← Chapters

တိုးတက်မှု

Vol. 6 Ch. 598

တိုးတက်မှု

Vol. 6 Ch. 598

အဆင့်မြင့် ဝိညာဉ် လက်နက်များကား ရှားပါးသော ရတနာများ ဖြစ်ကြ၏။ ချန်းဖန် ဖန်တီးထားသော မိုးကြိုးငါးခု ချိပ်တံဆိပ် ပင်လျှင် အလယ်အလတ် ဝိညာဉ် လက်နက် အဆင့်သာ ရှိသည်။

သို့သော်လည်း တန်ခိုးရှင် ကျင့်ကြံသူများ၏ လက်နက် သန့်စင်သော နည်းလမ်းအား အသုံးပြုထားခြင်းနှင့် အစီအရင် များစွာ ပေါင်းထည့်ထားခြင်းတို့ကြောင့် မိုးကြိုးငါးခု ချိပ်တံဆိပ်မှာ အဆင့်မြင့် ဝိညာဉ် လက်နက် တစ်ခုနှင့် ယှဉ်နိုင်နေခြင်း ဖြစ်သည်။

ကျင့်ကြံခြင်း လောကတွင်ပင် မူလဝိညာဉ် အဆင့်များ အတွက် အဆင့်မြင့် ဝိညာဉ် လက်နက်က ရှားပါး ရတနာ ဖြစ်သည်။ အင်အားကြီး ကျင့်ကြံခြင်း ဂိုဏ်းကြီးများ၏ မူလဝိညာဉ် အဆင့် တပည့်များသာလျှင် အဆင်မြင့် ဝိညာဉ်လက်နက်ကို ကိုင်ဆောင်ရန် အခွင့်အရေး ရှိကြသည်။

ဝိညာဉ်လက်နက်ထက် တစ်ဆင့် ပိုမြင့်သော လက်နက်ကိုမူ ဝိညာဉ်ရတနာဟု ခေါ်၏။

ဝိညာဉ် ရတနာများကား အလွန်ပင် အစွမ်းထက်သည်။ ထိုရတနာဖြင့် ဆိုပါက သာမန် အထွတ်အထိပ် အဆင့် တစ်ယောက်ပင်လျှင် တန်ခိုးရှင် တစ်ယောက်ကို အနိုင်ယူနိုင်မည် ဖြစ်သည်။

အကယ်၍ ချန်းဖန်သာ ဝိညာဉ် ရတနာ တစ်ခုကို ပိုင်ဆိုင်ထားမည် ဆိုလျှင် အမေရိကန်၏ တိုက်လေယာဉ်၊ နျူကလီးယားဗုံး ...  မည်သည့် အရာကမှ သူ့အား တားဆီးနိုင်တော့မည် မဟုတ်ချေ။

သို့သော်လည်း ဝိညာဉ် ရတနာများမှာ အလွန်ပင် ရှားပါးလွန်း၏။ ကျင့်ကြံခြင်း လောကတွင်ပင် ရွှေအမြုတေ အဆင့် ကျင့်ကြ့သူများသာလျှင် ထိုသို့သော ရတနာကို ပိုင်ဆိုင်နိုင်ကြသည်။

"တကယ်လို့ အနက်ရောင် ဆူးချွန်ကသာ ဝိညာဉ် ရတနာ တစ်ခု ဖြစ်မယ် ဆိုရင် ...  ကမ္ဘာ ပေါ်မှာ ရွှေအမြုတေ အဆင့် တစ်ယောက် နေခဲ့တာ ဖြစ်နိုင်တယ် ...  ဒါပေမဲ့ ဒီဝိညာဉ် ရတနာကို အသုံးပြုဖို့ ဝိညာဉ်ချီက ရှားလွန်းတယ်"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း အနက်ရောင် ဆူးချွန်ကို သေချာစွာ လေ့လာလိုက်၏။

ထိုအရာက ရှေးဟောင်း သင်္ကေတ အချို့နှင့် မွမ်းမံထားပြီး အပြာရောင် အလင်းတစ်ခုကို ထုတ်လွှတ်နေ၏။ ထိုမှလွဲ၍ မည်သို့သော ထူးခြားမှုမှ မရှိချေ။

