စိတ်ပျက် အားလျော့ခြင်း
Vol. 6 Ch. 595
ကျောင်းဟိုင်၊ မြောက်ပိုင်းချုံး နန်းတော် အတွင်း ...
ဟွာရန်ဖန်း၊ ဝမ်ရှောက်ယွင်၊ ကျိုးကျင်းရီ နှင့် အခြားလူများ၏ အမူအရာမှာ မှုန်မှိုင်းလျက် ရှိသည်။
"အမေရိကန်က တော်တော်လေး လွန်နေပြီ ... ကျုပ်တို့ ပြန်ပြီး တိုက်ခိုက်သင့်တယ် ... "
ဆေးနတ်ဘုရား တောင်ကြား၏ အကြီးအကဲ တစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။
"အဲဒါက မလွယ်ဘူး ... သူတို့ကို ဘယ်လို ပြန်တိုက်ခိုက်မှာလဲ ... ငါတို့က အမေရိကန် သမ္မတနဲ့ နိုင်ငံ အကြီးအကဲတွေကို သတ်နိုင်ရင်တောင် သူတို့က အစိုးရ အဖွဲ့ကို အသစ် ပြန်ဖွဲ့လို့ ရတယ်"
ကျိုးကျင်းရီက ခေါင်းကို ခါသည်။
"ကျိုးကျင်းရီ ပြောတာ မှန်တယ် ... ငါတို့မှာ ရှိတဲ့ တစ်ခုတည်းသော နည်းလမ်းက အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းအား တစ်ခု ထုတ်ပြနိုင်ဖို့ပဲ ... ငါတို့သာ ကိုယ်ပိုင် နျူကလီးယားကို ထုတ်ပြနိုင်ရင် ... သူတို့ နောက်ဆုတ်မှာ သေချာတယ်"
ဟွာရန်ဖန်းက ဆိုလိုက်၏။
ချန်းဖန်သည် သိုင်းလောကသို့ စတင် ဝင်ရောက်စဉ် အချိန်က စ၍ ကမ္ဘာအား တုန်လှုပ်စေမည့် စွမ်းအား အမျိုးမျိုးကို ထုတ်ဖော် ပြသခဲ့သည်။
လင်းရှု့မင်နှင့် တိုက်ခိုက်စဉ်က ဆိုလျှင် ချန်းဖန်သည် သမုဒ္ဒရာကို မီတာ ရာပေါင်းများစွာ နက်သည် အထိ ထက်ဝက်ပင် ပိုင်းပြခဲ့သည်။ သို့သော်လည်း ထိုမျှသော စွမ်းအားများက နျူကလီးယားနှင့် ယှဉ်နိုင်သော အရာ မဟုတ်ချေ။
"ငါတို့ လုပ်နိုင်တာ တစ်ခုမှ မရှိတော့ဘူး ... အမေရိကန် စီနီယာ အကြီးအကဲတွေ သေရမှာ ကြောက်သလား ဆိုတာပဲ စောင့်ကြည့် ရတော့မယ် ... "
ဟွာရန်ဖန်းနှင့် အခြားလူများမှာ သက်ပြင်းသာ ချနေမိကြတော့သည်။
***
စင်္ကာပူ၊ နဂါးခန်းမ အတွင်း ...
