ဝမ်မုန့်ယွင်၏ရူးသွပ်သွားမှု
Vol. 12 Ch. 166
ဝမ်မုန့်ယွင် ထွက်ပြေးသွားသည်နှင့် တပြိုင်နက် ကျင်းလုံမုနှင့် ချီကျောင်းယန်သည် ရှင်းလင်းသည့် လက်သင်္ကေတတစ်ခုကို ပြိုင်တူထုတ်ဖော်လိုက်၏။
“မကောင်းတော့ဘူး..”
အရိပ်တိမ်တိုက်ဂိုဏ်း၏ အောက်ခြေမှစတင်ကာ အလင်းလွှာတစ်ခုသည် အလျှင်အမြန်ဖုံးအုပ်သွားသည်။ အရိပ်တိမ်တိုက်တစ်ခုလုံးအား မဖုံးလွှမ်းခင် ဝမ်မုန့်ယွင်သည် လွတ်မြောက်အောင် ဝိညာဉ်စွမ်းအင်များကို အရူးအမူး သုံးစွဲနေ၏။
“မင်း ဒီနေ့ မလွတ်မြောက်ဘူးလို့ ပြောပြီးပြီ..”
ကျန်းလုံမုသည် လွတ်မြောက်လုဆဲဆဲ ဖြစ်နေသည့် ဝမ်မုန့်ယွင်ကို စွမ်းအင်စက်ကွင်း နှစ်ခုနှင့် ပစ်လွတ်လိုက်သည်။
“သေစမ်း..”
ဝမ်မုန့်ယွင်သည် ထိုစွမ်းအင်စက်ကွင်း နှစ်ခုအား ခံစားမိသောကြောင့် အလျှင်မြန် ရှောင်တိမ်းလိုက်ရသည်။ ဝမ်ရွှမ်းနှင့် ဝမ်ရှီးအား သယ်ဆောင်ထားရသောကြောင့် သူမ၏ တုန့်ပြန်မှုသည် ထင်သလောက်မမြန်ခဲ့ချေ။ သူမသည် အလင်းစက်ကွင်းနှစ်ခုအား ရှောင်းတိမ်းလိုက်နိုင်သော်လည်း ထွက်ပြေးရန် အနည်းငယ်နှောင့်နှေးသွားရသည်။ ထို့ကြောင့် အလင်းလွှာသည် အရိပ်တိမ်တိုက်ဂိုဏ်းတစ်ခုလုံးအား ဖုံးလွှမ်းသွားပြီးဖြစ်ကာ သူမသည် ပိတ်မိသွားပြီဖြစ်၏။ သူမသည် အလင်းလွှာအား ဖျတ်စီးရန် စွမ်းအင်များ ပစ်လွှတ်လိုက်သော်လည်း ၎င်းသည် တုန်ခါသွားသည်မှလွဲ၍ အစင်းရာပင်မထင်ခဲ့ချေ။ ထို့ကြောင့် သူမသည် လေဟာနယ်ကို ဖောက်ထွင်းလိုက်သော်လည်း လေဟာနယ်ပင် ချိတ်ပိတ်ထားသည့်အလား ဖြစ်နေသည်။
“ငါတို့ဂိုဏ်းချုပ်နဲ့ လူငယ်တွေကို သေဆုံးစေခဲ့တဲ့ ပြန်ပေးဆပ်ရမဲ့ တန်ကြေးပဲ”
ချီကျောင်းယန်သည် ဝမ်မုန့်ယွင်၏ ရုန်းကန်နေမှုကိုကြည့်ကာ ကျေနပ်နေသည့်အလား ပြုံးလိုက်၏။
“ရှင်တို့လဲ ပြန်ပေးဆပ်ရမယ်..”
ဝမ်မုန့်ယွီ၏ မျက်ဝန်းတွင် စက်ဆုပ်ရွံ့ရှာမှုများပြည့်နှက်နေကာ ထိုသုံးဦးကို မုန်းတီးစွာကြည့်လိုက်၏။ ထို့နောက် သူမသည် မလွှတ်မြောက်နိုင်တော့မှန်း သိလိုက်သောကြောင့် ထိုသုံးဦးအား ပြန်လည်တိုက်ခိုက်ရန်ပြင်လိုက်သည်။
သူမ၏ တပည့်နှစ်ဦးအား သယ်ဆောင်ထားသည့် ဝိညာဉ်စွမ်းအင်များကို ဖြေလျှော့လိုက်ကာ အောက်သို့ အသာချလိုက်၏။
“ဆရာ..”