ချန်းဖန်က ထိုအရာကို အခြား နည်းလမ်းများဖြင့် စမ်းသပ် ကြည့်သော်လည်း အလွန်အမင်း မြန်ဆန်သည်က လွဲ၍ မည်သည့် ထူးခြားချက်မျှ မရှိချေ။

"ဒါက ဝိညာဉ်လက်နက် တစ်ခု မဟုတ်ဘူး ...  စကြဝဠာထဲမှာ ရှိတဲ့ မျိုးနွယ်စု တစ်ခုက ဖန်တီးထားတဲ့ ဝိညာဉ် စွမ်းအားသုံး လက်နက် ဖြစ်ရမယ် ...   ဒီလက်နက်ကို ထိန်းချုပ်ဖို့က ဝိညာဉ် စွမ်းအားတွေ အများကြီး လိုတယ် ...  ပညာရှိ ခေါင်းဆောင်က ဒီ လက်နက်ကို ထိန်းချုပ်ဖို့ ဝိညာဉ်စွမ်းအင် မလုံလောက်တာကြောင့် လျှပ်စစ်သံလိုက် အမြောက်နဲ့ တွဲသုံးခဲ့တာ ဖြစ်မယ်"

အတိတ်ဘဝ၌ ဝိညာဉ် ပုံစံဖြင့် ရှင်သန်သော နည်းပညာမြင့် အဖွဲ့အစည်းများကို ချန်းဖန် တွေ့မြင်ခဲ့ဖူးသည်။ သူတို့ အသုံးပြုသော လက်နက် အများစုမှာ ဝိညာဉ် စွမ်းအားဖြင့် ထိန်းချုပ်ရသော လက်နက်မျိုး ဖြစ်သည်။ ဤ အနက်ရောင် ဆူးချွန်သည်လည်း ထိုမျိုးနွယ်စုများ၏ လက်နက် တစ်ခု ဖြစ်နိုင်သည်။

"ဒီဆူးချွန်လုပ်တဲ့ သတ္တုမျိုးက အရမ်း ရှားပါးတယ် ...  ကမ္ဘာမြေမှာ မရှိနိုင်ဘူး ...  ဒါကို အမေရိကန် ထုတ်လုပ်ထားတာတော့ မဖြစ်နိုင်ဘူး ...  တစ်နေရာရာကနေ ရခဲ့တာပဲ ဖြစ်မယ်"

ချန်းဖန်က တွေးရင်း ဆူးချွန်ကို နတ်ဘုရား စိတ်အာရုံ ပို့လွှတ်၍ ဆက်သွယ်လိုက်၏။

သူ၏ ထိန်းချုပ်မှု အောက်တွင်ပင် ဆူးချွန်က လေပေါ်သို့ ပျံတက်ကာ အရှိန်ယူ၍ သူ၏ လက်ဝါးဆီသို့ တိုးဝင်သည်။

"ကလန့် ... "

ဆူးချွန်၏ ထိုးဖောက်မှုတွင် ချန်းဖန်၏ လက်ဝါးက ထုတ်ချင်းပေါက်သည်။

ချန်းဖန် အနေဖြင့် အဇူရာ သက်ရှည် ခန္ဓာကိုယ် အကာအကွယ် အလင်းကို အသုံးပြု မထားသည့်တိုင် ထိုဆူးချွန်၏ ထက်မြက်မှုက အံ့မခန်းပင်။ ထိုအရာက မြေကမ္ဘာ အဆင့် တစ်ယောက်ကိုပင် အလွယ်တကူ သတ်ဖြတ် နိုင်မည်ဟု ချန်းဖန် ယုံကြည်သည်။

ချန်းဖန်က ဆူးချွန်ကို ပြန်လည် ဆင့်ခေါ်ရင်း ပျော်ရွှင်စွာ ပြုံးလိုက်၏။

သူ့အနေဖြင့် လတ်တလောတွင် မိုးကြိုးငါးခု ချိပ်တံဆိပ်ကို အသုံးပြုနိုင်ဦးမည် မဟုတ်ချေ။ သို့သော်လည်း ဆူးချွန် ရရှိလာမှုက မိုးကြိုးငါးခု၏ ကွပ်လပ်ကို ဖြည့်ပေးနိုင်သည်။

