← Chapters

စွန့်ပစ်ခံ နယ်မြေ ခုနစ်ခု

Vol. 6 Ch. 599

စွန့်ပစ်ခံ နယ်မြေ ခုနစ်ခု

Vol. 6 Ch. 599

ဧည့်သည်ကား ရုရှား ဗိုလ်ချုပ် အိုလက်ပင် ဖြစ်သည်။ ထိုဆံပင်ဖြူ လူကြီးက ဟောင်းနွမ်းသော စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ဓားတစ်စင်း အလား မားမားမတ်မတ် ရပ်နေ၏။

ရုရှား၏ ကာကွယ်သူ ဖြစ်သော သူအား အတိတ်၌ မည်သည့် အရာကမှ တုန်လှုပ်အောင် လုပ်နိုင်ခဲ့ခြင်း မရှိချေ။ သို့သော်လည်း ယခု တစ်ကြိမ်တွင်မူ အိုလက်၏ အမူအရာက အနည်းငယ် စိုးရွံ့နေပုံ ပေါ်သည်။

"မစ္စတာချန်း ...  KGB ထောက်လှမ်းရေးနဲ့ သွေး ဝံပုလွေ အစောင့်အရှောက်တွေရဲ့ စုံစမ်းမှု အရဆို အမှောင်မြို့စားက သွေးဘိုးဘေးကို နှိုးဖို့ ကြိုးစားနေတယ်လို့ သိရတယ်"

အိုလက်က ချန်းဖန်အား ဦးတစ်ချက် ညွှတ်ရင်း ရိုသေသော အမူအရာဖြင့် ဆိုလိုက်၏။

"သွေးဘိုးဘေး ...  အသက်ရှင်နေသေးတယ် ဆိုတာ သေချာလား"

ချန်းဖန်က တည်ငြိမ်စွာပင် ပြန်လည် မေးလိုက်သည်။

ယနေ့ မတိုင်ခင် အထိ ချန်းဖန်သည် သွေးဘိုးဘေး၏ တည်ရှိမှု အပေါ် အနည်းငယ် စိုးရိမ်ခဲ့မိသည်။ သို့သော်လည်း ယခုတွင်မူ အခြေအနေများက ခြားနားသွားပြီ ဖြစ်သည်။

သူကား ကောင်းကင် သလင်းကျောက်များမှ စွမ်းအားများကို စုပ်ယူကာ ဝိညာဉ်ပင်လယ် နောက်ဆုံး အဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ငွေရောင် ဝတ်စုံနှင့် အနက်ရောင် ဆူးချွန်တို့ ကဲ့သို့သော ရတနာများလည်း ရှိသေးသည်။

ထိုရတနာများ၏ အကူအညီဖြင့် ဆိုပါက မြေကမ္ဘာ နောက်ဆုံး အဆင့်ကိုပင် ရင်ဆိုင်ရန် ချန်းဖန် ယုံကြည်ချက် ရှိ၏။

"သေတော့ မသေချာပါဘူး ...  သွေးဘိုးဘေး နောက်ဆုံး နိုးထခဲ့တာက လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခုလောက်ကပါ ...  သူ့ရဲ့ သက်တမ်းက အရမ်း ရှည်ကြာနေပြီ ဆိုတော့ အိပ်နေရင်းနဲ့တောင် သေချင် သေသွားနိုင်တာပဲလေ"

အိုလက်က ပြောရင်း ခေါင်းကို ခါလိုက်သည်။

အမှောင်ဝံပုလွေ၏ မျိုးဆက် တစ်ယောက် အနေဖြင့် အိုလက်သည် အမှောင် မျိုးဆက်များ သက်တမ်း မည်မျှ ရှည်ကြောင်း သိရှိထားသည်။ သွေးဘိုးဘေးမှာ သန့်စင်သော အမှောင် သွေးမျိုးဆက် ဖြစ်ရာ ကမ္ဘာပေါ်ရှိ မြေကမ္ဘာ အဆင့်များထက် ပိုမို အသက်ရှင်မည်က အသေအချာပင် ဖြစ်သည်။