သူမတို့သည် သေဆုံးနိုင်သည်အထိ ဒဏ်ရာမပြင်းထန်သော်လည်း အဆင့်လေးများ၏ တိုက်ခိုက်မှုတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိချေ။
ဝမ်မုန့်ယွင်သည် သူတပည့်များ ခေါ်နေသည်ကို မကြားသည့်အလား ရှုပ်ထွေးသည့် လက်သင်္ကေတ များကို ဆက်တိုက်ပြုလုပ်လိုက်၏။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်မှ အရိပ်လေးခုသည် ရုတ်ချည်းဆိုသလို ထွက်ပေါ်လာသည်။ ထို့နောက် ကျင်းလုံမုတို့ သုံးဦးအား တိုက်ခိုက်စေလိုက်သည်။
ကျင်းလုံမုတို့သည် မျက်မှောင်ကြုတ်သွား၏။ ယခု ဝမ်မုန့်ယွင် ထုတ်ဖော်လိုက်သည့် ပုံရိပ်ယောင်များသည် အစောပိုင်းက ပေါ်ထွက်လာသည့် ပုံရိပ်ယောင်များထက်ပင် ပို၍ ကြမ်းတမ်းနေသည်။
ထိုပုံရိပ်ယောင်များသည် ကျင်းလုံမုတို့ သုံးဦးအား ဆက်တိုက်ဆိုသလို ဖိအားပေးတိုက်ခိုက်နေသောကြောင့် သူတို့၏ လက်နက်များပင် ထုတ်သုံးလိုက်ကြရသည်။
ဝမ်မုန့်ယွင်သည် ထိုပုံရိပ်ယောင်လေးခုအား ထိန်းချုပ်ကာ တိုက်ခိုက်စေခြင်းဖြစ်သည်။ ထိုပုံရိပ်ယောင်တွင် သူမ၏ စိတ်ဝိညာဉ်အပိုင်းအစ အနည်းငယ်စီ ထည့်သွင်းထားခြင်းဖြစ်သည်။ ဤသည်မှာ တားမြစ်နည်းစနစ်တစ်ခုပင်ဖြစ်၏။ ထို့ကြောင့် ပုံရိပ်ယောင်များသည် မူလထက်ပို၍ စွမ်းအားကောင်းနေသည်။
“ဟမ့် ဒီလောက် စွမ်းအားနဲ့ ငါ့ကို တားဆီးချင်တာလား..”
ကျင်းလုံမုသည် သူမ၏ ပုံရိပ်ယောင်တစ်ခုအား ဖျတ်စီးနိုင်လိုက်သည်။ အဆင့်လေး သုံးဦး၏ စွမ်းအားအောက်တွင် သူမသည် ကြာရှည် မထိန်းနိုင်တော့ချေ။
ပုံရိပ်ယောင်တစ်ခု ပျက်စီးသွားခြင်းကြောင့် ဝမ်မုန့်ယွင်သည် ချက်ချင်းသွေးအန်ထုတ်လိုက်ရသည်။ သူမ၏ စိတ်ဝိညာဉ်အပိုင်းအစသည် ပျက်စီးသွားသောကြောင့်ပင်။ သို့သော် အံကြိတ်ကာ တောင့်ခံလိုက်၏။
သူမသည် ကျန်ရှိသည့် ပုံရိပ်ယောင်သုံးခုအား ထိန်းချုပ်တိုက်ခိုက်နေစဉ် သူမ၏ နားထဲတွင်တိုးလျသည့် အသံနှစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဆရာ..၊ တပည့်တို့ကို တစ်သတ်လုံးစောင့်ရှောက်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ အခုအချိန်မှာ အသုံးမကျတဲ့ တပည့်နှစ်ဦးက ဆရာ့ရဲ ကျေးဇူးတွေကို ဆပ်ချင်ပါတယ်”
ထိုအသံကြောင့် ဝမ်မုန့်ယွင်သည် တုန်ယင်သွား၏။ သူမ၏ စိတ်လွတ်သွားမှုကြောင့် တိုက်ခိုက်နေသည့် ပုံရိပ်ယောင်များပင် ပျောက်ကွယ်သွားခဲ့သည်။ သူမသည် တားဆီးရန် အလျှင်အမြန် တုန့်ပြန်လိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။
“ဝုန်း..”
“ဝုန်း..”
