← Chapters

အမျိုးသားနှစ်ဦး၏ ပွေ့ဖက်မှု

Vol. 12 Ch. 171

အမျိုးသားနှစ်ဦး၏ ပွေ့ဖက်မှု

Vol. 12 Ch. 171

“ဒီကစီနီယာ..ကျုပ်က ချန်ကန်းဂိုဏ်းရဲ့ အကြီးအကဲချုပ် သွမ့်မုလီပါ၊ မြူနှင်းတောင်နဲ့ပတ်သတ်ပြီး ကျုပ်နဲ့ ဆွေးနွေးလို့ရပါတယ်..”

သွမ့်မုလီ၏ မျက်နှာသည် ချက်ချင်း ဖော်ရွေသွားပြီး လေသံသည်လည်း ချိုသာသွား၏။ ဟွမ်းသည် မည်သည့် စွမ်းအားမျှ အသုံးမပြုခဲ့သော်လည်း သူတို့ စော်ကားခြင်းမပြုလုပ်နိုင်သည့် တည်ရှိမှုဟု ယုံကြည်သွားပြီဖြစ်သည်။ သူ့ကဲ့သို့ အဆင့်ငါးတစ်ဦးပင် ကြက်ကလေးငှက်ကလေးရိုက်သလို အသာယာရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

“စီနီယာက ဘယ်လိုအဖွဲ့အစည်းမျိုး တည်ဆောက်မှာလဲ မသိဘူး..”

သွမ့်မုလီသည် စတင်မေးမြန်းလိုက်၏။ အဖွဲ့အစည်းများသည် အမျိုးမျိုးရှိကြခြင်းဖြစ်သည်။

“နယ်မြေတစ်ခုလေ..”

ဟွမ်းသည် သူ၏ ရည်ရွှယ်ချက်ကို ပြောလိုက်သော်လည်း သွမ့်မုလီသည် စိတ်ရှုပ်ထွေးသွား၏။ ကျီယွမ်ကုန်းမြေတွင် နယ်မြေများရှိကြသော်လည်း ထိုနယ်မြေများကို အဖွဲ့အစည်းတစ်ခုခုက အုပ်ချုပ်ထားခြင်းဖြစ်သည်။

“စီနီယာ..ကျုပ်တို့ ချန်ကန်းဂိုဏ်းက ရှန်းလော်မြို့ကို စီမံတယ်ဆိုပေမဲ့၊ ဒီနယ်မြေတစ်ခုလုံးကို ကျန်းမျိုးနွယ်က အုပ်ချုပ်တာပါ..”

ရှန်းလော်မြို့သည် ကျန်းကျာ့နယ်မြေတွင်ပါဝင်ပြီး ကျန်းမျိုးနွယ်၏ နယ်မြေဖြစ်သည်။ ဟွမ်းသည် ဤကျန်းကျာ့နယ်မြေအား အုပ်ချုပ်ချင်သည်ဟု သွမ့်မုလီ ထင်လိုက်ခြင်းဖြစ်၏။ ထို့ကြောင့် နယ်မြေအကြောင်းအသေးစိတ်ရှင်းပြလိုက်သည်။

ဟွမ်းသည် အတွေးနက်သွား၏။ လင်းရှန်နယ်မြေကို စီမံရာတွင် အဖွဲ့အစည်းတစ်ခုလိုအပ်မည်ဖြစ်သည်။ သူသည် အရင်အချိန်များအထိ ထိုအပိုင်းကို မစဉ်းစားခဲ့မိသော်လည်း သွမ့်မုလီ၏ စကားကို ကြားပြီးနောက် အတော်အသင့်နားလည်သွား၏။ ထို့နောက် သွမ့်မုလီကို ကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။

“ကျုပ်က အဖွဲ့အစည်းတစ်ခုအရင် တည်ထောင်မယ်”

“စီနီယာ အဖွဲ့အစည်းသစ်တစ်ခုတည်ထောင်ဖို့ဆိုရင် ကျန်းကျာ့နယ်မြေရဲ့ အဖွဲ့အစည်းတွေ အသိမှတ်ပြုဖို့လိုသေးတယ်၊ မဟုတ်ရင် ပြသနာရှာဖို့ လာရောက်ကြလိမ့်မယ်”

သွမ့်မုလီသည် စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်၏။ ကျန်းကျာ့နယ်မြေတွင် ‘ဝုန်းကနဲ့၊ ဒိုင်းကနဲ့’ အဖွဲ့အစည်းတစ်ခု တည်ထောင်၍ မရပေ။ ကျန်းကျာ့နယ်မြေ၏ အဖွဲ့အစည်းများ အသိမှတ်ပြုသွားမှသာ အဖွဲ့အစည်းသစ်တစ်ခုသည် ချော့ချော့မွေ့မွေ့လည်ပတ်နိုင်မည်ဖြစ်သည်။

“အဲ့လောက်တောင် အလုပ်ရှုပ်လား..”