ရှဲ့ရန်၏ အမူအရာသည် အလွန်အမင်း ပျက်ရွင်းနေ၏။ သူ၏ မျက်လုံးများကမူ နဂါး အဆောက်အဦ၏ အပြင်ဘက်မှ ပင်လယ်ဆီသို့ ရောက်နေခဲ့သည်။
ကမ်းခြေနှင့် မီတာ ရာချီ အကွာအဝေး ပင်လယ်ပြင်တွင်မူ များစွာသော အမေရိကန် သင်္ဘောများ စစ်ရေးပြ မောင်းနှင် နေခဲ့သည်။
"နဂါးသခင်ကြီး ... ပစိဖိတ် ရေတပ်က ကျွန်တော်တို့ကို နဂါး အဆောက်အဦကနေ နှစ်ဆယ့် လေးနာရီ အတွင်း ထွက်သွားဖို့ အကြောင်းကြား ထားပါတယ် ... မဟုတ်ရင် သူတို့ဘက်က တိုက်ခိုက်ဖို့ အဆင်သင့်ပဲတဲ့"
ရှဲ့ရန်၏ နောက်၌ ရပ်နေသော နဂါးခန်းမ၏ စီနီယာ တစ်ယောက်က စိတ်မသက်သာစွာ ဆိုလိုက်သည်။
"အမေရိကန် ... မဟာ အင်အားကြီး ... ကမ္ဘာရဲ့ စိုးမိုးသူ ... "
ရှဲ့ရန်က တီးတိုး ရေရွတ်ရင်း သက်ပြင်းချလိုက်၏။
"နဂါးသခင်ကြီး ... စင်္ကာပူ လီမိသားစုကို အကူအညီတောင်းရင်ရော ... "
ကောမိသားစု ခေါင်းဆောင်က ဝင်ရောက်ကာ မေးလိုက်သည်။
"အသုံးမဝင်ဘူး ... စင်္ကာပူ အခုလို အချိန်တို အတွင်း တိုးတက်လာတာက အမေရိကန်ရဲ့ ပံ့ပိုးမှု အများကြီး ပါတယ် ... လီမိသားစုထဲမှာ အမေရိကန်ရဲ့ လူတွေ အများကြီးပဲ ... စင်္ကာပူ စစ်တပ်တောင် အမေရိကန်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိတာ ... အခု အမေရိကန် ရေတပ်က စင်္ကာပူမှာ ရောက်နေပြီ ဆိုတော့ အခြေအနေတွေက ပိုဆိုးသွားပြီ"
ရှဲ့ရန်က ခေါင်းခါလိုက်သည်။
စင်္ကာပူသည် အမေရိကန်နှင့် ယှဉ်ပါက အားနည်းလွန်းသည်။ အမေရိကန်၏ သာမန် စစ်တပ်တစ်ခုပင်လျှင် စင်္ကာပူ နိုင်ငံ တပ်မတော်ထက် အင်အား ကြီးမားသည်။ ထို့ကြောင့် စင်္ကာပူ အစိုးရ အနေဖြင့် နဂါးခန်းမ အတွက် အမေရိကန်ကို မဆန့်ကျင်ရဲသည်က မထူးဆန်းပေ။
"နဂါးသခင်ကြီး ... ကျွန်တော်တို့ ဘာလုပ်ကြ မလဲ"
နဂါးခန်းမ၏ အထွတ်အထိပ် အဆင့် တစ်ယောက်က အားငယ်စွာ မေးလိုက်၏။
"ငါတို့မှာ စောင့်ဖို့ပဲ ရှိတော့တာပေါ့"
ရှဲ့ရန်က မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်၏။
သူသည် အပယ်ခံ ကိုးယောက်၏ ဓားကျင့်စဉ်ကို ကျင့်နေသော်လည်း ယခုမှ ဝိညာဉ် ပင်လယ် အဆင့်တွင်သာ ရှိနေသေးသည်။ ထိုစွမ်းအား အဆင့်လောက်က အမေရိကန် ရေတပ်ကို တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
"ဆရာ ... ကျွန်တော် လုပ်နိုင်တာ ... ဘာမှ မရှိတော့ဘူး"
ရှဲ့ရန်က သက်ပြင်းချလိုက်၏။
***
ခွန်းလွန် အခြေစိုက် စခန်း အတွင်း ...