သို့သော်လည်း ရွှေအမြုတေ အဆင့်ပင်လျှင် နှစ်တစ်ထောင်သာ နေနိုင်ရာ အိပ်ခြင်းဖြင့် အသက်ဓာတ်ကို ဆွဲဆန့် ထားသည့်တိုင် သွေးဘိုးဘေး အတွက် ဆက်လက် အသက်ရှင်ရန်က ခပ်ခက်ခက် ဖြစ်သည်။

"ပြဿနာ မရှိဘူး ...  သူ အသက်ရှင်နေသေးရင် ငါ သူ့ကို သတ်ပြီး သူ့သွေးနဲ့ ဆေးဝါးတွေ ဖန်တီးလို့ ရတာပဲလေ"

ချန်းဖန်က အေးဆေးစွာပင် ဆိုလိုက်၏။

အမှောင်မျိုးဆက်၏ သန့်စင်သော သက်ရှိတိုင်းကား အဖိုးထိုက်တန်သော ရတနာများ ဖြစ်သည်။ သူတို့၏ အစိတ်အပိုင်း တစ်ခုချင်းစီက တန်ခိုးရှင် ကျင့်ကြံသူများ အတွက် ဆေးဝါးများနှင့် မခြားနားပေ။

"သွေးဘိုးဘေးက ရှေးဟောင်း ရိုမေးနီးယားရဲ့ သွေးပင်လယ်မှာ အိပ်ပျော်နေတာ ဖြစ်နိုင်တယ် ...  အမှောင်မြို့စားက အဲဒီ အနား တစ်ဝိုက်မှာ လှုပ်ရှားနေတာ တွေ့ရတယ် ...  ကျွန်တော်တို့ သွားကြည့်ကြမလား"

အိုလက်က ဆိုလိုက်၏။

"သွေးပင်လယ် ...  အဲဒါက ဘယ်နားမှာလဲ"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"သွေးပင်လယ်က ရိုးမေးနီးယား ကာပယ်သီယန် တောင်တန်းတွေရဲ့ အတွင်းပိုင်းမှာ ရှိပါတယ် ...  ပြောစကားတွေ အရဆို အဲဒီ နေရာက ရှေးဟောင်း နိုင်ငံ တစ်ခု ဖြစ်ခဲ့တာတဲ့ ...  ဒါပေမဲ့ ပင်လယ်ရေ ဖုံးလွမ်းပြီး နောက်ပိုင်း အဲဒီနေရာက စကားလက် သမုဒ္ဒရာ အဖြစ် ပြောင်းလဲ သွားခဲ့တာ ...  အဲဒီနေရာက အရမ်းကို အန္တရာယ်များပြီး ဝင်သွားတဲ့ သူတိုင်း အသတ်ခံရတယ်တဲ့"

အိုလက်က ပင့်သက်ကို ရှိုက်ရင်း ဆက်ပြောလိုက်၏။

"နောက်ပြီး သွေးပင်လယ်က စွန့်ပစ်ခံ နယ်မြေ ခုနစ်ထဲက တစ်ခုပဲ"

"စွန့်ပစ်ခံ နယ်မြေ ... "

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်၏။ ထိုစကားလုံးက သူ၏ မှတ်ဉာဏ်များ အတွင်း၌ မရှိချေ။

"ဟုတ်တယ် ...  စွန့်ပစ်ခံ နယ်မြေတွေက ကမ္ဘာပေါ်မှာ အန္တရာယ် အရှိဆုံး နေရာတွေလို့ ဆိုနိုင်တယ် ...  ခွန်းလွန်ထဲမှာ ရှိတဲ့ နတ်ဘုရား သင်္ချိုင်း တောင်ကြား ...  ချန်းပေ့ တောင်တန်းရဲ့ နဂါးရေကန် ...  ဘေဘီလုံရဲ့ နတ်ဆိုးဂူ ...  အဲဒီနေရာတွေကိုလည်း စွန့်ပစ်ခံ နယ်မြေတွေပဲ"

