ပုံရိပ်ယောင်ငရဲလောက
Vol. 12 Ch. 167
“အမြန်ထွက်ခွာကြ သူမရဲ့ နတ်အမြူတေကို ဖောက်ခွဲတော့မယ်”
ကျင်းလုံမုသည် ကျန်နှစ်ဦးအား ဟစ်အော်ကာ အသိပေးလိုက်၏။ အဆင့်တစ်နှစ်ဦး၏ ဖောက်ခွဲမှုသည် သူတို့အား ပြင်းပြင်းထန်ထန်ထိခိုက်ခြင်းမရှိသော်လည်း အဆင့်လေးတစ်ဦး၏ ဖောက်ခွဲမှုသည် အရိပ်တိမ်တိုက်ဂိုဏ်းတစ်ခုလုံးပင် ပျောက်ကွယ်သွားနိုင်သည်။ ကျင်းလုံမုသည် အော်ဟစ်ပြောဆိုလိုက်၏။
“မင်းရဲ့ လုပ်ရပ်ကို အခုချက်ချင်းရပ်စမ်း..”
ဝမ်မုန့်ယွင်သည် ထိုစကားများမကြားသည့်အလား ဆက်လက်လုပ်ဆောင်နေသည်။ သူမ၏ မျက်ဝန်းများတွင် ထပ်မံဆုံးရှုံးစရာမရှိတော့သည်မို့ ရှင်းလင်းပြတ်သားနေ၏။ သူမလည်း ထိုလူများအား တက်နိုင်သလောက်ဆွဲချခဲ့မည်ဖြစ်သည်။
“သေလိုက်တော့..”
ဝမ်မုန့်ယွင်သည် နတ်အမြူတေကို ဖောက်ခွဲလိုက်၏။ သို့သော် ပေါက်ကွဲမှုဖြစ်ပေါ်မလာချေ။ သူမ၏ စိတ်ဝိညာဉ်အား တစ်စုံတစ်ခုက တားဆီးထားသည့်အလားပင်။
“ဒီလို အမှိုက်တွေအတွက် မင်းကိုမင်း ဖျတ်ဆီးတော့မလို့လား..”
တည်ငြိမ်သည့် အသံနှင့်အတူ ဝမ်မုန့်ယွင်၏ ရှေ့ရှိ လေဟာနယ်တွင် တည်ငြိမ်လှသည့် လေသံနှင့်အတူ ချောမာလွန်းသည့် လူငယ်တစ်ဦး ထွက်ပေါ်လာသည်။
ထိုအခါမှသာ ကျင်းလုံမုတို့ သုံးဦးသည် သက်ပြင်းချနိုင်သွား၏။ ထို့နောက် ဝမ်မုန့်ယွင်ကို ဒေါသတကြီးနှင့် သတ်ဖြတ်ရန် ကြံရွယ်လိုက်သော်လည်း လှုပ်ရှား၍ပင် မရတော့ချေ။ သူတို့သုံးဦးအား တောင်တစ်လုံးနှင့် ဖိချထားသည့်အလား ဖိအားများသက်ရောက်နေသည်။
“အကြီးအကဲ..”
ဝမ်မုန့်ယွင်သည် အံ့ဩမှင်သက်သွား၏။ ဟွမ်း သူမအား လာကယ်မည်ဟု မထင်ထားခဲ့ချေ။
“ကျွန်မ..ကျွန်မရဲ့ တပည့်တွေ..၊ ကျွန်မရဲ့ ဂိုဏ်း..”
သူမသည် အားကိုးရာ တစ်ရရှိသွားသည့်အလား သူမ၏ အဖြစ်အပျက်များကို ပြောပြချင်နေ၏။ သို့သော် သူမအသံသည် ရှုပ်ထွေးနေပြီး ရှင်းပြနိုင်ခြင်းမရှိချေ။
“မင်းကို ကူညီပေးရမလား..”