ပျံလွှားနီလေးက ရုတ်တရက် ထိုင်ရာမှ ထကာ တံခါးဆီသို့ သွားလိုက်သည်။
"ပျံလွှားနီလေး ... ဘယ်ကို သွားမလို့လဲ"
ကျားဖြူက သူမကို တားဆီးရင်း မေးလိုက်၏။
"ငါ ချန်းပေ့ရွှမ်းဆီ သွားပြီး ဖျောင်းဖျ မလို့ ... သူ့ စရိုက်နဲ့ ဆိုရင် အမေရိကန်ဆီမှာ အညံ့ခံမှာ မဟုတ်ဘူး ... အမေရိကန်က အရမ်းကို အင်အားကြီးတယ် ... သူသာ ပြန်ပြီး တိုက်ခိုက်ရင် ကျိန်းသေ သေရလိမ့်မယ်"
ပျံလွှားနီလေးက ဆိုလိုက်သည်။
"ပျံလွှားနီလေး နင် ရူးသွားတာလား ... အခုဆို လန်ဒန်က ကန့်သတ်နယ်မြေလို ဖြစ်နေပြီ ... နင့် အဆင့်နဲ့ လန်ဒန်ထဲကို ဘယ်လို ဝင်မလဲ"
ဒါရိုက်တာရှောင်က မာန်မဲလိုက်သည်။
"ဒါဆို ကျွန်မတို့ ဘာလုပ်ကြ မလဲ ... ဒါရိုက်တာမှာ နည်းလမ်း တစ်ခုခု ရှိလား"
ပျံလွှားနီလေးက ပြန်လှည့်ရင်း ဒါရိုက်တာရှောင်အား ကြည့်လိုက်သည်။
"အမေရိကန်ရဲ့ အင်အားက ငါတို့ နိုင်ငံထက် အများကြီး သာလွန်တယ် ... ငါတို့ ဗိုလ်ချုပ်ချန်း အတွက် လုပ်ပေးနိုင်တာ ဆိုလို့ သူ့မိသားစုကို ကာကွယ်တာပဲ ရှိတယ် ... ငါတို့ အနေနဲ့ အမေရိကန်ကို တိုက်ခိုက်မယ် ဆိုရင်တောင် ရှုံးမှာ သေချာတယ်"
ဒါရိုက်တာရှောင်က ဆိုလိုက်၏။
အမေရိကန်သည် ကမ္ဘာ၏ လွှမ်းမိုးသူ ဖြစ်သည်။ ကမ္ဘာဂြိုဟ်၌ သူမ၏ တည်ရှိမှုကို ဆန့်ကျင်နိုင်သော နိုင်ငံ မရှိချေ။ တရုတ်၊ ရုရှား ကဲ့သို့သော နိုင်ငံများပင် အမေရိကန်နှင့် ယှဉ်ပါက မှေးမှိန်ရသည်။
"အခြေအနေ တစ်ခုက လွဲရင်ပေါ့လေ ... "
ဒါရိုက်တာရှောင်က တီးတိုး ရေရွတ်လိုက်၏။
"ဘာအခြေအနေလဲ ... "
ပျံလွှားနီလေးက မေးလိုက်သည်။
"ချန်းပေ့ရွှမ်းရဲ့ လက်နက်သာ အမှန် တကယ် ဆိုရင်ပေါ့ ... ဒါပေမဲ့ အဲဒါက မဖြစ်နိုင်လောက်ပါဘူး ... နေ ထဲမှာ ဆိုရင် နျူကလီးယားဗုံး မီလျံနဲ့ချီတဲ့ စွမ်းအားတွေ ရှိတယ် ... ဒါပေမဲ့ နေကို ဘယ်သူက ထိန်းချုပ်နိုင်လို့လဲ"
ဒါရိုက်တာရှောင်က ခေါင်းကို ခါလိုက်၏။
ချန်းဖန် လန်ဒန်တွင် ဖန်တီးခဲ့သော လက်နက်၏ အစစ်အမှန် စွမ်းအားကို မည်သူမျှ အသေအချာ မသိကြချေ။ ချန်းဖန်သည် ထိုလက်နက်ကို နတ်ဘုရား တိုက်ခိုက်ရေး အဖွဲ့အား သုတ်သင်ရာ၌ သုံးခဲ့သည့်တိုင် ထိုအရာက ၎င်း၏ အစစ်အမှန် စွမ်းအား မဟုတ်သေးချေ။
အကယ်၍ ထိုလက်နက်မှာ နျူကလီးယားဗုံးနှင့် ညီကြောင်း သက်သေပြနိုင်မည် ဆိုပါက အမေရိကန် အနေဖြင့် ရှေ့ကို ဆက်တိုးဝံ့တော့မည် မဟုတ်ချေ။
"ငါတို့ လုပ်နိုင်သမျှ အကုန်လုံး လုပ်ပြီးပြီ ... ကျန်တာက မိုးနတ်မင်းရဲ့ ဆန္ဒ အတိုင်းပဲ ပေါ့လေ"
ဒါရိုက်တာရှောင်က သက်ပြင်း တစ်ချက် ချလိုက်သည်။
***