အိုလက်က ခဏမျှ ရပ်ကာ ဆက်လက် ဆိုလိုက်၏။

"ကောလာဟလတွေ အရဆို မြေကမ္ဘာ အဆင့်တွေနဲ့ သူတော်စင်တွေတောင် အဲဒီလို နေရာတွေမှာ သေဆုံးခဲ့တယ်တဲ့ ...  ဥပမာ ခွန်းလွန် တောင်တန်းမှာ ရှိတဲ့ နတ်ဘုရား သင်္ချိုင်း တောင်ကြားဆိုရင် အရင်က အဲဒီ နာမည်နဲ့ မဟုတ်ဘူး ...  အခြား နာမည် တစ်ခု ရှိတယ် ...  တရုတ် မြေကမ္ဘာ အဆင့် တစ်ယောက်က အဲဒီမှာ သေဆုံးသွားခဲ့တဲ့ နောက်ပိုင်းမှ နတ်ဘုရား သင်္ချိုင်း တောင်ကြားလို့ နာမည် ပြောင်းခဲ့တာ ... "

"ဘေဘီလုံရဲ့ နတ်ဆိုးဂူ ဆိုရင် ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ခြောက်ထောင်လောက် ကတည်းက တည်ရှိခဲ့တာ ...  လွန်ခဲ့တဲ့ ရာစုနှစ်တွေမှာ ဗြိတိသျှ အင်ပါယာ တစ်ယောက်က နတ်ဆိုးဂူထဲကို ဝင်သွားဖူးတယ် ...  ဒါပေမဲ့ သူက လုံးဝ ပြန်ထွက် မလာခဲ့တော့ဘူး ...  နောက်ပြီးတော့"

အိုလက်က ခဏရပ်ရင်း အသက်ကို ပြင်းစွာ ရှူလိုက်၏။

"နောက်ပြီးတော့ ...  ဘာဖြစ်လဲ"

ချန်းဖန်က စိတ်ဝင်တစား မေးလိုက်သည်။

"အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်ဖြစ်တဲ့ ဆယ်စုနှစ်တွေတုန်းမှာ ...  ကျွန်တော်တို့ရဲ့ စပိုင်တွေက အမေရိကန်ရဲ့ လျှို့ဝှက် အချက်အလက် တချို့ကို ရှာတွေ့ခဲ့တယ် ... "

"အဲဒီ အချက်အလက်တွေ အရဆို အမေရိကန်တွေက စွန့်ပစ်ခံ နယ်မြေ ခုနစ်ခု ထဲမှာပါတဲ့ မာယာ ဘုရားကျောင်း နယ်မြေကို တူးဖော် တွေ့ရှိခဲ့တယ် ...  အဲဒီ နယ်မြေကနေပဲ လက်ရှိ ကမ္ဘာထက် အစပေါင်းများစွာ မြင့်တဲ့ နည်းပညာတွေ အမေရိကန်က ရရှိခဲ့တယ်တဲ့ ...  အဲဒီ နည်းပညာတွေရဲ့ အကူအညီနဲ့ပဲ အမေရိကန်က ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့တာ ... "

မာယာ လူမျိုးများ၏ ဒဏ္ဍာရီများမှာ ကမ္ဘာ အရပ်ရပ်၌ ပျံ့နှံ့နေသော အရာများ ဖြစ်ကြသည်။

ကောလာဟလများ အရ ဆိုလျှင် မာယာ လူမျိုးများ၏ နည်းပညာ အဆင့်အတန်းက မော်ဒန်ခေတ် ကမ္ဘာထက် အဆများစွာ မြင့်မားခဲ့သည်ဟု ဆိုကြသည်။

သို့သော်လည်း သူတို့က အကြောင်းပြချက် တစ်စုံတစ်ရာ မရှိပဲ ကမ္ဘာပေါ်မှ လုံးဝ ကွယ်ပျောက် သွားခဲ့သည်။ မာယာ လူမျိုးများ ချန်ရစ်ခဲ့သည့် အရာဟူ၍ ခန့်မှန်းချက် တစ်ခုသာ ရှိ၏။