ဆူးချွန်၏ အကူအညီဖြင့် ဆိုပါက မြေကမ္ဘာ အဆင့် တစ်ယောက်ကိုပင် ချန်းဖန် လွယ်ကူစွာ အနိုင်ယူနိုင်တော့မည် ဖြစ်သည်။

"အာ ...  ငွေရောင် သံချပ်ကာ ကျန်သေးတာပဲ"

ချန်းဖန်က ငွေရောင်အလုံးလေးအား ကြည့်လိုက်၏။

ထိုငွေရောင် အလုံး ကလေးမှာ တစ်ဝက်က အရည် ဖြစ်ကာ အခြား တစ်ဖက်က သတ္တု ဖြစ်သည်။

"လာစမ်း ... "

ချန်းဖန်က နတ်ဘုရား စိတ်အာရုံဖြင့် ငွေရောင်အလုံးလေးကို ဆက်သွယ် လိုက်၏။

"ခရက် ... "

ရုတ်တရက် ငွေရောင် အလုံးကလေးက တဖြည်းဖြည်း ဖြန့်ကားသွားကာ ချန်းဖန်၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားသည်။

လက်ဝါး၊ လက်မောင်း၊ ပခုံး၊ ရင်ဘတ်၊ ခြေထောက် ...  စသဖြင့် ငွေရောင် အရည်က ချန်းဖန်၏ ခန္ဓာကိုယ် တစ်ခုလုံးအား ပျံ့နှံ့ကာ ကာကွယ်သည်။ ထိုအရာ၏ ကာဆီးမှုကြောင့် လှုပ်ရှားမှုကို တစ်စုံတစ်ရာ အနှောင့်အယှက် ဖြစ်သလိုမျိုး ချန်းဖန် မခံစားရချေ။ အရာရာက အသက်ရှူ သလိုပင် လွယ်ကူနေ၏။

"ဝှစ် ... "

ချန်းဖန်က လက်ကို ဆန့်ထုတ်ရင်း တစ်ချက် ထိုးလိုက်၏။

"ဘုန်း ... "

လက်သီး၏ အရှိန်ကြောင့် မြောက်အောက်ခန်း တစ်ခုလုံး တုန်ခါသွား၏။ လက်သီး၏ ဦးတည်ရာ သတ္တု နံရံတွက်မူ လက်သီးရာ တစ်ခု ချိုင့်ဝင် ဖြစ်ပေါ်နေသည်။

"သွေးမျိုးဆက် သခင်ကြီးက ...  ဒီမြေအောက်ခန်းကို တည်ဆောက်ဖို့ ရတနာတွေ အများကြီး စုဆောင်းခဲ့ရတယ် ...  နောက်ပြီး နံရံတွေကို အစီအရင်တွေနဲ့ပါ ကာကွယ် ထားသေးတယ် ...  ဒါပေမဲ့ ငါက ဒီဝတ်စုံရဲ့ အကူအညီနဲ့ ဆိုရင် အင်အား တစ်ရာခိုင်နှုန်းလောက်နဲ့ မြေအောက်ခန်းကို ဖျက်ဆီးနေနိုင်ပြီ"

ချန်းဖန်ပင်လျှင် အနည်းငယ် အံ့အားသင့် နေမိသည်။ ဝတ်စုံနှင့် ပေါင်းစည်းမှုတွင် သူ၏ ခွန်အားမှာ နှစ်ဆခန့် အထိပင် တိုးတက် လာခဲ့သည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

ချန်းဖန်က ဝတ်စုံ၏ အင်အားကို ထပ်မံ စမ်းသပ်ကြည့်လိုက်၏။

စမ်းသပ်မှု အရဆိုလျှင် ချန်းဖန်က အင်အား တစ်ဆယ် ရာခိုင်နှုန်းခန့် သုံးပါက ဝတ်စုံက နှစ်ဆ အထိ မြှင့်တင်ပေးနိုင်သည်။ ခုနစ်ဆယ် ရာနှုန်း အထိ သုံးလျှင်မူ ဝတ်စုံက သုံးဆယ် ရာနှုန်းလောက် တိုးမြှင့်ပေးသည်။