ကြီးမားလွန်းသည့် ပေါက်ကွဲသံကြီးကြောင့် အရိပ်တိမ်တိုက်ဂိုဏ်းတစ်ခုလုံးပင် ကြေမွလုမတက်ဖြစ်သွားခဲ့သည်။ မြေပြင်တစ်ခုလုံးသည်လည်း ဆက်တိုက်တုန်လှုပ်နေကာ တခဏနှင့်ပင် မရှိမသေခဲ့ချေ။ ဝမ်မုန့်ယွင်သည် အဖြစ်အပျက်ကို သတိထားမိသွားသောကြောင့် အဆုတ်ကွဲမတက်ပင် အော်ဟစ်လိုက်ရသည်။
“မဟုတ်ဘူး..”
ဝမ်မုန့်ယွင်သည် ထိုသုံးဦးကို တိုက်ခိုက်နေသောကြောင့် သူ၏ တပည့်များထံတွင် အာရုံမစိုက်မိချေ။ သို့သော် ဝမ်ရွှမ်းနှင့် ဝမ်ရှီးသည် တိုက်ပွဲ အတွင်းသို့ ပုံရိပ်ယောင် နည်းစနစ်များနှင့် တိတ်တဆိတ်ဝင်ရောက်သွားခဲ့သည်။
ထို့နောက်တွင် သူမတို့၏ ဆရာအားမှာတမ်းချွေလိုက်သည်။ ထိုစကားများကြောင့် ဝမ်မုန့်ယွင်စိတ်လွတ်သွားချိန်တွင် ဝမ်ရွှမ်းနှင့် ဝမ်ရှီးသည် ထိုသုံးဦး အနီးတွင် သူမတို့၏ နတ်အမြူတေကို ပြိုင်တူ ဖောက်ခွဲပစ်လိုက်ကြ၏။
အကျိုးဆက်အနေနှင့် အရိပ်တိမ်တိုက်ဂိုဏ်းအား ဖုံးလွှမ်းထားသည့် အကာအကွယ်အစီအရင်သည် ထိန်းချုပ်မှု လွတ်ကင်းသွားပြီဖြစ်သည်။ ထိုမိန်းကလေးနှစ်ဦးသည် သူမတို့၏ အမြူအတေဖောက်ခွဲယုံနှင့် အဆင့်လေးများကို ဒဏ်ရာပြင်းပြင်း ရစေရန်ခက်ခဲသော်လည်း သူမတို့၏ ဆရာကို ထွက်ပြေးနိုင်စေရန်ရည်ရွယ်ခဲ့သည်။
သို့သော် ထိုအဖြစ်အပျက်ကြောင့် ဝမ်မုန့်ယွင်သည် သူမ၏ မုန်းတီးမှုများ ပို၍ ပြင်းထန်လာခဲ့သည်။ သူမသည် ဤ ဆုံးရှုံးမှုများစွာကို လက်ခံနိုင်စွမ်း မရှိတော့ချေ။ သူမ၏ စိတ်တွင် ပြင်းထန်သည့် ထိုးနှက်ချက်ပေါင်းများစွာကို ခံယူနေရသည်။
အရိပ်တိမ်တိုက်ဂိုဏ်းအား ကြိုးစားတည်ထောင်ခဲ့ပုံ၊ စွန့်ပစ်ခံ ကလေးများ ဖြစ်ခဲ့ရသော ဝမ်ရွှမ်း၊ ဝမ်ရှီးတို့နှင့် ဆုံတွေ့ခဲ့ရပုံများ၊ ထိုကလေးများအား ပြုစုပျိုးထောင်ပေးခဲ့ရသည့် ပုံများကို မြင်ယောင်နေခဲ့သည်။
သူမသည် ထျန်းယွမ်ကုန်းမြေတွင် မသေဆုံးချင်ခဲ့သောကြောင့် အညံ့ခံခဲ့သည်။ ထို့အပြင် တပည့်နှစ်ဦးကိုပါ လေဟာနယ်စစ်တလင်းအတွင်း ဝင်ရောက်စေခြင်း မရှိခဲ့ပေ။ သူမသေဆုံးသွားလျှင် အရိပ်တိမ်တိုက်ဂိုဏ်းသည် ကပ်ဘေးအမျိုးမျိုးနှင့် ကြုံတွေ့မည်ကို စိုးရိမ်ခဲ့သည်။
သို့သော် ဟွမ်းထံတွင် အညံ့ခံခဲ့မှုကြောင့် သူမ၏ ဂိုဏ်းသည် ပျက်စီးသွားခဲ့ရခြင်းလား။ ထျန်းယွမ်ကုန်မြေတွင်သူမ သေဆုံးခဲ့လျင် အရိပ်တိမ်တိုက်ဂိုဏ်းသည် ရှင်သန်နိုင်သေးလား။ သူမ၏ ဆုံးဖြတ်ချက် မှားယွင်းသွားသည်လား။ သူမစိတ်တွင် မေးခွန်းများစွာ မေးမိနေသော်လည်း အဖြေမရတော့ချေ။
“ဟား..ဟား..”