ဟွမ်းသည် သက်ပြင်းချရင်း ဆိုလိုက်၏။ သူသည် ထျန်းယွင်ကုန်းမြေနှင့် ပတ်သတ်သည့်အကြောင်းအရာများ ထုတ်ဖော်ခြင်း ရှိ၊ မရှိကို ဝမ်မုန့်ယွင်အပေါ် အပြည့်အဝ ယုံကြည်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူသည် ဝမ်မုန့်ယွင် ထွက်ခွာသွားချိန်တွင် သူ၏ စိတ်စွမ်းအင် အနည်းငယ်ကို သူမအပေါ်တွင် ထားရှိလိုက်ခြင်းဖြစ်သည်။
သို့သော် ဝမ်မုန့်ယွင်၏ စိတ်စွမ်းအင်များသည် ရုန်းရင်းဆန်ခက် ဖြစ်နေပြီး နတ်အမြူတေ ကွဲကြေတော့မည်ကို ခံစားမိသွားခဲ့၏။ သူသည် ကယ်သင့်၊ မကယ်သင့် စဉ်းစားပြီးနောက် ကယ်တင်ရန်ဆုံးဖြတ်လိုက်သည်။ ထိုအမျိုးသမီးသည် အရှေ့ပိုင်းနယ်မြေတွင်ရှိခဲ့စဉ်က မည်သည့် မကောင်းသည့်အရာမျှ လုပ်ဆောင်ခဲ့ခြင်းမရှိချေ။ သူမသည် အသက်ရှင်ချင် ခြင်းကြောင့် လာရောက်အညံ့ခံခဲပုံကို သတိရသွားပြီး ချက်ချင်း ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဟွမ်းရောက်ရှိလာချိန်တွင် သူ့ စိတ်စွမ်းအင်များနှင့် ဝမ်မုန့်ယွင်၏ နတ်အမြူတေဖျတ်စီးခြင်းကို တားဆီးနိုင်ခဲ့သည်။ သို့သော် ဝမ်ရွှမ်းနှင့် ဝမ်ရှီးတို့၏ တည်ရှိမှုကို မခံစားမိတော့ပေ။ ထို့အပြင် ပျက်စီးနေသည့် အရိပ်တိမ်တိုက်ဂိုဏ်းနှင့် သေဆုံးနေသည့် ဂိုဏ်းသူများကို တွေ့ရှိလိုက်ရသည်။
“ကျွန်မကို ကူညီပေးပါ..”
ဝမ်မုန့်ယွင်သည် အချိန်အနည်းငယ်ကြာ စဉ်းစားပြီးနောက် လေးနက်စွာပြောလိုက်သည်။ ဝမ်ရွှမ်းနှင့် ဝမ်ရှီးတို့သည် သူမကို ကာကွယ်ရန် စတေးပေးသွားခဲ့သည်။ သူမကိုယ်တိုင်လည်း သေဆုံးရန် ရွေးချယ်ခဲ့၏။ သို့သော် ချောက်ကမ်းပါးအစွန်းသို့ရောက်ရှိနေချိန်တွင် ဟွမ်း၏ ပေါ်ထွက်လာမှုကြောင့် သူမသည် ရှင်သန်ရန် မျှော်လင့်ချက်ရှိလာခဲ့သည်။ ထို့အတွက်ကြောင့် တပည့်နှစ်ဦးပေးအပ်ထားသည့် အသက်ကို တန်ဖိုးမထားလျှင် မိုက်မဲရာ ကျသွားပေမည်။
“အကြီးအကဲ..၊ သူတို့ရဲ့ ဂိုဏ်းနှစ်ခုကိုလည်း ဖျတ်စီးချင်ပါတယ်..၊ အဲ့ဒီအတွက် ကျွန်မ အကြီးအကဲရဲ့ အစေခံအဖြစ် နေထိုင်သွားဖို့ ဆန္ဒရှိပါတယ်..”
ဝမ်မုန့်ယွင်သည် လေးလေးနက်နက်တောင်းဆိုလိုက်၏။ သူမသည် ထိုသုံးဦးအား သတ်ဖြတ်ရုံနှင့် မကျေနပ်နိုင်ပေ။ ၎င်းတို့၏ ဂိုဏ်းသားများသည် သူမဂိုဏ်း၏တပည့်များကို စော်ကားမှုများပြုခဲ့ကြသည်။ ထို့ကြောင့် သူမသည် ခွင့်မလွှတ်နိုင်ချေ။ ထိုလူများသည် အသက်ရှင်သန်ရန် မထိုက်တန်ပေ။ ထို့အတွက် သူမ၏ လွတ်လပ်ခွင့်နှင့်ပင် လဲလှယ်ရန် ဆန္ဒရှိနေ၏။
“အဲ့ဒါအတွက် စိတ်ထဲထားစရာမလိုဘူး၊ မျက်စိရှေ့မှာ အနိုင်ကျင့်ခံရတာ မကြည့်ချင်ရုံပဲ..”