ထိုခန့်မှန်းချက်ကား ...  "၂၀၁၂ တွင် ကမ္ဘာပျက်မည်" ဟူ၍ပင်။

"မာယာ ဘုရားကျောင်း နယ်မြေ ...  ကမ္ဘာမှာ နည်းပညာမြင့် မျိုးနွယ် တစ်ခု ပေါ်ခဲ့တာလား"

ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။

"ဒါဆို ...  ငါ့ဆီက ငွေရောင်ဝတ်စုံနဲ့ အနက်ရောင် ဆူးချွန်က မာယာ လူမျိုးတွေ ထားခဲ့တာလား ... "

ထိုရတနာ နှစ်ခုသာ မက လျှပ်စစ် အမြောက်များမှာ ကမ္ဘာ၏ နည်းပညာ အဆင့်ဖြင့် ပြုလုပ်နိုင်သော အရာများ မဟုတ်ကြချေ။

ထိုအရာများကား နည်းပညာ အဆင့်အတန်း အလွန် မြင့်မားသော စကြဝဠာ အတွင်းရှိ သက်ရှိ မျိုးစိတ်များသာ ပိုင်ဆိုင်နိုင်သော အရာများသာ ဖြစ်ကြသည်။

"ဒီဂြိုဟ်က တဖြည်းဖြည်း စိတ်ဝင်စားစရာ ကောင်းလာပြီပဲ ...  အတိတ်ဘဝမှာ ကမ္ဘာကို ပြန်လာတုန်းက ငါ လုံးဝ သတိမထားမိဘူး"

ချန်းဖန်က တွေးလိုက်မိ၏။

အတိတ်ဘဝ၌ ချန်းဖန်သည် နှစ်တစ်ရာ ကျင့်ကြံပြီး၍ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်ရှိပြီးနောက် ဖန့်ချုံး၏ ခန္ဓာကိုယ်ကို သင်္ဂြိုဟ်ရန် ကမ္ဘာမြေသို့ ပြန်လာခဲ့သေးသည်။

ဖန့်ချုံးအား သူမ၏ မွေးရပ်မြေတွင် မြှုပ်နှံပြီးနောက် ချန်းဖန်သည် ကမ္ဘာမြေ၌ နှစ်နှစ်ဆယ် တိုင်တိုင် နေထိုင်ခဲ့သည်။ ထိုကာလများ အတွင်း၌ သူသည် အေးချမ်းစွာသာ နေထိုင်ခဲ့ပြီး နတ်ဘုရား စိတ်အာရုံကိုပင် တစ်ကမ္ဘာလုံး အထိ မဖြန့်ကြက်ခဲ့ချေ။

ထို့ကြောင့်ပင် စွန့်ပစ်ခံ နယ်မြေများကို သူ သတိ မထားမိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ကမ္ဘာမြေမှာ ဂြိုဟ်သေ တစ်ခုသာ ဖြစ်ရာ ချန်းဖန် အနေဖြင့် အထူးတလှယ် စိတ်ဝင်စားမှုလည်း မရှိခဲ့ချေ။

"အတိတ် ဘဝတုန်းက နည်းပညာမြင့် မျိုးနွယ်တွေဟာ ငါ့အတွက် နိမ့်ပါး လွန်းတယ် ...   ငါ့လက်အောက်မှာ သေခဲ့ရတဲ့ မျိုးနွယ်တွေဆို မရေမတွက်နိုင်ဘူး"

ချန်းဖန်က ခေါင်းကို ခါလိုက်မိသည်။

ထို့နောက် သူက အိုလက်အား သွေးပင်လယ်တွင် တစ်ခုခု ထူးခြားပါက အကြောင်းကြားရန် အသေအချာ မှာကြားလိုက်သည်။

အိုလက် ပြန်လည် ထွက်ခွာသွားပြီးနောက် ချန်းဖန်က ကျောင်းဟိုင်သို့ ပြန်ရန် ပြင်ဆင် လိုက်သည်။ သူ့ အနေဖြင့် တရုတ် နှစ်သစ်ကူး၌ မိဘများနှင့် အတူ အချိန်ဖြုန်းရပေမည်။

မိဘများကား ချန်းဖန် အတွက် အရေးကြီးဆုံးသော အရာများ ဖြစ်သည်။ စွန့်ပစ်ခံ နယ်မြေများကို ရှာဖွေရန် ကိစ္စက အလျင်လိုသော အရာ မဟုတ်ချေ။

***

နောက်တစ်နေ့ နံနက် ...

