ အော်ဟစ်ဆဲဆိုချင်စိတ်ပင်ဖြစ်မိသော်လည်း အမှန်တကယ် သူအပြစ်တင်နိုင်မည့်သူတစ်ဦးတစ်လေမျှ ရှိမနေခဲ့ပေ။
ထိုအလွန်အားကောင်းသော အော်ရာတစ်ခုသည် ကောင်းကင်မှ ဖြေးညှင်းစွာ ကျရောက်လာခဲ့ကာ အနက်ရောင်ဝတ်ရုံရှည်ကြီးတစ်ခုကို ခြုံလွှမ်းထားသော ပုဂ္ဂိုလ်တစ်ဦး ဂိတ်တံခါးပေါက်မှနေ၍ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
ပုဂ္ဂိုလ် ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် သေခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်သွားခဲ့ပြီး သစ်ပင်များပင် ညှိုးနွမ်းသွားကြကာ မြက်ပင်များမကျန် ခြောက်သွေ့ကုန်၍ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြ၏။
အောက်ရှိပထဝီမြေကြီးသည်ပင် ၎င်းရှိ အားနည်းသော သက်ရှိဖြစ်တည်မှုများ အားလုံး သေခြင်းအော်ရာ၏ ရက်စက်ကြမ်းကြုတ်သော သက်ရောက်မှုအောက်တွင် သေဆုံးသွားခဲ့ရသောကြောင့် လုံးဝ ဗလာဟင်းလင်းပြင်ကြီး ဖြစ်သွားခဲ့ရသည်။
ဤ အော်ရာနှင့် နှိုင်းယှဉ်ပါက ညွှန်ကြားရေးမှူး၏ အော်ရာသည် ကလေးတစ်ဦး၏ အော်ရာကဲ့သို့ပင် ဖြစ်နေလေ၏။
“ငါ မှားသွားတယ်။ ဒီထက်ပိုဆိုးတာတွေ ဖြစ်လာနိုင်သေးတယ်...”
အာရန်သည် ကောင်းကင်ရှိ ပုဂ္ဂိုလ်ကို စိုက်ကြည့်လိုက်ရာ ၎င်းသည် သူ့အနေနှင့် လူကိုယ်တိုင် တွေ့ဖူးသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ကောင်းကင်မှ တဖြည်းဖြည်းဆင်းသက်လာသော သူသည် မြောက်ပိုင်းတိုက်ကြီး၏ သက်ရှိများအားလုံးကို အုပ်စိုးသည့် အရှင်သခင်တစ်ဦးပင် ဖြစ်တော့သည်။
သူသည် သူ၏တက်လမ်းတွင်ပိတ်နေသော အခြားသောမျှော်စင်များအားလုံးကို နင်းချေပစ်ခဲ့ကာ တိုက်ကြီးတစ်ခုလုံး၏ သမိုင်းကြောင်းကိုပင် အသစ်တစ်ဖန် ပြန်လည်ရေးသားခဲ့သော နစ်ခရိုမန်ဆာမျှော်စင်၏ သခင်ကိုယ်တိုင်ပင်ဖြစ်လေ၏။
သူသည် ဖန်းယု၊ မစ်ထ်နှင့် သန့်စင် ပရောဟိတ်မတို့နှင့် အတူတကွ စားပွဲတစ်ခုတည်းတွင် ထိုင်ခဲ့သောလူလည်း ဖြစ်သည်။
သူသည် နတ်ဆိုးဝါးမြိုသူ ကိုယ်တိုင် သတ်ပစ်ခဲ့သူဖြစ်ကာနှင့် အတိတ်က ရန်နစ်ခရိုလိုင်းအား လိုက်လံရှာဖွေရန် တိုက်ရိုက်တာဝန်ရှိသောလူလည်း ဖြစ်ခဲ့၏။
“ ဒီနေ့ ဒီကမ္ဘာကြီးကနေ တကယ်ပဲ ငါ့ကို ပျောက်ကွယ်သွားစေချင်နေတာလား”
အာရန်က စာရေးဆရာဆိုသူ၏ စကားများကို ပြန်လည် အမှတ်ရရင်း တွေးလိုက်မိသည်။
