ဝမ်မိသားစု ကိုယ်စားလှယ်
Vol. 6 Ch. 600
"ရန်ကျင်း ဝမ်မိသားစု ... "
ရန်ကျင်း ဝမ်မိသားစုကား တရုတ်၏ အင်အား အကြီးဆုံးသော မိသားစုကြီး တစ်ခု ဖြစ်သည်။ သို့သော်လည်း ထိုမိသားစု အပေါ် ချန်းဖန်၏ ခံစားချက်က သိပ်မကောင်းပေ။
ချန်းဖန်၏ မိခင် ဝမ်ရှောက်ယွက်သည် ဝမ်မိသားစုဝင် တစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်လည်း ချန်းကောရှင်းနှင့် လက်ထပ်မှုကြောင့် ဝမ်မိသားစုက သူမကို ပစ်ပယ်ခဲ့သည်။
အတိတ်ဘဝက ဝမ်မိသားစု၏ အေးစက် မောက်မာသော ဆက်ဆံမှုများကို ချန်းဖန် ယခု အချိန်ထိ မမေ့သေးချေ။
အထူးသဖြင့် ဝမ်ရှောက်ယွင် သေဆုံးပြီး ကျင်းရှို့ လုပ်ငန်းစု ကျရှုံးခဲ့သော အချိန်၌ ဝမ်မိသားစု၏ သရုပ်က ထင်းထင်းပေါ်ခဲ့သည်။ သူတို့က ဝမ်ရှောက်ယွင်၏ အသုဘ အခမ်းအနားကိုပင် လူငယ် မျိုးဆက် တစ်ယောက်သာ စေလွှတ်ခဲ့သည်။
"ငါ ပြန်ပြီး မွေးဖွားလာတာ ငါးနှစ် ရှိခဲ့ပြီ ... ဝမ်မိသာစုက ငါ့အကြောင်း မကြားဖူးဘူး ဆိုတာ မဖြစ်နိုင်ဘူး ... ဒါပေမဲ့ သူတို့က အခုမှပဲ ငါ့ကို ချည်းကပ်ဖို့ ကြိုးစားလာတယ် ... "
ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။ ဝမ်မိသားစု၏ အကြံအစည်အား သူ ကောင်းစွာ ရိပ်မိ၏။
လွန်ခဲ့သည့် နှစ်များ အတွင်း၌ ချန်းဖန်၏ နာမည်မှာ တရုတ်နိုင်ငံ တလွှား အလွန် ကျော်ကြားခဲ့သည့်တိုင် ဝမ်မိသားစုက ဂရုစိုက်ခြင်း မရှိခဲ့ချေ။ သူ့အား သာမန် သိုင်းပညာရှင် တစ်ယောက်ဟုသာ ယူဆ၍ လျစ်လျူထားခဲ့ပုံ ရသည်။
သို့သော်လည်း ယခုတွင်မူ အမေရိကန် ပင်လျှင် သူ့အား ချိုးနှိမ်နိုင်ခြင်း မရှိတော့ရာ ဝမ်မိသားစုက ဆက်လက် လျစ်လျူ နိုင်တော့ပုံ မပေါ်ချေ။ သူတို့က ချန်းဖန်နှင့် ရင်းနှီးသော ဆက်ဆံရေး တစ်ခုကို တည်ဆောက်ပြီး ထိုဆက်ဆံရေးမှ တစ်ဆင့် အကျိုးအမြတ် ရယူလိုနေပုံ ရသည်။
"ရှောင်ဖန် ... သားအဘိုးက တရုတ် နှစ်သစ်ကူးမှာ ရန်ကျင်းကို လာဖို့ လူတစ်ယောက် လွှတ်ပြီး ဖိတ်လိုက်တယ် ... သား ဘယ်လိုထင်လဲ ... သား သွားဖို့ ဆန္ဒ မရှိဘူး ဆိုရင်တော့ အမေတို့လည်း မသွားတော့ပါဘူး ... အင်္ဂလန်က ပြန်လာပြီး သား အနားယူနေတယ်လို့ပဲ အမေတို့ အကြောင်း ပြန်လိုက်ပါ့မယ်"
