← Chapters

နန်းတော်တစ်ခု

Vol. 12 Ch. 172

နန်းတော်တစ်ခု

Vol. 12 Ch. 172

တစ်လကြာပြီးနောက်တွင် ရွှမ်းလုံ၏ ဦးဆောင်မှုအောက်တွင် အဆောက်အဦးများ သည်လည်း အတော်ပင်ပြီးစီးလာခဲ့သည်။ မူလတွင် ဟွမ်းသည် အိမ်တော်တစ်ခုအတွက်သာ တည်ဆောက်စေခဲ့သော်လည်း ယခုတွင် အဖွဲ့အစည်းတစ်ခုနှင့် တူညီအောင် တည်ဆောက်စေခဲ့သည်။

ထို့နောက် ဟွမ်းတို့သည် ချန်ကန်းဂိုဏ်းသို့ ထွက်ခွာရန်ပြင်ဆင်လိုက်သည်။ ရွှမ်းလုံနှင့် ဟေးလုံအား မြူနှင်းတောင်တွင်သာ နေစေခဲ့ပြီး ကျန်ရှိသည့် အဆောက်အဦးများ တည်ဆောက်စေလိုက်သည်။ ထို့အပြင် ထိုနှစ်ကောင်အား စောင့်ကြည့်ရန် ချုးယွီဟွာနှင့် မော့ရွှယ်အာတို့အား ကြီးကြပ်စေလိုက်သည်။ ဟွမ်းသည် တပည့်များနှင့် အတူ ချန်ကန်းဂိုဏ်းသို့ ဦးတည်သွား၏။

“စီနီယာ ရောက်လာပြီလား..”

သွမ့်မုလီသည် ကြိုဆိုလိုက်၏။ ထို့နောက် ခန်းမတစ်ခုသို့ခေါ်ဆောင်သွားကာ ဂိုဏ်းများအကြောင်းကို အကျဉ်းချုံးရှင်းပြလိုက်သည်။

“အသိမှတ်ပြုအခမ်းအနားအတွက် ကျန်းကျာ့ နယ်မြေရဲ့ ထိပ်သီးဂိုဏ်းနှစ်ခုကို ဖိတ်ခေါ်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲ့ဒီဂိုဏ်းနှစ်ခုက ကျန်းမျိုးနွယ်ကို အသိပေးခဲ့တာကြောင့် ကျန်းမျိုးနွယ်က အကြီးအကဲတစ်ဦးပါ ရောက်ရှိလာလိမ့်မယ်”

ထို့နောက် ခန်းမအတွင်းရောက်သည့်အချိန်တွင် အနည်းငယ်အိုမင်းဟန်ရနေသည့် လူကြီးသုံးဦးထိုင်နေကြသည်။ ဟွမ်းသည် ထိုင်ခုံငါးခုနှင့် ကျယ်ပြန့်သည့်ကျောက်စားပွဲဝိုင်း၏ တစ်နေရာတွင် နေရာယူလိုက်၏။ ဝမ်မုန့်ယွင်နှင့် ဟွမ်း၏တပည့်များသည် ဟွမ်း၏ နောက်တွင်ရပ်နေလိုက်ကြသည်။

“ဒီကရောင်းရင်း..ကျုပ်က သွမ့်မုယီ၊ ချန်ကန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ..”

“ကျုပ်က လင်းချီ၊ ဓားတောင်ဂိုဏ်းချုပ်..”

“ကျုပ်က လောင်ယွမ်၊ ဒြပ်စင်ငါးပါးဂိုဏ်းချုပ်..”

ဂိုဏ်းချုပ်များသည် အသီးသီး မိတ်ဆက်စကားဆိုလိုက်၏။ ထို့ကြောင့် ဟွမ်းလည်း ပြန်လည်၍မိတ်ဆက်စကားဆိုလိုက်၏။

“ကျုပ်က ဟွမ်း..လိုရင်းပြော..”

ဂိုဏ်းချုပ်သုံးဦး “...”

‘မင်းက စစ်ဆေးသူလား ငါတို့က စစ်ဆေးသူလား..’

ဂိုဏ်းချုပ်သုံးဦး၏ နှုတ်ခမ်းများ တဆက်ဆက်တုန်ယင်သွား၏။

“ကောင်လေး..၊ မရိုင်းစမ်းနဲ့..”