ဟွမ်းသည် အသာခေါင်းယမ်းကာ ဆိုလိုက်၏။ သူ့အနေနှင့် မည်သူ့ကိုမျှ အစေခံအဖြစ် ခေါ်ယူလိုခြင်းမရှိပေ။ ထို့နောက် ဖိအားအောက်တွင်လဲ ကျနေသည့် ကျင်းလုံမုတို့ သုံးဦးကိုကြည့်လိုက်၏။
“မင်း ဘယ်သူလဲ..”
ကျင်းလုံမုသည် ခက်ခက်ခဲခဲနှင့် အသံကိုညှစ်ထုတ်ကာ မေးမြန်းလိုက်၏။ ထိုလူသည် ရုတ်တရက်ရောက်ရှိလာပြီး ဝမ်မုန့်ယွင်၏ ဖောက်ခွဲမှုကို တားဆီးခဲ့သော်လည်း သူတို့အား ဖိနှိပ်ထားပြန်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားကာ ဆက်မေးလိုက်၏။
“မင်းက ဝမ်မုန့်ယွင်နဲ့ ပေါင်းပြီး ငါတို့ ဂိုဏ်းချုပ်ကို သတ်ခဲ့တဲ့သူလား”
“အဲ့လိုသတ်မှတ်လို့ရတယ်”
ဟွမ်းသည် ခေါင်းညိတ်ကာဆိုလိုက်၏။
“ငါတို့က ကျီယွမ်မဟာမိတ်အဖွဲ့ရဲ့ လက်အောက်ကပဲ၊ မင်းကိုယ်မင်း ဆိုးဆိုးဝါးဝါး အဆုံးမသတ်စေချင်ရင် ငါတို့ကို လွှတ်ပေးစမ်း..”
ကျင်းလုံမုသည် ခြိမ်းခြောက်ပြောဆိုလိုက်၏။ အံ့ဩစရာကောင်းသည်မှာ သူ၏ ခြိမ်းခြောက်မှုသည် အလုပ်ဖြစ်သွားဟန်ရသည်။ သူတို့အား ဖိနှိပ်ထားသည့် ဖိအားများသည် ပျောက်ကွယ်သွား၏။ ထို့ကြောင့် ကျင်းလုံမှုသည် ထိုလူငယ်ကြောက်လန့်သွားသည် ဟုထင်သောကြောင့် ပြုံးလိုက်မိသည်။ သို့သော်သူ၏အပြုံးသည် ပီပြင်အောင် မပြုံးလိုက်ရချေ။
“ဘုန်း..”
“ဘုန်း..”
“ဘုန်း..”
မြည်သံသုံးခုနှင့်အတူ ကျင်းလုံမုတို့၏ ခန္ဓာကိုယ်သည် အရှိန်ဟုန်ပြင်းပြင်းနှင့် အရိပ်တိမ်တိုက် ဂိုဏ်း၏ ပျက်စီးနေသည့် အဆောက်အဦးများနှင့် တိုက်မိကုန်သည်။
သူတို့သည် ဟွမ်း၏ ထိုးနှက်ခြင်း ခံလိုက်ရသောကြောင့် သွေးများပင် ဆက်တိုက်အန်ကျနေပြီး နာကျင်စွာညည်းညူလိုက်ရသည်။
“ဘာဖြစ်တာလဲ..”
ကျင်းလုံမှုတို့သည် သူတို့၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ကာ ထိတ်လန့်သွား၏။ သူတို့၏ ဝိညာဉ်စွမ်းအင်များသည် ထိန်းချုပ်မှု လွတ်ကင်းသွားသည့်အလား ယိုစီးထွက်ကုန်သည်။
“မဖြစ်နိုင်ဘူး..”
သူတို့၏ ကျင့်ကြံမှု အဆင့်သည်လည်း တစ်ဖြေးဖြေးပျောက်ကွယ်လာသည်။ မယုံနိုင်မှုများနှင့် ပြည့်နှက်နေကြ၏။ ထိုလူငယ်သည် သူတို့အား တစ်ချက်စီသာ ထိုးနှက်ခဲ့သော်လည်း သူတို့၏ နတ်အမြူတေသည် ကွဲအက်သွားပြီဖြစ်သည်။ ထို့အပြင် ဟွမ်း၏ ထိုးနှက်မှုကို တုံ့ပြန်နိုင်စွမ်းမရှိခဲ့ချေ။
“မင်း တိုက်ခိုက်နိုင်သေးလား..”