သို့သော်လည်း ထိုသုံးဆယ် ရာနှုန်းလောက်က ပင်လျှင် အလွန် အစွမ်းထက် နေပြီ ဖြစ်သည်။

သာမန် အခြေအနေ ဆိုလျှင် ချန်းဖန် အနေဖြင့် တန်ခိုးရှင် တစ်ယောက်ကို သတ်ရန် အင်အား ခုနစ်ဆယ် ရာနှုန်းခန့် အသုံးပြုရမည် ဖြစ်သည်။ ယခု ဝတ်စုံ၏ အင်အား သုံးဆယ် ရာနှုန်း ပေါင်းစပ်မှုဖြင့် ဆိုပါက ချန်းဖန် အတွက် တန်ခိုးရှင် တစ်ယောက်ကို သတ်ရန်မှာ အလွန်ပင် လွယ်ကူသွား ပေလိမ့်မည်။

"နောက်ပြီး ...  ဒီဝတ်စုံက အံ့မခန်း ခံနိုင်ရည် ရှိတယ် ...  ဒီဝတ်စုံကို ဝတ်ထားရင် သာမန် နျူကလီးယား ပေါက်ကွဲမှုတောင် ငါ့ကို ဒုက္ခ ပေးနိုင်တော့မှာ မဟုတ်ဘူး ... "

ချန်းဖန်၏ မျက်လုံးများက တလက်လက် တောက်ပသွား၏။

ထိုငွေရောင် ဝတ်စုံနှင့် အနက်ရောင် ဆူးချွန် နှစ်ခု စလုံးမှာ တူညီသော မျိုးနွယ် တစ်ခုမှ လာခြင်း ဖြစ်ရမည်။ ထိုအရာများကို ထိန်းချုပ်ရန်မှာ ဝိညာဉ်စွမ်းအားသာ လိုအပ်သည်။

ရတနာ နှစ်ခု၏ အကူအညီဖြင့် ဆိုပါက မူလဝိညာဉ် အဆင့် တစ်ယောက်ပင် ရွှေအမြုတေ အဆင့်ကို အချိန် တစ်ခုအထိ ရင်ဆိုင် တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။

"မူလဝိညာဉ် အဆင့်ကို ရောက်ပြီးရင်တောင် ငါ့အနေနဲ့ ...  ဒီရတနာ နှစ်ခုကို ဆောင်ထားရမယ်"

ချန်းဖန်က အနက်ရောက် ဆူးနှင့် ငွေရောင်အလုံး နှစ်ခု စလုံးကို ဓားအားဖြည့် ကျောက်မျက် အတွင်း ပြန်ထည့် လိုက်သည်။ ထိုရတနာ နှစ်ခု၏ အကူအညီဖြင့် ဆိုလျှင် သူ့ အတွက် သွေးမျိုးဆက် သခင်ကြီးကို ရင်ဆိုင်ရန် ခက်ခဲတော့မည် မဟုတ်ချေ။

ထို့နောက် ချန်းဖန်က ကျောက်မျက် အတွင်းရှိ ကောင်းကင် သလင်းကျောက်များကို ထုတ်ယူကာ စတင် စုပ်ယူကာ ကျင့်ကြံလိုက်၏။

ထိုကောင်းကင် သလင်းကျောက်များမှာ သွေးမျိုးဆက် သခင်ကြီး၏ အမှောင် ရတနာ သိုက်ထဲမှ ရရှိထားခြင်း ဖြစ်သည်။ ကောင်းကင် သလင်းကျောက်များမှာ ချန်းဖန် အတွက် မူလဝိညာဉ် အဆင့်ကို ရောက်ရှိရန် မလုံလောက်သည့်တိုင် ဝိညာဉ်ပင်လယ် အဆင့် အထွတ်အထိပ်ကိုမူ ရောက်ရှိရန် လုံလောက်သည်။