ဟွမ်းသည် စိတ်ပျက်သွား၏။ လောက၏ အရေးကိစ္စများသည် ထိုမျှ အချိန်ပေးရမည်ဟု မထင်ထားခဲ့ချေ။

“အဲ့လို အသိမှတ်ပြုဖို့ ကျုပ်တို့ ဘာလုပ်ရမလဲ..”

“မခက်ပါဘူး စီနီယာဂိုဏ်းရဲ့ တပည့်တွေ ကျန်းကျာ့နယ်မြေမှာ လုံလောက်တဲ့ ခွန်အားကို ပြသပေးရမှာဖြစ်အပြီး ဂိုဏ်းရဲ့အကြီးအကဲတွေက သတ်မှတ်ထားတဲ့ အဆင့်ကို ရောက်ဖို့လိုပါတယ်”

“အကြီးအကဲတွေက ဘယ်အဆင့်ရောက်ဖို့လိုတာလဲ”

ဟွမ်းသည် ဆက်မေးလိုက်၏။

“အကြီးအကဲတစ်ဦးက အနိမ့်ဆုံး အဆင့်လေးကို ရောက်ဖို့လိုပါတယ်၊ ဘယ်နှစ်ဦး ရှိရမယ်တော့ ကန့်သတ်မထားပါဘူး၊ စီနီယာဂိုဏ်းရဲ့ ထိပ်တန်းတပည့် သုံးဦးက ကျန်းကျာ့နယ်မြေမှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ အနိမ့်ဆုံးတပည့်တွေရဲ့ ခွန်အားနဲ့ တန်းတူရှိဖို့ လိုပါတယ်၊ အားလုံးရဲ့ အသိမှတ်ပြုမှုကို ရတာနဲ့ ကျန်းကျာ့နယ်မြေမှာ စီနီယာရဲ့ဂိုဏ်းကို တည်ရှိခွင့်ရပါပြီ၊ စီနီယာ အသင့်ဖြစ်ရင်ပြောပါ၊ ကျုပ်ဒီကိစ္စတွေကို ဆောင်ရွက်ပေးပါ့မယ်”

သွမ့်မုလီသည် ဟွမ်းနှင့် ဆက်ဆံရေးကောင်းရရှိရန်ကြိုးစားလိုက်သည်။ ဟွမ်း၏ ခွန်အားသည် သူနားမလည်သည့်အဆင့်တွင် ရှိနေလေသည်။ ထို့နောက် ကျန်းကျာ့နယ်မြေ၏ အဖွဲ့အစည်းများကို ချန်ကန်းဂိုဏ်းတွင် ဖိတ်ခေါ်ရန် သွမ့်မုလီသည် အကြံပြုလိုက်၏။ ဟွမ်းသည် သဘောတူလိုက်ပြီး တစ်လကြာပြီးလျှင် ဖိတ်ခေါ်စေခဲ့သည်။ သွမ့်မုယီသည် သဘောတူညီမှုရသွားပြီးနောက် ထွက်ခွာသွားတော့၏။ အခြားဂိုဏ်းများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းရန်အတွက် သူသည် တာဝန်ယူလိုက်သည်။

သွမ့်မုလီ၏ ရှင်းပြမှုကြောင့် ဟွမ်းသည် အတော်ပင်နားလည်သွား၏။ ထိုသတ်မှတ်ချက်များသည့် သူ့အနားရှိသည့် လူငယ်များနှင့်ပင် လုံလောက်နေပြီဖြစ်သည်။

တစ်ပတ်ခန့်ကြာပြီးနောက် ဟေးယန်သည် ချုးယွီဟွာတို့နှင့်အတူ ဟွမ်းရှိရာသို့ ရောက်ရှိလာခဲ့ကြသည်။

“ကျုပ် ဂိုဏ်းနှစ်ခုလုံးကိုရှင်းခဲ့ပြီ၊ သူတို့ဂိုဏ်းမှာ အဆင့်ငါးရောက်နေတဲ့သူ မရှိတော့ဘူး”