ဓားတောင်ဂိုဏ်းချုပ် လင်းချီသည် ဒေါသထွက်လာဟန်ရကာ သတိပေးလိုက်၏။ သူတို့သည် နေရာမှား ထိုင်နေကြသလားဟုပင် တွေးထင်သွားကြ၏။ သူတို့သည် ကျန်းကျာ့နယ်တွင် အဖွဲအစည်း တည်ထောင်လိုသူတိုင်းအား စစ်ဆေးပေးရလေ့ရှိသည်။ ထို့နောက်မှ သူတို့သည် ကျန်းမျိုးနွယ်အား တင်ပြကြရသည်။

“ထားတော့..ကျန်းမျိုးနွယ်အကြီးအကဲ မလာခင် ကျုပ်တို့ အရင်စစ်ဆေးမှုလုပ်ထားမယ်..”

သွမ့်မုယီသည် ခေါင်းခါယမ်းကာ သက်ပျင်းချကာဆိုလိုက်၏။ ယနေ့ခေတ် လူငယ်များသည် စိတ်မရှည်ကြတော့ပေ။

“ဂိုဏ်းနာမည်..”

“ဟွမ်းရှန့်နန်းတော်..”

ဟွမ်းသည် အသေအချာစဉ်းစားပြီးနောက် ထိုနာမည်ကိုပေးလိုက်ခြင်းဖြစ်သည်။ ဆိတ်သုန်းခြင်းမှ ကြွယ်ဝလာခြင်းဆိုသည့် အဓိပ္ပါယ်ပင်။ ဂိုဏ်း၏ နာမည် စဉ်းစားချိန်တွင် ထိုနာမည်သည် သူ၏ မှတ်ညာဏ်အတွင်း အလိုလို ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ သူသည် အနည်းငယ်ဝေခွဲရခက်သွားသော်လည်း သင့်လျော်လှသောကြောင့် ဂိုဏ်းအား ထိုနာမည်ပေးရန် ဆုံးဖြတ်လိုက်၏။

“ရဲတင်းလှချေလားကွ ဒီနယ်မြေမှာ ဘယ်သူမှနန်းတော်တစ်ခု မတည်ဆောက်ရဲဘူးကွ”

လင်းချီသည် ဟွမ်း၏ မောက်မာမှုကို ဒေါထွက်သွားခဲ့သည်။ ဟွမ်းသည် ကျီယွမ်ကုန်းမြေတစ်ခုလုံးအားစိုးမိုးချင်နေသည့်အလားပင်။ သို့သော် ကျီယွမ်ကုန်းမြေတွင် မည်သူမျှ နန်းတော်တစ်ခုမတည်ဆောက်ရဲပေ။ အကြောင်းမှာ အင်အားစုများ၏ စွမ်းအားသည် ညီတူညီမျှ ရှိနေပြီး မည်သည့် အဖွဲ့အစည်းမျှ သာလွန်နေခြင်းမရှိချေ။ ထို့ကြောင့် စုပေါင်းကာ မဟာမိတ်အဖွဲ့သာ ဖွဲ့စည်းထားရ၏။

ထိုအခြေအနေမျိုးတွင် ပြင်ပမှ ရောက်ရှိလာသည့် ဟွမ်း၏ နန်းတော်တစ်ခု တည်ထောင်နေချင်သည့်အပေါ် ဒေါသထွက်သွားခဲ့သည်။

“လူငယ်လေး နန်းတော်တစ်ခု တကယ်ပဲ တည်ထောင်ချင်တာလား”

သွမ့်မုယီသည် မျက်မှောင်ကြုတ်ကာမေးလိုက်၏။ အကြီးအကဲသွမ့်မုလီသည် ဟွမ်းက အဖွဲ့အစည်းတစ်ခု တည်ထောင်လိုကြောင်းပြောချိန်တွင် ဂိုဏ်းတစ်ခုဟုသာ ထင်မှတ်ခဲ့ပြီး နန်းတော် တစ်ခုဖြစ်မည်ဟုမထင်ထားခဲ့ချေ။

“သေချာတယ်..”

ဟွမ်းသည်အခိုင်အမာဆိုလိုက်၏။ ဂိုဏ်းများသည် ပေါများလှသော်လည်း အစစ်မှန် အစွမ်းထက်သူနည်းပါးနေသည်။ ထို့ကြောင့် နန်းတော်တစ်ခု တည်ထောင်ရန်သာ ဆုံးဖြတ်ခဲ့သည်။

“ကျုပ်တို့က အသိမှတ်ပြု တံဆိပ် တင်သွင်းပေးယုံပဲ ဆိုတော့ လုပ်ပေးနိုင်ပေမဲ့၊ နန်းတော်တစ်ခု တည်ဆောက်လိုက်တဲ့နောက်မှာ ဖြစ်လာမဲ့ အကျိုးဆက်တွေကို ရင်ဆိုင်နိုင်လား..”