သူသည် မြောက်ပိုင်းတိုက်ကြီးသို့လာရောက်သော သူ၏ခရီးစဉ်အတွင်း သူသာ သတိထားနေသရွေ့ ဘေးကင်းနိုင်လိမ့်မည်ဟု ယုံကြည်မိခဲ့လေသည်။
သူသည် နစ်ခရိုမန်ဆာမျှော်စင်သခင်နှင့် ယခုကဲ့သို့ ထိပ်တိုက် ရင်ဆိုင်ရလိမ့်မည်ဟု ဘယ်တုံးကမျှ မမျှော်လင့်မိခဲ့ပေ။
နစ်ခရိုမန်ဆာမျှော်စင်သခင်သာမက ညွှန်ကြားရေးမှူးအပါအဝင် ဘယ်လက်ရုံးအစောင့်အရှောက်သည်လည်း ဤနေရာတွင် ရောက်ရှိနေလေသည်။
နစ်ခရိုမန်ဆာမျှော်စင်၏ ထိပ်တန်းလေးဦးထဲမှ သုံးဦးသည် သူ့အား လိုက်လံရှာဖွေရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ဤနေရာတွင် ရောက်ရှိနေကြဟန်တူ၏။
တစ်ဦးတည်းသောကျန်နေသူအဖြစ် ငရဲတံခါး၏ အက်ကွဲကြောင်းများမှ ဖြတ်၍ ဝင်ရောက်ရန် ကြိုးစားနေသော ငရဲသားများကို စောင့်ကြပ်ရန် ငရဲတံခါးကို ကာကွယ်ပေးနေရသော ညာလက်ရုံးအစောင့်အရှောက်သာ ကျန်တော့သည်။
အာရန်၏ခန္ဓာကိုယ်သည် နစ်ခရိုမန်ဆာမျှော်စင်သခင်၏ အော်ရာအောက်တွင် အလိုအလျှောက် တုံ့ပြန်မှုတစ်ခုပြုလာခဲ့သည်။
သန့်စင် အော်ရာတစ်ခုတည်းက သူ့အား ထိုသူဆီမှ ကာကွယ်ရန် မလုံလောက်တော့ပေ။
သူ၏ ဓားဧကရာဇ် အော်ရာသည်လည်း ထပ်မံထွက်ပေါ်လာခဲ့ပြီး မျှော်စင်သခင်၏ အော်ရာ သက်ရောက်မှုမှ သူ့အား ကာကွယ်ပေးထားခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် မျှော်စင်သခင်၏ မျက်နှာအမူအရာများ အနည်းငယ်ပြောင်းလဲလာခဲ့သည်။
“သန့်စင်အော်ရာ ဒါ့အပြင် အဲဒီ စိတ်အနှောင့်အယှက်ဖြစ်စရာလူရဲ့ အော်ရာရောပဲ။ မင်း ဒါတွေကို ဘယ်လိုများ ရခဲ့တာလဲ... ရန် နစ်ခရိုလိုင်း”
မျှော်စင်သခင်၏ ခံစားချက်ကင်းမဲ့သောအေးစက်စက်အသံတစ်ခုသည် ကောင်းကင်မှ ထွက်ပေါ်လာပြီး အာရန်၏ မျက်နှာအမူအရာများကို ပို၍ပင် မှောင်မိုက်သွားစေခဲ့သည်။
သူသည် ဟန်ဆောင်ထားဆဲဖြစ်ရာ ထိုလူသည် မည်သည့်နည်းနှင့်များ သိရှိသွားခဲ့ရသနည်း။
ဘယ်လက်ရုံးအစောင့်အရှောက်၏ မှတ်ဉာဏ်များမှတဆင့် သိရှိရန်လည်း မဖြစ်နိုင်သောကြောင့် မည်သို့ဖြစ်နိုင်မည်နည်း။
အာရန်သည် သူ၏ အကြီးမားဆုံး လျို့ဝှက်ချက်ကို ဖော်ထုတ်မိစေရန် မည်သည့်အမှားအယွင်းမျိုးမှ မပြုလုပ်မိခဲ့ပေ။
မျှော်စင်သခင်သည် အောက်သို့ ဆင်းသက်လာပြီးနောက် အာရန်၏ရှေ့တွင် ရပ်လိုက်ကာ သူ၏နှုတ်ခမ်းများတွင် သိမ်မွေ့၍ နားလည်ရခက်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။
#Catfoot