ဟေးယန် အားပျော့စွာပြောလိုက်၏။ သူ၏ အမူအယာသည် စိတ်ပျက်နေသည့်အလားပင်။ ဟွမ်းနှင့် သူသည် စိတ်ဝိညာဉ်ဆက်သွယ်မှုရှိသောကြောင့် ကိစ္စများ ပြီးလျှင် သူ၏ တပည့်များထံသွားရောက်ရန် မှာကြားခဲ့သည်။ ချုးယွီသွာတို့သည် မြူနှင်းတောင်၏ ပတ်ဝန်းကျင်ကို စူးစမ်းနေကြသည်။ ဟေးယန်သည်လည်း မြူနှင်းတောင်ကို မျက်လုံးဝှေ့ကစားလိုက်ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်၏။

“ခွေးကောင်..မင်းပြန်လာရဲသေးတယ်လား”

“ဝုန်း..”

“သောက်မီးခိုးကောင် ငါ့ကို ဘာကိစ္စနဲ့ ရိုက်ရတာတုန်း..”

ဟေးယန်သည် ရွှမ်းလုံအား ဒေါသတကြီး ရိုက်နှက်လိုက်သည်။ ရွှမ်းလုံသည်လည်း အလျော့မပေးချေ။ ပြန်လည်ရိုက်နှက်လိုက်ကြကာ နှစ်ဦးသား လုံးထွေးနေကြတော့၏။

“ခွေးကောင်..သေစမ်း..”

“သောက်မီးခိုးကောင် ငါကနဂါးကွ၊ အဆင့်နှိမ့်ခွေးနဲ့ လာမနှိုင်းနဲ့”

“ငါက မီးတောက်ကွ..”

ဟေးယန်သည် ဒေါသထွက်လွန်းသဖြင့် သူ၏ အသားအရည်သည် ပို၍နက်မှောက်လာသည်ဟုပင် ထင်ရ၏။

“ဘုန်း..”

“မင်းရဲ့စွမ်းအင်က ထမင်းအိုးတစ်လုံးတောင် တည်နိုင်တဲ့အရည်အချင်းမရှိပဲ ကိုယ့်ကိုယ်ကို မီးတောက်လို့ခေါ်ရဲသေးတယ်၊ မင်းအရှက်ရောရှိရဲ့လား..”

ရွှမ်းလုံ၏ ဒေါသများသည်လည်း ထိန်းမနိုင်တော့ချေ။ ထိုကောင်သည် အသားလွတ်သူ့အား လာရိုက်နှက်နေ၏။ သူ၏ သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီဖြစ်သည်။

ဟေးယန်သည် မီးတောက်ဟု ခေါ်ဆိုသော်လည်း သူ့ထံတွင် အပူဓာတ်မရှိပေ။ သူသည် လောင်ကျွမ်းနိုင်စွမ်းရှိသော်လည်း လောင်ကျွမ်း ခံရသူသည် ရုပ်ပိုင်းဆိုင်ရာ ပူလောင်မှုကို မခံစားကချေ။ သူသည် ဝိညာဉ်များသာ တိုက်ရိုက်လောင်ကျွမ်းနိုင်ခြင်းဖြစ်သည်။

“သောက်ခွေးကောင်..၊ မင်းကရော ဘာထူးလဲ..နဂါးတစ်ကောင်လို အသွင်ပြောင်းနိုင်စွမ်းမရှိပဲ ကိုယ့်ကိုယ်ကို နဂါးလို့ခေါ်ရဲသေးတယ်၊ မင်းရော မရှက်ဘူးလား..”

ဟေးယန်နှင့် ရွှမ်းလုံတို့သည် အောက်ဖဲများလှန်နေကြကာ ဒေါသတကြီး သတ်ပုတ်နေကြ၏။

“ဟွမ်း အဲ့ဒါဘယ်သူလဲ..”

မော့ရွှယ်အာသည် ထိုနှစ်ဦး လုံးထွေး တိုက်ခိုက်နေကြသည်ကို ကြည့်ကာ စိတ်ဝင်စားသွား၏။ ဟေးယန်သည် အရှေ့ပိုင်းနယ်မြေတွင်ရှိစဉ်က မကြာခဏ ထွက်ပေါ်လာတက်သောကြောင့် သူမ သိနေပြီးဖြစ်သည်။ သို့သော် ရွှမ်းလုံကို မြင်ဖူးခြင်းမရှိသေးချေ။ အခြားသူများလည်း ထို့အတူပင်။

“အင်း..အဲ့ဒါက..”