"ဟူး ...  ဟူး ... "

ကျောင်းဟိုင် နိုင်ငံတကာ လေဆိပ်သို့ ဘိုးရင်း 737 လေယာဉ် တစ်စင်း ဆိုက်ကပ်လာ၏။ ထို့နောက် လေယာဉ် အတွင်းမှ လူတစ်စု ဆင်းသက်လာသည်။

ထိုအုပ်စု၏ ခေါင်းဆောင်မှာ ယောက်ျားတစ်ယောက်နှင့် မိန်းမ တစ်ယောက် ဖြစ်သည်။ ယောက်ျားသည် ခန့်ညား ချောမောပြီး မိန်းကလေးကမူ ပိန်သွယ်ကာ လှပသည်။ သူတို့ကား ချန်းဖန်နှင့် အန်ရာတို့ပင်။

"အဖေ အမေ ရှောင်ချုံး ...  လူစုံတက်စုံ ပါလား"

လာရောက် ကြိုနေသော လူများကို ကြည့်၍ ချန်းဖန် အနည်းငယ် အံ့အားသင့်မိ သွား၏။

ထိုနေရာသို့ ဝမ်ရှောက်ယွင်၊ ချန်းကောရှင်း၊ ဖန့်ချုံးတို့သာ ရောက်ရှိလာခြင်း မဟုတ်ချေ။ လုယန်ဝူ၊ ကျိုးကျင်းရီ စသဖြင့် ကျောင်းဟိုင်၏ မြောက်ပိုင်းချုံး ဂိုဏ်းဝင်များပါ လာရောက်ကြခြင်း ဖြစ်သည်။ ဟွာရန်ဖန်းနှင့် နဂါးခန်းမမှ ရှဲ့ရန်တို့ပင် ပါဝင် နေသေး၏။

"ရှဲ့ရန် ...  မင်းပါ လာတာလား ...  နဂါးခန်းမရော အဆင်ပြေရဲ့လား"

ချန်းဖန်က ရှဲ့ရန်ကို ကြည့်ရင်း မေးလိုက်သည်။

"ဆရာက အမေရိကန်လို နိုင်ငံမျိုးကိုတောင် လက်လျှော့စေမှတော့ ...  ဘယ်သူက ကျွန်တော်တို့ကို ထိရဲပါတော့မလဲ"

ရှဲ့ရန်က ရိုသေစွာဖြင့် ဆိုလိုက်၏။

ယခင်က ရှဲ့ရန်သည် အသက် အန္တရာယ် ကြောင့်သာ ချန်းဖန်ထံ၌ အညံ့ခံခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူသည် ချန်းဖန်အား အမှန်တကယ် ကြည်ညို နေမိပြီ ဖြစ်လေသည်။

"အင်တာနက်ပေါ်မှာ နင့်ကို မဟာ အင်အားကြီး ချန်းလို့ ခေါ်နေကြတယ် သိလား ...  နင်က ကမ္ဘာရဲ့ ခြောက်ခုမြောက် အင်အား အကြီးဆုံးတဲ့"

ဖန့်ချုံးက ချန်းဖန်၏ ဘေးသို့ ကပ်ရင်း ပျော်ရွှင်စွာ ဆိုလိုက်၏။

"ဟုတ်လား ... "