သွမ့်မုယီသည် လေးလေးနက်နက်ဆိုလိုက်၏။ သူ့အနေနှင့် စာရင်းတင်သွင်းပေးလိုက်ရုံနှင့် ပြီးသွားမည်ဖြစ်သည်။ သို့သော် ကျီယွမ်ကုန်းမြေတွင် နန်းတော်တစ်ခု ထွက်ပေါ်လာသည်ကို ကျင့်ကြံသူများ သိရှိပါက လက်ခံကြမည်မဟုတ်ပေ။ ထို့ကြောင့် အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်ခြင်းဖြစ်သည်။

“ပြသနာမရှိဘူး..”

ဟွမ်းသည် အေးအေးဆေးဆေးပင် ဖြေလိုက်၏။ ပြသနာရှာရဲသူရောက်ရှိလာပါက ရိုက်နှက်ပေးလိုက်ရုံနှင့် ပြီးသွားမည်ဖြစ်သည်။ ထို့အပြင် တပည့်များ အတွက်လည်း လက်ရည်စမ်းတိုက်ခိုက်နိုင်မည့် အတွေ့အကြုံများ ရရှိမည်ဖြစ်သည်။

သွမ့်မုယီသည် သက်ပြင်းချပြီးနောက် လက်ခံပေးလိုက်ရတော့သည်။ လင်းချီနှင့် လောင်ယွမ်တို့သည် ပြိုင်တူ နှာမှုတ်လိုက်ကြ၏။

“နန်းတော်သခင်”

“ဟွမ်း”

“နန်းတော်သခင်ရဲ့အဆင့်”

“သေချာမသိဘူး..”

ဟွမ်းသည် တွေဝေသွား၏။ ဂိုဏ်းချုပ်သုံးဦး၏ ရင်ဘက်များ နိမ့်ချေ မြင့်ချေနှင့် မောပန်းလာသည်ဟု ခံစားရသည်။ သူတို့သည် ဘာပြောရမှန်းပင် မသိတော့ချေ။ ကိုယ့်ကျင့်ကြံမှုအဆင့်တောင် ကိုယ်မသိတဲ့သူမျိုး ရှိရောရှိရဲ့လား၊ ကြုံတောင်မကြုံဖူးကြချေ။

“ကောင်လေး..၊ ဒါကလေးကစားစရာလို့ထင်နေလား..”

“ငါတို့ကို လာနောက်နေတာလားကွ..”

လင်းချီနှင့် လောင်ယွမ်သည် သည်းမခံနိုင်တော့ပေ။ လက်ညိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီး ပြောလိုက်ကြ၏။ ထိုသို့သောသူမျိုးသည် အဘယ်ကြောင့် နန်းတော်သခင် ဖြစ်ချင်နေရသနည်း။

ဟွမ်းသည် စိတ်ပျက်သွား၏။ ထို့နောက် အကြံတစ်ခုရသွားကာ ဆိုလိုက်သည်။

“ခင်ဗျားတို့ သုံးဦးကို တပြိုင်ထဲ အနိုင်ယူနိုင်ရင် ကျုပ်အဆင့်မှီလား..”

“ကောင်လေး ပေါက်ကရတွေပြောနေတာလား..”

လင်းချီသည် ဒေါသများ မထိန်းချုပ်နိုင်တော့ပေ။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အော်ငေါက်လိုက်ပြန်၏။ ယခုချက်ချင်းပင် ဟွမ်းအား ထရိုက်တော့မည့်အလားပင်။ အဆင့်ငါးသုံးဦးအား တပြိုင်ထဲတိုက်ခိုက်ရန် ကြံရွယ်နေသည့် ဟွမ်းအား ပြောစရာစကားပင် မဲ့သွားသည်။

“ရောင်းရင်းလေး၊ ကျုပ်တို့ဂိုဏ်းရဲ့ အကြီးအကဲကို အနိုင်ယူထားပေမဲ့ ကျုပ်တို့ သုံးယောက်လုံးကို တိုက်ခိုက်ဖို့ ဖြစ်နိုင်ပါ့မလား..”