ဟွမ်းသည် ရှင်းပြလိုက်၏။ မော့ရွှယ်အာတို့ နားလည်ပြီးနောက်တွင် ဟွမ်းသည် လမ်းဘေးလူမိုက်များကဲ့သို့ လုံးထွေးသတ်ပုတ်နေကြသည့် ဟေးယန်နှင့် ရွှမ်းလုံထံ ဦးတည်သွားသည်။

“ဘုန်း..”

“ဘုန်း..”

ဟွမ်းသည် ပြေပြေလည်လည်ပြောပြီးနောက်တွင် နှစ်ဦးသားသည် တည်ငြိမ်သွားကြသည်။

ဟေးယန်သည် ရွှမ်းလုံ ထွက်သွားခြင်း အပေါ်တွင် မကျေမနပ်ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ရွှမ်းလုံကို တွေ့ပြီး သူ၏ ဒေါသများ မထိန်းနိုင်တော့ချေ။

ဟွမ်းသည် ထိုနှစ်ဦးအား အာရုံမစိုက်တော့ချေ။

“အကြီးအကဲ..ကျွန်မကျေးဇူးတင်ပါတယ်..”

ဝမ်မုန့်ယွင်၏ မျက်နှာထက်တွက် ဝမ်းနည်းဟန်များ ရှိနေသေးသော်လည်း ရက်အနည်းငယ်ကြာပြီးနောက် အဆင်ပြေလာဟန်ရသည်။ ထို့အပြင် သူမသည် ချုးယွီဟွာတို့နှင့် အတူ လိုက်ပါလာခဲ့သည်။ အရိပ်တိမ်တိုက်ဂိုဏ်း ပျက်သုန်းသွားပြီမို့ သူမတွင် သွားစရာနေရာမရှိတော့ချေ။ ထို့ကြောင့် ချုးယွီဟွာတို့သည် သူမတို့နှင့် လိုက်ရန် ဖိတ်ခေါ်ခဲ့၏။ ဝမ်မုန့်ယွင်လည်း မစဉ်းစားတော့ပဲ လက်ခံကာ လိုက်ပါလာခဲ့သည်။

“မလိုပါဘူး..”

ဟွမ်းသည် ခေါင်းခါယမ်းကာဆိုလိုက်၏။ သူသည် ထိုအမျိုးသမီးအား ကယ်တင်ခဲ့ခြင်းသည် မည်သည့် ရည်ရွှယ်ချက်မျှ မရှိပေ။ သို့သော် အတွေးတစ်ခုရလာပြီးနောက် မေးမြန်းလိုက်သည်။

“ကျုပ် ဒီနေရာမှာ အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့လိုအပ်နေတယ်၊ မင်း စိတ်ဝင်စားရင် အကြီးအကဲ နေရာအတွက် ကမ်းလှမ်းမယ်”

ဟွမ်း၏ ကမ်းလှမ်းချက်ကြောင့် ဝမ်မုန့်ယွင် အံ့ဩသွားသည်။ သူမသည် အနည်းငယ်စဉ်းစားပြီးနောက် သဘောတူလိုက်၏။

“ကျွန်မ လက်ခံပါတယ်..”

ဟွမ်းသည် ခေါင်းညိတ်ကာ အသိမှတ်ပြုလိုက်၏။ အဖွဲ့အစည်း၏ အကြီးအကဲများ နေရာအတွက် ချုးယွီဟွာနှင့် မော့ရွှယ်အာသည် သင့်လျော်လှသော်လည်း သူမထံတွင် အကြီးအကဲ ဖြစ်နိုင်သည့် အတွေ့အကြုံမရှိသေးချေ။ ချုးယွီဟွာသည် ကုန်သည်အိမ်တော်မှ ဖြစ်သော်လည်း အဖွဲ့အစည်းတစ်ခု၏ ကိစ္စများ ဆောင်ရွက်ရန် အတွေ့အကြုံနည်းပါး၏။ မော့ရွှယ်အာသည်တော့ ပြောစရာပင်လိုချေ။

လက်ရှိတွင် ဂိုဏ်းချုပ်တစ်ဦးဖြစ်ခဲ့ဖူးသည့်ဝမ်မုန့်ယွင်သာ အသင့်လျော်ဆုံးဖြစ်သည်။ ထို့အပြင် သူမသည် သွားစရာနေရာ မရှိသောကြောင့် သူမအတွက်လည်း အဆင်ပြေသွားမည်ဖြစ်သည်။ သူမ သစ္စာဖောက်ခြင်း၊ မဖောက်ခြင်းနှင့် ပတ်သတ်သည်တော့ မစဉ်းစားထားသေးချေ။

All Chapters