ချန်းဖန်က ဖြူရော်စွာ ပြုံးရင်း ခေါင်းခါမိသည်။

အင်တာနက် ပေါ်လာချိန်မှ စ၍ သိုင်းသမား ဖိုရမ်များနှင့် အမှောင်ကမ္ဘာ ဖိုရမ်များစွာမှာ ရှိလာခဲ့သည်။ ဖန့်ချုံးသည် ထိုဖိုရမ်များကို မည်ကဲ့သို့ အသုံးပြုရမည်အား သင်ကြားခဲ့ဟန် တူသည်။

မြောက်ပိုင်းချုံး ဂိုဏ်းပင်လျှင် "မြောက်ပိုင်းချုံး စံအိမ်" ဟု ခေါ်သော အင်တာနက် ဖိုရမ် တစ်ခု တည်ထောင် ထားသေး၏။ သူတို့က သိုင်းပညာရှင် အဖွဲ့အစည်းသို့ တစ်ခုခု ကြေညာချင်ပါက ထိုဖိုရမ်မှ တစ်ဆင့် ကြေညာလေ့ ရှိသည်။

တစ်ခဏ အကြာ၌ ...  ဝမ်ရှောက်ယွင်နှင့် ချန်းကောရှင်းတို့ နှစ်ယောက် မျက်နှာ သိပ်မကောင်းကြောင်း ချန်းဖန် သတိထားမိလိုက်၏။

"ဘာလို့များလဲ ...  အဖေ တစ်ခုခု ဖြစ်လို့လား ...  ကျိန်စာက ပြန်ပြီး ဒုက္ခ ပေးနေလို့လား"

ချန်းဖန်က အနည်းငယ် စိတ်ပူမိသွားသည်။

"အဖေ အမေ ...  တစ်ခုခု ပြောစရာ ရှိတာလား"

ချန်းဖန်က စိုးရိမ်စွာ မေးလိုက်၏။

"အင်း ...  ရှောင်ဖန် သားအဘိုးက ကျင်းမြို့ကို လူတစ်ယောက် လွှတ်လိုက်တယ်"

ဝမ်ရှောက်ယွင်က ဆိုသည်။

"အဘိုး ... "

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။

"ရန်ကျင်း ဝမ်မိသားစု ... "

***

ရှင်းလင်းချက်။

ဇာတ်လမ်း အစပိုင်းမှာ သိပ်မရှင်းတဲ့ အချက်အလက် အချို့ကို နည်းနည်း ပြန်ရှင်းပြပါ့မယ်။

အတိတ်ဘဝမှာ ချန်းဖန် ခေါင်မိုးပေါ်ကနေ ခုန်ချ သတ်သေတော့ ထာဝရ ရှင်သန်သူ ထန်ချင်းက သူ့ကို ကယ်ပြီး ကျင့်ကြံခြင်း ကမ္ဘာကို ခေါ်သွားတာ အားလုံး မှတ်မိမှာပါ။ တကယ်တော့ ထန်ချင်းက ချန်းဖန် အပြင် ဖန့်ချုံးကိုပါ ခေါ်သွားခဲ့တာပါ။

နောက်ပြီး သူတို့ နှစ်ယောက်ကို ကမ္ဘာငယ် တစ်ခုထဲ ထည့်ပြီး စမ်းသပ်ခဲ့ပါတယ်။ မြောက်ပိုင်းချုံး နန်းတော်မှာ ရှိတဲ့ ချန်းဖန်ရဲ့ ပန်းချီကားထဲက နတ်သမီး ကျိချုံးကလည်း ကျင့်ကြံသူ ဖန့်ချုံးပါပဲ။

အဲဒီ ကမ္ဘာငယ်မှာပဲ ဖန့်ချုံးက ချန်းဖန်ကို ကာကွယ်ပေးရင်းနဲ့ သေဆုံး ခဲ့ရပါတယ်။ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်ပြီးတဲ့ နောက်မှာတော့ ချန်းဖန်က ကမ္ဘာမြေကို ပြန်လာပြီး ဖန့်ချုံးရဲ့ ရုပ်အလောင်းကို မြှပ်နှံ ပေးခဲ့ပါတယ်။

***

All Chapters