ဟွမ်းသည် ဝမ်မုန့်ယွင်ကို ကြည့်ကာ မေးလိုက်၏။
“ကျွန်မ တိုက်နိုင်သေးတယ်..”
ဝမ်မုန့်ယွင်၏ မျက်ဝန်းများသည် ဒေါသမီးများ တောက်လောင်နေသော်လည်း သူမ၏ ခန္ဓာကိုယ်သည် စွမ်းအင်ကုန်ဆုံးမှုကြောင့် နွမ်းနယ်နေဟန်ရှိသည်။ သို့သော် အံကြိတ်ကာ အားတင်းလိုက်ရင်း ထိတ်လန့်မှုများ ပြည့်နှက်နေသည့် ကျင်းလုံမုတို့ သုံးဦးထံရောက်ရှိလာ၏။
“မင်းငါတို့ကို သတ်ရင် ကျီယွမ်မဟာမိတ်အဖွဲက အလွတ်ပေးမှာမဟုတ်ဘူး..”
ကျင်းလုံမုသည် ဒေါသတကြီး အော်ဟစ်လိုက်ပြန်၏။ သူတို့သည် နာကျင်မှုများကြောင့် လှုပ်ရှားမှုများပြုလုပ်ရန်ပင် မစွမ်းသာတော့ပေ။
“ပုံရိပ်ယောင် ငရဲလောက..”
ဝမ်မုန့်ယွင်သည် ဂရုမစိုက်ချေ။ ချက်ချင်း နည်းစနစ်သုံးလိုက်ကာ ထိုသုံးဦးကို တိုက်ခိုက်လိုက်သည်။
ထိုသုံးဦး၏ ကျင့်ကြံမှုသည် တဖြည်းဖြည်း ကျဆင်းနေပြီမို့ ဝမ်မုန့်ယွင် နည်းစနစ်ကို မတားဆီးလိုက်နိုင်ချေ။
ကျင်းလုံမု၏ မြင်ကွင်းတွင် ဆိုးရွားသည့်ပုံရိပ်များထွက်ပေါ်လာသည်။ ထိုပုံရိပ်များသည် သူ၏ စိတ်အား ရက်စက်သည့်နည်းမျိုးစုံနှင့် နှိပ်စက်နေ၏။ အဆင့်များလည်း ကျဆင်းနေသည့်မို့ စိတ်ဝိညာဉ်သည် ပျက်ပြားလုနီးပါးဖြစ်လာခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များသည် တဆက်ဆက်တုန်ယင်နေပြီး သွေးများဆက်တိုက်အန်နေရ၏။
အချိန်အနည်းငယ်ကြာပြီးနောက်တွင် ထိုသုံးဦး၏ လှုပ်ရှားရုန်းကန်မှုများ နှေးကွေးလာပြီဖြစ်၍ ဝမ်မုန့်ယွင်သည် အဆုံးသတ်ပေးလိုက်တော့သည်။ ထိုသုံးဦး သေဆုံးသွားသည်နှင့် တပြိုင်နက် ဝမ်မုန့်ယွင်၏ မျက်ဝန်းများ လေးကန်လာပြီး လဲကျသွား၏။
သို့သော် မြေပြင်ပေါ်သို့ ကျရောက်မသွားစေရန် ဟွမ်းသည် ဝမ်မုန့်ယွင်၏ ခန္ဓာကိုယ်ကို ထိန်းပေးလိုက်သည်။ သတိလစ်သွားသည့် ဝမ်မုန့်ယွင်ကို ကြည့်ကာ ခေါင်းကိုအသာယာ ခါယမ်းလိုက်မိသည်။
“ဟေးယန်..သေဆုံးပြီးသားလူတွေရဲ့ ခန္ဓာကိုယ်ကို လောင်ကျွမ်းပေးလိုက်..၊ ပြီးတော့ အဲ့ဒီသုံးယောက်ရဲ့ ဝိညာဉ်ကို သိမ်းခဲ့..”
“ဟုတ်ကဲ့သခင်..”
ဟေးယန်သည် လူငယ်တစ်ဦးအသွင်သဏ္ဌာန်နှင့် ပေါ်ထွက်လာသည်။ ထို့နောက် သူသည် လက်ဖျောက်တစ်ချက်တီးလိုက်၏။ ထိုအချိန်တွင် အနက်ရောင်မီးတောက်များသည် အရိပ်တိမ်တိုက်ဂိုဏ်းသူများ၏ အသက်မဲ့နေသည့် ခန္ဓာကိုယ်များအား လောင်ကျွမ်းသွားသည်။