ဝမ်ရှောက်ယွင်က ဆိုသည်။
သို့သော်လည်း ဝမ်ရှောက်ယွင်၏ မျက်လုံး၌ လင်းလက်နေသော အတွေး တချို့ကို ချန်းဖန် သတိထားလိုက်မိသည်။
ဝမ်မိသားစုက မည်မျှပင် စိမ်းကားစေကာမူ ဝမ်ရှောက်ယွင် အတွက် သူတို့က မိဘ၊ ဆွေမျိုးများသာ ဖြစ်ကြသည်။
ကလေး ဘဝမှ စ၍ ဝမ်ရှောက်ယွင်သည် ဝမ်မိသားစု၌ နှစ်နှစ်ဆယ် တိုင်တိုင် နေခဲ့သည်။ ထိုသို့သော ပတ်သက်မှုက သူမအတွက် အလွယ်တကူ ဖြတ်တောက် မရနိုင်သော အရာပင် ဖြစ်သည်။
ဝမ်ရှောက်ယွင် ဝမ်မိသားစုသို့ မသွားရသည့် အဓိက အကြောင်းရင်းမှာ ချန်းကောရှင်းနှင့် ချန်းဖန်တို့ မျက်နှာငယ်ရမည် စိုးရိမ်သောကြောင့်ပင် ဖြစ်သည်။
သို့သော်လည်း ယခုတွင်မူ အခြေအနေများက ခြားနား သွားခဲ့ပြီ ဖြစ်သည်။
ချန်းဖန်သည် မြောက်ပိုင်းချုံး လုပ်ငန်းစု ပိုင်ရှင် ဖြစ်သည့် အပြင် ကမ္ဘာ၏ ထိပ်ဆုံးသို့ ရောက်ရှိနေသော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဝမ်ရှောက်ယွင် အနေဖြင့် သူမ၏ သားကို မိသားစု အလယ်၍ ကြွားလုံး ထုတ်ချင်ပုံလည်း ရသည်။
"ဝမ်မိသားစုက အတိတ်ဘဝမှာ ငါ့ကို စိတ်ပျက်စေတယ် ဆိုပေမဲ့လည်း ... အမေက အဲဒီကို သွားဖို့ စိတ်အား ထက်သန်နေပုံ ရတယ်"
ချန်းဖန်က သက်ပြင်း တစ်ချက်ချရင်း ခေါင်းကိုသာ ညိတ်လိုက်ရတော့၏။
"ကောင်းပြီလေ သွားကြတာပေါ့ ... ဘာလို့ မသွားရမှာလဲ"
ထို့နောက် ချန်းဖန်က ဖန့်ချုံးအား ပြုံးပြရင်း သူမ၏ လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင် လိုက်သည်။
"ရှောင်ချုံး ... နင်ပါ လိုက်ခဲ့ရမယ်နော် ... အဘိုးကြီးကို ငါတို့ နှစ်ယောက် အတူတူ သွားတွေ့ကြတာပေါ့"
"အင်း ... "
ဖန့်ချုံးက ရှက်ရွံ့စွာ ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
ချန်းဖန်၏ အစီအစဉ်က ဖန့်ချုံးကို ရန်ကျင်းသို့ တစ်ပါတည်း ခေါ်သွားကာ သူတို့၏ လက်ထပ်ပွဲ အကြောင်းအား ကြေညာရန် ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ချန်းဖန်က ထိုကိစ္စကို ဖန့်ချုံးအား ပြောပြထားမည် မဟုတ်ချေ။