သွမ့်မုယီသည် ချင့်ချိန်ကာ မေးလိုက်၏။ သွမ့်မုလီသည် ဟွမ်းနှင့် တိုက်ခိုက်ခဲ့ပုံ ပြောပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဟွမ်း၏ စွမ်းအားကို အထင်မသေးရဲချေ။ သို့သော် အဆင့်ငါးသုံးဦးနှင့် တပြိုင်ထဲ တိုက်ခိုက်ခြင်းသည် ကွဲပြားပေ၏။ ထို့ကြောင့် အတည်ပြုမေးမြန်းလိုက်ခြင်းဖြစ်သည်။

“ရတယ်..”

ဟွမ်းသည် ခေါင်းညိတ်လိုက်၏။

“ဒီကောင့်ကိုဒီနေ့မရိုက်နိုင်ရင် ဓားတောင်ဂိုဏ်းကို အထင်သေးသွားကြလိမ့်မယ်...ပြိုင်ပွဲကွင်းပြင်ကို သွားကြတာပေါ့..”

လင်းချီသည် သူ၏လက်များ တဂျွတ်ဂျွတ်ချိုးနေရင်း ပြောလိုက်၏။

“အလုပ်ရှုပ်ခံမနေပါနဲ့ ဒီအခန်းက ကျယ်တာပဲလေ၊ ဒီမှာပဲ တိုက်ခိုက်ကြတာပေါ့..”

ဟွမ်းသည် နန်းတော်တည်ထောင်ရန်စိတ်ကူးအား နောင်တရချင်လာခဲ့သည်။ ထိုမျှပင် အလုပ်ရှုပ်မည်ဟုမထင်ထားခဲ့ချေ။

“မဖြစ်နိုင်ဘူး ရောင်းရင်းဟွမ်း၊ ကျုပ်ခန်းမလေး ပျက်စီးသွားလိမ့်မယ်..”

သွမ့်မုယီသည် စိတ်ဓာတ်ကျသွား၏။ ဟွမ်း၏ အလျင်လိုနေမှုကို နားမလည်နိုင်တော့ပေ။

“စိတ်မပူနဲ့ ကျုပ် ဖြေးဖြေးသက်သာပဲ တိုက်ခိုက်ပါ့မယ်”

ဟွမ်းသည် သွမ်မုယီထံမှ အဖြေကို စောင့်ဆိုင်းမနေတော့ချေ။ စတင်တိုက်ခိုက်လိုက်၏။

“ခဏလေး..”

သို့သော် သူ၏ စကားသည် နောက်ကျသွားခဲ့၏။

“ဝုန်း..”

ဟွမ်း၏ ရိုက်ချက်ကြောင့် ခန်းမ၏ နံရံအထိပင် လွင့်ထွက်ကာ တိုက်မိသွား၏။

ထို့နောက် လင်းချီနှင့် လောင်ယွမ်သည် ဝိညာဉ်စွမ်းအင်များ ချက်ချင်း ထုတ်ဖော်လိုက်ကာ ပြန်လည်တိုက်ခိုက်ရန်ပြင်လိုက်သည်။

‘ဘာတုန်းဟ..’

“ဘုန်း..”

“ဘုန်း..”

ဟွမ်း၏ လျှင်မြန်သည့်အရှိန်ကိုတော့ မတုန့်ပြန်နိုင်ခဲ့ချေ။ သွမ့်မုယီနှင့် နည်းတူ ခန်းမနံရံသို့ လွင့်သွား၏။ သို့သော် ဟွမ်း၏ စကားအတိုင်း အခန်းတွင်း ပျက်စီးမှုများ မရှိခဲ့ပေ။ အခန်းနံရံများသည် အက်ရာတောင်မထင်ခဲ့ချေ။ သူ၏ စကားအတိုင်း တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

‘ဘယ်လိုတောင်ကြောက်စရာကောင်းတဲ့ ခွန်အားလဲ’

ခန်းမနံရံတွင် ဆိုက်ကပ်နေကြသည့် ဂိုဏ်းချုပ်သုံးဦးသည် အံ့ဩတုန်လှုပ်နေကြ၏။ ထိုအချိန်တွင် ခန်းမအတွင်းသို့ လူတစ်ဦးတင်ရောက်လာက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ရဲတင်းလိုက်တာ..”

All Chapters