ဝမ်မုန့်ယွင်သည် ရူးသွပ်စွာရယ်မောလိုက်မိ၏။ ယခုတွင် သူမရှင်သန်စရာအကြောင်းပြချက်များ မရှိတော့ချေ။ သူမ၏ဂိုဏ်း၊ သူမ၏တပည့်များ သေဆုံးသွားခဲ့ကြပြီဖြစ်သည်။ သူမသည် ပေါက်ကွဲမှုကြောင့် လဲကျနေသည့် သုံးဦးထံ တလှမ်းချင်းရှောက်လာခဲ့၏။ သူမ၏ မျက်လုံးများသည်လည်း ရီဝေနေပြီး ထိုသုံးဦးမှ လွဲ၍ မည်သည့်အရာမျှ မြင်နိုင်စွမ်း မရှိတော့သည့်အလားပင်။
တစ်ဖက်ရှိ ကျင်းလုံမုတို့သုံးဦးသည် အဆင့်တစ်နှစ်ဦး၏ ဖောက်ခွဲမှုကြောင့် ဒဏ်ရာ အပြင်းအထန် မရရှိခဲ့သော်လည်း မသက်သာချေ။ သူတို့သည် ဝမ်မုန့်ယွင်၏ ပုံရိပ်ယောင်များနှင့် တိုက်ခိုက်နေပြီး ထိုမိန်းကလေးနှစ်ဦး၏ အမြူတေဖောက်ခွဲ တိုက်ခိုက်မှုသည် ရုတ်ချည်း ဆန်သောကြောင့် တုန့်ပြန်ရန် အချိန်မရခဲ့ပေ။ သူတို့သည် သွေးအချို့ အန်လိုက်ရပြီး ချက်ချင်းကုန်းရုန်းထလိုက်ကြသည်။
“ရှင်တို့တွေ မရှင်သန်သင့်တော့ဘူး..”
ကျင်းလုံမုတို့သည် ကြမ်းတမ်းလှသည့် အရှိန်အဝါကို ခံစားမိသွားပြီး ဝမ်မုန့်ယွင် တစ်လှမ်းချင်းလျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။
“မင်းဘာလုပ်မလို့လဲ..”
ကျင်းလုံမုသည် ချက်ချင်းဝိညာဉ်စွမ်းအင်များကို လည်ပတ်လိုက်ပြီး ဤနေရာမှ ချက်ချင်းထွက်ခွာရန်ပြင်လိုက်သည်။ ဝမ်မုန့်ယွင်၏ ရည်ရွယ်ချက်အား နားလည်သွားကြပြီး ကျန်နှစ်ဦးလည်း အလားတူပင်။ သို့သော် ပုံရိပ်ယောင်များသည် သူတို့၏ အမြင်အာရုံတွင် ထွက်ပေါ်လာကာ နှောက်ယှက်ခြင်းခံလိုက်ရသောကြောင့် အလျှင်အမြန်ပင် ရုန်းထွက်ကြရန် ကြိုးစားလိုက်ကြ၏။
ဝမ်မုန့်ယွင်သည် ပုံရိပ်ယောင်နည်းစနစ်ဖြင့် ထိုသုံးဦးကိုထိန်းချုပ်ထားကာ အနားသို့ချဉ်းကပ်လာ၏။ ထို့နောက် သူမ၏ နတ်အမြူတေအား စွမ်းအင်များ ကြမ်းကြမ်းတမ်းတမ်းလည်ပတ်စေကာ ဖောက်ခွဲရန် အသင့်ပြင်လိုက်သည်။
“ဟူး..”
သို့သော် သက်ပြင်းချသံတစ်ခုနှင့် အတူ သူမရှေ့ရှိ လေဟာနယ်သည် လှုပ်ခါသွားကာ သူမ၏ လှုပ်ရှားမှုများရပ်တန့်သွားစေသည်။