"ဟူး ...  ဟူး ... "

ကောင်းကင် သလင်းကျောက်များမှ ရွှေရောင် အလင်းများက ချန်းဖန်၏ ခန္ဓာကိုယ် အတွင်း စီးဝင်နေ၏။ ထိုအရာများမှာ လင်းရှု့မင် အတွက် မြေကမ္ဘာ အဆင့်ကို တက်လှမ်းရန်ပင် လုံလောက်မှု ရှိသည်။ သို့သော်လည်း ချန်းဖန် အတွက်မူ ထိုအရာက မလုံလောက်သေးချေ။

"ဟူး ...  ဟူး ... "

ရွှေရောင် အလင်းများကို ပိုမို စုပ်ယူသည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်က စိန်ကဲ့သို့ ပိုမို ကြည်လင်လာ၏။ ထို့အတူ သူ၏ ခွန်အားမှာလည်း တရိပ်ရိပ် တိုးပွားနေတော့သည်။

***

ချန်းဖန် ကျင့်ကြံနေစဉ်မှာပင် ကမ္ဘာ တစ်ခုလုံးသို့ သတင်း တစ်ခု ပျံ့နှံ့သွား၏။ ထိုသတင်းကား "နတ်ဘုရား သတ်မှတ်ချက် ထိပ်ဆုံးနေရာသို့ ချန်းဖန် ရောက်ရှိသွားသည်" ဆိုသော သတင်းပင်။

နတ်ဘုရား သတ်မှတ်ချက် ထိပ်ဆုံးနေရာ အပြောင်းအလဲ မဖြစ်ခဲ့သည်မှာ အချိန်ကာလ အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

နှစ်ပေါင်း တစ်ရာတိုင်တိုင် ထိုနေရာကို ကောင်းကင် စီရင်သူနှင့် ရဲ့ချင်စန်းတို့ အစဉ်အမြဲ သိမ်းပိုက်ထားခဲ့၏။ သို့သော်လည်း ယခုတွင်မူ ချန်းဖန်က သူတို့ နေရာ၌ အစားထိုး သွားခဲ့ပြီ ဖြစ်သည်။

"ချန်းပေ့ရွှမ်းက ကျွန်းတစ်ကျွန်းကိုတောင် စက္ကန့်ပိုင်း အတွင်း ဖျက်ဆီး ပစ်နိုင်တယ် ...  သူရဲ့ စွမ်းအားက မဟာအင်အားကြီး နိုင်ငံတွေနဲ့ မကွာတော့ဘူး ... "

လူအများက ပင့်သက်ရှိုက်ရင်း ရေရွတ်မိကြသည်။

နတ်ဘုရား သတ်မှတ်ချက်တွင် ဖော်ပြ ခံရခြင်းက တန်ခိုးရှင်တိုင်း အတွက် ဂုဏ်ယူဖွယ်ရာ ကိစ္စ တစ်ခု ဖြစ်သည်။

သို့သော်လည်း ချန်းဖန်ကမူ ထိုအရာကို အာရုံ မရှိချေ။ သူ၏ ကျင့်ကြံမှုကိုသာ အာရုံစိုက် နေခဲ့၏။

***

တရုတ်နိုင်ငံ၊ ခွန်းလွန် တောင်တန်း ...

ရဲ့ချင်စန်းသည် သတင်းများကို ကြားသော်လည်း တိတ်တဆိတ်ပင် ရှိနေ၏။

***

ဗာတီကန်မြို့၊ တိတ်ဆိတ်သော ဘုရားကျောင်း တစ်ခု အတွင်း၌ ...