"နောက်ပြီး ... အန်ရာလည်း လိုက်ခဲ့ရမယ် ... ငါတို့တွေ ရန်ကျင်းကို မရောက်တာ ဆယ်နှစ် ကျော်ပြီ မလား"
ဝမ်ရှောက်ယွင်က တက်ကြွစွာ ဆိုလိုက်၏။ သူမ၏ ပုံစံက အသက် လေးဆယ်ကျော် စီအီးအို အမျိုးသမီး တစ်ဦးနှင့်ပင် မတူတော့ချေ။
ချန်းဖန်က သူ၏ မိခင်အား ကြည့်ရင်း ပြုံးနေလိုက်၏။ သို့သော်လည်း သူ၏ အတွေးများကမူ ဝမ်မိသားစု၏ အကြောင်းဖြင့် အေးစက် နေခဲ့သည်။
"အဘိုးကြီး ဝမ်ကျုံးကော ဦးလေး ဝမ်ကဲ့ချင် ဝမ်းကွဲ ညီအကို ဝမ်ချန်း ... မင်းတို့တွေ ဟိုတုန်းကလို မောက်မာကြဦး မလား ငါ သိချင်နေပြီ ... ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်မိတယ်"
***
ဝမ်မိသားစု၏ ကိုယ်စားလှယ်မှာ အန်ကယ်ကျုံး ဆိုသူ ဖြစ်သည်။ သူသည် အသက်လတ် အရွယ် လူတစ်ယောက် ဖြစ်ကာ အမြဲတမ်း ပြုံးနေတတ်သူလည်း ဖြစ်သည်။
အန်ကယ်ကျုံးသည် ချန်းဖန် အဘိုး၏ အတွင်းရေးမှူး တစ်ယောက် ဖြစ်ပြီး ဝမ်မိသားစု အတွက် ဆယ်စုနှစ်များစွာ အလုပ် လုပ်ပေးခဲ့သူလည်း ဖြစ်သည်။ သူသည် ဝမ်မိသားစု၌ ဝမ်ရှောက်ယွင်၏ အစ်ကိုများ တန်းတူ အာဏာရှိသူ တစ်ယောက် ဖြစ်ပြီး ရန်ကျင်းတွင်လည်း ထင်ရှားသော ပုံရိပ် ရှိသူ တစ်ယောက် ဖြစ်သည်။
"ရှောင်ဖန်တောင် အရွယ်ရောက် နေပြီပဲ ... ရှောက်ယွင် ရန်ကျင်းကို ခေါ်လာတုန်းက ရှောင်ဖန်က အသက် ခြောက်နှစ်လောက်ပဲ ရှိသေးတာ ... ခုတော့လည်း သူက ငါတို့ထက် အပုံကြီး သာသွားပါပြီလေ"
အန်ကယ်ကျုံးက ရင်းနှီးစွာ ဆိုလိုက်၏။ သူ၏ ပုံစံက ယဉ်ကျေးပြီး လူကြီးလူကောင်း ဟန်ပန် အပြည့် ရှိသည်။
သူသည် ချန်းဖန် အဘိုး၏ လူယုံ တစ်ယောက် ဖြစ်ရာ ချန်းဖန်၏ လက်ရှိ အနေအထားကို သိရှိပြီး ဖြစ်မည်မှာ သေချာသည်။ ထို့ကြောင့်ပင် ချန်းမိသားစု အပေါ် မလေးမစား အမူအရာမျိုး သူ မလုပ်ဝံ့ခြင်း ဖြစ်သည်။
"အန်ကယ်ကျုံး ... ခင်ဗျားက မြှောက်ပင့်လွန်း နေပါပြီ"
ချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။
"ဒါနဲ့ ... အဘိုးကြီးက ခင်ဗျားကို ဘာလို့ လွှတ်လိုက်တာလဲ ... တစ်ခုခုများ မှာကြား လိုက်သေးလား"
"ဟုတ်ပါတယ် ... မင်းအဘိုးနဲ့ အဘွားက မင်းတို့ကို အရမ်း သတိရနေတယ် ... နောက်ပြီး မင်းရဲ့ ဦးလေးတွေ အဒေါ်တွေကလည်း မင်းကို အရမ်း တွေ့ချင်နေတယ် ... အဲဒါ နှစ်သစ်ကူးမှာ မင်းတို့ မိသားစုကို ရန်ကျင်းကို လာခဲ့ဖို့ ဖိတ်ခိုင်းလိုက်တာပါ"
အန်ကယ်ကျုံးက ပြုံးရွှင်သော အမူအရာဖြင့် ဆိုလိုက်၏။
သို့သော်လည်း ချန်းဖန်ကမူ စိတ်လှုပ်ရှားသော ပုံစံ မရှိချေ။
ဝမ်မိသားစု၏ အကြောင်းကို အဘယ်ကြောင့် သူ မသိရမည်နည်း။ ထိုတစ်မိသားစုလုံးကား အေးစက်ပြီး အကြင်နာမဲ့သော လူများ ဖြစ်ကြသည်။ သူတို့ ဘက်မှ စတင် ချည်းကပ်ရသည့် အကြောင်းရင်းမှာလည်း ချန်းဖန်၏ လက်ရှိ အနေအထားကြောင့်သာ ဖြစ်သည်။
သို့သော်လည်း ဝမ်ရှောက်ယွင်မှာမူ စိတ်လှုပ်ရှားကာ အလွန် ပျော်ရွှင်နေခဲ့သည်။ သူမက အန်ကယ်ကျုံး၏ လက်ကို ကိုင်ကာ သူမ၏ အဖေ၊ အမေတို့၏ ကျန်းမာရေး အခြေအနေများ၊ ညီမကို မောင်နှမများ၏ လုပ်ငန်း အဆင်ပြေမပြေ၊ တူ၊ တူမများ၏ အကြောင်းများကို အဆက်မပြတ် မေးနေခဲ့သည်။
အန်ကယ်ကျုံး၏ ပြောစကားများ အရဆိုလျှင် ဝမ်မိသားစုသည် အင်အားကြီး မိသားစုကြီး တစ်ခု ဖြစ်နေဆဲ ဖြစ်သော်လည်း ကျရိပ် ပြနေခဲ့ပြီ ဖြစ်ကြောင်း ချန်းဖန် သတိပြုမိလိုက်သည်။
အဘိုးကြီး ဝမ်ကျုံးကော၏ အသက်အရွယ် ကြီးလာမှုနှင့် အတူ သူ၏ ဦးလေးများသည်လည်း ထိပ်တန်း နေရာများကို ရရှိရန် ရုန်းကန် နေရပုံ ပေါ်သည်။
တတိယ မျိုးဆက်တွင်မူ ... ချန်းဖန်၏ ဝမ်းကွဲ ဝမ်ချန်းကား ရန်ကျင်း လူငယ်မျိုးဆက်၏ ခေါင်းဆောင်ဟုပင် ဆိုနိုင်သည်။ သူကား ငယ်ရွယ်သေးသည့် အသက်အရွယ်မှာပင် ကြီးမားသော ပရောဂျက် အချို့ကိုပင် ဦးဆောင် နေနိုင်ခဲ့ပြီ ဖြစ်သည်။
"ဒါပေမဲ့ ... ဝမ်ချန်းက ရှောင်ဖန်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်တော့ပါဘူး"
အန်ကယ်ကျုံးက ချန်းဖန်အား လေးစားစွာ ကြည့်ရင်း ဆိုလိုက်၏။
ဝမ်ချန်းသည် ရန်ကျန်း လူငယ်မျိုးဆက်၏ အထူးချွန်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ လင်းမိသားစု လင်းပို့ကျွင်း၏ အောင်မြင်မှုများပင် ဝမ်ချန်းနှင့် ယှဉ်ပါက မှေးမှိန်ရသည်။