လူနှစ်ယောက်သည် စကားစမြည် ပြောနေကြ၏။

"ဆရာ ...  ချန်းပေ့ရွှမ်းက နတ်ဘုရား သတ်မှတ်ချက် ထိပ်ဆုံးကို ရောက်သွားပါပြီ"

အသက်လတ် လူဖြူ တစ်ဦးက ရိုသေသော အမူအရာဖြင့် ဆိုလိုက်၏။

သူက အဖြူရောင် အလင်းတစ်ခု ထုတ်လွှတ်နေသော ဝတ်စုံ တစ်ခုကို ဝတ်ဆင်ထားသည်။ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများ အရ ထိုလူဖြူမှာ အမှောင်မြို့စားထက်ပင် ပိုမို၍ အစွမ်းထက်ပုံ ရသည်။

သူကား အခြားသူ မဟုတ်ချေ။ ခရစ်ယာန် ဘုရားကျောင်း၏ ခေါင်းဆောင် ကောင်းကင် စီရင်သူပင် ဖြစ်သည်။

သို့သော်လည်း ကောင်းကင် စီရင်သူသည် သူ၏ အရှေ့၌ ရှိနေသော အရောင်အဆင်းမဲ့ ဝတ်စုံဝတ် အဘိုးအိုအား အလွန်ပင် ရိုသေ လေးစားနေပုံ ရသည်။

"လျစ်လျူထားလိုက် ...  ငါတို့ ခရစ်ယာန် ဘုရားကျောင်းကို ဘယ် ကမ္ဘာ့ အင်အားစုကမှ စိန်မခေါ်နိုင်ဘူး ...  နောက် နှစ် ထောင်ပေါင်း အနည်းငယ် အတွင်းမှာ သူတို့ ပျက်စီးသွားမှာပဲ ...  ဒါပေမဲ့ ငါတို့ကတော့ ထာဝရ တည်ရှိနေမှာ"

အဘိုးအိုက အနည်းငယ် ချောင်းဆိုးရင်း ဆက်ပြောလိုက်၏။

"အခု ငါတို့ရဲ့ ရည်ရွယ်ချက်က တစ်ခုပဲ ရှိတယ် ...  သွေးဘိုးဘေး(သွေးမျိုးဆက် သခင်ကြီး) ကို သုတ်သင်ဖို့ပဲ ...  အဲဒါက သေဆုံးသွားပြီ ဖြစ်တဲ့ သူတော်စင် ကြီးတွေရဲ့ ဆန္ဒလည်း ဖြစ်တယ် ...  ငါတို့ အနေနဲ့ အမှောင် မျိုးနွယ်စုတွေကို ကမ္ဘာကနေ နှင်ထုတ် ပစ်ရမယ်"

သွေးဘိုးဘေး ဆိုသော နာမည်အား ကြားသည်နှင့် ကောင်းကင် စီရင်သူ၏ မျက်နှာက မည်းမှောင် သွားသည်။

"ကျွန်တော် ကြားရ သလောက်ဆို အမှောင် မြို့စားက သွေးဘိုးဘေးကို နိုးထစေမယ်လို့ သိရတယ် ...  ဒါပေမဲ့ နှစ်ထောင်ချီ ကြာပြီ ဆိုတော့ ...  ကျွန်တော် သိချင်တာက သူ တကယ် အသက် ရှိနေသေးရဲ့လား ဆိုတာပဲ"

"သူလား ...  မင်းက သူ့ရဲ့ စွမ်းအားကို နားလည်ဖို့ ငယ်ပါသေးတယ် ... "

အဘိုးအိုက ဉာဏ်ပညာဖြင့် တောက်ပနေသော မျက်လုံးများဖြင့် အဝေးသို့ ငေးမော လိုက်သည်။

"နောက်ဆုံး စစ်ပွဲ အတွက် အဆင်သင့် ပြင်ထား ...  သွေးဘိုးဘေးက အချိန် မရွေး နိုးထလာနိုင်တယ်"

"ကောင်းပါပြီ ...  ဆရာ"

ကောင်းကင် စီရင်သူက ခေါင်းကို ငုံ့လိုက်တော့သည်။

***

လဝက် ကြာပြီးနောက် ...

ချန်းဖန်၏ တံခါးပိတ် ကျင့်ကြံမှုက ပြီးဆုံးလု နီးပါး ဖြစ်နေပြီ ဖြစ်လေသည်။ ထိုအချိန်မှာပင် အရေးကြီးသော သတင်း တစ်ခုနှင့် ဧည့်သည် တစ်ယောက် ရောက်ရှိလာခဲ့၏။

***

All Chapters