သို့သော်လည်း ဝမ်ချန်း၏ အဆင့်အတန်းက ချန်းဖန်နှင့် ယှဉ်လျှင်မူ အလွန်ပင် နိမ့်ကျသည်။ ဝမ်ချန်း မဆိုထာနှင့် ရန်ကျင်း မိသားစု ခေါင်းဆောင်ကြီးများပင် ချန်းဖန်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်အတန်း မရှိချေ။
"ရှောက်ယွင် ရှောင်ဖန် ... အဘိုးကြီးက မင်းတို့ လာမယ့် အကြောင်း မိသားစုကို အသိ မပေးရသေးဘူး ထင်တယ် ... မင်းတို့ ရန်ကျင်းမှာ အကူအညီ တစ်ခုခု လိုရင် ငါ့ကို ဆက်သွယ် လိုက်နော်"
အန်ကယ်ကျုံးက မပြန်ခင် ချန်းဖန်တို့အား မှာကြားကာ သူ၏ ဖုန်းနံပါတ်ကို ပေးထားခဲ့သည်။
"စိတ်မပူပါနဲ့ အန်ကယ်ကျုံး ... အဆင်ပြေမှာပါ"
ဝမ်ရှောက်ယွင်၏ ပုံစံက စိတ်ပူနေပုံ မရချေ။
ဝမ်မိသားစု၏ တစ်စုံတစ်ယောက်ကမှ သူမတို့အား စော်ကားရန် ကြိုးစားလိမ့်မည် မထင်ချေ။ အကယ်၍ လုပ်ခဲ့လျှင်ပင် ထိုလူမှာ အသက်ရှင်သန်ရန် ငြီးငွေ့နေ၍သာ ဖြစ်နိုင်သည်။
ချန်းဖန်ကမူ မည်သို့မျ ဝင်မပြောပဲ မျက်မှောင်သာ ကြုတ်နေခဲ့၏။
ထိုမိသားစု၏ မနာလိုစိတ်၊ မောက်မာစိတ် မည်မျှ ကြီးမားကြောင်း အတိတ်ဘဝ၌ ချန်းဖန် ကောင်းစွာ သိရှိခဲ့သည်။
သို့သော် ယခု အချိန်၌ ဝမ်မိသားစုက သူတို့အား စတင်ကာ ဖိတ်ခေါ်ခဲ့သည်။ အဘိုးကြီး ဝမ်ကျုံးကော မည်သည့် အစီအစဉ်များ ရေးဆွဲနေကြောင်း မည်သူမျှ မပြော နိုင်ချေ။
အကယ်၍ တစ်ခုခုသာ မကောင်း ကြံစည်ပါက ဝမ်မိသားစု တစ်ခုလုံးကို ချန်းဖန် သတ်ဖြတ် ပစ်မည် ဖြစ်သည်။ ထို သတ်ဖြတ်မှု အတွက်လည်း မည်သူကမှ သူ့အား အရေးယူရဲမည် မဟုတ်ချေ။
***
တရုတ်နှစ်သစ်ကူးကား ရောက်ရှိတော့မည် ဖြစ်သည်။
ထို့ကြောင့် ချန်းဖန်တို့သည် ချန်းဟွိုက်အန်း၏ အိမ်၌ ရက်အနည်းငယ်ကြာ နေပြီးနောက် ရန်ကျင်းသို့ ထွက်လာခဲ့ကြသည်။ ထိုခရီး၌ ချန်းဖန်နှင့် အတူ ချန်းကောရှင်း၊ ဝမ်ရှောက်ယွင်၊ အန်ရာနှင့် ဖန့်ချုံးတို့သာ လိုက်ပါကြသည်။
ယခု တစ်ကြိမ်ကား ... ပြန်လည် မွေးဖွားပြီးနောက် ချန်းဖန်၏ ပထမဆုံး ရန်ကျင်း ခရီးစဉ် ဖြစ်ပေသည်။
***